Saturday, January 26, 2008

ကျမနဲ့ဆေးရုံ

ကျမတို့ကျောင်းက ပထမနှစ်နဲ့ ဒုတိယနှစ်ပဲ ကျောင်းထဲမှာနေပြီး စာသင်ရပါတယ်။ တတိယနှစ်ရောက်တာနဲ့ ကျောင်းမှာနေရတဲ့ အချိန်တွေထဲက တ၀က်ကို ဆေးရုံကိုပေးလိုက်ရပါတယ်။ ကျမလည်း အခုတတိယနှစ်ကို ရောက်ပြီဆိုတော့ ဆေးရုံကို စပြီး သွားရပါတော့တယ်။

ကျောင်းကိုရောက်ခါစ ပထမနှစ်တုန်းကလည်း တက္ကသိုလ်ဆိုတာကို စစတက်ချင်းမို့လို့ ရင်ခုန်ခဲ့ရတာပေါ့.။ ဒုတိယနှစ်ရောက်ပြန်တော့လည်း ဆေးပညာနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကို သင်ကြားရလို့ ပျော်ရွှင်ရပြန်ရော။ အခုတတိယနှစ် ရောက်တော့လည်း ဆေးရုံသွားရမယ်ဆိုတဲ့ အသိနဲ့တင် ကျောင်းပိတ်ရက်ကတည်းက စိတ်လှုပ်ရှားခဲ့တာပါ။ တဖက်ကလည်း ဆေးရုံကိုကျောင်းသူအနေနဲ့ စပြီးသွားရမှာမို့လို့ ကြည်နူးမိသလို တဖက်ကတော့ ဆရာတွေက စမ်းခိုင်းရင် စမ်းတတ်ပါ့မလား..။ မှားရင်များ ဆရာတွေက အော်မလားဆိုပြီး ကြောက်လန့်မိနေတာလည်း အမှန်ပါပဲ..။

ဒီလိုနဲ့ပဲ ကျောင်းစဖွင့်ပါရော..။ ကျမတို့က ဖွင့်ဖွင့်ချင်းလည်း ဆေးရုံမသွားရသေးပါဘူး.။ ကျောင်းမှာပဲ နေပြီး ဆေးရုံရောက်ရင် မြင်တွေ့ရမယ့် ရောဂါတွေအကြောင်းကို နည်းနည်းစီ သင်ကြားရပါသေးတယ်..။ လူနာကို တွေ့ရင် ဘယ်လိုမေးရမယ်.။ ဘယ်လိုစည်းကမ်းတွေကို လိုက်နာရမယ်.။ ဆေးရုံမှာ စာမေးပွဲဖြေရင် ဘယ်လိုဖြေရမယ် အစရှိသည်ဖြင့်ပေါ့..။ ကျမတို့ကျောင်းသား ငါးရာကျော်ကိုလည်း ခုံနံပါတ်အလိုက် ဆေးရုံခွဲတာတွေလည်း လုပ်ကြရတာပေါ့.။ ဒီလိုနဲ့ ကျောင်းတက်ပြီး နှစ်ပတ်ပြည့်တဲ့နေ့မှာ ဆေးရုံကို စတင်သွားရပါတော့တယ်..။

အဲဒီ့နေ့က တနင်္လာနေ့ပေါ့..။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ကတည်းက ဆေးရုံသွားရမယ်ဆိုပြီး စိတ်စောနေမိတာပေါ့..။ ကျမသွားရမယ့် ဆေးရုံကလည်း အိမ်နဲ့နီးနီးလေးဆိုတော့ အဆင်ပြေတယ်လို့ပဲ ပြောရမယ်ထင်တယ်..။ ဂျူတီကုတ်ကိုလည်း အသေအချာ မီးပူတိုက်ထားပြီး ဆေးရုံမှာ လိုအပ်မယ်ထင်တဲ့ အရာတွေကိုလည်း သေချာထည့်ထားရပါတယ်.။ ညကလည်း သေချာအိပ်မပျော်ဘဲ ဆေးရုံရောက်ရင်ဆိုတဲ့ အတွေးတွေနဲ့ပေါ့..။

`တီ… တီ… တီ.. တီ´

နှိုးစက်ကလေးက ကျမကို မနက်မိုးလင်းပြီဆိုပြီး နှိုးပါတော့တယ်.။ အိပ်မှုန်စုန်ဝါးနဲ့ နာရီကိုကြည့်လိုက်တော့ ၆နာရီတိတိ.။ နိုးနိုးချင်း အသိဝင်လာတာက ကျမဒီနေ့ ဆေးရုံသွားရတော့မယ်.။ ဆေးရုံကလည်း မနက်၈နာရီခွဲ ကိုးနာရီလောက်အရောက် သွားရမယ်ဆိုပေမယ့် ကျမအိမ်နဲ့က ငါးမိနစ်လောက်ပဲ လမ်းလျှောက်ရတာမို့ ပြင်ဆင်ဖို့ရာ စောနေတာပေါ့.။ မျက်နှာသစ်၊ သွားတိုက်ပြီး အချိန်ကြည့်လိုက်တော့ ၆နာရီတောင် မခွဲသေးဘူး.။ စောနေပေမယ့် စာကျက်ဖို့ရာလည်း စိတ်ကမပါတော့ ဟိုလုပ်ဒီလုပ်နဲ့ပဲ ၇နာရီခွဲအောင် ထိုင်စောင့်နေရတာပေါ့.။

`သဲရေ.. ကော်ဖီ သောက်ရအောင်.´

ဟော.. မေမေ ခေါ်နေပြီ.။ ကျမလည်း `လာပြီ…လာပြီ´ ဆိုပြီး အောက်ထပ်ကို အပြေးအလွှား ဆင်းလာရပါတယ်.။ အောက်ရောက်တော့ ကော်ဖီသောက်ဖို့ မေမေနဲ့ဖေဖေက စောင့်နေပြီ.။ မောင်လေးကတော့ ၇နာရီကျောင်းစတက်မှာ မို့လို့ ခုနကပဲ ထွက်သွားပါတယ်.။ ကျမတို့သုံးယောက် ကော်ဖီသောက်ပြီးတော့ ၇နာရီခွဲပေါ့.။ ကျမလည်း ရေချိုးဖို့အတော်ပဲ ဆိုပြီး ရေတွေဘာတွေချိုး ၊ နောက်အ၀တ်အစားလဲပြီး သွားဖို့ပြင်ဆင်ရတာပေါ့.။ ဆေးရုံသွားရမယ်ဆိုတော့ ကျမဆံပင်ကိုချထားလို့ မရပါဘူး.။ ဆံပင်ကိုသေချာစီးပြီး မှန်ထဲမှာကြည့်လိုက်တော့ ဘယ်လိုမှအားကိုးချင်စရာ မကောင်းတဲ့ရုပ်နဲ့.။ လူကောင်သေးသေးနဲ့ ၀၀ဖြိုးဖြိုးလည်း မရှိတော့ လူနာကတောင် ပြန်သနားရလောက်တယ်.။ ဟီးးး :P ဒီလိုနဲ့ ၈နာရီစွန်းစွန်းလေးမှာ အိမ်ကထွက်လာပါတယ်.။

လွယ်အိတ်ကို ကျမကလွယ်၊ မေမေက ခြင်းတောင်းလေးဆွဲ၊ ကျမကမေမေ့ကို လက်တွဲပြီး သားအမိနှစ်ယောက် လမ်းလျှောက်သွားတာပေါ့.။ ဆေးရုံအ၀င်အ၀က အစောင့်တွေက လူနာတွေရဲ့ ဧည့်သည်တွေ လာရင်တော့ ပိုက်ဆံတောင်းလေ့ရှိပေမယ့် လွယ်အိတ်နဲ့ခြင်းတောင်းနဲ့ ၀င်လာတဲ့ ကျမကိုတော့ ကျောင်းသူမှန်း သိတယ်နဲ့တူပါတယ်။ ဘာမှမရစ်ဘဲ ၀င်ခွင့်ပေးလိုက်တယ်.။ ကျမလည်း ဆရာမတွေ လမ်းညွှန်ထားတဲ့အတိုင်း ကျမတို့စာသင်ရမယ့် အခန်းဆီသို့ ဦးတည်လိုက်တာပေါ့.။ ဆေးရုံဝန်းထဲမှာလည်း လူနာကိုလာစောင့်တဲ့လူတွေ၊ ကျမလိုပဲ စာသင်ဖို့လာတဲ့ ကျောင်းသားကျောင်းသူတွေ သွားလာနေကြတာပေါ့.။ ကိုယ့်ဦးတည်ရာကို ကိုယ်သွားလာနေကြတယ်.။

ဆေးရုံထဲရောက်တော့ ကော်ရစ်တာမှာ ငုတ်တုတ်ထိုင်နေတဲ့ လူနာစောင့်များ၊ မိမိလူနာရှိရာ သွားလာနေတဲ့လူများကို အသီးသီးတွေ့ရပါတယ်.။ ကျမလည်း ကျမစာသင်ရမယ့် အခန်းကိုရှာလိုက်တယ်.။ ကျမတို့က ဆေးရုံရဲ့အဆောင်တစ်ခု အပေါ်ဆုံးထပ်မှာ စာသင်ရတာပါ.။ အပေါ်ဆုံးထပ်ကို ရောက်တော့ စာသင်ခန်းများဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ပါတယ်.။ ကျမလည်း အဲဒီ့နားကို လျှောက်သွားပြီး ကြည့်လိုက်တော့ မှောင်မဲနေတဲ့လမ်းကို တွေ့လိုက်တယ်.။ လမ်းရဲ့ဘေးတဖက်တချက်ဆီမှာတော့ အခန်းလေးတွေ ဖွဲ့ထားပြီး ဂျူတီကုတ်ဝတ်ပြီး နားကြပ်တွေကို ပခုံးမှာချိတ်ထားတဲ့ အမကြီးတစ်ယောက် နှစ်ယောက်က အခန်းထဲက ထွက်လာကြတယ်.။ သူတို့မှာလည်း အလုပ်ကိစ္စတွေနဲ့ဆိုတော့ ကျမလည်း မမေးရဲဘဲ သေချာရပ်ကြည့်နေတော့ မှောင်နေတဲ့လမ်းရဲ့ အဆုံးလောက်မှာ ရပ်နေတဲ့ ကျမတို့အတန်းထဲက ကျောင်းသူနှစ်ယောက် သုံးယောက်ကို တွေ့လိုက်တယ်.။ ကျမရပ်ကြည့်နေတာတွေ့တော့ သူတို့က..

`သဲနု လာလေ.. ဘာရပ်လုပ်နေတာလဲ.´

ကျမလည်း ဒီတော့မှ အထဲအထိ ဆက်ဝင်သွားပြီး သူတို့ကိုမေးကြည့်တော့ ကျမတို့စာသင်ရမယ့် အခန်းကို ပြပါတယ်.။ အခန်းကလည်း တတိယနှစ်အတွက်ဆိုတဲ့ ဆိုင်းဘုတ်ကြောင့်သာ ကျမတို့အတွက်ဆိုတာ သိရပေမယ့် အခန်းတံခါးကိုတော့ သော့တစ်ခုက ပိတ်ထားဆဲ.။ သော့ကိုဘယ်သူ့ဆီမှာ သွားတောင်းရမယ်ဆိုတာလည်း မသိဘဲနဲ့ အတန်းရှေ့မှာပဲ လွယ်အိတ်တွေကိုယ်စီလွယ်လို့ သော့လာဖွင့်မယ့် တစုံတယောက်ကိုသာ မျှော်နေရတာပေါ့.။ အချိန်တွေသာ ကုန်သွားပြီး လူတွေလည်း စုံသလောက် ရှိနေပြီ.။ ကျမတို့ကို တံခါးလာဖွင့်မယ့်သူကလည်း ပေါ်မလာ.။ အကုန်လုံးကလည်း ခြေထောက်တွေ ညောင်းနေပြီး ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ.။ နောက်ဆုံး အပြာဝတ်နာ့စ်တစ်ယောက်က ကျမတို့အပေါ်ထပ်ကို တက်လာပါတယ်.။ ကျမတို့လည်း ၀မ်းသာသွားပြီး အဲဒီ့အဒေါ်ကြီးကိုပဲ ၀ိုင်းမေးတာပေါ့.။ အဲဒီ့နာ့စ်ကလည်း အောက်ကဆရာတစ်ယောက်ယောက်ကို သွားမေးဆိုပြီး အလွန်တိကျသေချာတဲ့ အဖြေကိုပေးသွားပါတယ်.။

ကျမတို့လည်း ဘာလုပ်ရမှန်းမသိတဲ့အဆုံး အားလုံးဝါ့ဒ်ထဲ ဆင်းမယ်ဆိုပြီး ခြင်းတောင်းတွေကိုယ်စီကိုင်၊ လွယ်အိတ်တွေလွယ်လို့ ၀ါ့ဒ်ထဲကို ဆင်းသွားကြတာပေါ့.။ ဂျူတီကုတ်မ၀တ်ရင် ၀ါ့ဒ်ထဲမဆင်းရဆိုတဲ့ စည်းကမ်းကြောင့် အားလုံးကဂျူတီကုတ်တွေနဲ့.။ လူကလည်း ၅၀လောက် ရှိတဲ့အပြင် အထုပ်အပိုးတွေနဲ့ဆိုတော့ တော်တော့်ကို ကိုးရိုးကားယား နိုင်လှပါတယ်.။ ၀ါ့ဒ်ထဲရောက်တော့လည်း ဆရာက ဘယ်မှာမှန်းမသိတော့ လိုက်ရှာရနဲ့ အဲဒီ့ဝါ့ဒ်တစ်ခုလုံးကို ဗြောင်းဆန်နေမှာပဲ.။ လူနာတွေကလည်း ကျမတို့ကို မျက်လုံးအပြူးသားနဲ့ လိုက်ကြည့်လို့.။ ဒီလောက်လူအများကြီးက ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်နဲ့ ဘာများလုပ်နေကြပါလိမ့်လို့ စဉ်းစားကြမယ်ထင်တယ်.။ နောက်တော့ မနေနိုင်တဲ့ ဆရာတစ်ယောက်က သိုင်းရိုက်ကြီးနေတဲ့ လူနာကိုပြပြီး ကျမတို့ကို စာသင်ပေးပါတယ်.။ လူတွေအများကြီးက လူနာတစ်ယောက်ကို လုပြီးကြည့်ရတာဆိုတော့ ကြပ်သပ်နေတာပဲ.။ အထုပ်တွေနဲ့ဆိုတော့ လေးကလည်းလေးနဲ့ ဆရာ့အသံကိုလည်း နားစိုက်ထောင်ရ.၊ လူနာကိုလည်း ကြည့်ရနဲ့ ဒီကြားထဲ ဂျူတီကုတ်က ၀တ်ထားတော့ ချွေးတွေသန်တွေနဲ့ပေါ့.။

ကျမတို့ကျောင်းရဲ့ စာသင်ချိန်က ၁၂နာရီ၄၀ဆို စတာပါ.။ ဆရာကလည်း သင်နေ၊ ပြနေလို့က မပြီးသေး.။ နာရီကိုကြည့်လိုက်တော့ ၁၂နာရီထိုးနေပြီ.။ မနက်ကလည်း မယ်မယ်ရရ မစားထားတော့ ဗိုက်ကအတော်ကို ဆာနေပြီ.။ နောက်ပြီးတချိန်လုံး မတ်တပ်ရပ်နေရတာဆိုတော့ လူကအားပြတ်နေသလိုပင်.။ နောက်ဆုံး .. ဆရာက ဒီနေ့တော့ ဒီလောက်ပဲ ဆိုတော့မှ သက်ပြင်းကိုချပြီး ကျောင်းကားစောင့်နေမယ့် ဆေးရုံဝင်းထဲကို ကျောင်းသား၅၀လုံး ပြေးကြရပြန်ရော.။ ဆေးရုံဝင်းထဲကြည့်လိုက်တော့ ကျောင်းကားနဲ့တူတာဆိုလို့ ဘာမှမရှိ။ ဒီတော့လည်း ဘယ်တတ်နိုင်မလဲနော်.။ ကျမတို့လည်း တက္ကစီနဲ့သွားတဲ့လူကသွား၊ ဘတ်စ်နဲ့သွားတဲ့လူက သွားနဲ့ ကျောင်းကိုပဲချီတက်ကြတော့တယ်.။

(ပထမဆုံး ဆေးရုံသွားတဲ့နေ့က အဖြစ်အပျက်လေးပါ.။ အခုနောက်ပိုင်းတော့ အဆင်ပြေသွားပါပြီ.။ :-))

ဆက်ဖတ်ရန်...

Monday, January 21, 2008

တီတီပြောတဲ့ကျမအကြောင်း

ကျမမှာ သူငယ်ချင်းလို ဘာမဆို တိုင်ပင်လို့ရတဲ့၊ ခံစားရသမျှကို ဝေမျှခံစားပေးတဲ့၊ ညီအစ်မလို ရင်းနှီးတဲ့၊ စီနီယာဆရာဝန်တစ်ယောက်လို အားကျရတဲ့၊ အဒေါ်လို ချစ်ရတဲ့ တီတီတစ်ယောက် ရှိပါတယ်။ သူကတော့ အားလုံးလည်း သိပြီးသားဖြစ်တဲ့ မဇင်(မမွန်းသက်ပန်)ပါ။ ကျမဘလော့ဂ်ရေးဖြစ်အောင် အဓိက တိုက်တွန်းတာလည်း မဇင်ပါပဲ။ မဇင်ရဲ့တိုက်တွန်းချက်အရရော ကျမရဲ့ဝါသနာကြောင့် အခုဆိုရင် ကျမရဲ့ဘလော့ဂ်လေးက တော်တော်အသက်ဝင်လာခဲ့တာပါ။ ဒါပေမယ့် ကျမရဲ့ ကျောင်းစာမှာ ထိခိုက်မှာကိုလည်း မဇင်က စိုးရိမ်လာပုံရပါတယ်။ ဒါ့ကြောင့် ကျမအတွက် ပို့စ်လေးတစ်ပုဒ် ရေးတင်ပေးခဲ့ပါတယ်။ ပို့စ်လေးနာမည်က တီတီတာတာပြောတတ်သူ တဲ့။ အခုလို ပို့စ်တင်ပေးတဲ့အတွက် မဇင်ကိုလည်း ကျေးဇူးနော်။ အားလုံးလည်း ကျမနဲ့အတူ မဇင်ရေးပေးတဲ့ ပို့စ်လေးကို ဖတ်ကြည့်လိုက်ရအောင်။ ပို့စ်လေးကတော့ ဒီမှာပါ။

ဆက်ဖတ်ရန်...

Friday, January 18, 2008

နားမလည်နိုင်သော..

ဖြစ်ခြင်းနဲ့ပျက်ခြင်း နှစ်ခုတည်းနဲ့
တည်ဆောက်ထားတဲ့
လောကကြီးမှာ
ငါ..နားမလည်နိုင်တဲ့
အရာတွေ များလှပါလား.။

ဒါတွေက..
အမှန်လား အမှားလား
အကောင်းလား.. အဆိုးလား
ဝိုးတ၀ါးနဲ့ မသဲကွဲပါလား..။

တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်ကြီးမှာ
ငါ့အရည်အချင်းကပဲ
အဆင့်မမီတာလား..။
ငါ့အတွေးအခေါ်တွေကပဲ
နောက်ကောက်ကျနေသလား..။

သြော်.. `ဘ´နဲ့ `၀´သာ ပါတဲ့
ဘ၀မို့ပဲနော်..
ဒီ့ထက်သာ စကားလုံးများရင်
ဘယ်လောက်များ ရှုပ်ထွေးမလဲဆိုတာ
မတွေးရဲစရာပဲ..။

ငါ့ဘ၀ကတော့
သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်
နားမလည်နိုင်တာကို
နားလည်အောင် ကြိုးစားရင်း
ပျော်ရွှင်စွာ သို့မဟုတ် ၀မ်းနည်းစွာ
စိုပြေစွာ သို့မဟုတ် ခြောက်ကပ်စွာ
လျှောက်လှမ်းရဦးမှာပေါ့..။

ဆက်ဖတ်ရန်...

ကျေးဇူးနော်..

ကျမ အွန်လိုင်းမတက်ဖြစ်တာရော၊ ပို့စ်အသစ် မတင်ဖြစ်တာရော အတော့်ကို ကြာနေပါပြီ.။ ဒီလို စာမရေးဖြစ်တဲ့ အချိန်အတောအတွင်းမှာ ကျမကို မမေ့မလျော့ လာလည်ကြတဲ့ သူငယ်ချင်းမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်..။ ကျမတို့ကျောင်းက ကျမပုဂံကိုသွားကတည်းက စဖွင့်နေတာပါ။ ပုဂံကလည်း ပြန်ရောက်ရော ကျောင်းမှာ သင်နေတာတွေက များနေပြီဆိုတော့ အသည်းအသန် မီအောင်ပြန်လိုက်ရပါတယ်.။ ဒါ့အပြင် ကျူရှင်တွေကလည်း တက်ရသေးတယ်ဆိုတော့ ကျမရဲ့၂၄နာရီက တနေ့တနေ့ ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး.။ ဒါ့ကြောင့် အွန်လိုင်း မတက်ဖြစ်တာပါ.။ သူငယ်ချင်းတွေ ဘလော့လည်း သွားမလည်ဖြစ်တာပါ..။ အခုလို နားလည်ပေးကြလို့ အရမ်းလည်း ၀မ်းသာပါတယ်..။ ကျေးဇူးလည်း အများကြီး တင်ပါတယ်ရှင်..။

ဆက်ဖတ်ရန်...

Saturday, January 12, 2008

လက်ဆောင်..

အားလုံးပဲ မင်္ဂလာပါနော်။ ကျန်းခမ်းသာလို့ မာပါစ။ ကျမလည်း ၁၀ရက်နေ့ ပြန်ရောက်မယ်ဆိုပြီး သွားလိုက်တာ ၁၁ရက်နေ့မှ ပြန်ရောက်ဖြစ်တယ်လေ။ ၁၁ရက်နေ့က မနက်၆နာရီလောက် အိမ်ပြန်ရောက်တယ်။ ကျမက ကားပေါ်မှာလည်း မအိပ်တတ်တော့ တစ်ညလုံး ထိုင်ရက်နဲ့ မိုးလင်းတာပဲ။ အိမ်ရောက်တော့လည်း အဖိုးအဖွားတွေဆီ သွားနှုတ်ဆက်တာနဲ့ မအိပ်ရပြန်ပါဘူး။ ကျောင်းကလည်း ပျက်ထားတာ ၃ရက်တောင် ရှိပြီဆိုတော့ သွားတက်ရတယ်လေ။ ဒါ့ကြောင့် မနေ့က အားလုံးကို မနှုတ်ဆက်ဖြစ်တာ တောင်းပန်ပါတယ်နော်။ ပုဂံမှာ ၀ယ်ခဲ့တဲ့ လက်ဆောင်တွေ တင်ပေးမယ်နော်။ ဘလော့ဂါ ကိုကို၊မမတွေရော၊ ညီမလေး၊ မောင်လေးတွေရော လက်ဆောင်တွေ ယူကြပါ။ လုတော့ မလုကြနဲ့နော်


သော့ချိတ်လေးတွေလည်း ၀ယ်လာတယ်။ တစ်ယောက်တစ်ခု ယူကြနော်။

ဒါကတော့ ယွန်းနဲ့လုပ်ထားတဲ့ ခွက်လေးတွေ။

စီးကွမ့်ထိုးထားတဲ့အိတ်က ဘလော့ဂါမမတွေအတွက်ပေါ့..။

ကျောင်းသွားရင် ထမင်းချိုင့်ထည့်ဖို့ ခြင်းတောင်း ၀ယ်လာတာ။ လိုချင်တဲ့လူရှိရင်လည်း ယူသွားနော်။ လက်ဆောင်ပေါ့..။

ဒါက ဗေဒါပင်ရဲ့ဘေးသားနဲ့ ယက်တဲ့ ပိုက်ဆံအိတ်လေး..။ တကယ့် ဗေဒါအစစ်နဲ့ ယက်တာတွေက ဈေးကြီးလို့ ၀ယ်နိုင်ဘူးလေ။ :P

ဒါတွေကတော့ မုန့်တွေလေ။ ဇီးပြားရယ်၊ မန်ကျည်းတော်ဖီရယ်၊ ကတွတ်ယိုရယ်၊ ပုန်းရည်ကြီးရယ် ။ အားလုံးကို စုပြီး တင်ပေးလိုက်တယ်။ တစ်ပုံချင်းစီ ရိုက်ရမှာ ပျင်းလို့လေ။ ဟီးးးးး :P

အားလုံးပဲ ပျော်ရွှင်ပါစေနော်။

ဆက်ဖတ်ရန်...

Sunday, January 6, 2008

ခရီးသွားလိုက်ဦးမယ်..

အားလုံးပဲ မင်္ဂလာပါနော်။ သူများတွေက ခေတ်မီအောင် ခဏနားတယ်တဲ့။ ကျမကတော့ ခေတ်မီတယ် ပြောရမလား။ ခေတ်အလယ်ကလားတော့ သိဝူး။ ဒီနေ့ ခရီးသွားမလို့ပါ။ ဘယ်ကိုလဲဆိုတော့ ပုဂံကို..။ ၁၀ရက်နေ့တော့ ပြန်ရောက်မယ်ထင်တာပဲ။ ဒီအတောအတွင်းတော့ လျှောက်လည်နိုင်မှာ ဟုတ်ဝူးနော်။ ကျောင်းလည်း စစတက်ချင်း ပျက်ရတာပဲ။ အဲလို အပျော်အပါး မက်တာဗျ။ ဟီးးး အဓိက ကတော့ ပြန်လာရင် မုန့်ဝယ်လာမယ်နော်။ ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့မယ်လေ။ လက်ဆောင် ပစ္စည်းလိုချင်ရင်တော့ စာရင်းပေးထားခဲ့နော်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။

ဆက်ဖတ်ရန်...

Friday, January 4, 2008

ကာရံမဲ့သော နှစ်ပေါင်း၆၀

သက္ကရာဇ်တစ်ခု ကုန်ဆုံး
ဝတ်ရုံတစ်ခု ဟောင်းပြီး
နှစ်သစ်အစ ထိုခဏမှာ
သူ.. ရောက်လာသည်..။

ခေါက်သိမ်းထားတဲ့ အလံတွေကိုလွှင့်ထူ
သတင်းစာမှာ အမည်းရောင် စာလုံးတွေနဲ့
မြင်သာအောင် ပြထားတယ်
ဒါ.. ဇန်န၀ါရီ ၄ရက်
လွတ်လပ်ရေးနေ့ … တဲ့။

ဆန္ဒတွေကို မိုက်မဲစွာ အကျဉ်းချ
အခမ်းအနားကို ပျော်ရွှင်စွာကျင်းပ ခဲ့တာ
နှစ် ၆၀ တိုင်ခဲ့ပြီ..။

လွတ်လပ်တယ်ဆိုတဲ့စကား
မင်းတို့ရဲ့ မုသားကို ယုံစားလို့ကတော့
ဒီတစ်သက် အမှောင်ထဲမှာပဲ
ဘ၀ဆုံးတော့မယ်..။

နောက်ဆုံးတော့လည်း
အမှန်တရားက အားလုံးကိုကျော်လွှားနိုင်မှာဆိုတဲ့
အဆိုကို နှလုံးသွင်းပြီး
ကိုယ့်ကိုယ်ကို နှစ်သိမ့်မိတော့တယ်။

ဆက်ဖတ်ရန်...

Thursday, January 3, 2008

ကျောင်းအပ်ခြင်း

ကျမတို့ ဒုတိယနှစ် ဖြေပြီးလို့ ကျောင်းပိတ်ထားတာ အခုဆိုရင် တစ်လကျော်လောက် ရှိသွားပါပြီ။ ကျောင်းပိတ်ရက်လည်း ကုန်ဆုံးနေပြီမို့ ၇ရက်နေ့မှာ ကျမကျောင်းပြန် တက်ရပါတော့မယ်။ အဲဒီ့အခါ အရင်ကလို ပို့စ်တွေကို ခပ်စိပ်စိပ် မတင်ဖြစ်ခဲ့ရင်၊ သူငယ်ချင်းတွေဆီကို အရင်ကလို အမြဲတမ်း မလာဖြစ်ခဲ့ရင် ကြိုတင်ပြီး တောင်းပန်ပါရစေနော်။ ပြောနေရင်းနဲ့ စကားလမ်းကြောင်းက ချော်သွားပြန်ပြီ။ ပြောချင်တာကတော့ မနေ့က ကျမ ကျောင်းသွားအပ်ပါတယ်။

ကျမတို့ မူလတန်းကနေ အလယ်တန်း ကျောင်းသူအထိတော့ ကျောင်းအပ်တာက မိဘတွေရဲ့ တာဝန်လိုပါပဲ။ ကျမကတော့ အမေနောက်ကနေ တကောက်ကောက် လျှောက်လိုက်၊ စာအုပ်ဝယ်ဖို့အတွက် အမေကတန်းစီတာကို ရပ်စောင့်လိုက်နဲ့ပဲ ကိုယ်ကိုယ်တိုင် အပ်ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျမက ဆရာမရှေ့မှာ မျက်နှာပြရုံလောက်ပါပဲ။ အတန်းကြီးလာတာနဲ့ အမျှ မိဘတွေရဲ့ ကျောင်းအပ်ခြင်းအပေါ် စိတ်ဝင်စားမှုက နည်းပါးလာပါတယ်။

အထက်တန်းရောက်တော့ ကျမက ဦးဆောင်ပြီး ကျောင်းအပ်ရတဲ့အဆင့်ကို ရောက်လာပါပြီ.။ မေမေက နောက်ကလိုက်ပြီး လိုအပ်တဲ့ ပိုက်ဆံတွေ ဘာတွေ ပေးရုံပါပဲ။ ကျမပဲ ဖောင့်ဖြည့်၊ ကျမပဲ တန်းစီနဲ့ တဖြည်းဖြည်း တာဝန်ယူတတ်လာပါတယ်။ လူကြီးဆန်လာတယ်လို့ ဆိုရမယ်ထင်တယ်။ ဆယ်တန်းအောင်ပြီး ပထမနှစ်တက်ရပြန်တော့ တက္ကသိုလ်ဆိုတဲ့အသိနဲ့ မေမေက လိုက်အပ်ပေးပါတယ်။ တက္ကသိုလ်မှာ မျက်စိသူငယ်၊ နားသူငယ် ဖြစ်မှာစိုးလို့ ထင်ပါရဲ့။

ဒီလိုနဲ့ပဲ အခုတတိယနှစ် ကျောင်းအပ်ရမယ့်အချိန်ကို ရောက်လာပါတယ်။ အသက်လည်း ၁၈နှစ်ပြည့်ပြီးပြီ ဆေးရုံလည်း ဆင်းရတော့မယ်ဆိုတော့ ကိုယ့်ကိုယ်ကို လူကြီးဖြစ်ပြီလို့ ယူဆရမယ်ထင်ပါတယ်။ ဒီတော့ ကျောင်းအပ်ခြင်းမှာ မိဘကိုပဲ အရမ်းမှီမခိုချင်တော့ပါဘူး။ ဒါနဲ့ ကျောင်းကို အမေကိုမခေါ်ဘဲနဲ့ သူငယ်ချင်းနဲ့ပဲ သွားလိုက်ပါတယ်။ (မေမေကလည်း အလုပ်အရမ်းများတာကို)

အိမ်ကလည်း လိုက်မပို့တော့ သူငယ်ချင်းနဲ့အတူ တက္ကစီပဲ စီးသွားရတာပေါ့။ ကျောင်းဝကိုရောက်တာနဲ့ တစ်လကျော်ကျော် ခွဲနေရတဲ့ကျောင်းကလေးက ကျမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါရဲ့။ တက္ကစီကလည်း ကျောင်းဝမှာပဲ ရပ်ပေးတော့ ကျောင်းထဲကို လမ်းလျှောက်ပဲ ၀င်ခဲ့ပါတယ်။ ကျမတို့ရဲ့ ကျောင်းသားရေးရာက စတုတ္ထထပ်မှာဆိုတော့ မောမောနဲ့ပဲ တက်ရတာပေါ့။ ပြီးတော့ ဖောင်ဝယ်၊ ဖောင်ဖြည့်၊ ဓာတ်ပုံကပ်။ ပြီးတော့လည်း မရသေးဘဲ မော်ကွန်းထိန်းရုံးခန်းကို ပြေးရပြန်ရော။ မော်ကွန်းထိန်းက ပထမနှစ်တွေကို မိဘပါမှ ရပေမယ့် ကျမတို့ကိုတော့ လွှတ်ပေးလိုက်တယ်ထင်တယ်။ မော်ကွန်းထိန်း လက်မှတ်ထိုးပြီးတာနဲ့ မပြီးသေးဘဲ ငွေစာရင်းဌာနကို သွားရပြန်ရော။

အဲဒီ့မှာ စရစ်တော့တာပါပဲ။ မော်ကွန်းထိန်းကတောင် အေးအေးဆေးဆေး ထိုးပေးပေမယ့် အဲဒီ့ငွေစာရင်းဌာနက ၀န်ထမ်းတွေက တော်တော်ဆိုးပါတယ်။ သူတို့တောင်းတာက တစ်သောင်းခြောက်ရာ။ အတိအကျပေးရင်လည်း မကြိုက်ပြန်ဘူး။ နည်းနည်းလေးမှတောင် သူတို့က ပြန်မအမ်းချင်တာဗျ။ နည်းနည်းလေး စုတ်နေရင်လည်း ပြန်လဲခိုင်းသေးတာ။ ဒီလောက်ရစ်တာတောင် အားမရသေးဘဲ ပိုက်ဆံတစ်ရွက်ချင်းစီရဲ့ နံပါတ်ကိုရေးပေး ရသေးတယ်။ သူတို့စိတ်ကြိုက်လိုက်လုပ်ပေးရတာ လူကလည်း စုတ်ပြတ်နေပြီ။ ရေကလည်း တအားဆာနဲ့။ ဒါတောင် သူတို့က နည်းနည်းလေးမှတောင် ပြုံးပေးဖော်မရဘဲ ကျမတို့ကို ဆောင့်အောင့်နေသေးတယ်။ သူပိုက်ဆံရေနေတုန်း ကျမမှာ အသက်တောင် ပြင်းပြင်းမရှူရဲဘဲ ဘာများထပ်ရစ်မလဲနဲ့ စိတ်ပူနေရသေးတယ်။ သူကရပြီဆိုတော့မှပဲ ဟင်းချနိုင်တော့တယ်။

ဒါတောင် မပြီးသေးဘူး။ သူတို့ရဲ့ ဖြတ်ပိုင်းကိုယူပြီးတာနဲ့ အပေါ်ထပ်ကို ပြန်တက်၊ ကျောင်းသားရေးရာကို စာရွက်သွားပြန်အပ်နဲ့ အားလုံးလည်းပြီးရော လူကခြေကုန်လက်ပမ်း ကျနေပါပြီ။ ဒါတောင် စာအုပ်ဝယ်ဖို့ဆိုပြီး နောက်တစ်ဆောင်ရဲ့ စတုတ္ထထပ်ကို တက်ရသေးတယ်။ စာအုပ်ဝယ်ပြီးတာနဲ့ ကျမလည်း အိမ်တန်းပြန်ခဲ့တော့တာပါပဲ။ အိမ်ရောက်တော့ လူကခြေထောက်တောင် ကောင်းကောင်းမထောက် နိုင်တော့ပါဘူး။ မေမေ့ကို မခေါ်လာမိတာ ကံကောင်းတယ်လို့ ပြောရမယ် ထင်တယ်။

ဒီလိုနဲ့ပဲ ကျမ အောင်မြင်စွာ ကျောင်းအပ်နိုင်ခဲ့ပါတယ်။

ဆက်ဖတ်ရန်...

Tuesday, January 1, 2008

နှစ်သစ်ဆုတောင်း..

နေခြည်နုနုနဲ့ အစပျိုးတဲ့
ဇန်န၀ါရီမနက်ခင်းက
နှစ်သစ်ကို
ဖွင့်လှစ်လိုက်တယ်..။

သက္ကရာဇ်တစ်ခု အဆုံးသတ်ပြီး..
သက္ကရာဇ်တစ်ခု စတင်လို့
နှုတ်ခွန်းဆက်သည်

ဇန်န၀ါရီ..။

နှစ်ဟောင်းမှာ..
စွန်းထင်းခဲ့တဲ့ အညစ်အကြေးတွေကို
အတတ်နိုင်ဆုံးဆေးကြောပြီး
ဖြူစင်မှုနဲ့
နှစ်သစ်ကို
ကြိုဆိုပါရစေ..။

ငါ.. တောင့်တမိတယ်..
မျှော်လင့်ခြင်းရောင်ခြည်တွေ
ယှက်သန်းနေပြီး
သစ္စာတရားတွေ ထုံမွမ်းမယ့်
နှစ်သစ်...။

ငါ..လိုချင်မိတယ်..
အမှန်တရားက..
မှားယွင်းမှုကို လွှမ်းမိုး
မြင့်မြတ်မှုက
ကောက်ကျစ်မှုကို အလဲထိုးတဲ့
နှစ်သစ်...။

ငါ.. ဆုတောင်းမိတယ်..
ဝမ်းနည်းမှုတွေ အဆုံးသတ်
ချုပ်နှောင်မှုတွေ ကင်းလွတ်ပြီး
လူသားအားလုံး လွတ်လပ်မှုကို
ပျော်ရွှင်စွာ ခံစားရပါစေသား
အရှင်ဘုရား..။

(အားလုံးပဲ ၂၀၀၈မှာ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒ ပြည့်ဝကြပါစေနော်။)

ဆက်ဖတ်ရန်...