Saturday, May 31, 2008

ကျမနှင့်bed sideစာမေးပွဲ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ alarmမြည်သံတစ်ခု၏ လှုပ်နှိုးခြင်းကို ခံလိုက်ရသည်။ နာရီကိုကြည့်လိုက်တော့ မနက်၅နာရီတိတိ..။ အရင်နေ့တွေကဆိုရင်တော့ ဒီအချိန်ဆို ကျမတစ်ယောက် အိပ်လို့ကောင်းတုန်း။ ယခုတော့ မထလို့လည်း မဖြစ်ပါ။ alarm ကိုပိတ်ပြီး ပြန်အိပ်ချင်တဲ့စိတ်ကို ထိန်းချုပ်ပြီး အိပ်ရာက ထဖို့ပြင်လိုက်သည်။ မထလို့လည်း မဖြစ်ပါ။ ဒီနေ့ ကျမစာမေးပွဲ ဖြေစရာရှိသည်။ ဖြေရမည့် စာမေးပွဲမှာလည်း အရင်တုန်းကလို မေးခွန်းပေးပြီး အဖြေစာရွက်မှာ ကိုယ်ရသမျှ ချရေးရသော စာမေးပွဲမျိုး မဟုတ်ချေ။ သက်ရှိထင်ရှား ဝေဒနာသည် လူနာများ၏ ခံစားနေရသော အကြောင်းအရာများကို မေးမြန်းပြီး စမ်းသပ်သင့်သည်များကို စမ်းသပ်ကာ ရောဂါနာမည်ကို အဖြေထုတ်ရသော စာမေးပွဲမျိုးဖြစ်သည်။ ထိုစာမေးပွဲမျိုးကို လူနာနှင့် ကိုယ်နှင့် နှစ်ယောက်တည်း ဖြေရလျှင်တော့ သိပ်ကြောက်စရာ မရှိပေမယ့် ယခုတော့ ကျမတို့လုပ်သမျှ ၊ မေးသမျှကို ဆရာက ထိုင်ကြည့်နေမည် ဖြစ်သဖြင့် ကြောက်ရွံ့မှုကတော့ ပြောစရာတောင် မလိုပါ။

ကိုယ်လက်သန့်စင်ပြီး နာရီကြည့်လိုက်တော့ ၅နာရီ၁၀မိနစ်..။ ဆရာတွေက ဆေးရုံကို ၇နာရီခွဲအရောက် လာရမည်ဟု မှာထားသဖြင့် ကျမမှာ စာကြည့်ဖို့အချိန်က ၁နာရီကျော်ကျော်သာ ရှိသည်။ ဒီ၁နာရီကျော်မှာ ကျမကြည့်ရမည့် ကေ့စ်(case)တွေက အတော်များသည်။ ညတုန်းက ကြည့်ထားသည့် စာတွေကလည်း သေချာမှတ်မိရဲ့လား မသိ။ စာတွေက အလွတ်ကျက်လို့လည်း မရ။ လေ့ကျင့်ရန်လည်း လူနာက အိမ်မှာမရှိသဖြင့် အတော်စိတ်ရှုပ်ဖို့ ကောင်းလေသည်။ အိမ်က မောင်လေးကို စမ်းကြည့်မယ်ဆိုတော့လည်း မောင်လေးက အစမ်းမခံ။ ညတုန်းကဆို ကျမတစ်ယောက် ကိုယ့်အဖြစ်ကိုယ် ရယ်လည်းရယ်ချင်၊ စာကလည်း မရသဖြင့် ငိုလည်းငိုချင်နှင့် ကိုယ့်ကိုယ်ကို ရူးများနေသလားတောင် ထင်ရသည်။

ရှိသမျှ စာအုပ်တွေကို ဟိုလှန်ဒီလှန်နှင့် ဘယ်ဟာဖတ်လို့ ဖတ်ရမှန်းမသိနှင့် ၆နာရီထိုးသွားလေသည်။ ဘုရားရှိခိုး ပရိတ်တွေရွတ်ပြီး ဆေးရုံသွားရန် ပြင်ဆင်လိုက်သည်။ စာမေးပွဲဖြေဖို့ အချိန်တွေ နီးလာလေလေ၊ လူကစိတ်လှုပ်ရှားလာလေလေပါပဲ..။ မနက်စာလည်း ဘယ်လိုမှစားမ၀င်။ ကော်ဖီတစ်ခွက်တောင် မနည်းကုန်အောင်သောက်ရသည်။ ၇နာရီထိုးတော့ ကျမသူငယ်ချင်းနှစ်ယောက်က လာခေါ်လို့ ဆေးရုံသွားလိုက်သည်။

ကျမတို့စာမေးပွဲဖြေမည့် ၀ပ်(ward)ရှိရာ အထပ်ကို သွားတော့ လှေခါးကို တက်လိုက်သည်နှင့် မြင်ရသည်က လူနာစောင့်များ.။ ကျမတို့စာမေးပွဲဖြေစရာ ရှိသဖြင့် လူနာတွေနှင့် မတွေ့ရဘဲ အပြင်မှာထိုင်စောင့်နေကြဟန် တူသည်။ ward ထဲဝင်မည့် အ၀င်အ၀မှာတော့ “တာဝန်မှအပ မ၀င်ရ” ဟုဆိုင်းဘုတ်ထောင်ထားသည်။ အထဲကိုဝင်သွားတော့ တွေ့လိုက်ပါပြီ။ ကျမတို့သူငယ်ချင်းများ။ ၀ပ်ထဲကို ပေးမ၀င်သဖြင့် အ၀င်အ၀မှာပင် အဖွဲ့လိုက် မတ်တပ်ရပ်လို့ စာအုပ်လေးတွေ ကိုင်သူကကိုင်..။ မသေချာသည်များကို အချင်းချင်း မေးသူကမေးနှင့် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ အားလုံးကတော့ စိတ်ပူနေသော မျက်နှာထားလေးများနှင့်.။ အရင်တုန်းက လူငယ်ဆန်ဆန်ဝတ်သော သူငယ်ချင်း ကောင်လေးတွေ ကလည်း ယခုတော့ အကျီင်္အဖြူ၊ ပုဆိုးလေးတွေ ၀တ်သူက၀တ်၊ စတိုင်ပင်နှင့် လူကြီးလူကောင်းဆန်ဆန် ၀တ်သူက၀တ်နှင့် ဆရာသဘောကျဖြစ်စေဖို့ အတတ်နိုင်ဆုံး ပြင်ဆင်ထားကြသည်။ အရင်က ခေတ်ဆန်ဆန် ၀တ်တတ်သော ကောင်မလေးတွေလည်း ယခုတော့ ရိုးရိုးယဉ်ယဉ်လေးတွေနှင့် ဆရာတွေ အမှတ်ပေးချင်စရာ ဖြစ်အောင် ၀တ်ဆင်ထားကြသည်။ ကျမတို့အား စာမေးပွဲစစ်မည့် ဆရာတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ သဘောကောင်းသည့် ဆရာဖြတ်သွားလျှင် ဒီဆရာနှင့် ဖြေရပါစေဟု ဆုတောင်းပြီး ဒေါသကြီးသော ဆရာဖြတ်သွားလျှင်တော့ ဒီဆရာနှင့် မဖြေရပါစေနဲ့ဟု ဆုတောင်းရတာလည်း အမော..။

သူငယ်ချင်းတွေ အချင်းချင်း မေးမြန်းဆွေးနွေးလို့မှ မပြီးသေး..။ ဟောက်စ်ဆာဂျင်အကိုကြီးတွေက ကျမတို့ ခုံနံပါတ်တွေ ရေးထားသော A4စာရွက်တွေကိုင်ပြီး ထွက်လာကြသည်။ ထို့နောက် ကျမတို့ ခုံနံပါတ်များကို တစ်ယောက်ချင်း ခေါ်တော့သည်။ ခုံနံပါတ်အခေါ်ခံရသော လူများက ဂျူတီကုတ်တွေဝတ်၊ စာမေးပွဲတွင် လိုအပ်သည်များကို ယူကာ ၀ပ်ထဲကို ၀င်ရတော့သည်။ ၀ပ်ထဲမှာလည်း ကျမတို့အမြဲမြင်တွေ့ရသလို ရှုပ်ရှက်ခတ်မနေဘဲ လူနာတွေကလည်း ၀တ်စုံဆင်တူတွေ ၀တ်ပြီး တိတ်ဆိတ်နေကြသည်။ နဂိုကတည်းက ကြောက်နေသော ကျမကတော့ အလွန်အမင်း စိတ်လှုပ်ရှားက ငိုချင်သလိုလိုတောင် ဖြစ်မိသည်။

ဝပ်ထဲမှာ လူစုံပြီဆိုတာနှင့် ဖြေရမည့် ကုတင်နံပါတ်ကို မဲနှိုက်ရတော့သည်။ ကျမအလှည့်ရောက်လို့ နှိုက်လိုက်တော့ F5တဲ့.။ နံပါတ်တွေက A1, A2, B1, B2 စသဖြင့် စီထားသောကြောင့် ကျမက ၅ခေါက်မြောက်မှာ ဖြေရမည်ဖြစ်သည်။ မဲတွေအားလုံး နှိုက်ပြီးသွားတော့ ဟောက်စ်ဆာဂျင်တွေက သူတို့နဲ့ ဆိုင်ရာအုပ်စုတွေကို တစ်ယောက်စီခေါ်သွားရော.။ အားလုံးလည်း ပြင်ဆင်ပြီးရော စာမေးပွဲစစ်မည့် ဆရာက A1, B1 , C1,.. စတဲ့ 1 တွေကို ခေါ်တော့တာပဲ..။ သူငယ်ချင်းတွေ ဖြေနေသည်ကို ကျမတို့က လှမ်းမြင်နေရသည်။ သူတို့ဖြေနေတာကို ကြည့်ပြီး ကျမတော့ လက်ဖျားခြေဖျားတွေ အေးလာသည်။ ခေါင်းထဲမှာလည်း စာတွေလည်း ဘာမှမရှိတော့ဘဲ ရင်တွေကလည်း တလှပ်လှပ်ခုန်လို့..။ ကိုယ့်ကိုယ်ကိုလည်း “ဖြစ်ချင်ဦးဟဲ့ ဆရာဝန်” ဆိုပြီး ရေရွတ်လို့.။

သိပ်မကြာလိုက်ပါ.။ ကျမတို့ 5 တွေကို အဖွဲ့ရဲ့ဟောက်စ်တွေက လာခေါ်သည်။ ကျမကို လူနာဆီ ပို့ပေးပြီး ပြန်ထွက်သွားရော.။ သူတို့ပေးထားသည့် ၁၀မိနစ်အချိန်အတွင်း ကျမကတော့ လူနာကို မေးမြန်းလို့.။ လူနာအဒေါ်ကြီးက ကျမအမေအရွယ်လောက်ပဲ ရှိဦးမည်။ နှာခေါင်းပိုက်လည်း သွင်းထားပြီး နာရသည့်အထဲ ကျမမေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးသည်။ မေးရင်းနှင့်မှ ကျမအလွန်ပိုင်သော ကေ့စ်မှန်း သိလိုက်သည်။ အဲဒီ့တော့မှ စိတ်လှုပ်ရှားနေတာတွေ နည်းနည်းလျော့ကျပြီး စိတ်အေးလက်အေး မေးမြန်းနိုင်တော့သည်။

ကျမမေးလို့ ၁၀မိနစ်လည်း ပြည့်ရော ဘဲလ်တီးသံကို ကြားလိုက်သည်။ ဘဲလ်တီးလိုက်သည်နှင့် ကျမအား စာမေးပွဲစစ်မည့် ဆရာက အမှတ်တွေရေးသည့် ဖိုင်ကြီးကိုင်လို့ ကျမနားရောက်လာလေသည်။ အခြားဆရာတွေကိုတော့ ကျမမြင်ဖူး၊ စာသင်တာနားထောင်ဖူးပေမယ့် ဒီဆရာကို မြင်တောင်မမြင်ဖူးပါ.။ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ဆရာကြီးမှာ ဗမာနှင့်တောင် သိပ်မတူလှပါ.။ ကျမကလည်း သင်ထားသည့်အတိုင်း ဆရာ့ကို “မင်္ဂလာပါ”လို့ နှုတ်ဆက်လိုက်သည်။ ပြီးသည်နှင့် ကျမမှာ စမ်းသပ်တာကိုပဲ လုပ်ပြရမလား.။ ကျမမေးထားသည့် history ကိုများ ပြန်ပြီး ပြောပြရမလားနှင့် မဝေခွဲနိုင်အောင် ဖြစ်ရသည်။ ကျမက စမ်းသပ်ပြမည်ဟု စိတ်ကူးပြီး လူနာကို ခွင့်တောင်းရုံပဲ ရှိသေးသည်။ “ခင်ဗျားက ဘာလုပ်မလို့လဲ” ဟူသော ဆရာ့အသံကို ကြားလိုက်ရသည်။ အသံကြားတာနှင့် ကျမတစ်ယောက် လန့်ဖြန့်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိ.။ နောက်တော့မှ ကျမမေးထားသည့် history ကိုပြန်ပြောခိုင်းမှန်း သိသဖြင့် ကျမမှာ အစက ပြန်ပြောရတော့သည်။

History ကိုပြောနေစဉ်အတွင်း ကျမက တစ်ခုပြောလိုက်၊ ဆရာက စိတ်တိုင်းမကျလိုက်.။ ဆရာက စိတ်တိုင်းမကျလေ၊ ကျမက ပိုပိုပြီး ကြောက်လာလေနှင့် လုံးလည်ချာလည်ကို လိုက်နေတော့သည်။ ကျမပြောလိုက်လို့ ဆရာက ခေါင်းတစ်ချက်ခါတိုင်း ကျမမှာ ရင်တစ်ချက်တုန်ကာ အောင်ပါ့မလားဟု ပိုပိုပြီး စိုးရိမ်လာသည်။ ကျမကြားဖူးထားသည်ကတော့ surgery ဖြေလျှင် အောင်နှုန်းက သုံးပုံတစ်ပုံပဲ ရှိသည်တဲ့.။ ဒါဆို အခုဖြေနေသည့် ကျမတို့အားလုံးတွင် ၁၀ယောက်ဖြေမှ သုံးယောက်သာ အောင်နိုင်သည်ပေါ့.။

စာသင်တုန်းကတော့ ဆရာတွေကို ပြန်ပြောပြလျှင် အင်္ဂလိပ်လို ပြောရမည်ဟု သင်ထားပေမယ့် ယခုတော့ ကျမမှာ အင်္ဂလိပ်လိုမပြောနှင့် .။ မြန်မာလိုတောင် အသံထွက်အောင် မနည်းပြောရလေသည်။ အရင်တုန်းက ဒူးတုန်အောင် ကြောက်ရသည်ဆိုသည်ကို စကားတစ်ခုအနေနှင့်သာ ကြားဖူးခဲ့သမျှ အခုတော့ ကျမတကယ့်ကို ဒူးတဆတ်ဆတ်တုန်နေပါသည်။ တော်သေးတာက ကြောက်ပြီး အကြောင်းအရာအားလုံးကို မေ့မသွားဘဲ ဆရာက မေးလိုက်လျှင်တော့ ပြန်ပြီးအစပေါ်လာသည်။ သို့သော် ကျမရဲ့ညံ့ချက်က အားလုံးကို အစီအစဉ်တကျ ထွက်လာခြင်းမျိုး မဟုတ်ဘဲ ဟိုကတစ်စ၊ ဒီကတစ်စနှင့်သာ ဖြေရလေသည်။ အဲဒီ့အချိန်တုန်းကတော့ တစ်မိနစ်၊ တစ်မိနစ်များ အတော်ကို ကုန်ခဲလှသည်။ စာမေးပွဲဖြေရသည်မှာ history မေးခြင်းနှင့် စမ်းသပ်ပြခြင်းတို့ ဖြစ်သော်လည်း ဆရာကတော့ ကျမအား စာမေးခြင်းတစ်ခုကိုသာ လုပ်လေသည်။ စမ်းလည်း သေချာမစမ်းခိုင်းဘဲ စမ်းရမည့်အရာများကိုသာ မေးမြန်း၊ အခြားကျမ သိတာတွေရော မသိတာတွေရော မေးမြန်းနေတော့တာပါပဲ.။ သိတာတွေကျ ဖြေပြီး မသိတာတွေကျ ရွှီးဖြေလိုက်၊ ရမ်းပြောလိုက်နှင့် ဘဲလ်သံကြားဖို့သာ စိတ်စောနေသည်။ စမ်းသပ်ရမည့်အရာတွေ အများကြီးရှိသည့်အထဲမှ ဆရာက ကျမအား တစ်ခုတည်းကို စမ်းပြခိုင်းလေသည်။ ကျမစမ်းပြလို့လည်း ပြီးရော ကံကောင်းထောက်မစွာ ဘဲလ်တီးသံကို ကြားလိုက်ရသည်.။

ကျမလည်း လူနာနှင့် ဆရာ့အား နှုတ်ဆက်ပြီး ထွက်လာလိုက်သည်။ ဆရာကတော့ အမှတ်ပေးတဲ့ ဖိုင်လ်ထဲမှာ တစ်ခုခုတော့ ရေးလိုက်သည်။ ကျမဖြေသမျှကို အစအဆုံး မြင်ရကြားရသော ဟောက်စ်အမကြီးကတော့ ကျမပခုံးကို ဖက်ပြီး “ညီမဒီလောက်ဖြေနိုင်တာ အောင်မှာပါ” ဆိုပြီး အားပေးလိုက်သည်။ အပြင်လည်း ရောက်ရော ဖြေပြီးသား ကျမသူငယ်ချင်းက ကျမကို စောင့်နေကြသည်။ ကျမကို ဖြေနိုင်လားဆိုသည့် သဘောနှင့် မေးဆတ်ပြတော့ ကျမမှာ ခေါင်းပဲညိတ်ရမလိုလို..။ ခေါင်းပဲခါရမလိုလို..။ မချိုမချဉ်အပြုံးကိုသာ ပြုံးပြနိုင်သည်။ ကျမအပြုံးကို မြင်သည်နှင့် သူငယ်ချင်းက လှမ်းမေးသည်။ ဘယ်ဆရာနှင့် ဖြေရလဲပေါ့.။ ကျမလည်း ဆရာ့နာမည် မသိသဖြင့် ဆရာ့ကိုသာ လက်ညှိုးထိုးပြလိုက်သည်။ ဆရာ့ကို မြင်သည်နှင့် ကျမသူငယ်ချင်းက ပြုံးပြီး “နင်တော့ အရစ်ခံခဲ့ရပြီပေါ့.။ အဲဒီ့ဆရာက တအားရစ်တာလို့ ငါ့အမပြောတယ်” တဲ့.။ ကျမမှာတော့ ပြန်ပြောပြဖို့တောင် အားအင်မရှိတော့ပါ.။ ဒါပေမယ့် သူဆက်ပြောသော စကားအရ ကျမ အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။ ဆရာက ရစ်သာရစ်သည်။ သူရစ်သမျှကို ဖြေနိုင်ရင်တော့ အောင်ပေးသည်တဲ့.။ ဒီလိုဆို ကျမအောင်ပါစေလို့ ဆုတောင်းရုံပဲ ရှိတော့သည်ပေါ့.။

ဖြေပြီးသွားသော ကျမသူငယ်ချင်းတွေကို သူတို့အသိတွေက အမှတ်တွေ ကြည့်ပြီး လာပြောကြလေသည်.။ အေးအေးဆေးဆေး ဖြေနိုင်ခဲ့သော အချို့တွေတောင် အောင်မှတ် ကွက်တိနှင့်သာ အောင်လေသည်။ အရစ်ခံရ၊ အဆူခံရသော ကျမမှာ ကိုယ့်ကိုယ်ကို အောင်ပါ့အောင်ပါ့မလားဟု အတော်ပူပင်လာသည်။ ဟောက်စ်တွေက ကျမတို့ကို အမှတ်ကြည့်ပေးချင်သော်လည်း ကျမဖြေရသည့် ဆရာ့နာမည်ပြောတာနှင့် သွားမကြည့်ရဲတော့ပါ.။ ဆရာက အဲလိုလာကြည့်တာကို မကြိုက်ပါတဲ့.။ သူတို့က အဲလိုပြောလေ.။ ကျမမှာ စိတ်ပိုပူလာလေ.။ နောက်ဆုံးတော့ အတော်ကြီး တောင်းပန်မှ ဟောက်စ်အကိုကြီးတစ်ယောက်က သွားကြည့်ပေးတော့သည်။ ဆရာက ကောင်မလေးတစ်ယောက်ကို စစ်နေသည့်အချိန်မှာ မယောင်မလည်နှင့် ဆရာနောက်သွားပြီး ကျမတို့အမှတ်ကို သွားကြည့်လေသည်။ သူကြည့်နေသည်ကို သိလို့လားတော့ မပြောတတ်.။ ဆရာက ဖိုင်ကြီးကို ပြန်ပိတ်လိုက်.။ ဟိုအကိုကြီးကလည်း မရိပ်မိအောင် ကြည့်လိုက်လုပ်နေသည်ကို မြင်နေရသော ကျမမှာတော့ စိတ်အတော်လှုပ်ရှားနေရသည်။ နောက်ဆုံးတော့ ကြည့်လို့ရသွားဟန်တူပြီး ဟောက်စ်အကိုကြီးက ကျမဘက်ကို ပြန်လှည့်ထွက်လာသည်။ ထို့နောက် ကျမအား ပါးစပ်လှုပ်ရုံလေး ပြောသည်။ “အောင်တယ်” တဲ့.။ ကျမမှာ အတိုင်းမသိ ၀မ်းသာသွားတော့သည်။ ၀မ်းသာနေသည့် အချိန်အတွင်းမှပဲ စိတ်ထဲမှာ “ဟုတ်ပါ့ဟုတ်ပါ့မလား” ဆိုသည့်အတွေးက တပြိုင်နက် ၀င်လာသည်။ နောက်ဆုံးတော့ မနက်ဖြန် ဖြေရမည့် ရေးဖြေအတွက်သာ ကျက်တော့မည်ဟု စိတ်ဒုံးဒုံးချကာ အိမ်ပြန်ခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် ကျမရဲ့ ပထမဦးဆုံး bed side စာမေးပွဲ အတွေ့အကြုံကတော့ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

***

ကျမ အောင်သလား ကျသလားဆိုသည့် အောင်စာရင်းကတော့ နောက်နှစ် ဒီလိုအချိန်မှပဲ ထွက်မှာမို့ အဲဒီ့တော့မှပဲ အားလုံးကို အသိပေးတော့မယ်နော်။

3 comments:

ကောင်းကင်ကို said...

အမယ်၊ တပည့်ကြီးက ပျင်းပေမယ့် စာမေးပွတော့အောင်သားပဲ။

ChIr0N said...

စာမေးပွဲကတော့ အောင်မှာပါ။ ညီမရဲ့ အကိုက အမှတ်ကို သွားကြည့်ထားပေးပြီး အောင်တယ်ပြောလို့ အောင်မှာပါ ဆိုတာမျိုး ပြောတာ မဟုတ်ပါဘူး။ ဒီပို့စ်ကို ဖတ်ပြီး အောင်မှာပါလို့ ပြောခြင်းပါ။ သေချာခြင်း တခုကိုလည်း စာထဲမှာ တွေ့လိုက်ရတယ်။

မွန်းသက်ပန် (ဆေး-၁) said...

ကြိုးစားထား ကလေးရေ...
တိုက်ဆိုင်တယ်လို့ပဲပြောရမှာပဲ ဒီကနေ့ ကလေးဆေးရုံကိုသွားတော့ ကြိုက်တဲ့ စာသားလေးတွေတွေ့လို့ ကူးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့  သဲဘလောဂ်ကို လာဖတ်တော့ ဒီပိုစ့်ကလေးကိုတွေ့တာနဲ့ အမ ကူးလာတဲ့ စာသားလေးတွေကို ပြန်ရေးပေးလိုက်တယ်။

အဲဒါက ...
The success is not in the learning but in the application to th ebenifit of mankind. တဲ့

ဥာဏ်ကောင်းတဲ့ ကလေးမို့ အခုလို ကျောင်းသူဘ၀မှာ အများကြီးမလုပ်နိုင်သေးရင် တောင် ကိုယ့်ပတ်ဝန်းကျင် သေးသေးကလေးမှာ ကိုယ့်ကို အားကိုးနေမိသူတွေ အတွက် သမီး တတ်နိုင်သလောက် ကြိုးစားရင်း ပျော်နိုင်လိမ့်မယ်လို့ အမယုံပါတယ်။

ချစ်တဲ့
မဇင် (မွန်းသက်ပန် )