ဒီလိုနှင့်.. ကျမတို့ ခရီးသွားကားကြီးလည်း ရန်ကုန်မှ စတင်ထွက်ခွာလာပြီ..။ စထွက်ကတည်းက သင်္ကြန်သီချင်းခွေတွေ တစ်ခွေပြီး တစ်ခွေ ဖွင့်လာလိုက်တာ.. ထမင်းစားရပ်ပြီး.. ပြန်ထွက်တော့.. မှောင်စပျိုးနေပြီ..။ တဖြည်းဖြည်းနဲ့ အလင်းရောင်လည်း ကွယ်ပျောက်ပြီး.. အမှောင်တွေက ချင်းနင်းဝင်ရောက်လာတော့သည်..။ ခရီးသည်တွေလည်း မှေးတဲ့သူမှေး.. ငေးတဲ့သူငေးနှင့်..။ ညနက်လာသည်နှင့်အမျှ ကားပေါ်က သီချင်းသံတွေလည်း ပျောက်ကုန်ပြီ..။ ထွန်းထားသည့် မီးရောင်လည်း မှိန်ဖျော့ဖျော့သာ ကျန်တော့၏။ ။ ကျမ ဘေးမှာလည်း.. အဒေါ်က အိပ်မောကျနေပြီ..။ ထိုင်ခုံပေါ်တွင် ဘယ်လိုမှ မအိပ်တတ်သော ကျမကတော့.. ဘယ်လောက်ညဥ့်နက်လာလာ.. အိပ်မရခဲ့ပါ.။ ပျင်းရင် နားထောင်မယ်ဆိုပြီး အိမ်က သွင်းလာခဲ့သည့်.. mp3 ထဲက သီချင်းတွေလည်း နားထောင်အားကြီးလို့.. ဘယ်နှခေါက် ပြန်ကျော့မိမှန်းတောင် မသိတော့..။ နားတွေ ပူလာပြီး.. ထပ်နားထောင်ချင်စိတ်လည်း မရှိတော့ပါ..။ ကားပေါ်က လူတွေထဲမှာရော ကျမလိုလူများ ရှိမလားဆိုတဲ့ အတွေးနှင့် လိုက်ကြည့်မိသည်..။ နားကြပ်ကို နားမှာတပ်ထားသော “သူ” တစ်ယောက်သာ အိပ်မပျော်သေးဟန် တူသည်..။ အပြင်ဘက်မှာလည်း.. ငွေလမင်း၏ အလင်းရောင်ပျပျသာ ကျန်တော့၏။ ။
ဆရာမ ဂျူးကတော့.. လရောင်၏ ဖမ်းစားမှု တဲ့....။ ကျမရော.. လရောင်၏ ဖမ်းစားခြင်းကို ခံစားချင်ပါလား..။ ကျမ မသိပါ..။ ကျမ၏ ဦးနှောက်နှင့် နှလုံးသားသည်.. အချင်းချင်း အကွာအဝေးတစ်ခုမျှ ဝေးကွာနေပါသည်..။ ကျမနှင့် အနီးဆုံးနေရာတွင် ရှိနေသည်က နှလုံးသားလား .. ဦးနှောက်လား.. မသိပါ..။ ကျမ သိသည်ကတော့.. ဒေါသများ ကင်းဝေးနေသည့် သူ့မျက်နှာသည်.. မြတ်နိုးစရာအလွန်ကောင်းသည် ဆိုတာပင်...။
မနက်စောစောမှာ.. ကျမတို့ တောင်ကြီးကို ရောက်သည်..။ မွေးကတည်းက ရန်ကုန်မှာ နေခဲ့သူမို့.. ရှမ်းပြည်၏ ရာသီဥတုသည်.. ကျမအတွက် စိမ်းသက်သော.. နူးညံ့မှုကို ပေးပါသည်..။ ချယ်ရီပန်းတွေ.. လှိုင်လှိုင်ပွင့်နေသော.. ရှမ်းမြေကို ကျမချစ်သည်..။ အေးစက်စက် တိုက်ခတ်သော လေညင်းလေးတွေကိုလည်း ကျမ မြတ်နိုးသည်..။ မြေနီလမ်းလေးတွေမှာ အေးအေးလူလူ လမ်းလျှောက်ရသည့် အရသာကို နှစ်သက်သည်..။ မြင်မြင်သမျှ အရာအားလုံးသည် ကျမအတွက် နှစ်လိုစရာတွေချည်းသာ..။
(ဆက်ရန်)
Thursday, April 15, 2010
အတိတ်ကသင်္ကြန် (၂)
Subscribe to:
Post Comments (Atom)
1 comment:
အတိတ်ကသင်္ကြန်တဲ့လား ညီမလေးရေ
အတိတ်ကိုယ်စီရှိကြသူတိုင်းမှာ သင်္ကြန်အတိတ်ကတော့
ဘယ်လိုမှမမေ့ပျောက်နိုင်အောင် ဦးဏှောက်နဲ့နှလုံးသားနှစ်ခုလုံးပေါ်မှာ စွဲထင်ရစ်စေမယ့်
စုတ်ချက်တွေပြည့်နှက်နေတဲ့ ပန်းချီကားတချပ်ပဲဖြစ်မှာပါ ညီမလေးရေ...
ဆက်ရန်ကို ဆက်တဲ့အချိန်ကျရင် လာဖတ်ပါဦးမယ်။
Post a Comment