Sunday, March 30, 2008

ချစ်သမီးလေးသို့

သံသာချို ဥသြတို့ရဲ့
တေးသီသံ နှင့် ရွက်ဝါကြွေ ရာသီပေါ့
မေမေ့ သမီးကို မွေးဖွားခဲ့တာ
မတ်လ ( ၃၁ ) တဲ့လေ
မေမေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်
မေမေ့ရဲ့ အားကိုးမှုနဲ့ယုံကြည်မှု
ထုဆစ် ရှင်သန်
သမီးလေး မျက်နှာငေးကာ
ရာသီတွေ ဖြတ်သန်းခဲ့တာ
(၁၉ ) နှစ်တောင်ရှိခဲ့ပြီပေါ့……………..။

မတ်လရဲ့ နောက်ဆုံးရက်တစ်ရက်မှာ လူ့လောကထဲကိုရောက်လာခဲ့တဲ့ ချစ်သမီးလေးရေ မွေးကတည်းက သမီးလေးက ဆံပင်ရှည်လေးနဲ့ပေါ့ ..ပန်းနုရောင်အသားအရည်နဲ့ မျက်နှာဝိုင်းလေးနဲ့ သမီးကို တွေ့တဲ့သူတိုင်းက အမေနဲ့လဲမတူပဲ မျက်နှာဝိုင်းလေးနဲ့ချောတယ်လို့ ကောက်ချက်ချ ကြတယ်လေ။

နောက်တခုက သမီးလေးကမွေးပြီးတပတ်လောက်ထိ လုံးဝမျက်လုံးမဖွင့်ဘူး သိလား..မျက်စိများ တခုခု ချို့ယွင်းနေသလား လို့ စိတ်ပူလိုက်ရတာ...နောက်မနေနိုင်တဲ့အဆုံး မေမေ့တို့ရဲ့မိတ်ဆွေ မျက်စိအထူးကုဆရာဝန်ကြီးကို အိမ်ပင့်ပြီး ပြရတယ်လေ...ဆရာဝန်ကြီးက ဘာပြောလဲ သိလား

``ညည်းသမီးက မာနကြီးနေတာ ဘာမှမဖြစ်ဘူး´´တဲ့လေ။ အဲလိုပြပြီး နောက်နေ့မှ မျက်လုံးလေးစဖွင့်တာ အဲဒီကတည်းက သမီးကကြီးလာရင် မာနခဲဖြစ်မယ်လို့ တွေးပြီးသားလေ…။
မေမေ့သမီးလေးက ငယ်ငယ်ကတည်းက သိပ်လိမ္မာတာ။ဘယ်တော့မှဂျီကျတယ်မရှိဘူးလေ။
နောက်ဘယ်တော့မှ မပူဆာတတ်ဘူး သမီးလေးကသိပ်အေးချမ်းတာ ။ မေမေသမီးလေးကို
ဆံပင်ရှည်လေးထားပေးတာ နောက် မနက်မိုးလင်းတာနဲ့ ပါးနှစ်ဖက်မှာ သနပ်ခါးနဲ့ ဆံပင်ရှည်လေးကို နှစ်ဘက်ခွဲချည်ပေးတာလေ။

သမီးလေးတနှစ်ကျော်အချိန်မှာ ချစ်စရာအကောင်းဆုံးပဲ သိလား ၀၀ကစ်ကစ်ကလေးလေ နောက် ဆံပင်ရှည်လေးနဲ့ ပါးကွက်လေးနဲ့ဆိုတော့ သွားလေရာမှာ လူတိုင်းက ချစ်ကြတယ် သိလား ။ အဲဒီတုန်းက သမီးလေး က တောက်တက် တောက်တက် နဲ့ မေမေရဲ့ အရိပ်ကလေးပေါ့ ။

သမီးလေးအတွက် နာံမည်ရွေးတုံးက အကြောင်းလေးပြောပြအုံးမယ် သိလား သမီးလေးက သောကြာသမီးလေးမို့ ``သ´´ နဲ့စတဲ့နံမည်တွေ စဉ်းစားကြတာပေါ့ `သက်လျှာ´` သက်ထား´` သက်နှင်းအိမ်´် နံမည်အမျိုးမျိုးကိုခေါ်ကြည့်လိုက် မကြိုက်လိုက်နဲ့လေ `သဲနုဝေ´ ဆိုတဲ့နံမည်လေးကိုစဉ်းစားမိတော့ ခေါ်ကြည့်မိတယ်သိလား `ဒေါက်တာသဲနုဝေ ´ လို့လေ ခေါ်ရတာ ရိုးရိုးလေးနဲ့အဆင်ပြေတယ် သိလား အဲဒါနဲ့ပဲ အဲဒီနံမည်လေးအတည်ဖြစ်သွားတယ်လေ။ အဲဒီကတည်းက သမီးလေးရဲ့ အနာဂတ်ကိုမေမေက ရွေးချယ်ပေးပြီးသားလေ။

ဒီလိုနဲ့ သမီးလေး ငါးနှစ်အရွယ်မှာ သမီးအတွက် မောင်လေးတစ်ယောက်မွေးပေးခဲ့တယ်လေ။ သမီးလေးဟာ မောင်လေးမွေးကတည်းက မေမေနဲ့ခွဲပြီး တစ်ယောက်တည်း အိပ်ခဲ့ရတယ်လေ။ အဲဒီတုန်းက သမီးလေးရဲ့ အတွင်းစိတ်မှာ မောင်လေးကို မလိုလားစိတ်တွေ ခဏတာ ဖြစ်ခဲ့သေးတယ်လို့ မေမေ ထင်တယ် ။ မွေးကာစ မောင်လေးကို သမီးလေး သိပ်မချစ်သလိုပဲနော် ။မောင်လေးကလည်း ချူချာတော့ မောင်လေးကို ပိုဂရုစို်က်မိတဲ့အခါ သမီးလေးအမြင်မှာ မောင်လေးကို သမီးထက် ပိုချစ်တယ်လို့ ယူဆခဲ့တယ် ထင်တယ်နော်။

ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သမီးမောင်လေး ကလည်းးသမီးလိုပဲ လိမ္မာတယ် ဆိုတာ သမီးလေးသဘောပေါက်လာတဲ့အချိန်မှာ သမီးလေးရဲ့ တဦးတည်းသောမောင်လေးအပေါ် ချုစ်တတ်လာခဲ့တယ်။ မောင်လေးကို မနက်မိုးလင်းတာနဲ့ ``ချစ်မောင်လေး´´ လို့ခေါ်တဲ့ သမီးလေးရဲ့ အသံလေးဟာ မေမေရင်ကိုအေးမြစေပါတယ် ။

သမီးလေးကလည်း မေမေဖြစ်စေချင်တဲ့အတိုင်း ပညာရေုးကို လိုလားတဲ့သမီးလေးဖြစ်နေတာ မေမေကံကောင်းတာပေါ့ ငယ်ငယ်ကတည်းက နှစ်တိုင်းဆုရနေကြ သမီးလေးဟာ ဆယ်တန်းမှာလဲ မေမေရည်မှန်းတဲ့အတိုင်း ဖြစ်လို့ မေမေမွေးရကြိုးနပ်တဲ့သမီးလေးပါပဲလေ။

သမီးလေး ခုဆိုရင် တတိယနှစ်ရောက်ပြီ တဖြေးဖြေး လူကြီးဆန်လာလို့ သမီးဘ၀မှာ မေမေဟာအရင်လို အရေးမပါတော့ဘူးနော် အရင်က စာကျက်ရင်အနားမှာ ထိုင်စောင့်ပေးနေကျ။ ကျောင်းသွားရင် လိုက်ပို့နေကျ။ ကျောင်းအပ်ရင် မေမေပါမှလို့ဆိုတဲ့သမီးလေး။ ခုတော့သမီးခြေထောက်ပေါ်သမီးရပ်တည်နိုင်နေပြီလေ။

အရင်က ဘတ်စကားဆို မစီးရဲတဲ့ ခပ်ရွံရွံ ကောင်မလေးတစ်ယောက်က ခုတော့ ကျူရှင်လဲ တယောက်ထည်းသွားတတ်ပြီ။ ကျောင်းအပ်ရင်လည်း သူငယ်ချင်းတွေ နဲ့ သွားတတ်ပြီ…ဒီလိုဆိုတော့လည်း မေမေကသမီးလေးအတွက် သိပ်မလိုအပ်တော့သလိုပဲနော်။ ဒါပေမယ့် မေမေရဲ့အချစ်တွေက သမီးလေးအပေါ်မှာ လျော့မသွားပါဘူးကလေးရယ်.။

မေမေဘ၀မှာ သမီးလေးနဲ့ သားလေး ဟာ အရေးပါဆုံးပဲလေ ..။ မေမေက သားနဲ့သမီး ကိုချစ်ပေမယ့် ချုပ်ချယ်တာလည်းမကြိုက်ဘူးလေ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြည့်အ၀ ပေးထားတယ် နော် ။ ဒါပေမယ့် ခုထိတော့ သမီးလေးဟာ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တာမတွေ့ရသေးဘူးလေ ဒါကြောင့် သမီးလေးကိုပိုချစ်ရတာ သမီးလေးဟာ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ပြီး အေးဆေးသူမို့ မေမေမွေးရကျိုးနပ်တဲ့ သမီးလေး ပါပဲကွယ်။

မေမေ့သမီးလေး ဟာ နောင်အနာဂတ်မှာ မရှိဆင်းရဲသားများကို ကူညီနိုင်တဲ့ စေတနာဆရာဝန်မကြီး ဖြစ်လာမယ် ဆိုရင်ဖြင့် မေမေ သမီးလေးကို ခုအရွယ်ထိ ကျွေးမွေး စောင့်ရှောက်ရကျိုးနပ်ပါပြီကွယ်။

ကဲသမီးလေးရေ စာလည်းရှည်သွားပြီ ……..သမီးလေးရဲ့ (၁၉)နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ …မေမေ့ထံမှ` သမီးလေးသို့ပေးစာ´ ပေါ့ သမီးလေး ဒီနေ့မွေးနေ့ မှသည် နောက် မွေးနေ့ပေါင်းများစွာကို
ကျန်းမာပျော်ရွှင်စွာနဲ့ ချစ်တဲ့မိသားစုနဲ့ အတူကျော်ဖြတ်နိုင်ပါစေလို့နော်

(မေမေ့ရဲ့ မွေးနေ့လက်ဆောင်ကို သမီးလေးနှစ်သက်မယ်လို့ထင်ပါတယ်)

သမီးလေးရဲ့ချစ်မေမေ

5 comments:

Winkabar said...

အရမ်းကောင်းပြီး တန်ဖိုးရှိတဲ့လက်ဆောင်လေးပဲနော် သဲ။ သဲရဲ့ အမေက အရေးအသားကောင်းသလို စာတွေကလည်း တစ်လုံးချင်းစီ အဓိပ္ပာယ်အပြည့်ပဲ။

မေပျို said...

မေမေရေ..
သဲမွေးနေ့ မတိုင်ခင်က သဲအံ့သြသွားစေမယ့် မွေးနေ့လက်ဆောင်ပေးမယ်လို့ ပြောခဲ့တယ်နော်။ သဲကိုလည်း ကိုယ့်ဘာသာ မှန်းကြည့်တဲ့.။ သဲ မမှန်းတတ်ခဲ့ပါဘူး။ အခုလို မွေးနေ့အဖြစ် ပို့စ်ရေးပေးတာ အရမ်းဝမ်းသာပါတယ်။ ဖတ်ရင်းနဲ့ သဲ မျက်ရည်တောင် ကျရပါတယ်။ သဲဘ၀မှာ မေကြီးကသာ အဓိကပါ။ အားလုံးထက်လည်း အရေးပါပါတယ်။ အခုထိလည်း အရေးပါဆဲပါ။ သဲကို အခုအရွယ်အထိ လူလားမြောက်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ သဲ မေမေ့ ကျေးဇူးကို ဆပ်နိုင်အောင် ၊ မေမေ့ ဆန္ဒပြည့်ဝအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။

ချစ်တဲ့
သဲနုဝေ (မေပျို)

JulyDream said...

ပြောတော့ မရေးတတ်ဘူး မရေးတတ်ဘူးနဲ့။ ရေးများ ရေးလိုက်တော့လဲ ကျောက်ခဲကို ရေညှစ်ထုတ် သွားတာပဲနော်။ အဟက်...

ဒီဇင်ဘာနှင်း said...

မေပျိုမေမေ ပေးတဲ့ မွေးနေ့လက်ဆောင်ဟာ အရမ်းကို တန်ဖိုးရှိပါတယ် မေပျိုရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ

~J-Quen ~ said...

မိခင်တစ်ယောက်ရဲ့ ရင်ထဲကစကားသံတွေဟာ သိပ်ချိုမြိန်လှပတယ် မမေပျိုရေ။ :)