Wednesday, September 26, 2007

လူကောင်းနှင့်လူတော်

အခုလတ်တလော လူတော်ဖြစ်လျက်သားနဲ့ လူကောင်းမဖြစ်ကြတဲ့လူတွေကို မြင်နေရလို့ စိတ်ထဲမကောင်းဖြစ်မိတာနဲ့ ဒီပို့စ်ကိုရေးဖြစ်တာပါ…

"လူတော်မဖြစ်ရင်နေ၊ လူကောင်းတော့ဖြစ်အောင်လုပ်" ဒီစကားက ကျမတို့အဘိုးကျမတို့ကို ပြောနေကျစကားတစ်ခွန်းပါ။ အဲဒီ့အချိန်တုန်းကတော့ ဒီစကားရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။ "တော်နေရင်ပြီးတာပဲ။ ကောင်းတာမကောင်းတာနဲ့ ဘာဆိုင်လို့လဲ"လို့ ထင်ခဲ့ဖူးပါတယ်။ လူကတော်နေတာနဲ့ အဲဒီ့လူလုပ်သမျှက အကောင်းချည်းပဲဖြစ်တယ်လို့ ကျမကထင်ခဲ့တာပေါ့။ တော်တဲ့လူတိုင်းကို အားကျ၊ကိုယ်လည်းသူတို့လို ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကကြီးစိုးနေတဲ့အချိန်ပေါ့။ မတော်တဲ့လူတွေကိုလည်း မတော်ရကောင်းလားလို့ အထင်သေးခဲ့မိပါတယ်။ ကျမရဲ့အတွေးအခေါ်ကတော်တော်မှားခဲ့တာပဲနော်။ ပြီးတော့ရှိသေးတယ်။ စိတ်ထားကောင်းဖို့က နံပါတ်၁၊ ပညာတတ်ဖို့ကနံပါတ်၁၀တဲ့ ဘုန်းဘုန်းတစ်ပါးကမိန့်ကြားခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ အဲဒီ့အဆိုကိုကျမ မထောက်ခံခဲ့ပါဘူး။ ကျမထင်ခဲ့တာက စိတ်ထားကောင်းဖို့က လွယ်လွယ်လေးပေါ့။ ပညာတတ်ဖို့ကျတော့ အရမ်းကြိုးစားရတယ်ပေါ့။ အဲဒီ့လို ကျမဟာမိုက်မိုက်ကန်းကန်းတွေးခဲ့ဖူးပါတယ်။


အခုအချိန်ကျမှပဲ ကျမအမှန်ကိုမြင်သွားခဲ့ပါတယ်။လူဆိုတာ တော်နေဖို့ထက် လူလူချင်းကိုယ်ချင်းစာစိတ်၊ညှာတာသနားစိတ် စတဲ့စိတ်ကောင်း၊နှလုံးကောင်းလေးတွေရှိနေဖို့ပဲ အရေးကြီးတာပါ။ လူကောင်းဆိုတဲ့နာမည်က ခေါ်တော့သာနှစ်လုံးတည်း။ ဒီနာမည်နှစ်လုံးလေးအောက်မှာပဲ မြောက်မြားလှတဲ့ အရည်အချင်းတွေက ကိန်းဝပ်နေတယ်လေ… ဒီအရည်အချင်းတွေက ဘာတွေများဖြစ်နိုင်မလဲလို့ ကျမစဉ်းစားကြည့်ဖူးပါတယ်။ အခြေခံအချက်အနေနဲ့ကတော့ သနားကြင်နာစိတ်ပဲဖြစ်မယ်ထင်တယ်။ ကိုယ့်ထက်အင်အားချို့တဲ့တဲ့လူတွေ၊ ကိုယ့်ထက်ငယ်ရွယ်သူတွေ၊ ကိုယ့်ထက်နိမ့်ပါးကြသူတွေကို ကြင်နာသနားစိတ်ဆိုတာ ထားကိုထားသင့်တာပါ။ အများစုကတော့ ရင်ထဲမှာရှိတဲ့သနားကြင်နာစိတ်ကို လောဘ၊ဒေါသ၊မောဟစိတ်တွေနဲ့ ဖုံးလွှမ်းသွားကြတာပဲဖြစ်ပါတယ်။ ဒီအချက်ကိုတောင် ထားနိုင်ဖို့မလွယ်ကြဘူးဆိုတာ အခုမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။

ကိုယ်ချင်းစာတရားကလည်းအရေးကြီးပါတယ်။"သူတို့နေရာမှာ ငါသာဆိုရင်…"ဆိုပြီးတွေးကြည့်ကြစမ်းပါ။ ကျမတို့ အခြားလူတွေကို ရက်ရက်စက်စက်လုပ်ရက်ပါတော့မလား… အခြားသူတွေနစ်နာသွားအောင် ပက်ပက်စက်စက်ပြောရက်ပါတော့မလား… ဒီကိစ္စကလွယ်မယောင်နဲ့ ခက်နေတာပါ… ပြောဖို့လွယ်သလောက် လက်တွေ့လုပ်နိုင်ဖို့ခက်တယ်ဆိုသလိုပေါ့လေ… နောက်တစ်ချက်ကတော့ အမှန်တရားကိုလက်ခံနိုင်ပြီး မှန်တဲ့ဘက်ကိုရပ်တည်ရဲတဲ့သတ္တိပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ ရှေ့ကဖော်ပြတဲ့အချက်တွေထက်တောင် ပိုခက်နေပါသေးတယ်။ အမှန်တရားကိုသိကြရင်တောင် အကြောင်းကြောင်းကြောင့် မှန်တဲ့ဘက်ကိုရပ်တည်ဖို့ခက်ခဲတတ်ကြပါတယ်။ အမှန်တရားကို အမှန်တရားလို့လက်မခံနိုင်တဲ့လူတွေကလည်း လောကကြီးမှာအများကြီးပါဘဲ။ အမှားကိုမျက်စိမှိတ်ပြီးအမှန်လို့ယူဆနေကြတာပေါ့။ ပြန်ပြင်ပေးမယ့်လူတွေကိုလည်း မလိုလားဘဲငါဇွဲကြီးမားစွာ မာန်မာနထားနေကြသူတွေလည်းရှိကြပါတယ်။ ဒီအချက်တွေကတော့ လူကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အခြေခံအချက်အလက်တွေပါဘဲ။ အခြားအချက်တွေဖြစ်တဲ့ ကိုယ်ထက်ကြီးသူတွေ၊မိဘဆရာတွေကိုရိုသေတတ်မှုနဲ့၊ဘာသာတရားကိုင်းရှိုင်းမှုတွေ လည်းလိုအပ်နေတာပါဘဲ… တကယ်တမ်းလူကောင်းဖြစ်ချင်တဲ့စိတ်ရှိရင် ဒီအချက်တွေက ကျင့်ယူဖို့ခက်ခဲလှတဲ့အရာတွေတော့ မဟုတ်ပါဘူး…


ကျမအရမ်းအထင်ကြီးခဲ့တဲ့ လူတော်တစ်ယောက်ဖြစ်ဖို့ကရော ခက်ပါသလား… ကျမအထင်တော့ မခက်ဘူးလို့ထင်ပါတယ်… သူ့မှာ ကံ၊ဥာဏ်၊၀ီရိယဆိုတဲ့သုံးမျိုးသာဆုံနေပါက လူတော်တစ်ယောက်ဆိုတာ မုချဧကန် ဖြစ်လာမှာပါ… ကံဆိုတာကအလုပ်လို့ယူဆမယ်ဆိုရင်တော့ ကိုယ်လုပ်ရင်လုပ်သလောက်ရမှာမို့လို့ ဒီအချက်ကအလွယ်တကူ ဖြစ်နိုင်မှာပါ။ ၀ီရိယဆိုတာကလည်း ကိုယ်ထားရင် ထားနိုင်သလောက်ရတဲ့အရာမျိုးပါ… ဒီလူတစ်ယောက်အတွက်ကတော့ ဥာဏ်ပဲလိုတော့မှာပေါ့နော်… ဥာဏ်ကတော့ မျိုးရိုးဗီဇနဲ့ပါ ဆိုင်မယ်လို့ထင်ပါတယ်။ ဥာဏ်ကလည်း အရမ်းကောင်းစရာမလိုပါဘူး။ အသင့်အတင့်ရှိရုံနဲ့ လူတော်တစ်ယောက်က ဖြစ်နိုင်ပါတယ်။ ကဲ…ဒီလိုဆိုရင်တော့ လူတော်ဖြစ်ဖို့ရော၊လူကောင်းဖြစ်ဖို့ပါ မခက်လှဘူးလို့ထင်ပါတယ်။


ကျမတို့အဘိုးပြောတဲ့ နောက်စကားတစ်ခွန်းလည်းရှိပါသေးတယ်။ "လူမိုက်လုပ်ချင်ရင်လုပ်၊ လူယုတ်မာတော့မလုပ်မိစေနဲ့"တဲ့။ လူမိုက်ဆိုတာမျိုးက ကိုယ်မိုက်ချင်လို့မိုက်နေတာပါ။ ဆိုးကျိုးဖြစ်မယ်ဆိုရင်တောင် ကိုယ့်အတွက်ပဲဆိုးကျိုးဖြစ်နိုင်တာပါ။ လူယုတ်မာကတော့ ဒီလိုမဟုတ်ပါဘူး။ ယုတ်မာပက်စက်တဲ့ အကြံအစည်တွေနဲ့ ဘယ်သူ့ကိုဒုက္ခပေးရမလဲဆိုတာ ကြံနေတဲ့လူမျိုးတွေပါ။ ကိုယ်ကောင်းကျိုးရဖို့အတွက် ဘယ်သူ့ကိုမှမငဲ့ညှာဘဲ ရက်ရက်စက်စက်လုပ်ရက်တဲ့လူတွေပါ။ ရွာတစ်ရွာမှာ လူမိုက်၁၀ယောက်ရှိလို့ ရွာ မပျက်နိုင်ပေမယ့် လူယုတ်မာတစ်ယောက်ရှိရုံနဲ့ ရွာပျက်နိုင်ပါတယ်။ ဒါကြောင့်ကျမတို့လည်း လူတော်လူကောင်းဖြစ်အောင် တတ်နိုင်သမျှကြိုးစားသင့်ပါတယ်။ လူတော်လူကောင်းမဖြစ်ခဲ့ရင်လည်း လူယုတ်မာတော့မဖြစ်အောင် နေကြရအောင်နော်...

ဆက်ဖတ်ရန်...

အိမ်ပြန်ချိန်ကိုမျှော်နေသူ...

နောက်နေ့တွေကျရင် ပို့စ်အသစ်တင်လို့ ရပါ့မလားတောင်မသိပါဘူး။ ဒါကြောင့်အခုတင်ပေးထားတာပါ။ ကျမတင်လို့ရသရွေ့တော့ ဆက်တင်ပါဦးမယ်....

ကောင်းကင်ကြီးတောင် အလင်းရောင်မရှိတော့ဘဲ နေ၀င်နေပြီဘဲ… ငှက်ကလေးများအိပ်တန်းတက်ချိန်တန်တော့မယ်… ဒီအချိန်မှာ အသိုက်ကိုမပြန်နိုင်တဲ့ငှက်ကလေးတွေ ဘယ်နှကောင်များတောင် ရှိနေမှာလဲ… မိုးရဲ့ခြိမ်းခြောက်မှုကြောင့်များ အိမ်မပြန်နိုင်ကြတာလား… တခြားတခြားသော အကြောင်းအရာများကြောင့်လား… ညရဲ့အငွေ့အသက်ကို ခံစားနေရတယ်… ညရဲ့အေးချမ်းမှုက စိတ်ကိုမအေးချမ်းနိုင်ပါချေ… ခန္ဓာကိုယ်ကအေးစက်နေသော်လည်း ရင်ထဲမှာတော့မီးဟုန်းဟုန်းတောက်သည့်နှယ် ပူပြင်းလှပါသည်… နှုတ်ဆက်ထွက်ခွာတုန်းကရော… သူတို့မျက်နှာမှာ အပြုံးတွေရှိခဲ့လို့လား… မပြောသာလို့ မပြောကြပေမယ့် စွတ်စိုနေတဲ့မျက်ဝန်းကိုကြည့်ရုံနဲ့ ရင်ထဲကအဓိပ္ပာယ်ကို နားလည်ခဲ့ကြတယ်… သူတို့မပြန်နိုင်တဲ့ အကြောင်းတရားတွေကို မပြောပြပေမယ့် အလိုလိုသိနိုင်တယ်… သူတို့်ကိုမပြန်ချင်တာရောဟုတ်လို့လား… ပြန်ခွင့်မရကြတာများလား… သို့ပေမယ့် သူတို့မှာအများကပေးတဲ့အားရှိတယ်… အားလုံးကိုပြန်ခုခံနိုင်တဲ့မာန်ရှိတယ်… ဒါတွေနဲ့တင်လုံလောက်ပါပြီ… သူတို့အတွက်စိတ်ချရပါပြီ… သို့ပေမယ့်မိုက်ရိုင်းရက်စက်သူမတူအောင် ယုတ်မာတဲ့လူတွေကြားမှာ ဖြူစင်တဲ့စိတ်ထား၊မှန်ကန်တဲ့သစ္စာက အနိုင်ရပါ့မလား… ရပါစေလို့ပဲမျှော်လင့်ရတာပါဘဲ… အခုတော့လည်းဆုတောင်းရုံ၊မျှော်လင့်ရုံကလွဲပြီး ဘာများလုပ်နိုင်ဦးမှာလဲ… မျှော်လင့်ချက်နဲ့အသက်ရှင်နေရပါလားကွယ်… နေတောင်ထွက်စပြုနေပြီဘဲ… အလင်းရောင်ကမပီပြင်ဝိုးတ၀ါး… နှင်းစက်လေးတွေက မသိမသာတဖွဲဖွဲ… မျက်လုံးအိမ်မှာ မျက်ရည်စတွေတွဲလွဲခိုလည်း… ကျလုမျက်ရည်ကိုဖယ်ထုတ်၊ ငါတို့နောက်နေ့အတွက် ရင်ဆိုင်ရပေဦးမည်… စိတ်ထဲကိုမာန်သွင်း၊ သစ္စာတရားကိုဦးခေါင်းထက်မှာပန်ဆင်၊တွဲလက်တွေမဖြုတ်ဘဲ လွတ်မြောက်မှုအတွက်ငါတို့ရုန်းကန်ကြရအောင်… သြော်လူ့ဘ၀ဆိုတာ ရုန်းကန်ရခြင်းတမျိုးပါလား…

ဆက်ဖတ်ရန်...

Monday, September 24, 2007

ရှေးဦးသူနာပြုစုနည်း

ကိုဇူလိုင်အိပ်မက်ဆီက ဆရာတော်တို့လမ်းလျှောက်ရင် ဖြစ်လာနိုင်တဲ့ဝေဒနာတွေကို ပြုစုနည်းကို ဒီမှာ ဖတ်နိုင်ပါတယ်ရှင်။

ဆက်ဖတ်ရန်...

တစ်နေ့တာအလွဲများ

တစ်နေ့တာအလွဲများလို့ ခေါင်းစဉ်တပ်ထားလို့ ထူးအိမ်သင်အကြောင်းလို့ ထင်နေကြပြီလားဟင်? အထင်မမှားပါနဲ့နော်… အဲဒါမေပျို့အကြောင်းပါ…

မနေ့ကတစ်နေ့လုံးကို အဆင်မပြေပါဘူး။ အဆင်မပြေတာကတော့ တနေ့ကညကတည်းကပါ။ ည၁၀နာရီလောက်မှာ သူငယ်ချင်းက မနက်ဖြန်ကျူရှင်တက်မှာလားလို့ ဖုန်းဆက်ပြီးမေးပါတယ်။ တက်ရင်လည်းသူ့အတွက် မိတ္တူကူးခဲ့ဖို့မှာလိုက်ပါတယ်။ ကျမတို့ကစနေ၊တနင်္ဂနွေဆို တစ်နေ့လုံးကျူရှင်တက်ရတာပါ။ ကျမလည်း မိုးရွာရင် မလာဘူး။ဒုတိယအချိန်မှလာမယ် လို့ပြောလိုက်တယ်။ သူနဲ့ဖုန်းပြောပြီးတော့ မိတ္တူကူးမယ်လည်းလုပ်ရော... အိမ်ကမိတ္တူစက်က ဘာဖြစ်သွားတယ်မသိဘူး။ ပါဝါကိုဖွင့်လို့မရတော့ပါဘူး။ အဲဒီ့မှာစလွဲတာပဲ။ နဂိုကတည်းက ကျူရှင်ကမတက်ချင်၊ မိုးအခြေအနေကိုကြည့်တော့လည်း ဆက်ပြီးရွာမယ့်ပုံပေါ်တော့ ဖေဖေ့ကိုလည်း မနက်ဖြန်လိုက်ပို့စရာမလိုဘူး လို့ပြောလိုက်တာပေါ့။ မနက်အိပ်ရာလည်းထရော မိုးကလုံးဝမရွာပဲကောင်းကင်ကြီးကကြည်လင်နေတာပဲ… မိုးရွာမယ့်ပုံလည်းမပေါ်ပါဘူး။ ဖေဖေ့ကိုလည်းလိုက်ပို့ဖို့ ပြောမထား၊ သူငယ်ချင်းကူးခိုင်းတဲ့ မိတ္တူကလည်းမကူးရသေးတော့ ကျူရှင်မတက်လိုက်ရဘဲ အိမ်မှာပဲနေလိုက်ရပါတယ်။ အဲဒါကမေပျိုရဲ့ပထမအလွဲပေါ့…class="MsoNormal"> ကျမတို့ဒုတိယကျူရှင်က ကျောက်မြောင်းမှာပါ။ ၁၂နာရီစမှာဆိုတော့ ၁၀နာရီလောက်ကတည်းက ပြင်ဆင်၊ဘလော့ဂ်အတွက်ပို့စ်တစ်ပုဒ်ရေး၊ တင်ဖို့အချိန်ကလည်း မမီတော့သိမ်းထားပြီး အိမ်ကထွက်ပါတယ်။ မနက်ကတော့နေသာတော့မလိုနဲ့ အခုကျတော့လည်း မိုးကပျင်းစရာကောင်းလောက်အောင် တဖြောက်ဖြောက်ရွာနေပါတယ်။ ကျမလည်းဘတ်စ်ကားစီးရမှာ ပျင်းတာနဲ့ တက္ကစီငှားလိုက်ပါတယ်။ တက္ကစီသမားကလည်း မတန်တဆဈေးတောင်းပြီး ကျမအတင်းစစ်တော့မှ ၁၅၀၀နဲ့ဈေးတည့်သွားပါတယ်။ (မြန်မာကျပ်ငွေကို ပြောတာနော်) ကျမလည်းဟိုငေးဒီငေးနဲ့ လိုက်သွားပါတယ်။

အဲ…ကျူရှင်နားလည်းရောက်ခါနီးရော ဖုန်းကတတီတီ မြည်လာပါတယ်။ ဘယ်သူလဲလို့ကြည့်လိုက်တော့ ဖုန်းမှာပေါ်နေတဲ့နာမည်က ကျမရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက်… ဖုန်းလည်းကိုင်လိုက်ရော ကျူရှင်ကမရှိဘူးတဲ့။ ဆရာမရေကြီးနေလို့မလာဘူးတဲ့… ကျူရှင်အိမ်ကအမကြီးပြောတာတဲ့… ကျမလည်းဝမ်းသာအားရနဲ့ တက္ကစီဦးလေးကြီးကို ပြန်လှည့်ခိုင်းတာပေါ့။ ကျမကဘလော့ဂ်မှာ ပို့စ်တင်ဖို့စိတ်စောနေတာကို…သူကလည်းခုနက ကျမဈေးအတင်းစစ်ထားတာကို သိပ်ကြည်ပုံမရပါဘူး။ ကျမကိုပိုက်ဆံပိုပေးရမယ်တဲ့။ ကျမကလည်းရတယ်ပေါ့။ ကျမတို့စူပါဝမ်းနားလောက်လည်းရောက်ရော… ကျမဖုန်းကထပ်မြည်ပါရော… ကျမလည်းဘယ်သူလဲဆိုပြီးကြည့်လိုက်ရော ခုနကဆက်တဲ့ ကျမသူငယ်ချင်းပဲဖြစ်နေပြန်ရော… ကိုင်ကိုင်ချင်းပဲသူက ကျူရှင်ကရှိတယ်တဲ့။ အဲဒီ့အမကြီးက ဆေးဝါးကျွမ်းကျင်ရဲ့ ကျူရှင်အချိန်နဲ့ မှားပြောတာတဲ့။ ဒါကတော့မေပျိုရဲ့ ဒုတိယအလွဲပေါ့လေ…

ဒါပေမယ့်ကျမကအခြားသူမှမဟုတ်တာ။ မေပျိုဘဲ။ဘယ်ရမလဲ။ တက္ကစီသမားကြီးကလည်း ထပ်ပြီးပြန်လှည့်ခိုင်းရင် ကျမကိုထရိုက်ဖို့ပဲရှိတော့တယ်။ ဒါနဲ့ကျမလည်းသူငယ်ချင်းကို "ငါ့ကိုကံတရားက ကျူရှင်မတက်စေချင်တာ ငါလည်းလုံးဝမတက်ဘူး" လို့ပြောပြီးအိမ်ကိုတန်းပြန်တာပေါ့။ အိမ်မှာပို့စ်အသစ်တင်ဖို့အတွက် ပုံတွေလည်းစုရဦးမယ်လေ။ ကျူရှင်မတက်ဘူးဆိုတော့ ကျမအတွက်အဆင်ပြေတာပေါ့။ ကျမကားပေါ်ကလည်းဆင်းရော ခုနကတဖြောက်ဖြောက်ရွာနေတဲ့မိုးက အသည်းအသန်ကိုရွာချပါလေရော… ကံဆိုးမသွားရာမိုးလိုက်လို့လာလို့ ပြောရမလားတောင်မသိပါဘူး။ ကျမလည်းကျူရှင်လည်း မတက်ရ၊ ကားခလည်းကုန်၊ မိုးရေကလည်းရွဲနဲ့ စိတ်ကိုညစ်သွားတာပဲ။

အဲဒါနဲ့ဖြစ်သမျှအကြောင်း အကောင်းလို့သတ်မှတ်ပြီး အိမ်ထဲကိုဝင်လာပါတယ်။ အ၀တ်အစားပြန်လဲပြီး ပို့စ်တင်မလို့ကွန်ပျူတာကို ဖွင့်ပါတယ်။ ကွန်ပျူတာကဖွင့်ဖွင့်ချင်း တော်တော်နဲ့တက်မလာ။ တက်လာပြန်တော့လည်း တော်တော်နဲ့ freedom ကဖွင့်မရ။ ကျမကလည်းစိတ်မရှည်တော့ ခဏခဏrefresh လုပ်။ အဲဒီ့မှာတင်အချိန်ကတော်တော်ကြာသွားတယ်။ အားလုံးလည်းရပြီး စရိုက်မလို့ပဲရှိသေးတာ။ ဘာမှမသိဘဲ ကွန်ပျူတာကကျသွားရော။ ကဲဒီလောက်ဆိုသိပါပြီ။ မေပျိုတို့လွဲပြန်ပြီပေါ့။

ပို့စ်ကတင်လို့မပြီးသေးတဲ့ အချိန်မှာပဲ နောက်ကျူရှင်တစ်ခုစမယ့်အချိန်ကနီးလာပြီ။ အဲဒါနဲ့ ရေးထားတာကို သိမ်းပြီးတော့ ကျူရှင်ကိုထွက်လာပါတယ်။ မနက်တက္ကစီခကလည်းတော်တော်ပေးလိုက်ရတော့ ဒီတစ်ခေါက်တက္ကစီနဲ့ သွားလို့မဖြစ်တော့ပါဘူး။(ဘားဂျက်ထိခိုက်သွားမှာစိုးလို့...:-P) ဘတ်စ်ကားကလည်း အကြာကြီးစောင့်ရပါသေးတယ်။ တစ်စီးလာလိုက်၊ကျမစီးရမယ့်ကားမဟုတ်လိုက်။ ကျမစီးရမယ့်ကားကျပြန်တော့လည်း မှတ်တိုင်မှာလုံးဝမရပ်။ ကျမလည်းစောင့်ရင်းစောင့်ရင်းနဲ့ မလာတဲ့အဆုံး ကျူရှင်မတက်တော့ဘူး။ အိမ်ပဲပြန်တော့မယ်ဆိုပြီး ပြန်လာပါတော့တယ်။ ဒါတောင်မှတော်သေးတယ်။ လမ်းမှာခလုတ်တိုင်ပြီး မှောက်လျက်လဲမလို့။ သြော်…ဒီနေ့တော့ မေပျိုတို့အတွက် ကံမကောင်းပါလားနော်….


ဆက်ဖတ်ရန်...

Sunday, September 23, 2007

ကျမနှင့်မျက်နှာဖုံးများ

ကျမတို့အပြင်လောကမှာ လူပေါင်းများစွာနဲ့ တွေ့ကြုံရပါတယ်။ ကျမတို့တွေ့ကြုံရတဲ့ လူတွေရဲ့စိတ်ထားက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ အဲဒီ့လိုမတူတဲံ့လူတွေရဲ့အတွင်းစိတ်နဲ့ ပြင်ပအပြုအမူတွေ ကွာခြားပုံကို ရေးသားထားတာပါ။ ဖတ်ကြည့်ပေးပါဦးနော်။

ကျမတို့ငယ်ငယ်တုန်းကဆို ဘုရားပွဲတွေကို မြန်မာနိုင်ငံကမြို့တော်တော်များများမှာ စည်ကားစွာ ကျင်းပလေ့ရှိကြပါတယ်။ ကျမတို့နားက ကျိုက္ကဆံဘုရားဆို တော်တော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြပါတယ်။ ဇာတ်ပွဲတွေ၊မျက်လှည့်ပြပွဲတွေ၊ အရုပ်ဆိုင်တွေအမျိုးမျိုးနဲ့ ကျမတို့အကြိုက်ပေါ့။ ဘုရားပွဲသွားပြီဆိုရင် ကျမကမေမေ့ကို တစ်ခုမဟုတ်တစ်ခု ၀ယ်ခိုင်းရမှကျေနပ်သူပါ။ (ဖေဖေ့ကိုတော့ ကြောက်လို့မ၀ယ်ခိုင်းရဲပါဘူး။)

တစ်နှစ်မှာတော့ ကျိုက္ကဆံဘုရားပွဲမှာ ဦးလေးကြီးတစ်ယောက် မျက်နှာဖုံးရောင်းနေတာကို တွေ့ရပါတယ်။ အရင်တုန်းကဒီလိုမျိုး မျက်နှာဖုံးရောင်းတာတွေ မရှိပါဘူး။ ဆိုင်ရှေ့မှာလည်း သရဲပုံမျက်နှာဖုံးများ၊ အကောင်ပုံမျက်နှာဖုံးများ၊ မျောက်ပုံများ စတဲ့ကျမ၊မသိတဲ့အရုပ်မျက်နှာဖုံးများစွာကို ချိတ်ဆွဲထားပါတယ်။ ငယ်ကလည်းငယ်သေး၊ အထူးအဆန်းလည်းဖြစ်ဆိုတော့ မေမေ့ကိုမရမက ပူဆာပါတော့တယ်။ မေမေလည်းပထမတော့ မ၀ယ်ပေးချင်ပါဘူး။ နောက်တော့လည်း ကျမအရမ်းလိုချင်နေတာ သိသွားပုံရတယ်။ ကျမကိုကြိုက်တာတစ်ခုယူလို့ ပြောပါတယ်။ ကျမလည်းအရမ်းပျော်သွားပြီး ဘာရွေးလို့ရွေးရမှန်းတောင် မသိပါဘူး။ နောက်တော့မှ သူများကိုစချင်တာနဲ့ အရမ်းကြောက်စရာကောင်းတဲ့ မျက်နှာဖုံးတစ်ခုကို ရွေးလိုက်ပါတယ်။ ကျမကသူများကို ခြောက်ရတာတော်တော်ဝါသနာပါပါတယ်။ အဲဒီ့မျက်နှာဖုံးရပြီးတဲ့နောက် ဘယ်ပြောကောင်းမလဲ။ တွေ့သမျှလူတွေကို လိုက်ခြောက်ပါတော့တယ်။ ကြောက်လေ၊ကျမက ပိုခြောက်လေပါဘဲ။ သူများတွေကြောက်သွားရင် ကျမအရမ်းပျော်ပါတယ်။ အဲဒီ့လောက်အထိ ကျမကအကျင့်မကောင်းတာပါ။ ဒီတော့မျက်နှာဖုံးတွေက ကျမအတွက် ပျော်ရွှင်စရာတွေပေးတယ်လို့ ကလေးအတွေးနဲ့ ထင်ခဲ့မိပါတယ်။

ဒီလိုနဲ့ကျမလည်း အသက်တဖြည်းဖြည်းကြီးလာပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ လူပေါင်းစုံနဲ့တွေ့ကြုံဆက်ဆံလာရပါတယ်။ အဲဒီ့တော့မှ ကျမအတွေးတွေက မှားယွင်းတယ်ဆိုတာ သိလာရပါတယ်။ လူ၊လူချင်းဆက်ဆံရတဲ့ လောကကြီးမှာ မျက်နှာဖုံးစွပ်ထားတဲ့လူတွေကိုလည်း တွေ့မြင်လာရပါတယ်။ အခုခေတ်မှာ လူတော်တော်များများက ကိုယ့်ရဲ့မူလစိတ်ထားကို မဖော်ထုတ်ပဲ မျက်နှာဖုံးတွေနဲ့ ကာထားကြပါတယ်။ စိတ်ထဲမှာရှိတဲ့ အကျည်းတန်လှတဲ့လောဘကို အင်မတန်မှလှတဲ့ အပြုံးချိုချိုလေးတွေနဲ့ သကာရည်လောင်းထားလေ့ရှိပါတယ်။ စိတ်ထဲမှာရှိတဲ့မနာလိုစိတ်ကို နားဝင်ချိုတဲ့စကားသံတွေနဲ့ ဖုံးအုပ်ထားတတ်ပါတယ်။ အဲဒီ့မျက်နှာဖုံးတွေနဲ့ပဲ အချင်းချင်းမကောင်းကြံလာကြပါတယ်။ အပြင်ကသူငယ်ချင်းဆိုတဲ့ လှပတဲ့မျက်နှာဖုံးအောက်မှာ မနာလိုမှုဆိုတဲ့ ရုပ်ဆိုးတဲ့ မျက်နှာကြီးရှိနေတတ်ပြန်တယ်။ ကိုယ်မှားတဲ့အချိန်မှာ နောက်ကျောကို ဓားနဲ့ထိုးဖို့ စောင့်နေတော့တာပေါ့။အဲဒီ့လိုလူတွေကို တွေ့ရတဲ့အခါ ကျမစိတ်ပျက်လာမိပါတယ်။ ဒါပေမယ့် ကျမမှာသူတို့မျက်နှာဖုံးတွေကို ချွတ်ချဖို့အခွင့်အရေးမရှိပါဘူး။ သူတို့ကိုယ်တိုင်ချွတ်ချချင်စိတ်ရှိမှသာ၊ သူတို့ရဲ့စိတ်ကိုပြုပြင်ချင်စိတ်ရှိမှသာ ဒီမျက်နှာဖုံးတွေကိုချွတ်ချနိုင်မှာပါ။ မျက်နှာဖုံးစွပ်ထားတဲ့လူတွေက ဒီခေတ်မှာတစတစများပြားလာကြပါပြီ။ စီးပွားရေး၊လူမှုရေးစတဲ့နယ်ပယ်အသီးသီးမှာပေါ့။ ကျမတို့ပညာရေးနယ်ပယ်မှာတောင် တခါတလေကြုံတွေ့နေရပါပြီ။

မျက်နှာဖုံးစွပ်တဲ့လူတွေမှာ နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးကတော့ ကိုယ်ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ကို စွပ်ကြတာပါ။ အဲဒီ့လိုလူတွေကတော့ အများအားဖြင့် လောဘသားကောင်တွေပေါ့။ မိမိကောင်းစားရေး တစ်ခုတည်းကိုသာ ရှေးရှုတဲ့လူတွေဖြစ်ပါတယ်။ ဒီလိုလူတွေက မိမိရဲ့အကျိုးအမြတ်အတွက် သူတပါးကိုအကောက်ကြံဖို့ ၀န်မလေးတတ်ကြပါဘူး။ နောင်ဘ၀ဆိုတာကို မကြောက်တတ်ကြသူတွေပေါ့။ ဒီလိုလူမျိုးတွေကို လူလို့တောင်ခေါ်ဖို့မသင့်ပါဘူး။နောက်တစ်မျိုးကတော့ အသိပညာ၊အတတ်ပညာမရှိလို့ သူများထိန်းချုပ်တာခံရသူတွေပါ။ ဖြူစင်တဲ့စိတ်ထားလေးတွေကို စည်းစိမ်ဥစ္စာဆိုတဲ့ မက်မောဖို့ကောင်းတဲ့ ဆွဲဆောင်မှုကြီးနဲ့ ညစ်နွမ်းတဲ့စိတ်ဓာတ်ဖြစ်အောင် ပြောင်းပေးတတ်ကြပါတယ်။ အတန်းပညာမရှိတဲ့အပြင် အသိပညာလည်းမရှိတဲ့လူတွေဆိုတော့ ချင့်ချိန်နိုင်စွမ်းလည်းမရှိပါဘူး။ ထိုအခါ သူများခြယ်လှယ်တာခံရပြီး ရလာတဲ့စည်းစိမ်တွေကို မက်မောကာ သူတို့ကိုယ်တိုင်မသိလိုက်ပါဘဲ မျက်နှာဖုံးနဲ့လူများဖြစ်လာကြပါတယ်။ ကိုယ်ချင်းစာစိတ်မထားဘဲ လူလူချင်းဒုက္ခပေးတော့တာပေါ့။

အရုပ်မျက်နှာဖုံးလေးတွေက ကျမကိုပျော်ရွှင်မှုတွေ ယူဆောင်ပေးခဲ့ပေမယ့် မျက်နှာဖုံးစွပ်ထားတဲ့လူတွေကတော့ ကျမကိုစိတ်ဓါတ်ကျမှုများ၊ မချိတင်ကဲဝမ်းနည်းမှုများကိုသာပေးတယ်ဆိုတာ အချိန်ကြာလာတာနဲ့အမျှ သိလာရပါတယ်။ ဒီလိုနဲ့ပဲ ငယ်ငယ်ကမျက်နှာဖုံးတွေကို ချစ်ခဲ့တဲ့ကျမ အခုတော့ မျက်နှာဖုံးတွေကို ကြောက်လည်းကြောက်၊ရွံလည်းရွံလာပါတယ်။ အပြင်ကလှပတဲ့အရေပြားအစား ရုပ်ရည်မလှပပေမယ့် မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်တွေကိုပဲ ပိုလေးစားမြတ်နိုးမိပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ မိတ်ဆွေထက် ကိုယ်နဲ့တရားမျှတစွာ ယှဉ်ပြိုင်မယ့်ရန်သူကိုပဲပိုလိုချင်မိပါတယ်။ ကျမတို့လည်း ဘယ်လိုမျက်နှာဖုံးမျိုးကိုမှ မစွပ်ဘဲကိုယ့်ရဲ့စစ်မှန်တဲ့စိတ်ထားလေးတွေနဲ့ပဲ လူတွေကိုပေါင်းသင်းဆက်ဆံကြရအောင်နော်…

ဆက်ဖတ်ရန်...

Saturday, September 22, 2007

မျှော်လင့်ချက်ဆိုတာ....

ကျမက မျှော်လင့်ချက်တွေကို နှစ်သက်သူလို့ ပြောခဲ့ဖူးတယ်နော်။ အခုလည်း ကျမနှစ်သက်ရတဲ့ မျှော်လင့်ချက်လေးအကြောင်းကို ပို့စ်တင်ဖြစ်တာပါ။ ဖတ်ကြည့်ပေးပါဦးနော်…


အသက်ရှင်ခြင်းရဲ့အဓိပ္ပာယ်ကိုကျမ မကြာခဏစဉ်းစားကြည့်ဖူးပါတယ်။ "ငါဘာအတွက်များ အသက်ရှင်နေရတာလဲ" လို့ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ဖူးပါတယ်။ အချိန်အခါနဲ့အခြေအနေအရ ကျမရဲ့အဖြေတွေက အမျိုးမျိုးပြောင်းလဲခဲ့ပါတယ်။ စာမေးပွဲဖြေဖို့ ကြိုးပမ်းနေရတဲ့အချိန်မှာတော့ ကျမရဲ့အဖြေက အောင်မြင်ဖို့အတွက်၊ ဖေဖေတို့၊မေမေတို့ကို အရမ်းလိုအပ်နေတဲ့အချိန်မှာတော့ မိသားစုအတွက်၊ ကျမတို့နိုင်ငံရဲ့ မမျှတတဲ့အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရတဲ့အချိန်မှာတော့ နိုင်ငံအတွက် စသည်ဖြင့်အမျိုးမျိုး ပြောင်းလဲနေခဲ့ပါတယ်။ ကျမနည်းတူပဲ အခြားအခြားသောလူများကို မေးကြည့်မယ်ဆိုရင် ဒီလိုအဖြေတွေပဲ ထွက်လာမှာပါ။ ဒီအဖြေအားလုံးကို ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ ကျမတို့အသက်ရှင်နေတာဟာ မျှော်လင့်ချက်ကြောင့်ပါပဲ….

အသက်ရှင်ခြင်းဟာ အောင်မြင်ဖို့အတွက်လို့ ထင်နေတဲ့လူတစ်ယောက်နေရာက စဉ်းစားကြည့်ရအောင်နော်။ သူဘာလို့များ အောင်မြင်ချင်ပါသလဲ? အဖြေကရှင်းပါတယ်။ လူတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားချင်လို့၊ လူတွေရဲ့အရေးပေးမှုကိုခံချင်လို့ စတဲ့အချက်တွေကြောင့်ပါဘဲ။ တနည်းအားဖြင့် မျှော်လင့်ချက်ကြောင့်ဆိုရင် မှားမယ်မထင်ပါဘူးနော်။ ဒီလိုပါဘဲ…အသက်ရှင်ခြင်းဟာ မိသားစုအတွက်လို့ထင်တဲ့လူကလည်း မိသားစုအားလုံးပျော်ရွှင်စေချင်တဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ်။ နိုင်ငံအတွက်လို့ ထင်တဲ့လူတွေကလည်း မိမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ်…

ဟိုးအဝေးကြီးကို မစဉ်းစားပါနဲ့ဦး။ ကျမတို့နေ့စဉ်လှုပ်ရှားနေတဲ့ တစ်နေ့တာကိုပဲကြည့်ရအောင်နော်။ ကျမတို့အိပ်ရာထပြီဆိုပါစို့။ ကျမအနေနဲ့ပဲပြောကြည့်မယ်နော်။ ကျမကျောင်းသွားဖို့ ပြင်ဆင်တယ်ပေါ့။ ပြင်ဆင်နေရင်းနဲ့ကို ကျောင်းရောက်ရင်ဟိုဟာလုပ်မယ်။ ဒီဟာလုပ်မယ်နဲ့ စဉ်းစားနေတယ်လေ။ ဒါမျှော်လင့်ချက်ပဲပေါ့။ ကျမဆိုရင် မနက်စာသင်ခန်းထဲမှာ ဆရာမ၀င်လာပြီဆိုတာနဲ့ နေ့လည်၁၂နာရီ (ထမင်းစားချိန်) မရောက်မချင်းနာရီတကြည့်ကြည့်နဲ့။ စာသင်နေရင်းနဲ့လည်း "ငါကန်တင်းရောက်ရင်ဆိုပြီး.." မျှော်လင့်ချက်တွေနဲ့ပေါ့။ အဲမုန့်စားဆင်းချိန်ပြန်တက်ပြီး လက်တွေ့ဝင်ရတော့လည်း ဆရာကဘယ်အချိန်များ roll callခေါ်ပြီး ပြန်လွှတ်မလဲလို့ မျှော်တလင့်လင့်နဲ့ပေါ့။ လက်တွေ့ပြီးလို့ မျှော်လင့်စရာပြီးပြီလို့ မထင်နဲ့ဦး။ ကျောင်းကားကိုမျှော်ရပြန်ရော။ ကျောင်းကားပေါ်ရောက်တော့လည်း ဒီနေ့ဘာရုပ်ရှင်လာမလဲ။ ရုပ်ရှင်ကဘာဆက်ဖြစ်မလဲနဲ့ စသည်ဖြင့် မျှော်လင့်ကြရပြန်တယ်။ အဲဒီလိုမျှော်လင့်ရင်း၊မျှော်လင့်ရင်းနဲ့ ကိုယ်တနေ့တနေ့ အသက်တွေကြီးလာတာ၊ သေဖို့နီးလာတာကို အားလုံးကမေ့ထားကြပါတယ်...

အနာဂတ်ကိုကြည့်လိုက်တော့လည်း "ငါဘွဲ့ရရင်၊ ငါချမ်းသာလာရင်…" နဲ့ မျှော်လင့်ချက်တွေ တပုံတပင်ကြီးပါဘဲ။ "ငါသေရင်…"လို့တွေးမိတဲ့လူ တော်တော်ရှားပါတယ်။ မရှိဘူးလို့ပြောတာမဟုတ်ဘူးနော်။ တွေးတဲ့လူထက်စာရင် မတွေးတဲ့လူကများတယ်လို့ပြောတာ။ ကျမကိုယ်တိုင်လည်း တွေးကြည့်ဖူးပါတယ်။ အဲဒီ့လိုလည်းတွေးပြီးရော လူကခြေကုန်လက်ပန်းကျပြီး ဘာဆိုဘာမှမလုပ်ချင်တော့ပါဘူး။ ကျမကအဲဒီ့လောက်အထိ တရားမရှိတာပါ…

မျှော်လင့်ချက်တွေများ မရှိတော့ရင်၊ဘာများဖြစ်နိုင်ပါသလဲ။ ကျမတို့သေသွားပါလိမ့်မယ်။ လူမသေရင်တောင် ဘ၀သေသွားပါလိမ့်မယ်။ ဟုတ်တယ်လေ။မျှော်လင့်ချက်ဆိုတာ ဖြစ်ချင်တဲ့ဆန္ဒပဲ မဟုတ်လား။ ဖြစ်ချင်တာမရှိမှတော့ ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးလေ။ ဒီတော့ဘ၀သေပြီပေါ့။ အရာအားလုံး ဆုံးရှုံးသွားတဲ့လူတွေမှာ ဒီလိုခံစားချက်မျိုးကို တွေ့ရတတ်ပါတယ်။ ဘေးကနေသေချာအားပေးမယ့်လူရှိပြီး ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဓါတ်ခိုင်မာနေမယ်ဆိုရင် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာမှာပါ…

မျှော်လင့်တိုင်းဖြစ်ဖို့ဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့အလိုအလျှောက်ပြည့်သွားတဲ့ မျှော်လင့်ချက်များရှိသလို၊ ကိုယ်ကိုယ်တိုင်ကြိုးစားမှ၊ ကံတရားရဲ့ဆောင်မမှုပါမှ ဖြစ်နိုင်တာတွေလည်း ရှိပါတယ်။ ဥပမာ- ကျမတို့က ဇာတ်လမ်းတွဲတစ်ခုကို ကြည့်တဲ့အခါ ဇာတ်လမ်းကကောင်းခန်းမှာ ရပ်သွားတယ်ဆိုရင် ကျမတို့နောက်နေ့လာမယ့်အချိန်ကို မျှော်လင့်ကြပါတယ်။ ဒါကကျမတို့ကြိုးစားစရာမှ မလိုတာ။ ကံကောင်းစရာလည်းမလိုပါဘူး။ အချိန်တန်ရင် သူ့ဘာသာသူ့ရောက်လာတာပဲ မဟုတ်လား…

စာမေးပွဲအောင်ဖို့ကျတော့ ဒီအတိုင်းထိုင်မျှော်လင့်နေရုံနဲ့ မအောင်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားမှသာ အောင်မြင်နိုင်မှာပါ။ အဲဒါထက်ပိုဆိုးတာက ဂုဏ်ထူးရဖို့ပါ။ ဂုဏ်ထူးရဖို့ဆိုရင် ကြိုးစားနေရုံနဲ့လည်း မပြီးပါဘူး။ ကံတရားရဲ့ဆောင်မမှုလည်း လိုပါသေးတယ်။ ကျမတို့ကျောင်းမှာဆိုရင် ဂုဏ်ထူးဝင်ပြီဆိုတာနဲ့ ဆရာမတွေဆီမှာ နှုတ်ဖြေ ဖြေရပါတယ်။ သူတို့ကသဘောကျရင်တော့ ဂုဏ်ထူးရတာပေါ့။ ကိုယ်ဘယ်လောက်ပဲတော်နေပါစေ။ သူတို့မေးတဲ့မေးခွန်းအများစုကို အချိန်တိုအတွင်းမဖြေနိုင်ရင် ဘယ်လိုမှဂုဏ်ထူးမရပါဘူး။ အဲဒီ့အချိန်မှာ ကံတရားကကိုယ့်ဘက်မှာ ရှိနေရင်တော့ အိမ်မှာစိတ်ကြည်လာတဲ့ ဆရာမနဲ့တွေ့၊ သူကလွယ်လွယ်လေးမေး၊ ကိုယ်ကအေးအေးဆေးဆေးဖြေနဲ့ ဂုဏ်ထူးရသွားပါလေရော…

ကံတရားကိုပဲလုံးဝ ပုံအပ်ရတဲ့မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ လူနာတစ်ယောက်ဆိုပါစို့။ သူ့ရဲ့ရောဂါပြန်ကောင်းဖို့က ရာခိုင်နှုန်း၅၀:၅၀ ရှိတယ်ဆိုရင် ကျမတို့ဘာလုပ်နိုင်မလဲ??? တ၀က်ပဲရှိတဲ့မျှော်လင့်ချက်ရောင်ခြည်လေးနဲ့ ကံတရားကိုသာ ပုံအပ်ရင်းထိုင်စောင့်ကြရတော့မှာပါ။ ဒီလိုကိုယ်ကြိုးစားလို့ မရတဲ့မျှော်လင့်ချက်တွေကိုတွေ့ရင် စိတ်ပျက်အားငယ်မိပါတယ်။ ဒါပေမယ့် ကျမတို့ဘာတတ်နိုင်မှာလဲလေ…

မျှော်လင့်ချက်တွေက ဖြစ်လာမယ်၊မဖြစ်လာဘူး မသေချာဦးတော့ မျှော်လင့်ရမှာက ကျမတို့ဝတ္တရားပဲ မဟုတ်လား…ဒီတော့ကျမတို့လည်း ဘယ်လောက်သေးမျှင်တဲ့ မျှော်လင့်ချက်လေးရှိပါစေ။ မလျှော့သောဇွဲလုံ့လနဲ့ ကိုယ်တတ်နိုင်သလောက် ကြိုးစားကြည့်ရအောင်နော်….

ဆက်ဖတ်ရန်...

Friday, September 21, 2007

ကျမနှင့်စကားမပြောတတ်သောသူငယ်ချင်းများ

ကျမမှာသူငယ်ချင်းတွေ အများကြီးရှိပါတယ်။ ဒီပို့စ်ကတော့ ကျမရဲ့စကားမပြောတတ်တဲ့ သူငယ်ချင်းများအကြောင်းပါ။ ဖတ်ကြည့်ပေးပါဦးနော်.


ကျမမွေးလာကတည်းက အသက်၅နှစ်လောက်အထိ တစ်ဦးတည်းသောသမီးဘ၀နဲ့ နေခဲ့ရတာပါ။ ကျမ၅နှစ်အရွယ် မူလတန်းတက်တဲ့အချိန်ကျမှ မေမေကကျမအတွက် မောင်လေးတစ်ယောက် မွေးပေးခဲ့တယ်လေ။ အဲဒီ့တော့ ကျောင်းမတက်ခင် အိမ်မှာနေတဲ့အရွယ်တလျှောက်လုံး ကျမမှာသူငယ်ချင်းဆိုပြီး မယ်မယ်ရရမရှိပါဘူး။ အရုပ်လေးတွေကသာ ကျမရဲ့သူငယ်ချင်းဖြစ်နေခဲ့ပါတယ်။ ကျမကငယ်ငယ်ကတည်းက အစွဲအလန်းလည်းကြီးပါတယ်။ ကျမ၂နှစ်လောက်တုန်းက မေမေကျမအတွက် အရုပ်လေးတစ်ရုပ်ဝယ်ပေးခဲ့ပါတယ်။ နေ့နေ့ညညအဲဒီ့အရုပ်ကလေးနဲ့ပဲ ကျမဆော့ခဲ့တာပါ။ အခြားတန်ဖိုးကြီးတဲ့အရုပ် ၀ယ်ပေးမယ်ဆိုရင်တောင် မရပါဘူး။ ဒီအရုပ်ကလေးကသာ ကျမရဲ့သူငယ်ချင်း၊ ကျမရဲ့မောင်နှမ ဖြစ်နေခဲ့ပါတယ်။ ကျမကိုမေမေဆူတဲ့အခါ၊ ရိုက်တဲ့အခါတွေမှာ အရုပ်ကလေးက ကျမရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ရင်ဖွင့်ဖော်ရင်ဖွင့်ဖက် ဖြစ်လာပါတယ်။ ကျမပြောသမျှကို အကုန်ထောက်ခံပြီး ကျမဘက်မှာပဲ အမြဲရပ်တည်ပေးခဲ့တဲ့အတွက် ကျမရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်နေခဲ့တာပေါ့...


ကျမမူလတန်းစတက်တော့ ကျမမှာသူငယ်ချင်းတွေ အများကြီးရလာပါတယ်။ ဒါပေမယ့်အရုပ်လေးနဲ့ ကျမရဲ့ခင်မင်မှုကတော့ မပျက်ခဲ့ပါဘူး။ ကျမမှာနောက်ထပ် စကားမပြောတတ်တဲ့ သူငယ်ချင်းတွေလည်း တိုးလာခဲ့ပါတယ်။ သူတို့ကတော့ ပုံပြင်စာအုပ်လေးတွေပဲ ဖြစ်ပါတယ်။ ကျမကကျောင်းစမတက်ခင်ကတည်းက မေမေရဲ့ကျေးဇူးကြောင့် စာဖတ်တတ်ခဲ့ပါတယ်။ ဒီတော့ပုံပြင်စာအုပ်လေးတွေနဲ့ကျမက ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းတွေဖြစ်လာတာပေါ့။ မဆိုသလောက်လေး အသက်ကြီးလာတဲ့အတွက် အရုပ်မလေးနဲ့တုန်းကလို ကိုယ်ကချည်းစကားမပြောဖြစ်တော့ပါဘူး။ ပုံပြင်စာအုပ်လေးတွေ ပြောပြတဲ့ပုံပြင်လေးတွေကို နားထောင်တတ်လာပါတယ်။ သူတို့နဲ့သူငယ်ချင်းလုပ်ရတဲ့အတွက် အသိပညာတွေလည်း တိုးတက်လာခဲ့ပါတယ်။ ပုံပြင်ထဲကသဘောကောင်းတဲ့မင်းသမီးလေးတွေကို အားကျတတ်လာသလို၊ သူရဲကောင်းတွေကိုလည်း သဘောကျလာပါတယ်။ ဒါပေမယ့်ကျမမောင်လေးနဲ့ ရန်ဖြစ်တဲ့အချိန်မှာတော့ အရုပ်မလေးနဲ့တိုင်ပင်တုန်းပါဘဲ

ကျမအလယ်တန်းကျောင်းသူဖြစ်လာတော့ မေမေကနောက်ထပ် သူငယ်ချင်းတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ကျမကိုစာကျက်ဖို့ သတိပေးမယ့် နှိုးစက်နာရီလေးပါဘဲ။ ကျမမနက်စောစောနိုးဖို့လိုအပ်တဲ့အခါ ကျမသူငယ်ချင်းနှိုးစက်လေးကို ပြောပြထားရပါတယ်။ ကျမထရမယ့်အချိန်ရောက်ရင် သာယာတဲ့အသံလေးနဲ့သူက နှိုးပေးလေ့ရှိပါတယ်။ ကျမ မထမချင်းသူကနှိုးနေတော့တာပါပဲ။ ကျမကသူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ သူဗိုက်ဆာတိုင်းဓါတ်ခဲလေးတွေကို ထည့်ပေးရတာပေါ့။ သူ့ရဲ့ကူညီမှုနဲ့ပဲ ကျမအတန်းထဲမှာ အဆင့်မြင့်မြင့်နေရာကို ရပ်တည်နေနိုင်ခဲ့ပါတယ်။ကျေးဇူးကမ္ဘာပါနာရီလေးရယ်…

ဒီလိုနဲ့ပဲကျမလည်းအသက်တွေ တဖြည်းဖြည်းကြီးလာပြီး အထက်တန်းကျောင်းသူဖြစ်လာပါတယ်။ စာတွေကျက်ရတာ အရင်ကထက်များလာတော့ ကျမသူငယ်ချင်းလေးတွေနဲ့ တွေ့ဆုံချိန်ဟာနည်းလာပါတယ်။ ကျမစာကျက်ရင်း ပင်ပန်းလာတဲ့အခါမှာတော့ ကျမရဲ့သူငယ်ချင်းတွေနဲ့ အဖော်ပြုပေးလေ့ရှိပါတယ်။ အရင့်အရင်နှစ်တွေကလိုပဲ နှိုးစက်လေးကကျမကိုနှိုးပေးလိုက်၊ ပုံပြင်လေးတွေက လိမ္မာအောင်သွန်သင်လိုက်၊ အရုပ်မလေးက စိတ်ညစ်သမျှကို နားထောင်ပေးလိုက်နဲ့ပေါ့။ အကြောင်းတိုက်ဆိုင်စွာ နောက်ထပ်သူငယ်ချင်း ရောက်လာခဲ့ပါတယ်။ ကျမခံစားချက်မှန်သမျှကို သူ့ကိုယ်မှာရေးချလို့ရတဲ့ ဒိုင်ယာရီစာအုပ်လေးပါဘဲ။ ကျမရဲ့အမှတ်တရတွေကို ရေးလို့ရအောင် ကျမရဲ့အဘိုးက၀ယ်ပေးခဲ့တာပါ။ သော့ကလေးနဲ့ ဒိုင်ယာရီစာအုပ်လေးကို ကျမပျော်ရွှင်စွာပဲ သူငယ်ချင်းတော်လိုက်ပါတယ်။ သူ့ရဲ့စာမျက်နှာတိုင်းမှာ ကျမရဲ့အောင်မြင်မှုများ၊ ၀မ်းနည်းမှုများ၊ ပျော်ရွှင်မှုများ၊ စိတ်အလိုမကျမှုများကို ရေးမှတ်လေ့ရှိပါတယ်။ သူကတော့ သော့ကလေးဖွင့်လိုက်တိုင်း အပြုံးနဲ့ကျမကို ကြိုဆိုဆဲပါဘဲ။ ဒီလိုနဲ့ကျမဆယ်တန်းဖြေမယ့်အချိန်ကို ရောက်လာပါတယ်။ စာချည်းပဲကျက်နေရတော့ သူငယ်ချင်းတွေနဲ့လည်း ဝေးနေခဲ့တာပေါ့။ မေမေနဲ့ဖေဖေရဲ့အားပေးမှု၊ ဆရာဆရာမတွေရဲ့သင်ကြားမှုနဲ့ ကျမဆယ်တန်းကို အောင်မြင်ခဲ့ပါတယ်...

ဆယ်တန်းအောင်ပြီးတော့ ကျမချစ်တဲ့ပုံပြင်စာအုပ်လေးတွေက သူတို့ထက်ဥာဏ်ပညာကြီးမားတဲ့ စာပေတွေကိုဖတ်ဖို့ လမ်းညွှန်ပေးခဲ့ပါတယ်။ မှီဝဲစရာ၊ဆည်းပူးစရာ မကုန်နိုင်တဲ့တက္ကသိုလ်ကြီးမှာလည်း ကျမချစ်ရတဲ့သူငယ်ချင်းလေးတွေ ရခဲ့ပြန်ပါတယ်။ သူတို့တွေကတော့ လက်တွေ့လုပ်တိုင်းဝတ်ရတဲ့ဂျူတီကုတ်၊ လက်ချာလိုက်တိုင်းမှတ်ရတဲ့ ရောင်စုံဘောပင်လေးတွေနဲ့ ကျမချစ်တဲ့ တယ်လီဖုန်းလေးပဲဖြစ်ပါတယ်။ လက်တွေ့လုပ်ရတဲ့အခါတိုင်း ကျမကိုအစွန်းအထင်းတွေ၊ အပူလောင်မှုများမှ ဂျူတီကုတ်လေးများက ကာကွယ်ပေးပါတယ်။ ကျမရဲ့ ရဲစွမ်းထက်တဲ့သူငယ်ချင်းလေးပေါ့လေ။ နောင်နှစ်တွေကျရင်တော့ သူကိုဝတ်တိုင်းကျမဂုဏ်တက်ရမှာပေါ့။ရောင်စုံဘောပင်လေးတွေကလည်း ကျမစာကျက်တိုင်း အရေးကြီးတာတွေ မကျန်ခဲ့စေရအောင် သတိပေးလေ့ရှိပါတယ်။ စာကျက်ရင်းသူတို့ကိုမြင်ရတိုင်း ကျမစိတ်တွေကြည်လင်နေခဲ့ပါတယ်။ ကျမရဲ့တယ်လီဖုန်းလေးကလည်း မေမေတို့ကျမကို စိတ်မပူရအောင် ဆက်သွယ်နိုင်မယ့် သူငယ်ချင်းလေးအဖြစ်နဲ့ တည်ရှိနေခဲ့ပါတယ်...

အခုကျမဒုတိယနှစ်ကို ရောက်ပါပြီ။ကျမမှာ ချစ်စရာစကားမပြောတတ်တဲ့ သူငယ်ချင်းလေးတွေလည်း တော်တော်ကိုများနေပါပြီ။ ကျမရဲ့သူငယ်ချင်းလေးတွေကတော့ ကျမကိုတစ်နည်းမဟုတ်တစ်နည်း အကူအညီပေးနေဆဲပါဘဲ။ နောက်ထပ်နောက်ထပ် ဘယ်လိုချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေ ကျမဆီကို ရောက်လာမလဲဆိုတာကို မျှော်လင့်ရင်း……

ဆက်ဖတ်ရန်...

Thursday, September 20, 2007

ကျမဘ၀၏ အလင်းရောင်(သို့မဟုတ်) မေမေ


မင်္ဂလာပါရှင်။ ဒီပို့စ်က ကျမ ဘလော့ဂ်ရဲ့ ပထမဦးဆုံးပို့စ်ပါ။ ကျမရဲ့ မေမေကို ကျေးဇူး ဆပ်တဲ့အနေနဲ့ ဒီပို့စ်လေးကို ပထမဆုံးစပြီး တင်ဖြစ်တာပါ။ အခုမှစရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ပါနော်...

ကျမရဲ့ဘ၀တလျှောက်လုံးမှာ ကံအကောင်းဆုံးအရာကို ပြပါဆိုရင်မေမေ့ကိုကျမရဲ့မိခင်အဖြစ် ပို့ဆောင်ပေးခဲ့တဲ့ကံကြမ္မာလို့ ပြောရပါမယ်။ မေမေကကျမအတွက် အလိုအပ်ဆုံးပါဘဲ။ ကျမပိုင်ဆိုင်သမျှအရာအားလုံးနဲ့ (ကျမရဲ့အသက်အပါအ၀င်) လဲခိုင်းမယ်ဆိုရင်တောင် ကျမလဲရဲပါတယ်။ မေမေကကျမအတွက်တော့ ဘ၀တစ်ခုလုံးကိုလင်းစေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အလင်းရောင်ပဲဖြစ်ပါတယ်။

ကျမရဲ့မေမေနာမည်က ဒေါ်အေးအေးသွယ်ပါ။ကျမမေမေကို မိုးရာသီအစမေလ၂၄ရက်မှာ မွေးဖွားခဲ့ပါတယ်။ မေမေ့ရဲ့ အဖေကျမရဲ့အဖိုးက အမှုထမ်းဖြစ်တဲ့အတွက် မေမေကမြို့တစ်မြို့တည်းမှာ အကြာကြီး နေရတယ်လို့ကို မရှိပါဘူး။ ငယ်သူငယ်ချင်းဆိုပြီးတော့လည်း တိတိကျကျမရှိဘူးလို့ မေမေက ပြောလေ့ရှိပါတယ်။ အဖိုးနဲ့အဖွားတို့ကလည်း အမှုထမ်းဆိုတော့ မေမေ့ရဲ့ငယ်ဘ၀က အရမ်းချို့တဲ့တယ် မဟုတ်ပေမယ့် အရမ်းပြေလည်တယ်လို့လည်း မဟုတ်ပါဘူး။ မေမေ့မှာမောင်နှမလေးယောက်ရှိပြီး မေမေကအငယ်ဆုံးပါ။ မေမေ၈တန်းလောက်မှာ အဖိုးကအလုပ်ကထွက်ပြီး ရန်ကုန်ကိုပြောင်းလာခဲ့ပါတယ်။ ရန်ကုန်မှာပဲ ဆယ်တန်းအောင်ပြီး ဓါတုဗေဒနဲ့ဘွဲ့ရခဲ့ပါတယ်။ မေမေ့အသက်၂၆မှာ ကျမဖေဖေနဲ့ ဖူးစာဆုံခဲ့ပါတယ်။

မေမေကျမရဲ့ မိခင်အဖြစ် စတင်ခံယူလိုက်ချိန်ကတော့ ပူပြင်းလှတဲ့နွေရာသီရဲ့မတ်လ၃၁ရက်၊၁၉၈၉ခုမှာပါ။ ကျမကို ပင်ပန်းကြီးစွာ မွေးပေးခဲ့တဲ့ကျေးဇူးနဲ့တင် ကျမမေမေ့ကိုကျေးဇူးဆပ်လို့ မကုန်နိုင်ပါဘူး။ မေမေက ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့တော့ ကျမကို မွေးလာကတည်းက ဆရာဝန်ဖြစ်စေချင်ခဲ့ပါတယ်။ နာမည်ပေးတာတောင်မှ ဒေါက်တာလို့တပ်ရင်လှမယ့် သဲနုဝေဆိုတဲ့နာမည်ကို ပေးခဲ့တာပါ။ ကျမနာမည်ကို တယောက်ယောက်က ခေါ်တဲ့အခါတိုင်း မေမေရဲ့ကျမအပေါ်ထားတဲ့ မေတ္တာကိုသတိရမိပါတယ်။

မေမေကကျမအပေါ်မှာ ရည်မှန်းချက်ကြီးကြီးထားပါတယ်။ ကျမကိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်အောင် ငယ်ငယ်ကတည်းက အတတ်နိုင်ဆုံး ပျိုးထောင်ပေးခဲ့တာပါ။ ကျမမူလတန်းမတက်ခင်ကတည်းက ကျမကိုစာရေးတတ် ဖတ်တတ်အောင် သင်ပေးခဲ့တာပါ။ ကျမအတန်းကြီးလာတော့လည်း ကျမပညာရေးကို အထူးဂရုစိုက်ပေးခဲ့တာပါ။ ကျမ၁၀တန်းတုန်းကဆိုရင် ကျမမနက်၃နာရီမှအိပ်ရင် မေမေလည်း၃နာရီမှ လိုက်အိပ်ပါတယ်။ ကျမစာကျက်နေရင်း စားချင်တာရှိရင် အချိန်မရွေးထလုပ်ပေးတတ်သလို ကျမစာကျက်ရင်းစိတ်ညစ်တဲ့အခါတိုင်းမှာလည်း ကျမကိုဘေးကနေအမြဲအားပေးခဲ့တာပါ။ ကျမလပတ်တွေမှာ အမှတ်နည်းလို့စိတ်ဓါတ်ကျရင် မေမေကပဲကျမရဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့တာပါ။ စာမေးပွဲဖြေဖို့ ရက်ပိုင်းအလိုမှာတော့ ကျမစာမေးပွဲမှာချောချောမွေ့မွေ့ ဖြေဆိုနိုင်စေရန် ယတြာအမျိုးမျိုးကို နေ့ညမလပ်ချေပေးခဲ့ပါတယ်။ အောင်စာရင်းထွက်တော့ မေမေမျှော်မှန်းတဲ့အတိုင်း ဖြစ်လာတဲ့အတွက် ကျမ၀မ်းမြောက်မိပေမယ့် အောင်စာရင်း ကကျမနာမည်ဘေးမှာ မေမေ့နာမည်မပါဘဲ ဖေဖေ့ နာမည်ပဲ ပါတဲ့အတွက် ကျမ၀မ်းနည်းရပါတယ်။ ကျမ ဆေးတက္ကသိုလ်တက်ရခြင်းမှာ ကျမရဲ့အရည်အချင်းထက် မေမေ့ရဲ့အုပ်ထိန်းမှု မှန်ကန်ခြင်းကြောင့်လို့ ပြောရင်မမှားပါဘူး။

မေမေကကျမကို အရမ်းချစ်ပါတယ်။ သို့ပေမယ့် အလိုတော့မလိုက်ပါဘူး။ ကျမအမှားလုပ်မိရင် ပထမတော့နားလည်အောင် ရှင်းပြပါတယ်။ ပြောထားရဲ့သားနဲ့နောက်တစ်ခါ ထပ်လုပ်မယ်ဆိုရင်တော့ ကျမကိုခွင့်မလွှတ်ပါဘူး။ အရိုက်လည်းကြမ်းပါတယ်။ ကျမကိုရိုက်နေရင် ဘယ်သူမှ ၀င်ဆွဲလို့မရပါဘူး။ တခါတုန်းကပေါ့။ ဘာဖြစ်လို့ ရိုက်လည်းတော့ မမှတ်မိတော့ပါဘူး။ ကျမကိုရိုက်နေတာကို ဖေဖေရဲ့ညီမ၀မ်းကွဲ မဇင်(မမွန်းသက်ပန်)က ၀င်လည်းဆွဲရော မဇင်ကိုပါ ရိုက်ပါလေရော။ (မယုံရင်မဇင်ကို သွားမေးကြည့်) မေမေ့ရဲ့ ဆိုဆုံးမမှုကြောင့် ကျမဘ၀မှာ ပြင်လို့မရတဲ့အမှားမျိုး မကျူးလွန်ခဲ့တာပါ။ အခုတော့ကျမကို မရိုက်တော့ပါဘူး။ မေမေရဲ့ကိစ္စမှန်သမျှကို ကျမသိပြီး ကျမရဲ့ အခက်အခဲမှန်သမျှကို အကြံပေးဖြေရှင်းသူက မေမေပါ။ မေမေနဲ့ကျမကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ မေမေကကျမရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်လာပါတယ်။အချင်းချင်း အပြန်အလှန်အားပေးပြီး အခုဆိုမေမေက ကျမအတွက် သူငယ်ချင်းကောင်း ပေါ့လေ။

မေမေ စိတ်မ၀င်စားတဲ့ ပညာရပ်ကရှားပါတယ်။ မေမေကသိုးမွှေးလည်း ကျွမ်းကျင်စွာထိုးတတ်သလို ကျန်းမာရေးလည်း လိုက်စားပါတယ်။ ကျမမတတ်တဲ့ပ ညာတော်တော်များများကို မေမေက ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တောင် အနည်းအကျဉ်းတော့ တတ်ပါတယ်။ မေမေကဘောလုံးပွဲကြည့်တာလည်း ၀ါသနာပါပါတယ်။ အင်္ဂလန်အသင်းရဲ့ပွဲတိုင်းကို မလွတ်တမ်းကြည့်ပြီး မိုက်ကယ်အိုဝင်ပါတဲ့အသင်းတိုင်းဟာ မေမေ အားပေးတဲ့အသင်းပါပဲ။ မေမေနဲ့ကျမက အကြိုက်ချင်းလည်းတူပါတယ်။ မေမေချစ်တဲ့သူဆို ကျမလည်း ချစ်ပြီး မေမေကြည့်မရတဲ့သူဆို ကျမလည်းကြည့်မရခဲ့ပါဘူး။ အဲဒီ့လောက်အထိ မေမေကကျမစိတ်ကို လွှမ်းမိုးနိုင်ခဲ့တာပါ။

မေမေက ကျမကို စာအုပ်တွေနဲ့ ရင်းနှီးစေခဲ့သူပါ။ ကျမရဲ့စာဖတ်ဝါသနာကို မေမေက ပျိုးထောင်ပေးခဲ့တာဆိုရင် မမှားပါဘူး။ ကျမဖတ်သင့်တဲ့စာအုပ်တွေကို ငယ်ငယ်ကဆို မေမေကပဲရွေးချယ် ပေးလေ့ရှိပါတယ်။ မေမေကသူမ မဖြစ်ခဲ့တဲ့အရာတွေကို ကျမကိုဖြစ်စေချင်ပုံရပါတယ်။ ကျမကိုစာရေးသူဖြစ်အောင်လည်း မေမေကပဲ တိုက်တွန်းခဲ့တာပါ။ မေမေ့ကြောင့်ပဲ ကျမကဘလော့ဂ်တွေနဲ့ ရင်းနှီးလာခဲ့တာပါ။ ကျမဘလော့ဂ် ရေးချင်တယ် ဆိုတော့လည်း မေမေကပဲ ဒီဇိုင်းတွေကအစ ခေါင်းစဉ်အလယ် ကလောင်နာမည်အဆုံး မဇင်နဲ့ အတူရွေးချယ်ပေးခဲ့တာပါ။ မေမေရဲ့ ကူညီအားပေးမှုကြောင့်ပဲ ဒီဘလော့ဂ်လေးဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ မေမေကကျမရဲ့ရှေ့ဆောင်လမ်းပြ၊ ကျမဘ၀ရဲ့မရှိမဖြစ်အလင်းရောင်ပဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

မိုးပြာရောင်အိပ်မက်များဧ။်နိဒါန်း


ကျမကငယ်ငယ်ကတည်းက စာဖတ်ခြင်းကိုဝါသနာပါတယ်လေ။ အခုအင်တာနက်မှာ ဘလောဂ့်တွေပေါ်လာတော့ ကျမအတွက် အဆင်ပြေတာပေါ့။ ကျမအကိုနဲ့အမတွေကလည်း ဘလော့ဂ်တွေရေးလာကြပါတယ်။ ဘလောဂ့်တွေမှာရေးထားတာတွေကို ဖတ်ကြည့်ပြီး ကိုယ်ကိုယ်တိုင်ရေးချင်စိတ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်အရမ်းကောင်းတဲ့ ဘလောဂ့်တွေကိုတွေ့ပြန်တော့လည်း ကိုယ်ကသူတို့လို မရေးတတ်ဘူးဆိုပြီး စိတ်အားငယ်ပြန်ရော။ ဒီလိုနဲ့ ဘလောဂ့်ရေးမယ်၊မရေးဘူး သံသရာထဲမှာလည်နေခဲ့ပါတယ်။ အခုတော့လည်း ကျမမေမေနဲ့အမတွေရဲ့ အားပေးမှုကြောင့် ဘလောဂ့်စရေးဖြစ်ပါပြီ။ ကျမရေးတဲ့စာထဲမှာ တခုခုအမှားပါခဲ့လျှင်၊ စာဖတ်ရတာအဆင်မပြေခဲ့လျှင် ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်နော်။ ဒီဘလောဂ့်လေးကို ဘယ်လိုနည်းနဲ့ပဲရောက်လာရောက်လာ ကျမကိုအားပေးခြင်းတစ်ရပ်လို့ ယူဆလို့အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

ဆက်ဖတ်ရန်...