Monday, December 31, 2007

ကျမနှင့်၂၀၀၇အတွေး

မနက်ဖြန်ဆိုရင် နှစ်သစ်ကို ရောက်ပါပြီ။ ပထမဆုံးအနေနဲ့တော့ အားလုံးနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့ ဆုတောင်းပါတယ်နော်။ ကျမတို့ ၂၀၀၇ ကို ပျော်ရွှင်စွာနဲ့ ကျောခိုင်းရပါတော့မယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ပြောင်းတယ်ဆိုပေမယ့် ကျမတို့အတွက်တော့ နေ့ရယ်ညရယ်နဲ့ အရင်ကအတိုင်း ဖြတ်သန်းနေရဦးမှာပါ။ နှစ်ဟောင်းကုန်ပြီ ဆိုတော့လည်း ပြီးခဲ့တဲ့နှစ်မှာ အကောင်းအဆိုး ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျမအနေနဲ့ သုံးသပ်မိပြန်ပါတယ်။

၂၀၀၇ခုနှစ်က ကျမအတွက် ခံစားချက်အဖုံဖုံကို သယ်ဆောင်ပေးတဲ့ နှစ်တစ်နှစ်လို့ ပြောရပါမယ်။

ဝမ်းနည်းတာလည်း ရှိသလို ၀မ်းသာတာလည်း ရှိတယ်..

အားငယ်ခဲ့သလို အားလည်းတက်ဖူးတယ်…

ငိုခဲ့ဖူးသလို ပြုံးလည်းပြုံးခဲ့ဖူးတယ်…

ဆိုးခဲ့တာလည်း ရှိသလို လိမ္မာခဲ့တာလည်း ရှိတယ်..

အကုသိုလ်လည်း လုပ်ခဲ့သလို ကုသိုလ်ရတာတွေလည်း လုပ်ခဲ့တယ်…

စိတ်ဆင်းရဲတာတွေ ရှိသလို စိတ်ချမ်းသာတာတွေလည်း အပုံအပင်ပါပဲ…

အနားယူတဲ့နေ့တွေ ရှိသလို အပြင်းအထန် ကြိုးစားရတဲ့ နေ့တွေလည်း ရှိတာပါပဲ..

ဒီတစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့တဲ့ အရာတွေ ရှိသလို မပြောင်းလဲဘဲနဲ့ မူလအတိုင်း တည်ရှိနေတဲ့ အရာတွေလည်း အများကြီးပါပဲ။

ဒီလို .. ဒီလိုနဲ့ပဲ ၂၀၀၇လည်း ကုန်တော့မယ်နော်.. ၂၀၀၇ ရဲ့ နယူးရီးယားကို ရောက်တော့ ၂၀၀၆တုန်းက လုပ်ခဲ့တဲ့ နယူးရီးယားလေးကို အမှတ်ရမိပါတယ်။

အဲဒီ့တုန်းက ကျမတို့ အိမ်အသစ် ဆောက်နေတုန်းပေါ့..။ ညဦးပိုင်းကတော့ ဆောက်ပြီးခါစ အိမ်အောက်ထပ်မှာပဲ ရုပ်ရှင်တွေကြည့်ကြ၊ မဲတွေနှိုက်ကြ၊ မုန့်တွေစားကြနဲ့ပေါ့..။ တဖြည်းဖြည်းနဲ့ ၁၂နာရီထိုးခါနီးလည်း ရောက်ရော.. ဘယ်သူက အကြံပေးလိုက်သလဲ မသိဘူး။ ဆောက်လို့မပြီးသေးတဲ့ အပေါ်ထပ်ကို တက်ကြမယ်တဲ့..။ အပေါ်ထပ်ကလေ ၀ရံတာနဲ့ နောက်ဘက်လေးတွေပဲ အင်္ဂတေ ကိုင်ရသေးတာ..။ အဲဒီ့နှစ်ခုကြားမှာတော့ တန်းလေးသုံးတန်းနဲ့ပဲ ဆက်ထားတာလေ..။ လှေကားကတော့ နောက်ဖက်မှာပေါ့..။ ဒါကိုမှ ၀ရံတာပေါ်တက်ပြီး မီးရှူးမီးပန်း ဖောက်ကြမယ်တဲ့..။ မောင်နှမအားလုံးရဲ့ ဆန္ဒလည်းဖြစ်၊ ကျမကိုယ်တိုင်ကလည်း သိပ်မကြောက်တတ်တော့ ဒီအတိုင်းပဲ ကူးရတာပေါ့..။ လူကြီးတွေကတော့ ကြောက်လို့ထင်ပါရဲ့..။ နောက်မှာ နေခဲ့ကြတယ်လေ..။ ၀ရံတာကို တစ်ယောက်ချင်း ကူးတော့လည်း ကျမတို့ မိန်းကလေးတွေက အလယ်ကပဲ တန်းကိုမကိုင်ဘဲ အေးအေးဆေးဆေး ကူးနိုင်ပေမယ့် ကျမအကိုတစ်ယောက်ကတော့ ကြောက်ဒူးတုန်ပြီး ဘေးတန်းနဲ့မှ ကူးသတဲ့ဗျ။ ( ကိုနေဘုန်းလတ်တော့ မဟုတ်ပါ။ အထင်မှားမှာစိုးလို့။ :P)

ကြားထဲမှာ ဖြတ်ပြောရဦးမယ်..။ ကျမတို့က အရင်က စတိုးဆိုင်ဖွင့်တာလေ..။ ဒီတော့ သီတင်းကျွတ်မှာ ရောင်းတဲ့မီးရှူးမီးပန်းတွေလည်း ရှိတာပေါ့..။ အဲဒီ့မီးရှူးမီးပန်းတွေကို အားကိုးပြီး ကျမတို့က ၁၂နာရီတိတိမှာ ၀မ်းကွဲမောင်နှမတွေအားလုံး တစ်ယောက်တစ်ခုစီနဲ့ ဖောက်ကြမယ်ပေါ့..။ ဟန်ရေးတပြင်ပြင်နဲ့…။ မီးခြစ်ကို ကိုင်ထားသူကထား..။ မီးပွားစင်မှာစိုးလို့ ရှောင်တဲ့သူကရှောင်နဲ့ ဟန်အပြည့်ပေါ့..။ ၁၂နာရီထိုးပြီလည်းဆိုရော အပြိုင်မီးတို့ပြီးဖောက်တာ တစ်ချောင်းကမှ မီးရှူးမီးပန်းထွက်မလာဘူးဗျ..။ လမ်းပေါ်က သွားတဲ့လူတွေကလည်း ဆူညံနေတော့ အပေါ်ကို မော့ကြည့်ကြ..။ ကျမတို့ကလည်း လက်ထဲမှာသာ ကိုင်ထားပြီး မီးရှူးမီးပန်းကလည်း ထွက်မလာ..။ ကောင်းမကောင်း ကြည့်ရအောင်လည်း ကိုယ်ကြည့်လိုက်မှ ထွက်လာပြီး မျက်နှာကို မှန်မှာစိုးတာနဲ့ ကြည့်ရတာ တော်တော်ရီစရာကောင်းပါတယ်။ ပြီးတော့မှ မီးရှူးမီးပန်းကို စိတ်လျှော့ပြီး အပေါ်မှာ ဂစ်တာတီးရင်းနဲ့ပဲ နယူးရီးယားကို ကြိုဆိုကြပါတယ်..။ ဘေးနားကလူတွေ ကြားအောင် )))Happy New Year((( လို့ အော်ရင်းပေါ့..။

ဒီနေ့ညလည်း ကျမတို့အဒေါ်အိမ်မှာ နယူးရီးယားကို ပျော်ပျော်ပါးပါး ကြိုဆိုဖို့ ပြင်ဆင်ထားပါတယ်..။ အော်.. ဘာလိုလိုနဲ့ တစ်နှစ်တောင် ရှိခဲ့ပါပြီ..။ ဒီတစ်နှစ်အတွင်းမှာ ပြောင်းလဲသွားတာတွေက အများကြီးမှ အများကြီး..။ မပြောင်းလဲဘူးလို့ အသေအချာ ထင်ထားတာတွေ ပြောင်းလဲခဲ့တာ ရှိသလို ပြောင်းလဲမှာပဲလို့ ထင်တဲ့ဟာတွေလည်း မပြောင်းလဲတာ ရှိပါတယ်..။ ဖြစ်လာတာတွေကတော့ မမျှော်လင့်ထားတာတွေရော.. မျှော်လင့်ထားတာတွေရော.. ဒီတစ်နှစ်အတွင်း ပျော်ခဲ့တာပဲ ဖြစ်ဖြစ်၊ ၀မ်းနည်းခဲ့တာပဲ ဖြစ်ဖြစ် …။ သေချာတာကတော့ ကျမတို့ အသက်တစ်နှစ် ပိုကြီးသွားပြီ ဆိုတာပါပဲ..။

ဆက်ဖတ်ရန်...

Sunday, December 30, 2007

နှုတ်ဆက်တယ် ဒီဇင်ဘာရေ..

အခုဆို ဒီဇင်ဘာလလည်း ကုန်ခါနီးပြီနော်။ ၂၀၀၇ ကြီးကလည်း ကျမတို့က လက်ပြနှုတ်ဆက်တော့မယ်။ ၂၀၀၈ကတော့ လာဖို့ဟန်ပြင်နေပြီ ထင်ပါရဲ့။ ကျမလည်း ဒီဇင်ဘာကို နှုတ်ဆက်တဲ့ အနေနဲ့ သီချင်းလေးတစ်ပုဒ်ကို တင်ပေးချင်ပါတယ်။ သီချင်းနာမည်က ပြီးခဲ့သော ဒီဇင်ဘာတဲ့။ ထွန်းထွန်း(example) နဲ့ ကြိုးကြာတို့ ဆိုထားတာပါ။


ကိုယ်နေတဲ့အိပ်ခန်းရယ် ဟိုမနီးမဝေး အပြင်ဘက်ဆီမှာ နှင်းတွေတဖွေးဖွေး ကျနေရဲ့။ ဒီဇင်ဘာရဲ့ လွန်ကဲတဲ့ အအေးဒဏ်ကို အသည်းကွဲသူတစ်ယောက်… တွန်းလှန်ဖို့ ကြိုးစားနေ … အခန်းငယ်အတွင်းမှာ..

ကိုယ့်ဘေးမှာ.. ဆုံးရှုံးပြီးဖြစ်တဲ့ ချစ်သူဓါတ်ပုံ အဟောင်းလေးရယ်… ကြိုးပြတ်နေတဲ့ ဂစ်တာလေးရယ်.. တိတ်ဆိတ်နေသလိုနဲ့ .. ကိုယ့်ကို… ကိုယ်ချင်းစာနေသလို…

မကြာခင် မနက်လင်းတော့မယ်… ဟိုအဝေးက မီးဖိုလေး ငြိမ်းပြီ.. ဒီဘ၀ အဆုံးမသတ်နိုင်တဲ့… ကျန်နေသူရင်ထဲက မီးမငြိမ်းနိုင် … ရူးခဲ့သူတစ်ယောက် အရုဏ်ဦးလေး အလှမဲ့နေ အခန်းငယ်အတွင်းမှာ..

ကိုယ့်ဘေးမှာ.. ဆုံးရှုံးပြီးဖြစ်တဲ့ ချစ်သူဓါတ်ပုံ အဟောင်းလေးရယ်… ကြိုးပြတ်နေတဲ့ ဂစ်တာလေးရယ် တိတ်ဆိတ်နေသလိုနဲ့.. ကိုယ့်ကို ကိုယ်ချင်းစာနေသလို…

ဟိုးးး ရောက်တဲ့အရပ်က နေရာလေးမှာ .. ဟိုတခါဘ၀လေးတွေးရင် မင်းပျော်နိုင်မလား.. ရှင်ခွဲလေး ခွဲရအောင် စည်းခြားထား အချစ်လေး.. ဘယ်လိုမှ တို့ပြန်မဆုံနိုင်ခြင်း..

ဒီမှာ download လုပ်ပြီး နားထောင်ကြည့်နော်။

http://www.mediafire.com/?1ysedtddd1g

ဆက်ဖတ်ရန်...

Friday, December 28, 2007

မျက်ရည်စက်များ...

မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်လေးများ တွဲလွဲခိုလာပြီး တဖြည်းဖြည်းနဲ့ မျက်ရည်အဖြစ် စုစည်းလာကြသည်။ မျက်ရည်များကို ဂရုမပြုမိသည့်အလား သူမမျက်လွှာချနေသည်။ မျက်ရည်များကလည်း သူမရဲ့ပါးပြင်ပေါ်မှာ အတားအဆီးမဲ့စွာ တလိမ့်လိမ့် ကျဆင်းလို့..။ သူမအတွက် မျက်ရည်ကျသည်က အထူးအဆန်း မဟုတ်တော့ပါ။ မျက်ရည်များကသာ သူမရဲ့အဖော်.. သူမရဲ့မိတ်ဆွေ..။ တစိမ့်စိမ့်ကျဆင်းလာသော မျက်ရည်များကို သည်းမခံနိုင်စွာ သူမ လက်ခုံနှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

မိုးမလင်းသေးတာမို့ ပတ်ဝန်းကျင်မှာလည်း သူမရဲ့ရှိုက်သံကလွဲလို့ တိတ်ဆိတ်နေသည်။ သူမရဲ့အခန်းထဲမှာ မှောင်မိုက်နေတာမို့ မီးဖွင့်ရန် ခလုတ်ကိုရှာလိုက်သည်။

`ဂျောက်´

မီးခလုတ်ကို ရှာတွေ့သော်လည်း ဖွင့်လိုက်တော့ မီးကလင်းမလာ။ သူမရဲ့မီးလုံးများ ကျွမ်းနေသလား။ နောက်မှ အသိတစ်ချက် ၀င်လာသည်။

`သြော်.. မီးပျက်နေတာပဲ။´

မီးဖွင့်လို့မရသော်လည်း အခန်းထဲမှာ မှောင်မဲနေတာကို မနှစ်မြို့သဖြင့် လိုက်ကာကိုဖွင့်လိုက်သည်။ ထွက်ခါစ နေရောင်က သူမရဲ့အခန်းကို အပြည့်အ၀ မလင်းစေဦးတော့ အလင်းရောင်မှိန်မှိန်လေးကိုပဲ သူမ မက်မောလှပါသည်။ သိပ်မကြာလှတဲ့အချိန်မှာ ငှက်ကလေးတွေရဲ့ တေးသံချိုကို သူမကြားလိုက်ရသည်။ သူတို့ကတော့ ကိုယ့်ဘ၀ကိုယ် ပျော်နေကြပါလား…။ သူမကရော…။

သိပ်မကြာခင်အတွင်းမှာပဲ ဆူညံဆူညံအသံ ကြားလိုက်ရသည်။ ဘာများလဲလို့ ကြည့်လိုက်တော့.. အလုပ်သွားရန် ထွက်လာသောမိသားစု..။ အဖေနဲ့သားကတော့ ကာယအလုပ်သမားတွေ ဖြစ်ပုံရပြီး အမေကတော့ ဈေးမှာပန်းရောင်းဖို့ ထွက်လာပုံရသည်။ သူတို့တနေ့တာသည် ပင်ပန်းစွာ ဖြတ်ကျော်ရဦးမည်။ သို့သော် သူတို့မျက်နှာပေါ်မှာတော့ စိတ်ညစ်ခြင်း စိုးစဉ်းမျှမရှိ။ ရှိသမျှနဲ့ ရောင့်ရဲကာ ပြုံးပျော်နေပုံ..။

အလင်းရောင်ကလည်း တစတစပီပြင်လာပြီး အမှောင်ကို ဖယ်ရှားပစ်လိုက်သည်။ ကောင်းကင်ယံမှာ နေမင်းကြီးက မာန်ပါပါနဲ့ သူ့ရဲ့တာဝန်ကို ထမ်းဆောင်တော့မည်။ လမင်းကြီးကတော့ သူ့ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးလို့ တဖန်ပြန်၍ အနားယူတော့မည်။ အခုလိုမျိုး ကြိုသိနေကျ အချိန်ဇယားအတိုင်း တာဝန်ထမ်းဆောင်နေကြသော သူတို့မှာ ငြီးငွေ့စိတ်တွေ မဖြစ်ကြဘူး ထင်ပါရဲ့။ ငြီးငွေ့လွယ်တဲ့ လူသားတစ်ယောက်ဖြစ်သော သူမကတော့..။

သူမသည်လည်း တနေ့တာ တာဝန်ကို ထမ်းဆောင်ရန် အောက်ထပ်ကို ဆင်းလာခဲ့သည်။ သူမကို စီးကြိုမယ့်သူ မရှိ။ နှုတ်ဆက်မယ့်သူ မရှိ။ စကားပြောမယ့်သူ မရှိ။ သူမရဲ့ဘ၀က ကန္တာရနှယ် ခြောက်ကပ် လွန်းလှပါသည်။ နွေးထွေးစွာ ဆက်ဆံမှုမရှိဘဲ ဟန်ဆောင်မှုတွေသာ ဖုံးလွှမ်းနေတဲ့ လောကကြီးကို သူမစိတ်ကုန်သည်။ ရင်ထဲက အနှစ်မပါဘဲ ပြုံးပြတဲ့လူတွေကို သူမမုန်းသည်။ မူမမှန်တော့တဲ့ သဘာဝတရားကြီးကို ဒေါသထွက်သည်။ လူသားချင်းမစာနာသည့် လူ့ဘီလူးများကို ရွံရှာသည်။ တနေ့တနေ့ သံပါတ်ပေးသလို လည်နေရသည့် ဘ၀ကိုလည်း စက်ဆုပ်သည်။

လူတစ်ယောက် မျက်ရည်ကျပါက အမျိုးမျိုး မှတ်ချက်ချနိုင်သည်။ ဘ၀က ဆင်းရဲပင်ပန်းနေလို့လား..။ မဖြေရှင်းနိုင်သည့် အခက်အခဲ တခုခု ရှိနေလို့လား..။ စီးပွားရေး အဆင်မပြေလို့လား..။ ဒါမှမဟုတ်.. သမုဒယနွယ်တွေကြောင့်လား..။

သို့ပေမယ့် မျက်ရည်သည် ထိုထိုသော အရာများကိုကြောင့်သာ ကျတတ်သည် မဟုတ်ပေ။ အခြားသော အကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူမ မျက်ရည်ကျခြင်းကတော့… ဆင်းရဲပင်ပန်းလို့မဟုတ်၊ ဖြေရှင်းမရတဲ့ အခက်အခဲတွေကြောင့်မဟုတ်၊ စီးပွားရေးကြောင့်မဟုတ်၊ သမုဒယနွယ်တွေကြောင့်လည်း မဟုတ်။ သူမရဲ့မျက်ရည်စက်များသည် နွေးထွေးတဲ့ ဆက်ဆံမှုများကို မျှော်လင့်ရင်း ဟန်ဆောင်သူများကို ကွေ့ဝိုက်ရှောင်ရခြင်းဖြင့် ရရှိလာသည့် အထီးကျန်မှုကြောင့်သာ ဖြစ်သည်။

ဆက်ဖတ်ရန်...

Wednesday, December 26, 2007

နှစ်သစ်အကြို

ရက်ကိုလပေါင်းနဲ့
နှစ်တစ်နှစ်တော့ ဟောင်းပြန်လေပြီ..။

မအေးစဖူး အအေးထူးတဲ့
ခရစ်စမတ်နဲ့
ရန်ကုန်ဆောင်းက
နှစ်သစ်ကို ကြိုဆိုလိုက်တယ်..။

ကမ္ဘာကြီးကတော့
နှစ်ဟောင်းမှာ ၀တ်ဆင်ခဲ့တဲ့
ဝတ်ရုံဟောင်းကို
သစ်လွင်တဲ့ ၀တ်ရုံသစ်နဲ့
လဲလှယ်ဖို့ ဟန်ပြင်နေတယ်..။

ရာသီဥတုက
အေးတလှည့် နွေးတလှည့်နဲ့
လူတွေကို ကျီစားနေပြန်ရဲ့။

ပင်ယံထက်မှာ ရွက်သစ်တွေ
တဝေေ၀နဲ့ ကြွေလွင့်ရန်
အားယူနေခြင်းလား..။
လောကကို အလှဆင်ရန်
ပြင်ဆင်နေခြင်းလား..။

စန်တာကလော့က ငါ့ကို မေးနေတယ်။
ခရစ်စမတ်မှာ ဘာလိုချင်သလဲတဲ့။
ငြိမ်းချမ်းရေးကိုပဲ လိုချင်နေတဲ့
ငါ့ဆန္ဒကို သူဖြည့်ဆည်းနိုင်ပါ့မလား။

သဘာဝကြီးကတော့
သူ့တာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်နေလေပြီ..။

ငါတို့လူသားတွေလည်း
နှစ်ဟောင်းမှာလုပ်ခဲ့တဲ့
မကောင်းမှုကို ကောင်းမှုနဲ့ချိန်ထိုးပြီး
နှစ်သစ်ကို အားမာန်အပြည့်နဲ့
ရင်ဆိုင်လိုက်ရအောင်..။

(ဆရာရေ သဲလည်း ဒီလောက်ပဲ ရေးတတ်တယ်နော်။ မကောင်းရင် မဆူပါနဲ့။ :P)

ဆက်ဖတ်ရန်...

Thursday, December 20, 2007

မိုးပြာရောင်အိပ်မက်များရဲ့ရာဇ၀င်

မိုးပြာရောင်အိပ်မက်များရဲ့အစက ဒီလို..။

ကျောင်းပိတ်ရက်တွေမှာ ချက်ရွမ်းတွေ၊ ဂိမ်းတွေထဲမှာ ငြီးငွေ့လာနေတဲ့ ကျမကို ဘလော့ဂ်တွေနဲ့ စတင်ထိတွေ့စေတဲ့သူကတော့ ကျမရဲ့အကို ကိုကျော်(ကိုနေဘုန်းလတ်)ပါ။ သူက လာပြောပြတာတော့ မဟုတ်ပါဘူး။ ကျမမေမေကမှ တဆင့်သိနေတာ ကြာပေမယ့် အမှုမဲ့အမှတ်မဲ့နဲ့ ၀င်မကြည့်ဖြစ်ခဲ့ပါဘူး။ တနေ့တော့… ပျင်းပျင်းလည်း ရှိတာနဲ့ ကိုကျော့်ဘလော့ဂ်ကို ၀င်ကြည့်ဖြစ်ပါတယ်။ သူရဲ့စာတွေက နဂိုကတည်းက မဂ္ဂဇင်းတွေမှာ ပါနေကျမို့လို့ ကျမအတွက် သိပ်တော့မထူးဆန်းခဲ့ပါဘူး။ အဲဒီ့အထိလည်း ဘလော့ဂ်ရေးမယ်လို့ စိတ်ကူးမရသေးပါဘူး။

နောက်တော့ ကိုကျော်ကတဆင့် ဘလော့ဂ်တစ်ခုကို သွားဖတ်မိပါတယ်။ ပထမတော့ တခါတလေ၊ နောက်တော့ မကြာခဏ၊ တဖြည်းဖြည်းနဲ့ အမြဲတမ်းလိုလို သွားဖတ်ဖြစ်ပါတယ်။ ဘယ်သူ့ဘလော့ဂ်ဖြစ်မယ် ထင်လဲဟင်။ ကိုကလိုစေးထူးရဲ့ ဘလော့ဂ်ပါ။ အရေးအသားပိုင်းရော အကြောင်းအရာပိုင်းမှာပါ အတုယူစရာကောင်းလှတဲ့ ဘလော့ဂ်တစ်ခုကို စတင်ဖတ်မိခြင်းပါပဲ။ နောက်တော့ နောက်တော့ ကိုရန်အောင်၊ မမေ စတဲ့ ဘလော့ဂ်တွေကိုပေါ့။ သူတို့တွေက ကျမရဲ့မြင်ဆရာတွေ ဆိုရင် မှားမယ်မထင်ပါဘူး။

ဒီကြားထဲမှာလည်း ကျမက ကျောင်းတက်လိုက်၊ စာမေးပွဲဖြေလိုက်နဲ့ ခေတ္တခဏ အဆက်အသွယ် ပြတ်သွားပြီးနောက် ပထမဆုံးသိလိုက်တာကတော့ မဇင်(မမွန်းသက်ပန်) ဘလော့ဂ် လုပ်ပြီးပြီဆိုတာပါပဲ။ မဇင်နဲ့က အဒေါ်သာဆိုတယ်။ တကယ့်ညီအမအရင်းလိုပါပဲ။ ရင်းရင်းနှီးနှီးလည်း ရှိလှပါတယ်။ သူဘလော့ဂ်လုပ်ပြီဆိုတော့ အားပေးရမယ့်တာဝန်က ကျမတာဝန်ဖြစ်လာပါတယ်။ နောက်တော့ ကျမကိုပါ ဘလော့ဂ်လုပ်ဖို့ အားပေးလာတော့တာပါပဲ။

ကျမမှာက အကျင့်တစ်ခုရှိပါတယ်။ ကိုယ့်ဘာသာ လုပ်ချင်လုပ်မယ်။ သူများက လုပ်ပါလားဆို လုပ်ချင်မှလုပ်တော့တာ။ (အကျင့်က အဲလိုမကောင်းတာ) အဲဒီ့အကျင့်အရ မဇင်နဲ့မေမေက တိုက်တွန်းနေပေမယ့် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ မလုပ်ဖြစ်ပါဘူး။ ကိုယ့်ဘာသာ ယုံကြည်ချက် မရှိတာလည်း ပါပါတယ်။ ကိုယ်ရေးတဲ့စာတွေက သူများတွေကို အဆိပ်ဖြစ်စေမှာလဲ စိုးရိမ်မိပါတယ်။ နောက်ပြီး ကိုယ်ရေးထားတဲ့စာကို လာဖတ်ကြမှာလည်း ရှက်လို့ပါ။ (နှင်းနုရေ နှင်းနုနဲ့ ဒီအချက်တော့ တူသွားပြီ။)

ဒီလိုကြန့်ကြာနေတဲ့ အချိန်အတောအတွင်းမှာ ကျမအမဖြစ်တဲ့ သီသီ အသိတွေဖြစ်တဲ့ ကိုမိုးလှိုင်ညတို့ မဆုဝေတို့က ဘလော့ဂ်တွေ လုပ်လာကြပါတယ်။ သူတို့က ကျမဘလော့ဂ် ရေးဖြစ်ဖို့အတွက် တွန်းအားတစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ နောက်တော့ မိုးရွာနေတဲ့ စက်တင်ဘာတစ်ညနေမှာ ဘလော့ဂ်ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်တယ်ဆိုလို့ သိပ်အထင်ကြီး မသွားနဲ့နော်။ ကျမကိုယ်တိုင်က ဘာမှလုပ်တာဟုတ်ဘူး။ ကျမက ရေးမယ်လို့ ပြောတာကို မေမေတို့ မဇင်တို့က ဘလော့ဂ်လုပ်ပေးဖို့ စောင့်နေကြတာပါ။ ဒီလိုနဲ့ပဲ ခေါင်းငြိမ့်လိုက်တယ် ဆိုပါတော့..။

ကျမ ဘလော့ဂ်လုပ်မယ်ပြောပြီး ၅ရက်လောက်အကြာမှာတော့ ကျမအကြိုက်ဆုံးအရောင်ဖြစ်တဲ့ အပြာရောင်လေးနဲ့ ဘလော့ဂ်လှလှလေးတစ်ခုကို မေမေနဲ့မဇင်က လက်ဆောင်ပေးခဲ့ပါတယ်။ ဘာကိုမှ လှည့်ကြည့်စရာမလိုအောင် အစအဆုံး လုပ်ပေးကြတဲ့အတွက် မေမေရော မဇင်ရောကို ကျေးဇူးကမ္ဘာပါနော်။ ဘလော့ဂ်ရဲ့နာမည်ကိုလည်း `မိုးပြာရောင်အိပ်မက်များ´လို့ မေမေကပဲ မှည့်ပေးခဲ့ပါတယ်။ ကလောင်နာမည်ကိုတော့ မနော်ဟရီဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်တဲ့ ဆောင်းဦးမေပျိုကို မေမေရောကျမပါ သဘောကျတာကြောင့် `မေပျို´ဆိုတဲ့ နာမည်ပေးခဲ့တာပါ။ (ဆောင်းဦးလို့ ထည့်ချင်ပေမယ့် ကျမက နွေမှာမွေးတော့ ထည့်လို့ရ၀ူးလေ။ L) ဒီလို.. ဒီလို.. နဲ့ပဲ မိုးပြာရောင်အိပ်မက်လေး အကောင်အထည် ပေါ်လာတယ်ပေါ့လေ။

ကျမအပေါ်မှာ ရေးခဲ့တဲ့ နာမည်တွေအပြင် ကျမဆီကို ပုံမှန်လာဖတ်ပေးကြတဲ့ သူငယ်ချင်းများ၊ မအားလို့ တခါတရံမှ လာတဲ့ သူငယ်ချင်းများ၊ စီဘောက်စ်မှာ မအော်ပေမယ့် လာလည်သွားသူများ၊ ကွန့်မန့်ပေးသွားကြတဲ့၊ အကြံပေးကြတဲ့ မိတ်ဆွေများအားလုံးက ကျမရဲ့ဘလော့ဂ်ကို အသက်သွင်းပေးတဲ့ လူတွေပါပဲ။ ဒီတော့ အားလုံးကို အထူးအထူး ကျေးဇူးတင်ပါတယ်နော်။ ရေးရမယ့်နာမည်တွေက များလွန်းလို့ တစ်ယောက်ချင်းမရေးနိုင်တာကို နားလည်ကြပါနော်။ (လာလည်တိုင်း အမှားအယွင်းမရှိအောင် ပြောပြပေမယ့် ကျမက မပြင်တတ်တဲ့အတွက် နောက်ဆုံးadminပါယူပြီး ကူညီပေးတဲ့ ကိုရန်အောင်ကိုလည်း ကျေးဇူးနော်။) ဘလော့ဂ်လုပ်နေစဉ်အတွင်း စိတ်မချမ်းမြေ့မှုများကို မျှဝေခံစားပေးကြတဲ့ မဇင် ၊ သီသီကိုပီကေတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်တိုးအနေနဲ့ ကျမကို ကဗျာရေးနည်းသင်ပေးမယ်ဆိုတဲ့ ကိုကောင်းကင်နဲ့ ကိုမာန်လှိုင်းတို့ကိုလည်း ကျေးဇူးတင်တယ်နော်။ (ဟီးဟီး ကိုဆွေရေ ထည့်လိုက်ပြီနော်။ သူတို့ကိုက ဆရာလို့ ခေါ်ရမှာ။)

ဒီဘလော့ဂ်အပေါ် မေပျိုရဲ့ ခံစားချက်ကတော့ ဒီလိုပါ..။

အားလုံးကိုချစ်လို့ tagပါတယ်ဆိုတဲ့ ကိုပီကေ (သူ့လောဘက မသေးဘူးနော်။ အားလုံးကိုတောင် ချစ်ချင်သေးတယ်။ ) နဲ့ ချက်ဖြစ်တော့ သူကtagရခြင်း ရည်ရွယ်ချက်ကို ပြောပါတယ်။ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ရအောင်နဲ့ ဘလော့ဂ်အပေါ် အမြင်လေးကို သိစေချင်လို့ပါတဲ့။ ဒီတော့ သူ့ဆန္ဒလေး ပြည့်ဝအောင် ကူညီပေးလိုက်ရအောင်..။

ဘလော့ဂ်ရေးခြင်းက အနုပညာလို့ နတ်သမီးလေး မမွန်ကဖွဲ့ဆိုထားပါတယ်။ လင်းကတော့ ဘလော့ဂ်က သူ့အတွက် ချစ်သူအသစ်ပါတဲ့။ မအလွမ်းအိမ်ကတော့ ကလေးလေးနဲ့ တူပါသတဲ့။ ဒီတော့ ကျမလည်း အားကျမခံ ဘယ်လိုများ တင်စားရင်ကောင်းမလဲ တွေးမိပါတယ်။ ကိုယ့်ရဲ့ခံယူချက်တွေ၊ ရပ်တည်ချက်တွေကို တင်ပြခွင့်ရတော့ မှတ်စုစာအုပ်လို့ပဲ တင်စားရင်ကောင်းမလား။ ဒိုင်ယာရီလို့ပဲ တင်စားရမလား။ အမျိုးမျိုး စဉ်းစားလိုက်တာ နောက်ဆုံးတော့…။

ကမ္ဘာအသစ်တစ်ခုဆိုတဲ့ နာမည်လေးထွက်လာပါတယ်။ ကျမအတွက်တော့ ဘလော့ဂ်က ကမ္ဘာသစ်တစ်ခုပါပဲ။ ကမ္ဘာသူကမ္ဘာသားတွေကတော့ ကျမတို့ဘလော့ဂါမောင်နှမတွေနဲ့ ဘလော့ဂါမဟုတ်ပေမယ့် လာရောက်အားပေးသူတွေပါ။ ကိုယ်စီကိုယ်စီ သီးခြားအိမ်လေးတွေ ဆောက်ပြီး ပျော်ရွှင်စွာ နေကြတယ်ပေါ့။ သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူလည် ၊ သူ့မွေးနေ့သွားစား၊ ကိုယ့်မွေးနေ့ကျမေ့ထား.. အဲ ဟုတ်ပါဝူး ကိုယ့်မွေးနေ့ကျလည်း လက်ဆောင်ပြန်ယူတာပေါ့နော်။ အချင်းချင်းလည်း ကူညီရိုင်းပင်းမှုလေးတွေနဲ့ အလွန်ပဲချစ်စရာ ကောင်းလှပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာဆိုတဲ့အတိုင်း ကျူးကျော်ဝင်ရောက်တဲ့လူတွေ၊ နှောင့်ယှက်ဖျက်ဆီးမယ့်သူတွေလည်း များလှပါတယ်။ ဒီလူတွေကို ခုခံကာကွယ်ဖို့ တာဝန်ကတော့ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ ကမ္ဘာသူကမ္ဘာသားတွေရဲ့ တာဝန်ပါပဲ။ သူတို့တွေကို တိုက်ထုတ်ဖို့ ဆိုရင်တော့ အချင်းချင်းသွေးမကွဲဘဲ စည်းလုံးညီညွတ်ဖို့ ဆိုတာလည်း လိုအပ်ပါတယ်။ နောက်ပြီး တစ်ကမ္ဘာတည်းမှာ နေထိုင်သူအချင်းချင်း ဟန်ဆောင်မှုမပါဘဲ ပွင့်လင်းရိုးသားစွာ ဆက်ဆံကြဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ ကျမတို့ရဲ့ လှပတဲ့ကမ္ဘာကြီး မပြိုမပျက်ဘဲ ခိုင်မာတည်တံ့အောင် အတူတကွလက်တွဲပြီး ဆောက်ရွက်ကြရအောင်နော်။

ကဲ.. ကျမလျှာရှည်တာလည်း များသွားပါပြီ။ ဒီလောက်ဆို ရတယ် မဟုတ်လား ကိုပီကေ ဒီလောက်ရှည်လှတဲ့ ပို့စ်ကို ပြီးတဲ့အထိ စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့အတွက် ကျေးဇူးနော်။

ဆက်ဖတ်ရန်...

Tuesday, December 18, 2007

အိပ်မပျော်တဲ့ည

အိပ်မပျော်တဲ့ညမှာ
ကောင်းကင်ကို မော့ကြည့်လိုက်တော့
ကြယ်တွေကမစုံ
လမင်းကိုတိမ်ဖုံးပြီး
မှောင်မိုက်နေတယ်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
တိတ်ဆိတ်ငြိမ်သက်
ဆီမီးတစ်တိုင်တောင် ထွန်းညှိမထားဘဲ
ခွေးတွေရဲ့ဆွဲဆွဲငင်ငင်
အူသံနဲ့ ခြောက်ကပ်လို့။

လေပြေတစ်ချက်က
ညမွှေးပန်းရနံ့ကို သယ်ဆောင်ပေးပြီး
ပန်းပင်လေးတွေက
စည်းချက်ညီစွာ
ကခုန်လို့ပေါ့။

ဒီအချိန်ဆို
ငှက်ကလေးတွေ အိပ်တန်းတက်ပြီး
တနေ့တာရဲ့ပင်ပန်းခြင်းကို
ဖြေလျှော့နေရှာမယ်။

ကမ္ဘာရဲ့တစ်ဘက်ခြမ်းမှာ
သွက်လက်ဖျတ်လတ်နေကြပြီး
အခြားတစ်ဘက်ကတော့
အိပ်မောကျနေတယ်။

အိပ်မောကျနေရမယ့်
တစ်ဘက်ခြမ်းမှာ ရှိနေလျက်နဲ့
ငါ.. ဘာလို့များ
အိပ်မပျော်နိုင်ပါလိမ့်..။

အချစ်…အမုန်း
သံယောဇဉ်တွေကြားမှာ
ရုန်းမထွက်နိုင်အောင်များ
ပိတ်မိနေလို့လား..။

ဒါမှမဟုတ်..
ဆိတ်ငြိမ်တဲ့ညကိုပဲ
မသိစိတ်က
စွဲလန်းနေလို့လား..။

(ရတနာလေးက ကဗျာရေးပါ ကဗျာရေးပါနဲ့ အော်လွန်းလို့ ရေးပေးလိုက်တယ်နော်။ နဂိုကတည်းက သိပ်မရေးတတ်တာဆိုတော့ သည်းခံကြပါနော်)

ဆက်ဖတ်ရန်...

Monday, December 17, 2007

ကွဲကြေသွားတဲ့မနက်ဖြန်

ဒီပို့စ်က ကျမရဲ့၅၀မြောက် ပို့စ်လေးပါ။ ရေးနေကျ ပုံစံနဲ့မတူဘဲ ပုံစံတစ်မျိုးနဲ့ ရေးသားထားပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦးနော်။

***

`တီ … တီ… တီ…´

သိစိတ်ရဲ့ ဦးဆောင်မှုမပါဘဲ သူရဲ့လက်က ဖုန်းခလုတ်တွေကို အလိုလို နှိပ်မိရက်သား ဖြစ်နေသည်။ သိစိတ်ဝင်လာတော့ ဂဏန်းတွေက အကုန်နှိပ်ပြီးသား..။ ခေါ်ဖို့ခလုတ်တခုနှိပ်ရန်သာ ကျန်တော့၏။ နံပါတ်တွေကို ကြည့်လိုက်တာနဲ့ စဉ်းစားစရာတောင် မလိုဘဲ အလိုလို သိလိုက်သည်။ ဒါ.. သူသိပ်ချစ်လှတဲ့ သူမလေးရဲ့ဖုန်း..။ သိစိတ်နဲ့ ချုပ်ထိန်းရင်း ဖုန်းကိုပြန်ချလိုက်သည်။ သူနှင့်သူမကြားမှာ စွဲလန်းခြင်းဆိုတဲ့ တံတိုင်းကို ဖြိုချသင့်ခဲ့တာ ကြာပြီပဲ။ သတိရခြင်းဆိုတဲ့ ခံစားမှုမျိုးကို မေ့ထားသင့်နေပြီ..။

`ဟူးးး´

သူ သက်ပြင်းချပြီး အိပ်ရာပေါ်မှာ လှဲနေလိုက်သည်။ မျက်လုံးမှိတ်လိုက်တာနဲ့ သူမရဲ့ရုပ်သွင်က တဖြည်းဖြည်း ပေါ်လာသည်။ သူ ဘယ်လိုပဲ မောင်းထုတ် မောင်းထုတ် သူ့အာရုံထဲမှာရော သူ့နှလုံးသားထဲမှာပါ သူမက အချိန်ပြည့် နေရာယူထားသည်။ ခေါင်းကို ဆတ်ခနဲ တစ်ချက်ခါပြီး သူ့ကိုယ်သူ လက်ရှိဘ၀ထဲကို ဆွဲခေါ်လာခဲ့သည်။

ပြတင်းပေါက်ကို ကြည့်လိုက်တော့ ငှက်ကလေးနှစ်ကောင် တူတူပျံသန်းသွားတာ တွေ့လိုက်သည်။ သူတို့နှစ်ယောက်မှာ ဒီလိုတူတူ ပျံသန်းခွင့် မပြောနဲ့ ဘေးချင်းယှဉ်ပြီး ကြည်နူးစွာ လမ်းလျှောက်ခွင့်တောင် မရခဲ့ပါလား။ ဒီ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ကံကြမ္မာကိုလား။ ဖြစ်ချင်တာ ဖြစ်ခွင့်မရဘဲ မဖြစ်ချင်တာဘဲ ဖြစ်ဖြစ်နေတဲ့ လောကကြီးကိုလား။ ဒါမှမဟုတ်.. သူ့ကိုယ်သူလား။

တစ်အိမ်လုံးမှာလည်း တိတ်ဆိတ်နေသည်။ အေးချမ်းမှုကိုပဲ နှစ်သက်တတ်တဲ့ သူ..။ အခုကျတော့လည်း တိတ်ဆိတ်မှုက သူ့ကို ခြောက်လန့်နေသလိုလို..။ ငြီးငွေ့စရာကောင်းလှတဲ့ နေ့တွေကို ဖြတ်သန်းရတာလည်း များလှပြီ.။ ဒီရက်တွေမှာ သူ့အတွက် အဖော်က သံစဉ်လေးများ.. စာသားလေးများသာ..။ အခုလည်း သူမွန်းကျပ်လာပြီ..။ ဂစ်တာလေးကို ဆွဲယူလိုက်ပြီး မွန်းကျပ်သမျှကို ဖြေထုတ်လိုက်တော့မည်..။

အင်ထရိုတီးရင်းနဲ့ပင် ဆိုချင်တဲ့ သီချင်းစာသားကို စဉ်းစားနေသည်။ ခေါင်းထဲမှာလည်း ဗလာနတ္ထိ..။ လက်ကသာ အဆက်မပြတ် တီးနေသည်။ သီချင်းတွေက တောင်ရောက်မြောက်ရောက်..။ နောက်တော့မှ စိတ်ကဦးဆောင်သွားပုံ ရသည်။ သီချင်းတစ်ပုဒ်ဆီကို ဆွဲခေါ်သွားသည်..။

` မိုက်ကရိုဖုန်းကို ရှေ့ချပြီး သီချင်းဆိုဖို့ ကြိုးစားရင်း အနာဂတ်ကို လှမ်းကြည့်လိုက်တယ်… ခံစားချက်တွေ ရေးထားတဲ့ ငါ့ရဲ့စာသားတွေကြားမှာ ကိုယ်တိုင်ပျောက်ဆုံးသွားပြီလား… ဘေးမှာ အဖော်ရှိသေးရဲ့လား….

အခြံအရံ နတ်သမီးတို့များစွာ… ပူလောင်နေတဲ့ ငါ့ရဲ့ဘေးမှာ အတူတူထိုင်ကာ လေချင်းတိုးသံ ကိုယ့်ရဲ့အကြောင်းတွေလား… ငါဟာ ဘယ်သူလဲ မသိပါ.. တူတူ ပျော်နေတဲ့ ဒီညမှာ အခြံအရံတွေ နံဘေးခြံရံထား ငါဟာပေါ့ပေါ့လေးပါလား.. …. ´

ဆိုရင်းနဲ့ အသံက တိမ်ဝင်လာသည်။ ငါ့ရဲ့ အနာဂတ်ကရော..။ ငါ့ရဲ့မနက်ဖြန်တွေကရော..။ လူတိုင်းက မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာတဲ့..။ ငါ့အတွက်တော့ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းခဲ့တာ ဘယ်လောက်တောင်မှ ကြာနေပြီလဲ…။ အနာဂတ်ဆိုတဲ့ ငနဲကလည်း ငါ့ကိုများ ရှောင်ပြေးနေတာလား..။ စိန်ခေါ်လို့ ရစတမ်းဆိုရင် ဘ၀ဆိုတဲ့ ကြိုးဝိုင်းထဲမှာ မျှော်လင့်ချက်ဆိုတဲ့ ကောင်နဲ့ လက်သီးချင်း ယှဉ်ထိုးချင်စမ်းပါရဲ့..။ လုံးဝပြန်မထနိုင်အောင် အလဲထိုးချင်စမ်းပါရဲ့..။

` ..လွမ်းတယ် ကောင်မလေးရယ် .. ´

ငါ့ရဲ့အလွမ်းကို မင်းသိနိုင်ပါ့မလား..။ ငါမှာ နှလုံးသားမရှိဘူးလို့များ ထင်နေလား..။ ချစ်တယ် ဆိုတာလေးတောင် မပြောရဲတဲ့ သရဲဘောကြောင်တဲ့ကောင်လို့ မင်းယူဆမှာလား..။ ဒါမှမဟုတ်.. အလေးအနက် မထားသူ၊ အပျော်ကြံသူလို့များ ထင်ရက်သလား..။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့လေးနက်မှုကို ငါကိုယ်တိုင်တောင် သြချရပါရဲ့..။ မင်းခြေဖ၀ါးနဲ့ နင်းခဲ့တဲ့ လမ်းလေးတွေကိုတောင် မင်းခြေရာတွေ ပျက်မှာစိုးလို့ မလျှောက်ဝံ့တဲ့ကောင်က ငါပါ..။ မင်းချစ်တဲ့ ခရေပန်းလေးတွေကို တက်နင်းမိမှာစိုးလို့ ခရေပင်အောက်ကိုတောင် ဖြတ်မလျှောက်ရက်တဲ့ကောင်က ငါပါ။ ဒါကို မင်းနားလည်မှာလား နားလည်နိုင်ရဲ့လား..။

ရင်ထဲမှာ စူးခနဲ တချက်အောင့်လာသည်..။ ဒါ သူခံစားရမယ့် ဝေဒနာပဲ..။ လာစမ်းကွာ..။ ခံစားရစမ်းပါစေ။ နာကျင်ခြင်းဆိုတဲ့ မင်းကပဲ ငါ့ကို နိုင်မလား..။ ခေါင်းမာတတ်တဲ့ ငါကပဲ မင်းကိုနိုင်မလား..။ ကြည့်ကြသေးတာပေါ့ကွာ..။

` အဟွတ် .. အဟွတ်´

ရင်ခေါင်းထဲမှလာသော ကျပ်တပ်တပ် ခံစားချက်တချို့ကို ကြိတ်မှိတ် မျိုသိပ်ထားသည့်တိုင် မခံမရပ်နိုင်အောင် ဖြစ်ကာ သူချောင်းတချက်ဟန့်လိုက်သည်။ ခံစားနေကျဖြစ်သော ညှီစို့စို့ အနံ့ အသက် တခုနှင့်အတူ ပါးစပ်နှင့် အပြည့်ဖြစ်လာသော အရည်တချို့ကို ထွေးခံယူပြီး ထွေးထည့်လိုက်သည်။ မကြည့်ပေမယ့် သိနေနှင့်သော ထိုအရာများကို ခါးသီးသော ခံစားချက်တချို့နှင့် သူကြည့်ဖြစ်လိုက်သေးသည်။ သွေးတွေ....။ ဟုတ်သည်။ သူ့ကိုယ်ထဲမှ လောလောလတ်လတ် ထွက်ကျလာသောသွေးတွေ.။

` …ဟားဟား.. ငါ့သွေး ဘယ်လောက်ရဲသလဲ ဆိုတာ မင်းတို့ မြင်ကြပြီ မဟုတ်လား။ ဟားဟား..´

သူတစ်ယောက်တည်း ခြောက်ကပ်စွာ အော်ရီနေမိသည်။ လောကကြီးက သူ့အတွက် တရားရဲ့လား..။ ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့၊ ရှေ့မှာ တက်လမ်းတွေ အများကြီးရှိတဲ့ သူ့ဘ၀ကို မနာလိုစွာ မုန်းတီးစွာ စုတ်ပြတ်သပ်သွားအောင် ဖျက်စီးရက်သည်..။ ချစ်ရတဲ့ သူမကို စတွေ့ပြီး မကြာခင်မှာဘဲ သတင်းဆိုးကြီးတစ်ခုက သူ့ဘ၀ကို ရစရာမရှိအောင် ပြောင်းလဲခဲ့သည်။ အဆုတ် ကင်ဆာတဲ့..။ ဘယ်ကအခြေပြုလို့ ဘယ်လိုပြန့်ပွားမှန်းမသိနိုင်သေးသည့် အဲဒီ ကင်ဆာပိုးဆိုတာတွေက သူ့သွေးထဲကတဆင့် သူ၏အဆုတ်အပါအ၀င် သူ့ခန္ဓာကိုယ် အနှံ့အပြားသို့ ခရီးနှင်နေလေပြီ။ ရင်တွင်းခံစားချက် ပြင်းထန်တတ်သူမို့ အငိုအရယ်တွေနဲ့ပဲ အက်ကြောင်းထပ်လွန်းတတ်တဲ့ ကိုရီးယားကားတွေတောင် မကြည့်ခဲ့တဲ့..သူ..။ အခုတော့လည်း အဲဒီ့ရုပ်ရှင်တွေထဲက ဇာတ်ဆောင်တွေလို အတိအကျမဟုတ်သည့်တိုင် ဇာတ်သိမ်းဆင်ဆင်တူနေသော ရောဂါဆိုကို သူကိုယ်တိုင် ခံစားနေခဲ့ရပြီလေ..။ အေးပေါ့လေ .. ထူးမှ မထူးခြားဘဲ..။ သူတို့က ရုပ်ရှင်မှာ သရုပ်ဆောင်နေသလို ငါကလည်း ဘ၀ဇာတ်ခုံပေါ်က လူသားပေပဲ..။

သွားတော့ ကောင်မလေးရေ .. မင်းသွားလိုက်တော့.. ငါဟာ ချစ်ရတဲ့သူကိုတောင် ချစ်ပါတယ်လို့ ပြောခွင့်မရှိတဲ့ ကျိန်စာသင့်နေတဲ့ ခပ်ကြောင်ကြောင် လူတစ်ယောက်ပါပဲ..။ ငါ့မှာပြောခွင့်များ ရမယ်ဆိုရင်လေ ငါ့မနက်ဖြန်တွေကို ငါသာပိုင်မယ်ဆိုရင်လေ တစ်ကမ္ဘာလုံး ကြားရအောင် ငါအော်ပြောလိုက် ချင်သေးတယ်..။

မင်းကို သိပ်ချစ်တယ်လို့လေ..

(ဒီပို့စ်မှာ ၀တ္ထုတိုတစ်ပုဒ် အနေဖြင့်သာ ရေးသားထားခြင်း ဖြစ်သည့်အတွက် ဆေးပညာရှုထောင့်မှ ကြည့်လျှင် မှားယွင်းခဲ့သော် ခွင့်လွှတ်ပါရန်)

ဆက်ဖတ်ရန်...

Saturday, December 15, 2007

ကျမနှင့်ခေါင်းကိုက်ခြင်း...

ကျမခေါင်းကိုက်နေတာလည်း ကြာပါပြီ…။ ခေါင်းကိုက်တာရဲ့အစကတော့ အင်တာနက် အလွန်အကျွံ သုံးစွဲခြင်းလို့ ပြောရမယ်ထင်တယ်…။ ကျောင်းပိတ်ပြီ ဆိုကတည်းက သုံးလိုက်တဲ့ အင်တာနက်က နေ့နေ့ညညပဲ…။ မျက်လုံးနှစ်လုံး ပွင့်ကတည်းက ကွန်ပျူတာရှေ့ရောက်လိုက်တဲ့ အရောက်က မျက်လုံးနှစ်လုံးပိတ်လို့ အိပ်ရာဝင်တဲ့အထိပါပဲ…။ ကျောင်းစပိတ်ပိတ်ချင်းတုန်းကတော့ မသိသာပေမယ့် ပိတ်တာကြာလာလေလေ တဖြည်းဖြည်းနဲ့ သိသာလာလေလေပါပဲ…။ ဇက်ကြောပဲ တက်သလိုလို ညောင်းသလိုလိုနဲ့ပေါ့..။ ကိုယ့်ကိုယ်ကိုလည်း ရိပ်မိပေမယ့် ဘလော့ဂ်က စွဲနေတော့ သိသိရက်နဲ့ မိုက်တယ်လို့ပဲ ပြောရမယ်ထင်တယ်…။

ဒီလိုနဲ့ မသိမသာ ဆိုးရွားလာတဲ့ အခြေအနေကို သိသာအောင် ထပ်ဖြည့်ပေးလိုက်တာကတော့ ခေါင်းလျှော်ခြင်းပါပဲ…။ ခေါင်းလျှော်တာနဲ့ ခေါင်းကိုက်တာ ဘာမှမဆိုင်ဘူးလို့ မတွေးနဲ့ဦးနော်..။ ကျမရဲ့အကျင့်ကိုက တစ်မျိုး..။ ကျမက ဆိုင်တွေမှာ ခေါင်းလျှော်လေ့မရှိပါဘူး..။ ကိုယ့်ဘာသာပဲ လျှော်တာပါ..။ သူတို့လျှော်တာခံရတာကိုက စိတ်ထဲမှာတစ်မျိုးကြီးပဲ..။ ဟိုတစ်နေ့ကတော့ အေးကလည်းအေး၊ ကိုယ့်ဘာသာလျှော်ရမှာလည်း ပျင်းကပျင်းနဲ့ ဒီကြားထဲ အမတစ်ယောက်ကလည်း ခေါင်းသွားလျှော်ရအောင်လို့ အဖော်စပ်တာကြောင့် ကျမလည်း မလိုက်ချင်လိုက်ချင်နဲ့ လိုက်သွားပါတယ်..။ အဲဒီ့ဆိုင်က လျှော်တာလည်း မဆိုးပါဘူး..။ လျှော်တဲ့အပြင် သူတို့က ခေါင်းကိုပါ နှိပ်ပေးသေးတယ်..။ အဲဒီ့မှာ ပြဿနာတက်တော့တာပဲ..။ ကျမက ကျမခေါင်းကို နှိပ်ရင် မကြိုက်ပါဘူး..။ ခံလည်းမခံနိုင်ပါဘူး..။ သူတို့ကို မနှိပ်နဲ့လို့ ပြောရမှာလည်း အားနာတာနဲ့ ဘာမှမပြောဘဲ ဒီအတိုင်းငြိမ်ခံခဲ့တာလေ..။ အိမ်လည်းရောက်ရော ခေါင်းကိုက်ခြင်းဝေဒနာက တော်တော်လေးဆိုးဝါးနေပါပြီ..။ ဒီလိုနဲ့ ဘလော့ဂ်လည်း မရေးနိုင်တော့ဘဲ ဆေးသောက်ပြီး စောစောပဲ အိပ်လိုက်ပါတယ်..။

မနက်မိုးလင်းလာတော့ ပထမဆုံးခေါင်းထဲဝင်လာတာက မောင်လေးမွေးနေ့ဆိုတာပဲ..။ ဒါနဲ့ အပြေးအလွှား အိပ်ရာကထပြီး သူ့ကိုမွေးနေ့ဆုတောင်း ပေးရတာပေါ့..။ ကျမဆုတောင်းပေးလို့ မကြာခင်မှာဘဲ သူကတော့ ကျူရှင်တက်မယ်ဆိုပြီး ထွက်သွားလေရဲ့..။ ညကဆေးသောက်ထားတော့ ကျမရဲ့ခေါင်းကိုက်ခြင်းက အတော်အတန် သက်သာနေပါပြီ..။ ဒီလိုနဲ့ ကျူရှင်ကစာတွေ ကျက်ရုံရှိသေးတယ်..။ မဇင်က မောင်လေးအတွက် မွေးနေ့လက်ဆောင် သွားဝယ်မလို့ မေမေနဲ့အတူ လိုက်ခဲ့ပါတဲ့..။ စာကျက်နေတာကိုချပြီး ကျမလည်း လိုက်ခဲ့ရတာပေါ့..။

မွေးနေ့လက်ဆောင် ၀ယ်မယ်ဆိုပြီး သွားလိုက်တာ စင်တာတွေကလည်း တခုပြီးတခု..။ အကြိုက်မတွေ့လိုက် နောက်တစ်ခု ထပ်သွားလိုက်နဲ့…။ shopping ထွက်သလို ဖြစ်နေတာပေါ့..။ အဲဒီ့မှာပဲ ကျမရဲ့အကျင့်တစ်ခုကို ထပ်ပြောရဦးမယ်..။ ကျမက မိန်းကလေးပေမယ့် shoppingထွက်ရတာ လုံး၀၀ါသနာ မပါပါဘူး..။ ရွေးလည်းမရွေးတတ်တဲ့အပြင် ဆစ်လည်းမဆစ်တတ်ပါဘူး..။ (ဆစ်လိုက်ရင် ကျမကို ပြန်အော်မှာ ကြောက်လို့ပါ။ :P) ကျမအတွက်ဆို မေမေကပဲ ၀ယ်ပေးလေ့ရှိတာပါ..။ အဲဒီ့နေ့ကတော့ သူတို့နဲ့အတူ လျှောက်လိုက်လိုက်တာ ခေါင်းကိုချာလပတ်ရမ်းသွားတာပဲ..။ အ၀တ်အစားတွေကို ကြည့်ရ..။ ဖိနပ်တွေကြည့်ရနဲ့..။ မျက်လုံးထဲမှာတောင် အ၀တ်အစားတွေ ဖိနပ်တွေနဲ့ ပြည့်နေသလိုပဲ..။

ဒီလိုနဲ့ အိမ်ပြန်ရောက်တယ် ဆိုပါတော့..။ အိမ်လည်းရောက်ရော ခေါင်းကဘယ်လိုမှကို မထောင်နိုင်တော့ဘူး..။ မျက်လုံးတွေလည်း ကိုက်လာပြီး မျက်လုံးဖွင့်ထားရမှာတောင် ပင်ပန်းနေပါတယ်..။ ဒါနဲ့ ကျမလည်း မျက်စိမှိတ်ထားလိုက်ရတာပေါ့..။ မျက်စိသာမှိတ်ထားတယ်..။ ခေါင်းကတအားကိုက်နေတော့ အိပ်မပျော်ပြန်ဘူး..။ စာဖတ်နေလို့လည်း မရနဲ့ တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်..။ ညနေကျတော့လည်း ကျမက ကျူရှင်အသစ် တက်ရဦးမယ်လေ..။ ကျမမှေးခနဲ အိပ်ပျော်သွားတုန်း ရှိသေးတယ်..။ ကျမသူငယ်ချင်းတွေက ရောက်လာပါရော..။ နာရီကြည့်လိုက်တော့ ကျမတို့ကျူရှင် အချိန်နဲ့ နီးနေပြီလေ..။ ကျမလည်း ရေမိုးချိုးပြီး ကျူရှင်သွားရတာပေါ့..။

ပထမဆုံးနေ့ဆိုတော့ မဇင်က လိုက်ပို့ပါတယ်..။ ကျူရှင်အိမ်ကို ကျမမှမမှတ်မိတာကို..။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အဲဒီ့ကျူရှင်နေရာကို ရောက်ဖူးပေမယ့် မမှတ်မိတာကတော့ မှတ်ဥာဏ်မကောင်းတဲ့ ကျမရဲ့ညံ့ချက်ပေါ့လေ..။ ၅၂လမ်းဆိုတာသာ သိတယ်..။ အောက်လမ်းလား.. အထက်လမ်းလားဆိုတာ ကျမကသိကိုမသိတာ..။ အဲဒါနဲ့ပဲ အဲဒီ့နားမှာ လည်နေပြီးတော့ နောက်ဆုံးမှပဲ ကျူရှင်အိမ်ကို ရောက်တော့တယ်..။ ရောက်ရောက်ချင်းတုန်းကတော့ တစ်ယောက်စ နှစ်ယောက်စပဲ..။ နောက်တော့ ဟိုဘက်ကရောက်လာလိုက် ဒီဘက်က ရောက်လာလိုက်နဲ့ ကျူရှင်လည်း တက်ရော လူက ၁၀၀ကျော်ကျော်လောက် ရှိနေပြီ..။ နဂိုကတည်းက ခေါင်းကိုက်နေတဲ့ ကျမကတော့ ပြောစရာကို မလိုတော့ဘူး..။ (ကျမက လူတွေများရင် မနေတတ်တဲ့အကျင့်က ရှိသေးတယ်။) လူတွေကြားထဲမှာ မူးလဲမကျသွားတာတောင် တော်တော်ကံကောင်းတယ်..။ ဆရာမသာ သင်နေတယ်..။ ကျမက ခေါင်းတအား ကိုက်နေတော့ ဘာမှကို မသိလိုက်ဘူး..။ ကျူရှင်ဆင်းတော့ ဖေဖေက လာကြိုပြီး အိမ်ပြန်ရောက်လာပါတယ်..။ အဲဒီ့အချိန်အထိလည်း…

ကျမ ခေါင်းကိုက်နေတုန်းပဲ..။

(ကျမခေါင်းကိုက်တာကို သတင်းလာမေးတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်နော်။)

ဆက်ဖတ်ရန်...

Wednesday, December 12, 2007

သိုင်းရိုက်ဟော်မုန်းများခြင်းနှင့်ဆေးပညာ

ကျန်းမာသုတဆိုတဲ့ ခေါင်းစဉ်နဲ့ ကျမစာမရေးဖြစ်တာ ကြာပါပြီ။ အခုတော့ ရေးချင်စိတ်ပေါက်တာနဲ့ ရေးမယ်နော်။ သိုင်းရိုက်ဟော်မုန်း နည်းခြင်း၊များခြင်းက လည်ပင်းကြီးရောဂါကို ဖြစ်စေပါတယ်။ ဒီနေ့တော့ သိုင်းရိုက်ဟော်မုန်း များခြင်းကြောင့် လည်ပင်းကြီးရောဂါဖြစ်ခြင်းကို ပြောပြချင်ပါတယ်။

သိုင်းရိုက်ဟော်မုန်းများခြင်းဆိုတာ

ကျန်းမာသောလူများတွင် သိုင်းရိုက်ဂလင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သက်ရောက်မှုများပေးသည့် T4နှင့်T3 ဟော်မုန်းနှစ်မျိုးကို မှန်ကန်သောပမာဏ ပေးသည်။ ဒီဟော်မုန်းနှစ်မျိုးက ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါသည်။ နှလုံးအပါအ၀င် အခြားကိုယ်တွင်းကလီစာတွေကိုလည်း ထိန်းချုပ်ပေးပါသေးသည်။ သိုင်းရိုက်ဟော်မုန်းများခြင်း ဆိုသည်မှာ သိုင်းရိုက်ဂလင်းမှ ဟော်မုန်းများ လွန်ကဲစွာ ထုတ်လုပ်ခြင်းဖြစ်ပါသည်။

သိုင်းရိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေအပေါ် သက်ရောက်မှုလွန်ကဲလာသောအခါ သိုင်းရိုက်ဟော်မုန်းများခြင်းဟူသော အခြေအနေဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု များပြားလာသည်နဲ့အမျှ လူနာသည် ပတ်ဝန်းကျင်မှာရှိသော လူများထက် ပိုပူသည်ဟု ခံစားနေရတတ်ပြီး များများစားသော်လည်း ကိုယ်အလေးချိန်က တဖြည်းဖြည်းနဲ့ ကျလာတတ်ပါတယ်။ လူနာရဲ့ စားချင်စိတ်များမှုကြောင့် အလေးချိန်ကလည်း တက်တတ်သဖြင့် အလေးချိန် တက်ခြင်း၊ကျခြင်းကိုတော့ ပုံသေပြောလို့ မရနိုင်ပါ။ သိုင်းရိုက်ဟော်မုန်းများနေတဲ့ လူနာတွေက တနေ့တာကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အရမ်းပင်ပန်းတတ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်တတ်ပါဘူး။ လက်တုန်ခြင်း၊ နှလုံးခုန် မူမမှန်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထိုလူနာတွေက စိတ်အလိုမကျဖြစ်တတ်ပြီး အလွယ်တကူလည်း ၀မ်းနည်းတတ်ပါသည်။ ရောဂါပိုမိုပြင်းထန်လာပါက အသက်ရှူနှုန်းမြန်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း နှင့် ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့်အတွက် လူနာသည် ရောဂါပြင်းထန်လာမှသာ သတိပြုမိတတ်ကြပါသည်။ သက်ကြီးရွယ်အိုတွေမှာဆိုလျှင် လက္ခဏာများ ပြလေ့မရှိဘဲ ကိုယ်အလေးချိန်ကျခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကိုသာ ခံစားရတတ်ပါသည်။

သိုင်းရိုက်ဟော်မုန်းများခြင်း၏လက္ခဏာများ

  • ရင်တုန်ခြင်း
  • အပူဒဏ်မခံနိုင်ခြင်း
  • စိုးရိမ်မှုလွန်ကဲခြင်း
  • အိပ်မပျော်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဓမ္မတာနည်းခြင်းနှင့်ထိန်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • မကြာခဏ၀မ်းသွားခြင်း
  • နှလုံးခုန်မြန်ခြင်း
  • လက်တုန်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ကြွက်သားအားနည်းခြင်း
  • အရေပြားပူ၍စွတ်စိုခြင်း
  • ဆံပင်ကျွတ်ခြင်း
  • မျက်လုံးပြူးခြင်း
အဖြစ်များသောကေ့စ်

သိုင်းရိုက်ဟော်မုန်းကို များစေသော အဓိကအချက်ကတော့ ဂရေ့ရောဂါ (Graves disease) ပဲဖြစ်ပါသည်။ ရောဂါကို ပထမဆုံးတွေ့ရှိသော အိုင်းရစ်လူမျိုး ဆရာဝန်ရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဂရေ့ရောဂါကို သိုင်းရိုက်ဂလင်းကြီးခြင်း (လည်ပင်းကြီးခြင်း)ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဂရေ့ရောဂါသည် autoimmune ရောဂါတစ်မျိုးဖြစ်ပါသည်။ လူနာရဲ့immune systemက ၄င်းရဲ့သိုင်းရိုက်ဂလင်းကို ခုခံသောကြောင့် ဖြစ်ပေါ်လာရပါသည်။ ဂရေ့ရောဂါတွင် ထင်ရှားတဲ့အပိုင်း၃ပိုင်း ရှိပါသည်။

1. သိုင်းရိုက်ဂလင်း သာမန်ထက် ပိုမိုအလုပ်လုပ်ခြင်း

2. မျက်လုံးနားတ၀ိုက်ရှိ တစ်သျှူးများ ယောင်ရမ်းခြင်း

3. ခြေထောက်မှာရှိသော အရေပြားများ ထူလာခြင်း တို့ဖြစ်ပါသည်။

ဂရေ့ရောဂါနဲ့ လူနာအများစုမှာတော့ သိသာထင်ရှားတဲ့ မျက်လုံးယောင်ခြင်းတွေ မပါဝင်ပါဘူး။ သူတို့မျက်လုံးတွေက အလိုမကျတဲ့ အသွင်ရှိနေတတ်ခြင်း သို့မဟုတ် တစုံတခုကို စူးစိုက်ကြည့်နေတဲ့ အသွင်ရှိတတ်ပါသည်။ ဂရေ့ရောဂါဖြစ်နေတဲ့ လူ၂၀တွင် တစ်ယောက်နှုန်းသာ ပိုမိုဆိုးဝါးတဲ့ မျက်စိပြဿနာကို ခံစားရပါသည်။ ၄င်းတို့မှာ မျက်လုံးများဖောင်းခြင်း၊ ပြင်းထန်စွာ ယောင်ယမ်းခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့ ဖြစ်ပါသည်။ ဒီပြင်းထန်တဲ့ ပြဿနာတွေကို မသိရှိ၍ မကုသနိုင်ပါက မျက်စိကို ထိခိုက်နိုင်ပြီး မျက်လုံးကွယ်တဲ့အထိ ဖြစ်နိုင်ပါသည်။ သိုင်းရိုက်ဟော်မုန်းများခြင်းကို ထိန်းချုပ်နိုင်သည့်အခါ မျက်စိ၏ပြဿနာလေးတွေလည်း ဖြည်းဖြည်းချင်း အဆင်ပြေသွားပါလိမ့်မည်။

ဂရေ့ရောဂါ၏လက္ခဏာများ

  • ဂရေ့ရောဂါက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပို၍အဖြစ်များပါသည်။ (ရာခိုင်နှုန်းကတော့ 8:1 ပါ။)
  • ဂရေ့ရောဂါတွင် သိုင်းရိုက်ဂလင်းသည် အလွန်အမင်း သို့မဟုတ် အနည်းငယ် ကြီးတတ်သောကြောင့် ၄င်းကို လည်ပင်းကြီးရောဂါလို့လည်း ခေါ်တတ်ကြပါသည်။
  • အသက် ၃၀ နှင့် ၄၀ ၀န်းကျင်တွင် ဂရေ့ရောဂါ ဖြစ်ပွားနှုန်း များတတ်ပြီး အသက်၅၀ကျော်လျှင်တော့ ဖြစ်ပွားနှုန်းနည်းပါသည်။
  • ဂရေ့ရောဂါက မျိုးရိုးလိုက်တတ်ပါသည်။
အဖြစ်နည်းသောကေ့စ်များ

-သိုင်းရိုက်ဂလင်းတွင် သေးငယ်သော အဖုအကြိတ်ထွက်ခြင်း
-သိုင်းရိုက်ဂလင်းယောင်ခြင်းကြောင့် သိုင်းရိုက်ဟော်မုန်း လွန်ကဲစွာထွက်ခြင်း
-ပုံစံမျိုးစုံနဲ့ ရနိုင်သော သိုင်းရိုက်ဟော်မုန်း ပါဝင်သည့်ဆေးများကို သောက်သုံးခြင်း

(ကျမက ဒုတိယနှစ်ကျောင်းသူ အဆင့်ပဲ ရှိသေးသည့်အတွက် တခုခုလွဲမှားခဲ့သော် ခွင့်လွှတ်ကြပါရန်။)

ဆက်ဖတ်ရန်...

Monday, December 10, 2007

ကျမကြိုက်သောရုပ်ရှင်များ

မနှင်းဆီက ရုပ်ရှင်အကြောင်း တက်ထားတာလည်း ကြာပါပြီ။ ကျမကိုယ်တိုင်က ကျောင်းလေးပိတ်တုန်း အင်တာနက်ကို မိုးလင်းကမိုးချုပ် သုံးနေခဲ့တာဆိုတော့ ရုပ်ရှင်ကြည့်ဖို့ အချိန်ကို မရောက်ပါဘူး။ မနှင်းဆီကို တောင်းပန်လိုက်၊ အချိန်ဆွဲလိုက်နဲ့ ရက်တွေက ရွေ့လျားနေကြပါတယ်။ ဒီလိုနဲ့ပဲ အကြွေးက မကြေနိုင်ဘူး ဖြစ်နေတယ်။ ဒီနေ့တော့ အကြွေးကို မရမကဆပ်ပါတော့မယ်။ နောက်ကျသွားတဲ့အတွက် ဆောရီးပါ မနှင်းဆီရေ… :P

အမtagတုန်းကတော့ စိတ်နှင့်ကြည့်သင့်သော ရုပ်ရှင်ကားများတဲ့။ ကျမကတော့ ရုပ်ရှင်ကြည့်သက် ကလည်း မကြာသေးတော့ စိတ်နှင့်ကြည့်သင့်လား မကြည့်သင့်လားဆိုတာ သေသေချာချာ မခွဲခြားတတ်ပါဘူး။ ဒါကြောင့် ကျမနှစ်သက်သော ရုပ်ရှင်ကားများလို့ပဲ ခေါင်းစဉ်တပ်ပါရစေနော်။ ကျမအကြိုက်ကိုသာ ပြောပြထားခြင်း ဖြစ်တဲ့အတွက် စာဖတ်သူတိုင်းကလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ :P

ပထမဆုံး ပြောပြချင်တာကတော့ Runaway Bride လို့ အမည်ရပါတယ်။ cover ပုံလေးကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။ ဒရမ်မာကားလေးပါပဲ။ Julia Robert နဲ့ Richard Gere က အဓိက သရုပ်ဆောင်တွေ အဖြစ် သရုပ်ဆောင်ထားတာပါ။ ကြည့်ပြီးတဲ့သူတွေလည်း ရှိမှာပါ။



ဇာတ်လမ်းကတော့ နာမည်လေးလိုပါပဲ။ ထွက်ပြေးနေတဲ့ သတိုးသမီးလေးပေါ့။ မင်းသမီးက လက်ထပ်ပွဲတွေကို ကြောက်ရွံ့တဲ့ ဆိုက်ကိုလေး ရှိနေတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ ချစ်သူတစ်ယောက်ရလိုက် လက်ထပ်မယ်လို့ ကတိပေးလိုက်နဲ့ တကယ်လည်း လက်ထပ်ပွဲလည်း ရောက်ရော တစ်နည်းမဟုတ်တစ်နည်းနဲ့ ထွက်ပြေးတော့တာပါပဲ။ ဒီလိုနဲ့ ချစ်သူသုံးယောက်နဲ့ မင်္ဂလာပွဲပျက်ပြီးတဲ့နောက်မှာတော့ မင်းသားနဲ့တွေ့တော့တာပါပဲ။ မင်းသားကတော့ တစ်ခါမှ လက်မထပ်ဖူးတဲ့ လူပျိုကြီးပါ။ သူတို့နှစ်ယောက် မြို့လေးတစ်မြို့မှာ တွေ့ပြီးချစ်မြတ်နိုးကြတာပါ။ ဒီလိုနဲ့ မင်္ဂလာပွဲလည်း ရောက်ရော ကောင်မလေးက အတတ်နိုင်ဆုံး ထိန်းချုပ်ပေမယ့် ကင်မရာနဲ့ ဓာတ်ပုံရိုက်လိုက်တဲ့ အခါမှာတော့ ဘယ်လိုမှ မထိန်းချုပ်နိုင်ဘဲ ကုန်ကားကြီးပေါ်တက်ပြီး ထွက်ပြေးသွားပါရော။ အဲဒီ့မှာ မင်းသားလည်းဆွေးပြီး ကောင်မလေးကလည်း ထွက်သာပြေးလာရတယ်။ မပျော်နိုင်ရှာပါဘူး။ နောက်ဆုံး ကောင်မလေးလည်း ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး မင်းသားဆီသွားပြီး သူကိုယ်တိုင် လက်ထက်ခွင့်တောင်းတော့တာပါပဲ။

အချစ်ဇာတ်မြူးကားလေးလို့ ပြောလို့ရမယ် ထင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီပါတယ်။ ချစ်ခြင်းမေတ္တာ သန့်သန့်လေးကိုပဲ ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းလေးထဲမှာ ကျမအနှစ်သက်ဆုံးကတော့ မင်းသမီးက မင်းသားကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ပြောလိုက်တဲ့စကားလေးပါပဲ။ အဲဒါကတော့ `ကျမတို့ဘ၀ကို ရင်ဆိုင်ရတဲ့အခါ အခက်အခဲဆိုလာ ရှိလာမှာပဲ။ အဲဒီ့အခက်အခဲကို ကျမတို့နှစ်ယောက်လုံး ဒါမှမဟုတ် တစ်ယောက်ယောက်က ရုန်းထွက်ချင်လာပါလိမ့်မယ်။ ဒါပေမယ့် အခုကျမဒီစကားကို မပြောပြရရင်တော့ တစ်သက်လုံး နောင်တရနေတော့မှာပါတဲ့´ တော်တော်လေးကို ကောင်းတဲ့စကားလေးနော်။ အပျိုကြီးမမတွေကို ဒီစကားလေး လက်ဆောင်ပေးပါရစေ။ :P

နောက်တစ်ခုကတော့ ဂျပန်နဲ့ကိုရီးယား ဖက်စပ်ရိုက်ကူးထားတာပါ။ နာမည်လေးက Friends တဲ့။ ကိုရီးယားမင်းသား Won Bin နဲ့ ဂျပန်မင်းသမီးလေး Kyoko Fukada တို့ တွဲဖက်သရုပ်ဆောင်ထားတာပါ။ လူငယ်ကြိုက် ဒရမ်မာကားလေးပါပဲ။



ဇာတ်လမ်းကတော့ ဒါရိုက်တာဖြစ်ချင်တဲ့ ကောင်လေးနဲ့ ဒီဇိုင်နာဖြစ်ချင်တဲ့ ကောင်မလေးတို့ အလည်လာကြရင်းနဲ့ ဆုံတွေ့ကြတာပါ။ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်နေတဲ့ ကောင်မလေးနဲ့ ပြေးနေတဲ့ပုံကို ရိုက်ချင်တဲ့ ကောင်လေးတို့ အမှတ်တမဲ့တွေ့ရာက အမှတ်တရဖြစ်မိသွားတဲ့ ဇာတ်လမ်းလေးပါ။ ကိုးရီးယားနဲ့ဂျပန်ဆိုတော့ နှစ်ဘက်လုံးကလည်း သဘောမတူခဲ့ကြပေမယ့် ခိုင်မာတဲ့ချစ်ခြင်းမေတ္တာကြောင့် ရည်ရွယ်ချက်တွေ အောင်မြင်ပြီး ချစ်သူနှစ်ဦး ပေါင်းဖက်ရတဲ့ ဇာတ်ကားလေးပါ။ အလုပ်အားလပ်ရက်တို့မှာ အေးအေးဆေးဆေးလေး ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲ။

ဒီကားလေးကတော့ ကျမသဘောကျတဲ့ မင်းသမီးလေး Nichole Kidman ရဲ့ဇာတ်ကားလေးပါ။ နာမည်လေးက The Stepford wives တဲ့။ မင်းသားကတော့ Mathew Brodrick ပါ။ မြို့လေးတစ်မြို့မှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်လေးပါ။ ကဇနီးမယားတို့ရဲ့ အကြောင်းကို တင်ပြထားတာပါ။


ဇာတ်လမ်းကတော့ လင်မယားနှစ်ယောက် အကြောင်းပေါ့။ မိန်းကလေးက ထက်မြက်ပြီး ကိုယ့်ဘ၀ကို အသက်အရွယ် ရှိတုန်းကြိုးပမ်းချင်သူပါ။ မြို့ကြီးပြကြီးမှာ နေရတာ များလာတော့ မွန်းကြပ်လို့ဆိုပြီး Stepford ဆိုတဲ့ မြို့လေးကို ပြောင်းဖြစ်ကြတာပါ။ အဲဒီ့မြို့လေးက အေးချမ်းသာယာပြီး လင်မယားဖောက်လွဲ ဖောက်ပြန်မှုတွေ မရှိပါဘူး။ အိမ်တိုင်းက အိမ်ထောင်ရှင်မတွေကလည်း လင်ယောက်ျားပေါ်ရော သားသမီးတွေပေါ်မှာရော အလွန်ကောင်းပြီး နူးညံ့ငြင်သာလှပကြပါတယ်။ ထူးဆန်းတာတစ်ခုက သူတို့မြို့လေးမှာ အပတ်တိုင်း ယောက်ျားလေးတွေချည်းပဲ ပြုလုပ်ရတဲ့အစည်းအဝေး ရှိပါတယ်။ အဲဒါတွေရဲ့ လျို့ဝှက်ချက်ကတော့ သူတို့ဇနီးမယားတွေရဲ့ ခန္ဓာကိုယ်မှာ စက်လေးတစ်မျိုးတပ်ပေး ထားခြင်းပဲဖြစ်ပါတယ်။ ဒီစက်လေးနဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ဇနီးသည်တွေကို ချုပ်ကိုင်ထားကြတာပါ။ ဒီလိုနဲ့ နီကိုးအလှည့်လည်း ရောက်လာခဲ့ပါတယ်။ သူမကိုယ်ထဲကို စက်ထဲဖို့ ၀ိုင်းဝန်းစီစဉ်ကြပါတယ်။ သူမအမျိုးသားကလည်း ဒီမြို့ကယောက်ျားတွေရဲ့ သိမ်းသွင်းမှုကိုခံနေရပါပြီ။ ဒီလိုနဲ့ လင်မယားနှစ်ယောက် စက်ခန်းထဲကို ၀င်သွားခဲ့ကြပါတယ်။ ပြန်ထွက်လာတဲ့ အချိန်မှာတော့ နီကိုးက အခြားအိမ်ထောင်ရှင်မတွေလိုပဲ ငြင်သာလှပလာခဲ့ပါတယ်။ ဒီလိုပြောင်းလဲသွားခြင်းက ဘာကြောင့်လဲဆိုတာတော့ အားလုံးပဲရုပ်ရှင်ဆက်ကြည့်လိုက်နော်။ :P

ကျမကတော့ မိန်းကလေးတွေဟာ အိမ်ထောင်မှုအလုပ်တွေထဲမှာပဲ ဘ၀ကိုကုန်ဆုံးရမယ်ဆိုတဲ့ အယူအဆကြီးကို တိုက်ထုတ်ချင်တာပါ။ ဇနီးမယားတွေကို အိမ်အလုပ်လုပ်ခိုင်းချင်လို့ လက်ထပ်တယ်ဆိုတဲ့ အယူအဆကို လက်မခံချင်တာပါ။ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အလုပ်သမားလို မဖြစ်စေချင်ပါဘူး။ အိမ်ထောင်တစ်ခုမှာ အိမ်မှုကိစ္စလေးလုပ်တတ်ခြင်းက ချစ်ခြင်းမေတ္တာလောက် မစွမ်းဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြထားတဲ့ ဒီဇာတ်လေးက ဇာတ်လမ်းကောင်းလေးပါပဲ။

ကဲ နောက်ဆုံးပြောချင်တဲ့ ဇာတ်လမ်းလေးကတော့ My Best Friend's Weeding တဲ့။ Julia Robert က အဓိက သရုပ်ဆောင်ထားတာပါ။ cover ပုံလေးကတော့ အောက်မှာ ဖော်ပြထားပါတယ်။



ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ။ ကောင်လေးနဲ့ ကောင်မလေးက အချစ်ဆုံးသူငယ်ချင်းတွေပါ။ ဒီခင်မင်မှုက ဖြူစင်သလား.. အရောင်ဆိုးနေသလား ဆိုတာကို သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒါပေမယ့် ကောင်လေးက သူချစ်တဲ့ကောင်မလေးတစ်ယောက်ကို ရှာတွေခဲ့ပါတယ်။ ကောင်မလေးကလည်း သူမကိုချစ်နိုင်မယ့် အခြားကောင်လေးတစ်ယောက်နဲ့ပေါ့။ စရိုက်မတူတာကို သိခဲ့ကြပေမယ့် ခံစားမှုကိုအချစ်လို့ သတ်မှတ်ကာ နှစ်ယောက်သား ကိုယ့်အတွဲနဲ့ကိုယ် အဆင်ပြေနေကြပါတယ်။ ဒါပေမယ့် ကောင်လေးလက်ထပ်မယ့်နေ့ကျမှ ကောင်မလေးက သူမရဲ့အချစ်ကို သိရှိခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ…

ကျမကြိုက်တဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပေမယ့်လည်း ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့ မနှင်းဆီရယ်။ အားလုံးပဲ ပျော်ရွှင်ပါစေ။

ဆက်ဖတ်ရန်...