ကျမကို မမိုးချစ်သူက သူငယ်ချင်းတစ်ယောက်  အကြောင်း  ပြောခိုင်းတော့   ခေါင်းထဲမှာ  ချက်ချင်း  သူငယ်ချင်းတစ်ယောက်ရဲ့  နာမည်ကပေါ်လာပါရော။   သူ့အကြောင်းပဲ   ပြောပြတော့မယ်နော်။  နာမည်တော့ မပြောရင် ရတယ်မဟုတ်လား။  
     ဆယ်တန်းစာမေးပွဲတွေ  ဖြေပြီးတော့ ကျမတို့  နွေရာသီအားလပ်ရှည်ကြီးကို  လက်ခံရရှိလိုက်ပါတယ်။   ဒါပေမယ့်  ကျမအားလပ်တာကို   မမြင်ချင်ကြတဲ့လူတွေက  ကျမကို   သင်တန်းတွေအများကြီး  တက်ခိုင်းတော့တာပဲ။  ကျမလည်း  သူတို့သဘောကျ  လိုက်တက်ရတာပေါ့။  သင်တန်းတွေကတော့  အစုံပါပဲ။ ဗြိတိသျှသံရုံးမှာလည်း  အင်္ဂလိပ်စာကို  တက်ခိုင်းတယ်လေ။  သူတို့က  မဖြေခင်  လယ်ဗယ်သတ်မှတ်တဲ့  စာမေးပွဲတခု   ဖြေရတယ်။  ကျမက ခပ်ညံ့ညံ့ဆိုတော့ (ဟီးးး ကြုံတုန်းလေး ကြွားတာ) လယ်ဗယ်၃ကို  ရပါတယ်။  အဲဒီ့မှာပဲ  ကျမရဲ့အချစ်ဆုံး  သူငယ်ချင်းလေးနဲ့  စတင်တွေ့ရှိခဲ့တာပါ။
    စတွေ့ပုံလေး  ပြောပြမယ်နော်။  ကျမက  တက်ရတာဆိုတော့  ကြောက်နေတာပေါ့။  ကိုယ်နဲ့အသိကလည်းမရှိ၊  နောက်ပြီး   အဲဒီ့မှာတက်တဲ့လူတွေက  များသောအားဖြင့်  မြို့ထဲကလူတွေလေ။  အကုန်လုံးက  အလှအပတွေ  ပြင်ဆင်ပြီး   စတိုင်တွေဘာတွေ  ထုတ်ထားကြတာပေါ့။  ကျမနေတဲ့နေရာကလည်း  မြို့ပေါ်မဟုတ်တဲ့အပြင်  ရုပ်ကလည်း  မလှမပ၊  သူများတွေလိုလည်း  အလှကပြင်မထား၊  စတိုင်ကလည်းမရှိနဲ့  တောသူမတစ်ယောက်  မျက်စိလည်ပြီး  လာထိုင်နေတာနဲ့တောင်  တူသေးတယ်။ တစ်ယောက်တည်း  ကြောင်တက်တက်နဲ့ပေါ့။  အဲဒီ့အချိန်မှာပဲ   ကသောကမျောနဲ့  လူတစ်ယောက်  အတန်းထဲကို  ၀င်လာပါရော။  ရုပ်ကလည်း  စုတ်ချွန်းချွန်းနဲ့   အရပ်ကမြင့်မြင့်  အသားကညိုညိုနဲ့  ဘယ်လိုကြည့်ကြည့်  လှမှာမဟုတ်တဲ့ရုပ်ရည်။ (ဟီးးးး သူ့ကိုဖဲ့နေတာ) သူကခပ်တည်တည်နဲ့  သဘောကောင်းမယ့်  ရုပ်တော့ပေါက်သား။  ဒီလိုနဲ့ပဲ  စတွေ့တယ်ဆိုပါတော့။ 
    ဒီအထိတော့  ကျမတို့  မခင်သေးပါဘူး။ အတန်းထဲမှာ  စာမေးတဲ့အခါတိုင်း  သွက်လက်စွာ  ဖြေတတ်တဲ့သူ၊  အင်္ဂလိပ်တစ်ယောက်လောက်နီးပါး  အသံထွက်ပီသသူ၊  ဗဟုသုတကြွယ်ဝတဲ့သူ့ကို  ကျမအားကျမိပါတယ်။ ကျမတို့က  အင်္ဂလိပ်စာတစ်ခုတည်းကို  မနည်းရအာင် ကြိုးပမ်းနေရချိန်မှာ  သူကတော့  ပြင်သစ်ဘာသာစကားကိုပါ  အခြေခံလောက်တော့  တတ်မြောက်နေပါပြီ။ သူက ကဗျာရေးလည်း တော်ပါတယ်။ သူ့ကဗျာလေးကိုတောင်  ကျမဘလော့မှာ  တင်ခဲ့ဖူးပါတယ်။ ကျမတို့  ဆယ်တန်းအောင်စာရင်းထွက်တော့  သူက၅ဘာသာ  ဂုဏ်ထူးပါတယ်လေ။ ကျမထက် တစ်ခုနည်းပေမယ့် (ဟဲဟဲ ကြွားတာ)  အမှတ်တူနေတဲ့သူ့ကို  ကျမတော်တော် ကြည့်မရဖြစ်သေးတယ်။  နောက်တော့လည်း  သဘောကောင်းတဲ့သူ့ကို  ကျမခင်မင်မိခဲ့ပါတယ်။  ဆေးကျောင်းတွေဖွင့်တော့  သူကဆေး၁ ကျမက  ဆေး၂ဆိုတော့  မတွေ့ဖြစ်တော့ပါဘူး။  ဒါပေမယ့်  ဖုန်းနဲ့တော့  အဆက်အသွယ်  မပြတ်ခဲ့ပါဘူး။
    ကျမစိတ်ဆိုးတဲ့အခါ  ဘာပြောပြော နားထောင်ပေးသူ ၊  စိတ်ဓါတ်ကျတဲ့အခါတိုင်း  လက်တွဲခေါ်ယူသူ၊  ကျမ၀မ်းနည်းတဲ့အခါ နှစ်သိမ့်ပေးသူ၊  ကျမရဲ့အကောင်းအဆိုးမှန်သမျှကို  နားလည်ပေးသူ၊  ကျမစိတ်ညစ်လေတိုင်း  စိတ်ပျော်ရွှင်အောင်  ကူညီပေးသူ၊  အားငယ်တဲ့အခါတိုင်း  အားပေးသ၊ူ  ညီမလေးတစ်ယောက်လို  ဖြူစင်စွာချစ်တတ်သူ၊  ကျမရဲ့သူငယ်ချင်း သူဟာ  ကျမအတွက်  မရှိမဖြစ်ပါဘဲ။  သူစိတ်တိုတဲ့အခါတိုင်းလည်း  ကျမကိုပြောပြလေ့ရှိပြီး  သူဝမ်းသာတဲ့အခါမှာလည်း  ကျမကိုသာအရင်ဆုံး သတိရလေ့ရှိပါတယ်။ သူသဘောကျတဲ့  ကောင်မလေးတွေကိုလည်း  မလိုက်ခင်  ကျမကိုအကြံဥာဏ်   တောင်းတတ်ပါသေးတယ်။ သူ့မှာအထူးအဆန်းနဲ့  ကြုံရလေတိုင်း  ကျမကိုသတိရတတ်ပြီး   ကျမမှာအခက်အခဲနဲ့  ကြုံရတိုင်းလည်း  သူ့ကိုသတိရမိပါတယ်။  
  စာမေးပွဲမှာ  အမှတ်နည်းတဲ့အခါ  ငိုတတ်တဲ့ကျမကို  အမြဲချော့တတ်သလို  ကျမအမှတ်များတဲ့အခါမှာလည်း  ကျမနဲ့အတူ  ပျော်ပေးတတ်တဲ့သူဟာ  ကျမအတွက်တော့ အချစ်ဆုံးသူငယ်ချင်းပါပဲ။  ကျမတို့နှစ်ယောက်ကြားမှာ  အပြိုင်အဆိုင်တွေ၊  မိန်းကလေးယောက်ျားလေး  ခွဲခြားမှုတွေ  လုံးဝကိုမရှိပါဘူး။   သူက ကျမအတွက်တော့  ရဲဘော်ရဲဘက်ကောင်း၊  သူငယ်ချင်းကောင်းပါပဲ။  သူနဲ့ကျမက  ရန်ဖြစ်လေ့  မရှိပါဘူး။  တခါတလေ  ဆေး၁နဲ့ဆေး၂  ယှဉ်တဲ့အခါမှသာ  ငြင်းခုန်ဖြစ်ကြတာပါ။  အဲဒီ့အခါတိုင်းလည်း  ကျမကသာ  ကျောင်းစွဲကြီးလို့  အတင်းလိုက်ငြင်းတတ်ပြီး  သူကတော့  ကျမကို စ ရုံလောက်သာ  ငြင်းတတ်တာပါ။  အမြဲတမ်းလည်း   ကျမကိုအလိုလိုက်ပြီး  အနိုင်ပေးလေ့ရှိတဲ့အတွက်  အကိုအရင်းမရှိတဲ့  ကျမအတွက်တော့  သူဟာ ဘုရားကပေးတဲ့ဆုပါပဲ။
 
 
6 comments:
ကိုးကွယ်စည်းကပ်အပ်တဲ့ ရတနာ (၃) ပါးရှိသလို၊ အဖိုးမဖြတ်ထိုက်တဲ့ ရတနာ (၅) ပါးလည်း ရှိပါတယ်။ အကို့ဘ၀ အတွက် တန်ဖိုးထားမိတဲ့ နောက် ရတနာ တစ်ခုကတော့ သူငယ်ချင်းပါပဲ။ ဆုလဒ်တကာ ဆုလဒ်တွေ ထဲမှာ သူငယ်ချင်းဆိုတဲ့ ဆုလဒ်ကို အတောင့်တဆုံးပါပဲ။
အဲ့လိုမျိုး
တယ်ရင်းတွေ အများကြီးလိုချင်တာ
ချာပေး
ဘာမှမပြောတော့ဘူးသိလား။
နာလိုဘူးကွနော်။
အနော့မှာ ဒီလိုတယောက်မှ မရှိဘူးကွ။
မုန်းတယ်။:P
မနှင်းဆီရေ ဒါကတော့ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဗျ။ ဟီးးးးး မမခေးအော့ရေ အဲဒီ့လောက် လောဘမကြီးနဲ့ဗျ။ ၁ယောက်ဆို တော်ရောပေါ့။ ကိုပီကေပြောတာလည်း မှန်ပါတယ်ကွယ်။
အဲလို တယ်ရင်းတွေ ရှိတာ ၀မ်းသာပါတယ်ဗျာ ..။
အဆင်ပြေါစေ.။
စစဖတ်ချင်းတုန်းကသတိမထားမိဘူး။ အခုပြန်ဖတ်မှပဲသိတော့တယ်။ သဲသူငယ်ချင်းက ကောင်လေးကိုး။ တော်တော် တော်တယ်နော်စာဖတ်တာ။ :P မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ဒီလိုသူငယ်ချင်းကောင်းမျိုးရှိတာ ၀မ်းသာပါတယ်နော်။ နောက်လည်းဒါမျိုးသူငယ်ချင်းတွေနဲ့ဆုံနိုင်ပါစေ။
Post a Comment