` သဲ  မုန့်သွားစားရအောင်။  တာမွေက  မုန့်တီက  အရမ်းကောင်းတယ်။  သဲလျှာလည်သွားလိမ့်မယ်´
    သီသီ့စကားကြောင့်  ကျမနည်းနည်းတော့  စိတ်ဝင်စားသွားသည်။  ကျမက  မုန့်တီကို  အရမ်းကြိုက်တာလေ။  
    ` အခုပဲ  လေးနာရီခွဲနေပြီ။  သဲတစ်ယောက်တည်း   ပြန်ရင်  နောက်ကျနေမှာပေါ့။ ဒီနားမှာပဲ  စားရအောင်သီသီရယ် ´
    ` သဲကလည်း  တာမွေဆိုင်က  ပိုကောင်းလို့ဟာကို။  လိုက်ခဲ့ပါ။ သီသီပြန်လိုက်ပို့ပေးမယ်လေ။ နော် ´
    ကျမလည်း  နဂိုကတည်းက စားချင်နေတဲ့လူဆိုတော့  သီသီနှစ်ခါတောင်  မခေါ်လိုက်ရပါဘူး။ 
    `  ဒါဆိုလည်း  ပြီးရောလေ။ မေ့ကို  ကူပြောပေးနော်။ ´
    သီသီကလည်း  ` အင်းပါ  သဲရယ်။  မြန်မြန်လာ ´ ကျမလည်း  ပိုက်ဆံအိတ်နဲ့ဖုန်းကို  ကောက်ယူပြီး  အောက်ထပ်ကို  မြန်မြန်ပဲ  ဆင်းလာခဲ့သည်။  မေမေကလည်း  ကျမတို့နှစ်ယောက်  ပြောနေတာကို  ကြားတယ်ထင်သည်။  ကျမ  ပြောဖို့  ပါးစပ်ဟရုံပဲ  ရှိသေးသည်။
    `  သီသီပြန်ပို့မယ်ဆိုရင်တော့  လိုက်သွားလေ သဲ။  နောက်တော့ မကျစေနဲ့နော်။´ 
    မေမေက  သွားဆိုတာနဲ့  ကျမတို့ညီအမနှစ်ယောက်လည်း  အမြန်ပဲလစ်ကြတာပေါ့။  ရုံးဆင်းချိန်ဆိုတော့  ဘတ်စ်ကလည်း  ကြပ်နေသည်။  ကားကကြပ်နေတော့  ကျမတို့လည်း  စကားမပြောဖြစ်။  ကားပေါ်က  ဆင်းတော့မှ  အသက်ရှုချောင်သွားသည်။ သီသီပြောတဲ့  မုန့်တီဆိုင်က  ဘတ်စ်ကားမှတ်တိုင်နဲ့  မလှမ်းမကန်း။  လူတွေကလည်း  များနေပုံကို  ကြည့်ခြင်းဖြင့်  သူတို့မုန့်တီ  ဘယ်လောက်ကောင်းတယ်ဆိုတာကို  သိနိုင်သည်။  ကျမတို့  စားဖို့  မှာတုန်းရှိသေးသည်။  သီသီ့နာမည်ကို  ခေါ်သံကြားလိုက်ရသည်။  ကျမတို့  လှည့်ကြည့်လိုက်တော့   ခေတ်ဆန်ဆန်ဒီဇိုင်းလေးနဲ့  ကောင်မလေးတစ်ယောက်။  သီသီ့အရွယ်လောက်တော့  ရှိပြီ။  ဆိုင်ကယ်ကို  မှီပြီး  ရပ်နေပုံက  ချစ်စဖွယ်လေး။  သူ့သူငယ်ချင်း ဖြစ်လောက်သည်။  ကျမက သီသီ့ကို  လှည့်ကြည့်လိုက်တော့  သီသီက..။
    `သဲ  အဲဒါ သီ့သူငယ်ချင်း  ငယ်ငယ်တဲ့  ငယ်ရေ  မတွေ့တာ ကြာလို့ထင်တယ်။  ငယ်က ပိုလှလာသလိုပဲ။ ´
    သီသီက  မိတ်ဆက်ပေးလာတော့  ကျမလည်း  ပြုံးပဲပြုံးနေလိုက်သည်။ မငယ်ငယ်နဲ့  သီသီကတော့  မတွေ့ရတာ ကြာလို့ထင်တယ်။  စကားတွေ  ပြောလိုက်တာ။ ကျမကတော့  တစ်ယောက်တည်း  ငေါင်တောင်တောင်။ နာရီကြည့်လိုက်တော့  ငါးနာရီတောင်  ထိုးပြီးနေပြီ။  သူတို့ကလည်း  စကားစ  မပြတ်သေးတဲ့ပုံ။ မေကလည်း စောစောပြန်ခဲ့တဲ့။ ဆိုင်ကလည်း  လူများလို့  ကျမတို့ဆီကို  မုန့်ကလာမချသေး။  နောက်၅မိနစ်လောက်နေမှ  မုန့်ကလာချသည်။  ကျမလည်း  မြန်မြန်ပြန်ရပြီးရော  အရသာတောင် မခံတော့ပါဘူး။  ဒီအတိုင်းပဲ  ဗိုက်ထဲဝင်သွား  ပြီးရော သဘောနဲ့  မျိုမျိုချနေတော့သည်။  နောက်တော့မှ သီသီရဲ့ 
    `သဲကို  ပြန်လိုက်ပို့ရဦးမှာ  ငယ်ရဲ့။ နောက်နေ့မှပဲ  တွေ့ရအောင်နော်´ ဆိုတဲ့  အသံကြားမှ  ကျမလည်း  ဟင်းးး ချနိုင်တော့သည်။  ကျမတို့  ကားမှတ်တိုင်မှာ  စောင့်နေတော့လည်း  ကားကတော်တော်နဲ့  မလာ။  လာတဲ့ကားတွေကလည်း ကြပ်နေတာများ မတ်တပ်ရပ်ဖို့တောင်  မလွယ်။  သီသီ့သူငယ်ချင်းကလည်း  ကျမတို့ကို  ကူပြီးစောင့်ပေးနေသည်။  ခြောက်နာရီ  ထိုးခါနီးအထိ  ကားကလည်း  မရတော့  မငယ်ကပဲ သူ့ဆိုင်ကယ်ကို  ပေးလိုက်တော့သည်။ သီသီလည်း  မစီးတတ်  စီးတတ်နဲ့  စီးပြီး  ကျမကို  လိုက်ပို့တော့သည်။  သေချာမမောင်းတတ်လို့သာ  တော်တော့သည်။  မောင်းတဲ့  အရှိန်ကလည်း  နည်းမှမနည်းဘဲ။  ကျမဆို  အသက်တောင်  ရှူလို့မ၀တော့။   ဘယ်အချိန်   တိုက်မိမလဲလို့   တွေးပူနေရသည်။ 
    `ကျွီ´
    သီသီ့ဆိုင်ကယ်က  တိခနဲ  ရပ်သွားသည်။  ကျမ အလန့်တကြား  ခေါင်းထောင်ပြီး  မော့ကြည့်လိုက်တော့  မီးပွိုင့်မိနေခြင်း  ဖြစ်သည်။   ကျမတို့  စောင့်ရင်းစောင့်ရင်း  မီးပွိုင့်က  မစိမ်းတော့ဘူး။  ဟိုဘက်လမ်းကြောင်းကိုပဲ   ဖွင့်ပေးနေသည်။  ကျမတို့လည်း  မသင်္ကာတာနဲ့  ဟိုဘက်ဒီဘက်ကြည့်နေတုန်း  ရှိသေးသည်။  မီးသတ်ကားတွေ  တစ်စီးပြီး တစ်စီး ဖြတ်သွားကြသည်။  သူတို့သွားတဲ့ဘက်က  ကျမတို့  အိမ်ဘက်လေ။  ကျမလည်း  စိတ်ပူပြီးတော့  မေ့ဖုန်းကို  လှမ်းဆက်ကြလိုက်သည်။  ဆက်သွယ်မှုဧရိယာပြင်ပ  ဆိုပါလား။   ကျမတို့  စောင့်နေတုန်း  ရှိသေးတယ်။  မီးခိုးငွေ့တွေက  တလိပ်လိပ်တက်လာသည်။  
    `…..ဘက်မှာ  မီးလောင်နေတာတဲ့။  အကြီးအကျယ်ဆိုပဲ။ ´
    ဒါဆို  ကျမတို့အိမ်နားဆိုတာ  သေချာပြီ။  ကျမလည်း  ခြေမကိုင်မိ  လက်မကိုင်မိနဲ့  ဘာလုပ်ရမှန်း  မသိဘူး ဖြစ်နေသည်။   အိမ်ဘက်ကို  သွားမယ့်လမ်းကိုလည်း  မီးသတ်ကားတွေကလွဲပြီး  မသွားခိုင်းတော့။  အဲဒီ့အချိန်မှာပဲ ` တီ  တီ´ ဆိုပြီး  ကျမဖုန်းထဲကို  မက်ဆေ့ဂ်ျဝင်လာသည်။  ဖွင့်ကြည့်လိုက်တော့  မေမေ့ဆီက။  ရေးထားတာကတော့  လိုတိုရှင်းပဲ။  
    `အိမ်မှာ  မီးလောင်နေတယ်။  တစ်အိမ်လုံးလည်း  ကုန်သလောက်ပဲ။   ပြန်မလာနဲ့´ တဲ့။
    အချိန်ကို  ကြည့်လိုက်တော့  လွန်ခဲ့တဲ့  နာရီဝက်လောက်က  ပို့ထားတာ။  ကျမခေါင်းထဲမှာလည်း  ရီဝေေ၀နဲ့  ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိ။   မျက်လုံးထဲမှာလည်း  မီးတောက်တွေကိုပဲ  မြင်နေရသည်။  ဖေဖေကလည်း  အလုပ်မှာ။  အိမ်မှာက  မေမေနဲ့မောင်လေးပဲ  ရှိသည်။  သီသီ့ကို  ကြည့်တော့လည်း  ကျမလိုပင်  တုန်လှုပ်နေဟန်။  အဲဒီ့အချိန်မှာပဲ   `မမသဲ´ဆိုတဲ့   ကျမမောင်လေးရဲ့ခေါ်သံကို  ကြားလိုက်ရသည်။  ဘေးဘီဝဲယာကို  ကြည့်လိုက်တော့လည်း  မောင်လေးကို  မတွေ့။ ကျမ  အပြေးအလွှားကို  လိုက်ရှာနေမိသည်။ ရင်ထဲမှာလည်း  တလှပ်လှပ်နဲ့။ ပထမတော့ ကျမကို  ခေါ်နေတဲ့အသံက  ခပ်ကျဲကျဲ။  နောက်တော့  တခွန်းနဲ့တခွန်းက  စိပ်လာသည်။  နောက်ဆုံး  ဆောင့်အော်လိုက်သံနဲ့
    ` မမသဲ  ((((´  
    ကျမ  အလန့်တကြား  မျက်စိဖွင့်ပြီး  ကြည့်လိုက်တော့  မောင်လေးက  ကျမခုတင်ဘေးမှာ  မတ်တပ်ရပ်လို့။  ကျမကို   စိတ်တိုနေတဲ့  အကြည့်နဲ့ကြည့်နေသည်။  ကျမလည်း   အူကြောင်ကြောင်နဲ့   ပြုံးပြလိုက်သည်။
    လတ်စသတ်တော့  ကျမ အိပ်မက်  မက်နေခဲ့တာကိုး။
 
6 comments:
တော်တော်အရေးကောင်းတာပဲသဲရယ်။ လန့်သွားတယ်။ ကံကောင်းလို့အိပ်မက်မလို့။
အမယ်လေးဗျာ ရေးမှရေးတက်ပလေ.. လန့်သွားတာပဲဗျာ တစ်ကယ်လားလို့ ... မုန့်တီကြိုက်တာချင်းတူတယ်ဗျို့ :)
အံမယ်လေး..လန့်လိုက်တာ...
ဟွန့်..လူကိုလန့်အောင်လုပ်တယ်..
ပြန်လျော်ပေး...
တော်ပါသေးရဲ့။ အိမ်မက်ဖြစ်နေလို့။ ရန်ကုန်မှာ ဆိုင်ကယ်စီးလို့ ရတယ်ဆိုလို့ တစ်ခုခုတော့ မှားနေပြီ ထင်နေတာ။ ကျွန်တော်လည်း မုန့်တီစားချင်တယ်ဗျ။
တာမွေမင်းလမ်းကလက်ညှစ်မုန့် တီလားဟင်?
စားချင်တယ်။နဲနဲလောက်ပို့ လိုက်ပါ ။ ၀က်ဆီဖတ်ကြော်လေးပါထဲ့ပေးနော်
စိတ်ပူသွားတာပဲ သဲရေ၊ တော်တော် နောက်နော်၊ အိပ်မက်မို့လို့ တော်သေးတာပေါ့။ ရေးတတ်ပါ
Post a Comment