Friday, February 29, 2008

ကဗျာဆရာတစ်ယောက်အကြောင်း

ဒီနေ့ဆိုရင် ကိုကျော်(ကိုနေဘုန်းလတ်)ကို ခေါ်သွားကြတာ တစ်လပြည့်ခဲ့ပါပြီ။ ကိုကျော့်ကို သတိရတဲ့အတွက် ကျမ ကဗျာလေး တစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ အခု ဒီကဗျာလေးကို တင်ပေးပါ့မယ်နော်။

တခါတုန်းက …
တိုင်းပြည်ကို အရမ်းချစ်တဲ့
လူငယ်တွေကို တိုးတက်စေချင်တဲ့
မိသားစုကို အချစ်ကြီးတဲ့
မိတ်ဆွေတွေကို ခုံမင်တဲ့
ပရိသတ်ကို လေးစားတဲ့
ကဗျာဆရာတစ်ယောက်
ရှိခဲ့တယ်။

သူ့ရဲ့နှလုံးသားကို ရင်း၍
အနုပညာပန်းတွေကို
ပွင့်လန်းစေခဲ့တယ်။

တနေ့မှာတော့..
ရင်ဘတ်ထဲက လွတ်ကျလိုက်တဲ့
အနုပညာတွေ ပေါင်းစုပြီး
မြို့တော်ကြီးတစ်ခုကို..
သူ..တည်ထောင်ခဲ့တယ်။
အဲဒီ့မြို့တော်နာမည်က…
`ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်´တဲ့..။


ဧရာဝတီမြစ်က
အရှိန်နဲ့စီးဆင်းလေတော့
ကဗျာဆရာလည်း
မြစ်ငယ်၊ချောင်းငယ်အသွင်နဲ့
ဝင်ရောက်စီးမျောခဲ့တယ်..။

ဒီလိုနဲ့ပဲ..
ဇန်န၀ါရီရဲ့ နေ့လည်တစ်ခုမှာတော့..
ငရဲသားတွေက ကဗျာဆရာကို
အမှောင်တစ်နေရာဆီသို့
ခေါ်ဆောင်သွားခဲ့တယ်..။

ဒီနေ့ဆိုရင်..
သူတို့ ခေါ်ဆောင် သွားတာ
တစ်လတောင် ပြည့်ရောပေါ့..။
သူ့မြို့တော်ကြီးလည်း စောင့်ရှောက်သူမဲ့ခဲ့တာ
တစ်လပြည့်ပြီပေါ့..။
သူလည်း အမှောင်ထဲမှာ ရှင်သန်နေရတာ
တစ်လပြည့်ရောပေါ့..။

မျှော်နေပါတယ်..။
သူ့ရဲ့မြို့တော်ကြီးရော..
သူ.. ချစ်တဲ့မိသားစုကရော..
သူ..တွယ်တာရတဲ့သူငယ်ချင်းတွေကရော..
သူ့ကို လေးစားတဲ့ ပရိသတ်တွေကရော..
သူ… ပြန်လာမယ့်တနေ့နေ့ကို..
မျှော်လင့်နေပါတယ်..။

ယုံလည်းယုံကြည်နေတယ်..
`အမှန်တရားက နိုင်ကိုနိုင်ရမယ်´
`ကိုကျော်လည်း လွတ်မြောက်လာရမယ်´ လို့လေ။


ဆက်ဖတ်ရန်...

Tuesday, February 26, 2008

ခေါင်းစဉ်မရှိတဲ့ပေါက်ကွဲသံ

နှလုံးသားတိုင်း လှုပ်ရှားတတ်ပေမယ့်
ကြင်နာတတ်တဲ့ နှလုံးသား ရှားလိမ့်မယ်
မင်းမယုံရင် ရှာကြည့်စမ်း
ဒီလောက် လူတွေ အများကြီးမှာ
စာနာတတ်တဲ့လူ ဘယ်နှစ်ယောက်များ ရှိမလဲလို့
တိမ်တွေရဲ့မျက်ရည်ကို
မိုးရွာတယ်လို့ မင်းပြောနိုင်တယ်
ဒါပေမယ့် ငါတို့ရင်ထဲက ငိုသံတွေကိုတော့
ဘယ်လိုတေးဂီတသံနဲ့များ ဖုံးလွှမ်းမလဲ
မျက်နှာဖုံးစွပ်ထားတဲ့ ဟန်ဆောင်မှုတွေနဲ့
လာလာပြုံးမပြစမ်းနဲ့
ဒီအပြုံးတွေကို တုံ့ပြန်ပြုံးရမှာ ငါရွံရှာလွန်းလို့ပါ
ငါ ပျိုးထောင်နေတဲ့ မိုးပြာရောင်အိပ်မက်တွေကို
မင်းဖိနပ်နဲ့ မနင်းချေချင်နဲ့
မင်းဖိနပ်ပဲ စုတ်ပြတ်သပ်သွားမယ်
ငါ့အိပ်မက်တွေကတော့ သူတို့အရှင်သခင် `ငါ့´ကို
အမြဲဦးညွှတ်နေမှာပဲ
ငါ့သွေးကြောထဲက သွေးတွေကို
ရဲလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ဖောက်ထုတ်ပစ်နိုင်တယ်
ဒါပေမယ့်
ကဗျာဖွဲ့မယ့် ငါ့နှလုံးသားကိုတော့
ပြက်ရယ်မပြုလိုက်နဲ့
ရင်ထဲက အစိုင်အခဲတွေက
အချိန်မရွေး မီးထတောက်မှာစိုးလို့ပါ
တစ်ခါလေးရှုံးဖူးရုံနဲ့
ဘ၀ဆိုတဲ့ကြိုးဝိုင်းက နုတ်ထွက်ရမယ်လို့
ဘယ်သူမှ မပြောဘူး
အနိုင်ဆိုတာ အရှုံးကစတယ်လို့ မှတ်ထားလိုက်
ဘ၀ဆိုတာ ရေးပြီးသားဝတ္ထုဆိုတဲ့ စကားလေးနဲ့
ငါ့အိပ်မက်ကို မဖျက်ချင်နဲ့
ကြိုးစားရင် ဘာမဆိုဖြစ်တယ်ဆိုတာ ငါယုံတယ်
လျှောက်လှမ်းခဲ့တဲ့ ငါ့သက်တမ်းကို ပြန်ကြည့်လိုက်စမ်း
လဲကျခဲ့ပေမယ့် ပြန်ထနိုင်တယ်ဆိုတာ မင်းတို့မြင်ရလိမ့်မယ်
ဒါ့ကြောင့် ငါ အားနည်းနေတယ်ဆိုပြီး
ဖိနှိပ်ချင်တဲ့စကားတွေ ခဏခဏလာလာမပြောစမ်းနဲ့
မင်း ပြောသမျှကို နားထောင်ရမှာ
ငါ. စာကျက်ပျက်တယ်။

ဆက်ဖတ်ရန်...

Friday, February 22, 2008

ကျမနဲ့မျက်ဝန်းတစ်စုံ(၂)

ထိုနေ့မှစ၍ ကျောင်းတက်လိုက်၊ စာကျက်လိုက်နှင့် ကုန်လွန်နေသော ကျမရဲ့တစ်နေ့တာ အလုပ်များတွင် မည်သူ့၏ခိုင်းစေချက်မှ မပါဝင်ဘဲ တာဝန်တစ်ခု ပိုလာခဲ့ပါသည်။ အဲဒါကတော့ ကျောင်းရောက်တာနဲ့ သူ့ကိုရှာရခြင်းပါပဲ။ တနေ့တနေ့ `သူမှကျောင်းတက်ပါ့မလား´ ဆိုတဲ့အတွေးက ကျမကိုနှိပ်စက်လျက်ရှိပါသည်။ ကျမရဲ့ ဒီအတွေးတွေက သူ့မျက်ဝန်းတွေကို တွေ့ရမှပဲ ပျောက်သွားတတ်ပါသည်။ သူ့ကို မတွေ့ရတဲ့ ကျမရဲ့ ကျောင်းတက်ရက်များသည် ဟာတာတာကြီး ဖြစ်လျက် ခြောက်သွေ့ငြီးငွေ့ဖွယ် ကုန်ဆုံးနေကြသည်။ သို့သော် တနေ့တခြား တိုးတိုးလာတဲ့ သံယောဇဉ်တွေကို သူရိပ်မိလာနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ကျမမေ့လျော့နေခဲ့ပါသည်။

သူ့အပေါ် ကျမရဲ့မြတ်နိုးတွယ်တာမှုကို ပထမဆုံးအကြိမ် သူသတိထားမိတဲ့နေ့ကိုတော့ ကျမမှတ်မှတ်ရရ ရှိခဲ့ပါသည်။ ကျမတို့ ဒုတိယနှစ်ရဲ့ လူသွားစင်္ကြမှာ ဖြစ်သည်။ အဲဒီ့နေ့က နောက်ကျမှရောက်လေ့ရှိသည့် ကျမတို့ကျောင်းကားက စောရောက်နေသည်။ ကျောင်းကားရပ်သည့်နေရာနှင့် ကျမတို့ဒုတိယနှစ်အဆောင်မှာ အတန်ငယ်လှမ်း၏။ ထို့ကြောင့် ကျမနှင့်သူငယ်ချင်းနှစ်ယောက်သည် စကားတပြောပြောနှင့် လျှောက်လာကြသည်။ လူသွားစင်္ကြကလည်း သုံးယောက်လောက်သာ ဘေးတိုက်ယှဉ်၍ သွားနိုင်လေသည်။ မနက်စောစောလည်း ဖြစ်သဖြင့် လူသွားလူလာလည်း ကင်းရှင်းနေသည်။

တစ်နေရာအရောက်တွင် စင်္ကြလမ်းအတိုင်း ချိုးကွေ့လိုက်ရာ အမှတ်မထင် လူတစ်ယောက်နဲ့ တိုက်မိမလိုဖြစ်သွားသည်။ ကျမမော့ကြည့်လိုက်တော့.. သူ။ သူ့ကိုတွေ့လိုက်ရတာနှင့် ရင်ထဲက တဒိန်းဒိန်း ခုန်လာသည်။ ခြေဖျား၊လက်ဖျားတွေပင် ရုတ်တရက် အေးစက်လာ၏။ အံ့သြစိတ်နဲ့ ကျမရဲ့မျက်လုံးတွေက သူ့ကိုစိုက်ကြည့်လို့။ တဒိတ်ဒိတ်ခုန်နေတဲ့ ကျမရဲ့ရင်ခုန်သံကို သူများကြားသွားလေမလား စိုးရိမ်ရပါသည်။ ကျမရဲ့မျက်နှာပေါ်က ခံစားချက်ကို ဖုံးကွယ်နိုင်ရန် ခေါင်းကိုငုံ့ချလိုက်သည်။ သို့သော် ကျမနောက်ကျသွားခဲ့ပါသည်။ ကျမရဲ့မြတ်နိုးတွယ်တာမှုကို သူကောင်းကောင်းကြီး ရိပ်မိသွားခဲ့ပြီ။

ထို့နောက် သူက `ဆောရီး´လို့ပြောပြီး လှစ်ခနဲတစ်ချက် ပြုံးလိုက်သည်။ ထိုအပြုံးက ကျမရဲ့တွယ်တာမှုအတွက် လှောင်သွားခြင်းလား။ ယောက်ျားတစ်ယောက်အနေဖြင့် ဂုဏ်ယူခြင်းလားဆိုတာကို သေချာမခွဲခြားနိုင်ခဲ့တဲ့ ကျမရဲ့ညံ့ဖျင်းချက်လို့ပဲ ပြောရပါမည်။ သို့သော် ဘာအတွက်ကြောင့်ပဲပြုံးပြုံး ခပ်တည်တည်နေလေ့ရှိသော သူ့ထံမှ ရရှိသည့်ထိုအပြုံးကိုပင် ကျမအရမ်းတန်ဖိုးထားပါသည်။

ထိုအဖြစ်အပျက် ဖြစ်ပြီးသည့်နောက်မှာတော့ အရင်တုန်းက မစဉ်းစားခဲ့မိသည့် အကြောက်တရားတစ်ခု ကျမမှာ တိုးလာခဲ့ပါသည်။ ထိုအရာက သူနှင့်မျက်လုံးချင်းဆုံရမှာ ဖြစ်သည်။ သူ့မျက်ဝန်းသည် အလွန်ပင် လေးနက်ပါသည်။ အဓိပ္ပာယ်အမျိုးမျိုးလည်း ပေးနိုင်လေသည်။ ကျမခိုးကြည့်နေသည်ကို မိသွားသည့်အချိန်မျိုးတွင် ကျမအပေါ် စိုက်ကြည့်တတ်သော သူ့ရဲ့အကြည့်များက ကျမကိုအထိတ်တလန့် ဖြစ်စေပါသည်။ သိက္ခာတရားကို အလွန်တန်ဖိုးထားသော သူ့အတွက် ကျမက တန်ဖိုးနည်းသော မိန်းကလေးတစ်ယောက် ဖြစ်နေမှာကို အလွန်ကြောက်ရွံ့မိပါသည်။ သို့သော် သူ့အပေါ် ထားရှိသော ကျမ၏သံယောဇဉ်တွေကိုတော့ မရုပ်သိမ်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူနဲ့ကျမက နီးလည်းမနီးလွန်း၊ ဝေးလည်းမဝေးလွန်းသော အနေအထားမှာပဲ ရပ်နေခဲ့ကြပါသည်။

သူကတော့ တခါတလေ အသိအမှတ်ပြုသလို ကြည့်လိုက်၊ တခါတလေ ဂရုမစိုက်သလို နေလိုက်နှင့် ကျမအပေါ် နှိပ်စက်လျက်ရှိပါသည်။ သူ့ရဲ့အသိအမှတ်ပြုမှုကို ရသည့်နေ့မျိုးတွင် ကျမသည် အလွန်ပျော်ရွှင်နေတတ်၍ ဥပေက္ခာပြုမှုကို ခံရသည့်နေ့တွင်တော့ မခံမရပ်နိုင်အောင် ရင်ထဲမှာ နာကျင်ရပါသည်။ ထိုအချိန်မျိုးတွင် ကျမမေ့လုနီးနီးဖြစ်နေသော မိန်းမသားမာနက တဖန်ပြန်ပေါ်လာ၍ သူ့အားနာကြည်းရပါသည်။ ထိုနာကြည်းမှုကြောင့် သူ့အားမေ့ပစ်လိုက်ချင်သော်လည်း ကျမရဲ့အချစ်ကတော့ သူ့အားအတိုင်းအဆမရှိသော သည်းခံမှုများကို ပေးနေပါသည်။ ဤသို့ဖြင့် မာနနှင့် အချစ်ကို အခြေခံ၍ ကျမရဲ့ဦးနှောက်နဲ့နှလုံးသားသည် အနိုင်မခံ၊အရှုံးမပေးဘဲ တိုက်ခိုက်လျက်ရှိပါသည်။

သို့သော် မည်သည့်ပြိုင်ပွဲမျိုးတွင်မဆို အနိုင်အရှုံးဟူ၍ ရှိသကဲ့သို့ ဦးနှောက်နှင့်နှလုံးသား၏ တိုက်ပွဲမှာလည်း ကာယကံရှင်ကျမ၏ ဆုံးဖြတ်ချက်မပါဘဲနှင့် အဖြေပေါ်သွားခဲ့ပါသည်။ ထိုနေ့က မနက်အိပ်ရာ နိုးကတည်းက သူ့ကိုပဲ သတိရနေမိသည်။ အဲဒီ့ကတည်းက ဒီနေ့ တခုခုတော့ ဖြစ်လိမ့်မယ်လို့ ကျမကြိုတင်တွေးမိခဲ့သင့်ပါသည်။ သို့သော် ကျမကတော့`သူ.. ကျမကို သတိရနေလို့ဖြစ်မယ် ´လို့ ခပ်ကြောင်ကြောင် တွေးမိခဲ့ပါသည်။ ရှေ့မှာဖြစ်လာမယ့် ကံကြမ္မာကို မသိဘဲ ကိုယ့်အတွေးနဲ့ကိုယ် ပျော်ရွှင်လို့ပေါ့.။

ကျောင်းရောက်လို့ ကျမအတန်းထဲကို ၀င်လိုက်တဲ့အချိန်မှာပဲ theaterရဲ့နောက်ဆုံးတန်းမှာ ထိုင်နေသော စုံတွဲတစ်တွဲကို ကျမတွေ့လိုက်ရပါသည်။ ရင်ထဲမှာတစ်ချက်အောင့်သွားပြီး ကျမဆုတောင်းလိုက်သည်။ `ကျမ လူမှားတာပဲ ဖြစ်ပါစေ´ လို့ပေါ့။ သို့သော် ကျမရဲ့ဆုတောင်း မပြည့်နိုင်သည်ကိုတော့ ကျမရဲ့နှလုံးသားက သက်သေခံလျက်ရှိသည်။ နောက်ဆုံးအနေနဲ့ ကျမစွဲလန်းရသော သူ့မျက်ဝန်းများကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွေကတော့ ကျမစပြီးသတိထားမိတုန်းကလို အေးစက်စက်အနေအထား မဟုတ်တော့ဘဲ ချစ်မြတ်နိုးစွာနှင့် သူ့ကောင်မလေးကို စိုက်ကြည့်လို့..။

***
အချစ်သည် အလွန်တရာ ဆန်းကြယ်လှပါသည်။ လူတိုင်းလူတိုင်းသည် မိမိတို့ရရှိခဲ့သော အတွေ့အကြုံပေါ်မူတည်၍ အချစ်ကို အမျိုးမျိုးလည်း အဓိပ္ပာယ် ဖွင့်ကြလေသည်။ ကျမအတွက်တော့ အချစ်ဆိုသည်မှာ. ပိုင်ဆိုင်ခွင့်မရသော မျက်ဝန်းတစ်စုံသာ ဖြစ်ပါသည်။

***

`ဆရာမ´

အတွေးတွေနဲ့ ငြိမ်သက်သွားသော ကျမကို ကျောင်းသူလေးတစ်ယောက်က လှမ်းခေါ်လိုက်သည်။ သူတို့လက်တွေ့လုပ်ဆောင်ရင်းမှ နားမလည်သောအကြောင်းအရာများကို မေးမြန်းသည်။ ထို့နောက် ကျမအားနှုတ်ဆက်ရင်း သူငယ်ချင်းတွေ အစုလိုက်ဖြင့် ပြန်သွားကြလေသည်။

သြော်.. ကျမအဲဒီ့အရွယ်တုန်းကလည်း အဲလိုပဲ ပျော်ရွှင်ခဲ့ဖူးတာပါပဲလေ..။

ဆက်ဖတ်ရန်...

Sunday, February 17, 2008

သူ..သိပါစေ

“ကျမနဲ့မျက်ဝန်းတစ်စုံ”ကို ဆက်ရေးဖို့ ကြိုးစားပေမယ့် တကယ့်ကို ဖီလင်အောက်နေတော့ ရေးလို့မရဘူး ဖြစ်နေတယ်။ ခံစားချက်မပါဘဲ ရေးရင်လည်း ဇာတ်လမ်းက ပေါ့သွားမှာ စိုးတဲ့အတွက် သူငယ်ချင်းများအားလုံး ခနတော့ စောင့်ပေးကြနော်။ ဒီနေ့တော့ ၀တ္ထုရေးဖို့ ကြိုးစားရင်းမှ ပေါ့ပေါ့ပါးပါး ချရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို တင်ပေးပါရစေ။ ဖတ်ကြည့်ပေးပါဦး။ သူငယ်ချင်းတစ်ယောက် အတွက် ရေးပေးခဲ့တဲ့ကဗျာလေးပါ။

ချစ်သူ.. မျှော်လင့်ခြင်း ကမ်းပါးမှာ
စောင့်ကြိုနေသူကို
မင်းသာ ကြည့်တတ်မယ်ဆိုရင်
မြင်နိုင်ပါတယ်လေ..။

တိတ်ဆိတ်တဲ့ ညဥ့်နက်တွေမှာ
တိုးတိုးလေးညည်းနေတဲ့
အလွမ်းတေးကို
မင်းသာ နားထောင်တတ်မယ်ဆိုရင်
ကြားနိုင်ပါတယ်လေ..။

မင်းအကြောင်း တွေးလိုက်တိုင်း
မူမမှန်တော့တဲ့
ငါ့နှလုံးသားသံစဉ်တွေကို
မင်းသာ ခံစားတတ်မယ်ဆိုရင်
သိနိုင်ပါတယ်လေ..။

မင်း သိစေဖို့ မကြိုးစားချင်တဲ့
ငါ့မာနကို အပြစ်တင်ရမှာလား။
နွံမှန်းသိရက်နဲ့ ရုန်းမထွက်ချင်တဲ့
နှလုံးသားကိုပဲ ဒဏ်ခတ်ရမလား။

အတွေးကမ္ဘာထဲမှာ
ထွက်ပေါက်ရှာမရအောင်
ပိတ်မိနေရင်းမှ
ငါသိလိုက်တာ တစ်ခုရှိတယ်..
“မင်းကို သိပ်ချစ်တယ်တဲ့” လေ။


ဆက်ဖတ်ရန်...

Tuesday, February 12, 2008

ကျမနဲ့မျက်ဝန်းတစ်စုံ

` ကျောင်းသားတွေများ စောင့်နေရပြီလား´ ဆိုသောအသိဖြင့် ကျမခြေလှမ်းများကို လက်တွေ့စာသင်ခန်းဆီသို့ ဦးတည်လိုက်သည်။ လက်တွေ့စာသင်ခန်းထဲ ရောက်တော့ ကျောင်းသားတွေက သူ့အဖွဲ့နဲ့သူ အသီးသီးနေရာယူထားကြသည်။ ကျမလည်း ကျမစာသင်ရမည့် အဖွဲ့ကိုရှာလိုက်မိသည်။ ကျမရှာနေသည်ကို တွေ့သွားတော့ အခန်းရဲ့အစွန်ဆုံးမှာရှိတဲ့ အဖွဲ့ကကျောင်းသားလေးတစ်ယောက်က မတ်တပ်ရပ်ပြီး ကျမကိုလှမ်းခေါ်လိုက်သည်။

` ဆရာမ.. ကျနော်တို့ ဒီမှာ..´

ထိုကျောင်းသားလေးကို တချက်ပြုံးပြလိုက်ပြီး သူတို့ရှိရာသို့ လျှောက်သွားလိုက်သည်။ မနက်ကလက်ချာမှာ သင်သွားတဲ့စာများထဲမှ သူတို့နားမလည်သည်များကို ပြန်လည်ရှင်းပြရသည်။ ထို့နောက် စာထဲကအကြောင်းအရာများကို လက်တွေ့ပြသရန် dead body (ဆေးစိမ်ထားသော ရုပ်အလောင်း) ရှိရာသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ကျောင်းသားကျောင်းသူများကလည်း ကျမသင်ကြားပြသသည့်အခါ မမြင်ရမှာ စိုးသဖြင့် ရှေ့ဆုံးနေရာကိုရရန် အလုအယက်တိုးနေကြသည်။ သူတို့၏မျက်နှာများကတော့ ငယ်ရွယ်နုပျိုခြင်းတို့ဖြင့် ပကတိကြည်လင်နေသည်။ သြော်.. အသက်၁၈၊ ၁၉ အရွယ်ဆိုတော့ ဘ၀မှာ ပျော်စရာတွေချည်းပဲပေါ့။ သူတို့အရွယ်တုန်းက ကျမလည်း သည်လိုပဲ ပျော်ရွှင်ခဲ့တာပဲလေ။

နောက်ဘက်ကကျောင်းသားတွေ မကြားရမှာစိုးသဖြင့် ကျမရဲ့အသံကို မြှင့်ပြီးရှင်းပြလိုက်သည်။ ကလေးတွေရဲ့ မျက်နှာလေးတွေကိုကြည့်တော့ တချို့ကတော့ ကျမပြောသမျှကို အသေအချာ အာရုံစူးစိုက်နေပုံ၊ တချို့ကတော့ ၀တ်ကျေတန်းကျေ နားထောင်နေပုံ၊ တချို့ကတော့ လူတွေကြပ်သဖြင့် စိတ်ရှုပ်ထွေးနေပုံ.။ ကျမသင်ပြလို့ ပြီးသွားပြီးနောက် သူတို့ကိုယ်တိုင် လက်တွေ့လုပ်ခိုင်းလိုက်သည်။ လက်တွေ့လုပ်နေကြသော ဒုတိယနှစ်ကျောင်းသား ကျောင်းသူများကိုကြည့်ရင်း ကျမရဲ့စိတ်အစဉ်တို့သည် လွန်ခဲ့တဲ့၁၀နှစ်ကျော်သို့ ရောက်ရှိသွားခဲ့သည်။ အဲဒီ့တုန်းကတော့ ကျမကဒုတိယနှစ်ကျောင်းသူပေါ့.။ ကျမရဲ့ ဒုတိယနှစ်က အကြောင်းအရာများကို သတိရမိသည်နှင့် အာရုံထဲမှာ အရိပ်တစ်ခုက ခိုတွယ်လာခဲ့သည်။

***

သူနဲ့ကျမရဲ့ တွေ့ဆုံမှုက ၀တ္ထုတွေထဲကလို စိတ်ကူးယဉ်စရာ မဖြစ်ခဲ့ပါ။ ဖော်မလင်နံ့တွေရနေတဲ့ dissection room မှာဖြစ်သည်။ ပူပြင်းလှသော မတ်လတွင် ဆရာစာသင်တာကို ကျောင်းသားတွေ အလုအယက်တိုးပြီး ကြည့်ရတဲ့ အလွန်အိုက်စပ်ဖွယ် ကောင်းတဲ့ လက်တွေ့စာသင်ချိန်မှာ သူ့ကိုသတိထားမိခဲ့ပါသည်။

ကျမသည် မျက်ဝန်းများကို အလွန်နှစ်သက်သူဖြစ်သည်။ လူတစ်ယောက်ရဲ့အလှကို ဝေဖန်သုံးသပ်လျှင်လည်း မျက်ဝန်းများရဲ့အလှကိုသာ အဓိကကြည့်ရှုသူဖြစ်သည်။ ထိုမျက်ဝန်းများမှ အဓိပ္ပာယ်ရှာရခြင်းကိုလည်း စိတ်ဝင်စားသည်။ ထို့ကြောင့် သူငယ်ချင်းများကဖြင့် eye crazy ဟု နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်။ ထိုသို့ မျက်ဝန်းများကို စိတ်ဝင်စားသော ကျမက မျက်လုံးအလွန်လှသော သူ့ကို မြတ်နိုးမိခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပါ။

ဆရာစာသင်နေတာကို လိုက်ကြည့်နေရင်းမှ မျက်နှာချင်းဆိုင်မှ မျက်ဝန်းတစ်စုံကို သတိထားမိသွားသည်။ ထိုသူ့ကို ကျမ မမြင်ဖူးပါ။ ပထမနှစ်တုန်းကပဲ သတိမထားမိတာလား။ ဒီနှစ်မှပဲ သူကကျောင်းပြောင်းလာသလား မသိပေမယ့် ဒီလိုမျက်ဝန်းမျိုးကိုတော့ တခါမှ ကျမမမြင်ဖူးသည်မှာ သေချာလှပါသည်။ သူ့ရဲ့မျက်ဝန်းများသည် အလွန်လှပါသည်။ မျက်ဝန်းထဲမှ မျက်ဆံသည် မည်းနက်ဝိုင်းစက်နေသည်။ အနက်ရောင်မျက်တောင်များသည်လည်း ခပ်တိုတိုစိပ်စိပ်လေးဖြင့် ယောက်ျားလေးရဲ့မျက်ဝန်းမှန်း သိသာစေပါသည်။ မျက်သားဖြူဖြူမှာလည်း မျက်ဝန်း၏အလှအပကို ထောက်ပံ့ပေးလျက်ရှိသည်။ ဒီလို အစိတ်အပိုင်းတွေ ပေါင်းစပ်လိုက်တော့ အလွန်လှပသော၊ ပဟေဠိဆန်သော မျက်ဝန်းတစ်စုံရလာပါသည်။ သူ့ရဲ့မျက်ဝန်းတစ်စုံမှာ အချိန်ဘယ်လောက်ကြာအောင် နစ်မျောမိသွားသည်မသိ။ ဘေးက သူငယ်ချင်းက လက်နဲ့ပုတ်လိုက်တော့မှပဲ အသက်ဝင်လာတော့သည်။

`ဟင်.. ဘာလဲ´

` ယျ နင်ဘာဖြစ်နေတာလဲ ဆရာစာမေးနေတယ်လေ။ ´

` ဟုတ်လို့လား။ ငါ.. မကြားလိုက်ဘူး။ ´

ကျမက ဟုတ်လို့လားဆိုသော မျက်နှာပေးနဲ့ ဆရာ့ကို မော့ကြည့်လိုက်သည်။ ဆရာကလည်း အမြဲတမ်းသူပြောသမျှကို ဂရုတစိုက်နားထောင်လေ့ရှိတဲ့ တပည့်တစ်ယောက် ဘယ်လိုများဖြစ်သွားပါလိမ့် ဆိုတဲ့ အတွေးမျိုးဖြင့် အံ့သြစွာကြည့်လို့။ ကျန်တဲ့သူငယ်ချင်းတွေကလည်း သတိလက်လွတ်ဖြစ်သွားသော ကျမကိုပဲ ပြုံးစိစိနဲ့ ကြည့်နေကြသည်။ ကျမတကယ်မကြားလိုက်တာပါလား ဆိုတဲ့အသိနဲ့မျက်နှာတခုလုံး ပူနွေးလာသည်။ ကျမဒီလို သတိလွတ်ပြီး ငေးမောသွားရခြင်းရဲ့ တရားခံ သူကတော့.. ကျမကိုလည်း ကြည့်မနေဘဲ ဂရုမစိုက်တဲ့ အမူအရာနဲ့ ဆရာ့ကိုသာ ခပ်တည်တည် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ဒီအချိန်မှာပဲ ဘာရယ်မဟုတ်တဲ့ ခံစားချက်တစ်မျိုး ကျမရင်ထဲမှာ ဖြတ်စီးသွားသည်။ ရင်ဘတ်ထဲက စူးခနဲ အောင့်သလို ခံစားလိုက်ရသည်။ ကျမအတွက် နောင်အခါ ရင်နာရမည့် နိမိတ်ပုံများလား.။

ဆက်ရန်...

ဆက်ဖတ်ရန်...

Saturday, February 9, 2008

စိတ်ကူးထဲက သူ..

ဟိုတနေ့က ဘလော့ဂ်တွေ လျှောက်လည်ရင်း မလေးမဘလော့ဂ်ရောက်သွားတော့ ခေါင်းစဉ်လေးကို မြင်တာနဲ့ စိတ်ဝင်စားလို့ ဖတ်ကြည့်လိုက်တယ်။ နာမည်က `ဘ၀ လက်တွဲဖော် ´ တဲ့.။ မလေးမက အခန်းဆက်ရေးထားတာဆိုတော့ အပိုင်း(၁)၊ (၂)၊ (၃) ကို စိတ်ပါဝင်စားစွာ ဖတ်ကြည့်လိုက်တာ.။ နောက်ဆုံးကျတော့မှ ထိတော့တာပဲ။ မလေးမက tag ထားလိုက်တာမှ အများကြီးပဲ.။ ကံဆိုးစွာနဲ့ပဲ အောက်ဆုံးကျမှပဲ ကျမနာမည်ကို ရေးထားတာတွေ့တော့တယ်။ ဘယ်တတ်နိုင်မလဲနော်။ ရေးဆိုတော့လည်း ရေးရတာပေါ့.။

***

ကျမကတော့ လက်တွဲဖော်ဆိုတဲ့ အသုံးအနှုန်းထက် ဖူးစာရှင်ဆိုတဲ့ စကားလုံးလေးကို ပိုနှစ်သက်မိပါတယ်။ လူတစ်ယောက်မှာ ဘ၀တစ်ခု စပြီးဆိုကတည်းက အဲဒီ့လူကိုယ်တိုင်က မသိပေမယ့် ဖူးစာရှင်ဆိုတာ ပါလာမှာပဲလို့ ကျမကတော့ ယုံကြည်မိပါတယ်။ ဒီဖူးစာကြောင့်ပဲ တစ်ခါမှမသိကျွမ်း မရည်းနှီးဖူးတဲ့ လူနှစ်ယောက်က အပြန်အလှန်နှစ်သက်ပြီး ပေါင်းသင်းနိုင်တယ်လို့ ယူဆမိပါတယ်။ ဖူးစာဆိုတာကို ယုံကြည်ပေမယ့်လည်း လူဆိုတဲ့ သဘာဝအရ စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ဖူးစာရှင်လေးတော့ ရှိတာပေါ့နော်။ ကဲ.. ကဲ ရေးတော့မယ်နော်။ စိတ်ကူးထဲက သတို့သားလေးအကြောင်း..။

ခံစားချက်

၁။ မိန်းကလေးတွေအတွက် သူချစ်က အသင့်တော်ဆုံးလို့ ပြောလေ့ရှိပေမယ့် ကျမကတော့ ကိုယ်ချစ်ကိုပဲ ရှာချင်ပါတယ်။ ( ကိုယ်မနှစ်သက်တဲ့ လူတစ်ယောက်ရဲ့ ပြာပြာသလဲ ဂရုစိုက်မှုထက်စာရင် ကျမအတွက်တော့ ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ ဥပေက္ခာပြုမှုကတောင် ပိုပြီးချိုမြိန်မလားပဲ။ ) သူကပါ ကျမကို အရမ်းချစ်တယ်ဆိုရင်တော့ ကျမကံကောင်းတယ်လို့ ပြောရမှာပေါ့။

၂။ မြင်မြင်ချင်း ရင်မခုန်နိုင်ရင်တောင် တစိမ့်စိမ့်ကြည့်ပြီး မြတ်နိုးနိုင်တဲ့လူဖြစ်စေချင်ပါတယ်။ ( အချစ်က အိမ်ထောင်တစ်ခုမှာ အတိုင်းအတာတစ်ခုအထိ သည်းခံမှုပေးသတဲ့။ )

၃။ ကျမ အထင်ကြီးလေးစားနိုင်သူ ဖြစ်ရမည်။ ( ကိုယ်ကိုယ်တိုင်ကမှ အထင်မကြီးတဲ့လူတစ်ယောက်ကို အိမ်ဦးနတ်အဖြစ်တော့ ဘယ်လိုမှ လက်မခံချင်ပါ။ )

ဘာသာနဲ့လူမျိုး

၎။ုဒ္ဓဘာသာဖြစ်ရမည်။ (ဘာသာမတူပါက ဘယ်လောက်ပဲချစ်နေပါစေ။ စဉ်းစားမည်မဟုတ်ပါ။ )

၅။ မြန်မာလူမျိုးဖြစ်လျှင် ပိုကောင်းသည်။

စိတ်နေစိတ်ထား

၆။ ဖြောင့်မတ်တည်ကြည်၍ ကြင်နာသနားတတ်သူ၊ ကတိသစ္စာ တည်သောသူမျိုးကိုသာ နှစ်သက်ပါသည်။

၇။ စိတ်သဘောထားနူးညံ့၍ လူကြီးမိဘကို ရိုသေသူဖြစ်ရမည်။ ( မိဘသဘောတူဖို့ကတော့ အရေးကြီးဆုံးပါပဲ။)

၈။ အမှန်တရားကို နှစ်သက်မြတ်နိုးပြီး နားလည်မှုရှိသူဖြစ်ရမည်။

၉။ ဆင်းရဲချမ်းသာကို မကြည့်ပေမယ့် ဥာဏ်ရည်ဥာဏ်သွေးကို အလေးထားပါသည်။ ကျမထက်မတော်ရင်တောင် ကျမအောက် မညံ့သူဖြစ်ရပါမည်။

ရုပ်ရည်

၁၀။ ချစ်မိသွားရင် ရုပ်ရည်ကလည်း အဓိကမကျတော့ဘူးတဲ့။ ဒါလည်းဖြစ်နိုင်ပါတယ်လေ။ ဒါပေမယ့် မျက်လုံးပြူးပြူး၊ အရပ်မြင့်မြင့်နဲ့ ကြည့်ပျော်ရှုပျော်ရုပ်ကလေးတော့လည်း လိုချင်သား။ (မျက်မှန်လေးနဲ့ဆို ပိုကောင်းပါသည်။ )

၁၁။ ခပ်တည်တည်နေသူကိုသာ နှစ်သက်တတ်ပြီး ထိုသူ့ထံမှ ရှားရှားပါးပါးအပြုံးကိုသာ မက်မောတတ်ပါသည်။

အလုပ်အကိုင်

၁၂။ အလုပ်လက်မဲ့မဖြစ်ရ။ ဆရာဝန်ဖြစ်လျှင် ပိုကောင်းသည်။ (ပညာတူ၊ ၀ါသနာတူ၊ စိတ်တူ သဘောတူဆိုတော့ ကောင်းတာပေါ့နော်။ )

၁၃။ ကျမရဲ့ဆိုက်ကိုလားတော့ မသိဘူးနော်။ စစ်နဲ့ဆိုင်တဲ့ အလုပ်မျိုးလုပ်သူတော့ မဖြစ်စေချင်ပါ။ (စစ်ဆရာဝန်ဆိုရင်တောင် စဉ်းစားမည်မဟုတ်။ )

အသက်အရွယ်

၁၄။ ရွယ်တူဖြစ်လျှင် ပိုကောင်းပါသည်။ လေးနှစ်ကနေ ငါးနှစ်လောက်အထိ ကြီးတာဆိုရင်လည်း လက်ခံနိုင်ပါသည်။

အသောက်အစား

၁၅။ ဆေးလိပ်သောက်ခြင်းကိုတော့ လက်မခံနိုင်ပါ။ (ကျမက ဆေးလိပ်နံ့မခံနိုင်ဘူးလေ။ နောက်ပြီး ဆေးလိပ်နံ့ကို ရှူမိရုံနဲ့ ရောဂါရနိုင်တယ် မဟုတ်လား။ )

၁၆။ အရက်တို့ ဘီယာတို့ကတော့ ကိုယ်ဘယ်လောက်တားတား သောက်မှာပဲမို့ အလွန်အကျွံမဟုတ်ရင်ပဲ တော်ပါပြီ။ (မိန်းမရှုပ်တဲ့ကိစ္စကတော့ ကျမရဲ့ကံလို့ပဲ သဘောထားပါတယ်လေ။ နောင်အခါ သူရှုပ်မလား မရှုပ်ဘူးလားဆိုတာကို ကျမမှ မသိနိုင်ဘဲလေ။ )

ကျမဘက်ကလည်း သူစိတ်တိုင်းကျဖြစ်အောင် တတ်နိုင်သမျှ လိုက်လျောပေးမှာပါ။ ကျမလိုချင်တာတွေက အရမ်းများသွားပြီလား မသိဘူးနော်။ မတတ်နိုင်ဘူးလေ။ စိတ်ကူးယဉ်တာပဲ။ ဘယ်လောက်ယဉ်ယဉ် ဖြစ်တယ်မဟုတ်လား။ ဒီအချက်တွေအားလုံးနဲ့ ပြည့်စုံမယ့် သတို့သားလောင်းလေး ရပါစေလို့ ဆုတောင်းပေးကြနော်။

မလေးမရေ. ဒီလောက်ဆို ကျေနပ်ပြီမဟုတ်လား။ ဘယ်သူ့ကို ထပ်tagရရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့ ကျမတို့ရဲ့ အတွေးရပ်ဝန်းထဲက မဆုဝေကိုပဲ tagပါရစေ။ အမရေ.. လက်တွဲဖော်လေးအကြောင်း ရေးပေးနော်။

ဆက်ဖတ်ရန်...

Friday, February 8, 2008

ဘလော့ဂါဘ၀..


မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။

(ဤပို့စ်ကို ကိုခဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

ဆက်ဖတ်ရန်...

Wednesday, February 6, 2008

လွတ်ကျခဲ့တဲ့ မြို့တော်ပိုင်ရှင် ကျမချစ်သော အကို သို့...

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကိုမပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

(ကျောင်းက အခုမှ ပြန်ရောက်လို့ မနက်၁၀နာရီ မတိုင်ခင်မှာ မတင်ဖြစ်ခဲ့တာ တောင်းပန်ပါတယ်နော်။ )

ဆက်ဖတ်ရန်...

Friday, February 1, 2008

ဆုတောင်း=စိုးရိမ်ခြင်း

အလင်းရောင်.. မတွေ့ရဘူး
မှောင်မိုက်နေတဲ့
အခန်းကျဉ်းလေးမှာ..


နွေးထွေးမှု.. လုံးဝမရှိဘူး
အေးစက်နေတဲ့
ကြမ်းပြင်မှာ..

တေးသံများ.. မကြားနိုင်ဘူး
တိတ်ဆိတ်နေတဲ့
ပတ်ဝန်းကျင်မှာ..

ပျော်ရွှင်မှု.. မခံစားရဘူး
ရက်စက်မှုတွေ လွှမ်းမိုးနေတဲ့
ရပ်ဝန်းမှာ..

အဆင်ပြေပါ့မလား…

အိပ်မက်ဆိုးတွေများ မက်နေမလား..

သြော်..ဒီလိုအခြေအနေမှာ
ဘယ်လိုမှ အဆင်မပြေနိုင်တာ
သိနေမှတော့
အန္တရာယ်ကင်းပါစေပဲ
ဆုတောင်းရတော့မှာပေါ့.။

လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ.. ချစ်သောအကိုရေ..

(လွတ်လပ်မှုနဲ့ အမှန်တရားကို မြတ်နိုးတဲ့ ကျမအကိုအတွက်)

ဆက်ဖတ်ရန်...