ထိုနေ့မှစ၍  ကျောင်းတက်လိုက်၊ စာကျက်လိုက်နှင့် ကုန်လွန်နေသော ကျမရဲ့တစ်နေ့တာ  အလုပ်များတွင် မည်သူ့၏ခိုင်းစေချက်မှ မပါဝင်ဘဲ  တာဝန်တစ်ခု  ပိုလာခဲ့ပါသည်။ အဲဒါကတော့  ကျောင်းရောက်တာနဲ့  သူ့ကိုရှာရခြင်းပါပဲ။  တနေ့တနေ့  `သူမှကျောင်းတက်ပါ့မလား´  ဆိုတဲ့အတွေးက  ကျမကိုနှိပ်စက်လျက်ရှိပါသည်။ ကျမရဲ့ ဒီအတွေးတွေက  သူ့မျက်ဝန်းတွေကို  တွေ့ရမှပဲ  ပျောက်သွားတတ်ပါသည်။  သူ့ကို  မတွေ့ရတဲ့    ကျမရဲ့  ကျောင်းတက်ရက်များသည်  ဟာတာတာကြီး  ဖြစ်လျက်  ခြောက်သွေ့ငြီးငွေ့ဖွယ်  ကုန်ဆုံးနေကြသည်။ သို့သော်  တနေ့တခြား  တိုးတိုးလာတဲ့ သံယောဇဉ်တွေကို  သူရိပ်မိလာနိုင်တယ်ဆိုတဲ့  အချက်ကိုတော့  ကျမမေ့လျော့နေခဲ့ပါသည်။
သူ့အပေါ်  ကျမရဲ့မြတ်နိုးတွယ်တာမှုကို  ပထမဆုံးအကြိမ်  သူသတိထားမိတဲ့နေ့ကိုတော့  ကျမမှတ်မှတ်ရရ  ရှိခဲ့ပါသည်။  ကျမတို့  ဒုတိယနှစ်ရဲ့  လူသွားစင်္ကြမှာ  ဖြစ်သည်။  အဲဒီ့နေ့က နောက်ကျမှရောက်လေ့ရှိသည့် ကျမတို့ကျောင်းကားက စောရောက်နေသည်။ ကျောင်းကားရပ်သည့်နေရာနှင့် ကျမတို့ဒုတိယနှစ်အဆောင်မှာ အတန်ငယ်လှမ်း၏။ ထို့ကြောင့် ကျမနှင့်သူငယ်ချင်းနှစ်ယောက်သည် စကားတပြောပြောနှင့် လျှောက်လာကြသည်။   လူသွားစင်္ကြကလည်း  သုံးယောက်လောက်သာ  ဘေးတိုက်ယှဉ်၍  သွားနိုင်လေသည်။  မနက်စောစောလည်း ဖြစ်သဖြင့်  လူသွားလူလာလည်း ကင်းရှင်းနေသည်။
တစ်နေရာအရောက်တွင်  စင်္ကြလမ်းအတိုင်း  ချိုးကွေ့လိုက်ရာ  အမှတ်မထင်  လူတစ်ယောက်နဲ့ တိုက်မိမလိုဖြစ်သွားသည်။  ကျမမော့ကြည့်လိုက်တော့.. သူ။ သူ့ကိုတွေ့လိုက်ရတာနှင့်  ရင်ထဲက တဒိန်းဒိန်း ခုန်လာသည်။ ခြေဖျား၊လက်ဖျားတွေပင်  ရုတ်တရက် အေးစက်လာ၏။ အံ့သြစိတ်နဲ့  ကျမရဲ့မျက်လုံးတွေက  သူ့ကိုစိုက်ကြည့်လို့။ တဒိတ်ဒိတ်ခုန်နေတဲ့  ကျမရဲ့ရင်ခုန်သံကို သူများကြားသွားလေမလား စိုးရိမ်ရပါသည်။  ကျမရဲ့မျက်နှာပေါ်က ခံစားချက်ကို ဖုံးကွယ်နိုင်ရန် ခေါင်းကိုငုံ့ချလိုက်သည်။ သို့သော်  ကျမနောက်ကျသွားခဲ့ပါသည်။   ကျမရဲ့မြတ်နိုးတွယ်တာမှုကို သူကောင်းကောင်းကြီး  ရိပ်မိသွားခဲ့ပြီ။
ထို့နောက် သူက `ဆောရီး´လို့ပြောပြီး လှစ်ခနဲတစ်ချက် ပြုံးလိုက်သည်။ ထိုအပြုံးက  ကျမရဲ့တွယ်တာမှုအတွက် လှောင်သွားခြင်းလား။ ယောက်ျားတစ်ယောက်အနေဖြင့်  ဂုဏ်ယူခြင်းလားဆိုတာကို သေချာမခွဲခြားနိုင်ခဲ့တဲ့  ကျမရဲ့ညံ့ဖျင်းချက်လို့ပဲ  ပြောရပါမည်။  သို့သော်  ဘာအတွက်ကြောင့်ပဲပြုံးပြုံး ခပ်တည်တည်နေလေ့ရှိသော သူ့ထံမှ   ရရှိသည့်ထိုအပြုံးကိုပင်  ကျမအရမ်းတန်ဖိုးထားပါသည်။
ထိုအဖြစ်အပျက်  ဖြစ်ပြီးသည့်နောက်မှာတော့   အရင်တုန်းက မစဉ်းစားခဲ့မိသည့် အကြောက်တရားတစ်ခု  ကျမမှာ တိုးလာခဲ့ပါသည်။ ထိုအရာက  သူနှင့်မျက်လုံးချင်းဆုံရမှာ  ဖြစ်သည်။  သူ့မျက်ဝန်းသည် အလွန်ပင် လေးနက်ပါသည်။  အဓိပ္ပာယ်အမျိုးမျိုးလည်း ပေးနိုင်လေသည်။ ကျမခိုးကြည့်နေသည်ကို  မိသွားသည့်အချိန်မျိုးတွင်  ကျမအပေါ်  စိုက်ကြည့်တတ်သော  သူ့ရဲ့အကြည့်များက ကျမကိုအထိတ်တလန့် ဖြစ်စေပါသည်။  သိက္ခာတရားကို  အလွန်တန်ဖိုးထားသော  သူ့အတွက်  ကျမက တန်ဖိုးနည်းသော မိန်းကလေးတစ်ယောက် ဖြစ်နေမှာကို  အလွန်ကြောက်ရွံ့မိပါသည်။ သို့သော် သူ့အပေါ် ထားရှိသော ကျမ၏သံယောဇဉ်တွေကိုတော့  မရုပ်သိမ်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ  သူနဲ့ကျမက  နီးလည်းမနီးလွန်း၊  ဝေးလည်းမဝေးလွန်းသော  အနေအထားမှာပဲ    ရပ်နေခဲ့ကြပါသည်။
သူကတော့  တခါတလေ   အသိအမှတ်ပြုသလို   ကြည့်လိုက်၊   တခါတလေ  ဂရုမစိုက်သလို  နေလိုက်နှင့်  ကျမအပေါ်  နှိပ်စက်လျက်ရှိပါသည်။   သူ့ရဲ့အသိအမှတ်ပြုမှုကို  ရသည့်နေ့မျိုးတွင်  ကျမသည် အလွန်ပျော်ရွှင်နေတတ်၍   ဥပေက္ခာပြုမှုကို  ခံရသည့်နေ့တွင်တော့    မခံမရပ်နိုင်အောင်  ရင်ထဲမှာ  နာကျင်ရပါသည်။   ထိုအချိန်မျိုးတွင်   ကျမမေ့လုနီးနီးဖြစ်နေသော  မိန်းမသားမာနက  တဖန်ပြန်ပေါ်လာ၍  သူ့အားနာကြည်းရပါသည်။   ထိုနာကြည်းမှုကြောင့်  သူ့အားမေ့ပစ်လိုက်ချင်သော်လည်း  ကျမရဲ့အချစ်ကတော့  သူ့အားအတိုင်းအဆမရှိသော  သည်းခံမှုများကို  ပေးနေပါသည်။   ဤသို့ဖြင့်   မာနနှင့်  အချစ်ကို  အခြေခံ၍  ကျမရဲ့ဦးနှောက်နဲ့နှလုံးသားသည်   အနိုင်မခံ၊အရှုံးမပေးဘဲ  တိုက်ခိုက်လျက်ရှိပါသည်။
သို့သော်  မည်သည့်ပြိုင်ပွဲမျိုးတွင်မဆို  အနိုင်အရှုံးဟူ၍  ရှိသကဲ့သို့  ဦးနှောက်နှင့်နှလုံးသား၏  တိုက်ပွဲမှာလည်း  ကာယကံရှင်ကျမ၏  ဆုံးဖြတ်ချက်မပါဘဲနှင့်  အဖြေပေါ်သွားခဲ့ပါသည်။   ထိုနေ့က   မနက်အိပ်ရာ  နိုးကတည်းက  သူ့ကိုပဲ  သတိရနေမိသည်။   အဲဒီ့ကတည်းက  ဒီနေ့  တခုခုတော့  ဖြစ်လိမ့်မယ်လို့  ကျမကြိုတင်တွေးမိခဲ့သင့်ပါသည်။   သို့သော် ကျမကတော့`သူ.. ကျမကို  သတိရနေလို့ဖြစ်မယ် ´လို့  ခပ်ကြောင်ကြောင်  တွေးမိခဲ့ပါသည်။  ရှေ့မှာဖြစ်လာမယ့်  ကံကြမ္မာကို  မသိဘဲ  ကိုယ့်အတွေးနဲ့ကိုယ်  ပျော်ရွှင်လို့ပေါ့.။
ကျောင်းရောက်လို့ ကျမအတန်းထဲကို ၀င်လိုက်တဲ့အချိန်မှာပဲ theaterရဲ့နောက်ဆုံးတန်းမှာ ထိုင်နေသော စုံတွဲတစ်တွဲကို ကျမတွေ့လိုက်ရပါသည်။ ရင်ထဲမှာတစ်ချက်အောင့်သွားပြီး ကျမဆုတောင်းလိုက်သည်။ `ကျမ လူမှားတာပဲ ဖြစ်ပါစေ´ လို့ပေါ့။ သို့သော် ကျမရဲ့ဆုတောင်း မပြည့်နိုင်သည်ကိုတော့ ကျမရဲ့နှလုံးသားက သက်သေခံလျက်ရှိသည်။ နောက်ဆုံးအနေနဲ့ ကျမစွဲလန်းရသော သူ့မျက်ဝန်းများကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွေကတော့ ကျမစပြီးသတိထားမိတုန်းကလို အေးစက်စက်အနေအထား မဟုတ်တော့ဘဲ ချစ်မြတ်နိုးစွာနှင့် သူ့ကောင်မလေးကို စိုက်ကြည့်လို့..။
အချစ်သည် အလွန်တရာ  ဆန်းကြယ်လှပါသည်။   လူတိုင်းလူတိုင်းသည် မိမိတို့ရရှိခဲ့သော အတွေ့အကြုံပေါ်မူတည်၍ အချစ်ကို အမျိုးမျိုးလည်း အဓိပ္ပာယ်  ဖွင့်ကြလေသည်။   ကျမအတွက်တော့  အချစ်ဆိုသည်မှာ. ပိုင်ဆိုင်ခွင့်မရသော  မျက်ဝန်းတစ်စုံသာ  ဖြစ်ပါသည်။
***
`ဆရာမ´
အတွေးတွေနဲ့  ငြိမ်သက်သွားသော  ကျမကို  ကျောင်းသူလေးတစ်ယောက်က  လှမ်းခေါ်လိုက်သည်။   သူတို့လက်တွေ့လုပ်ဆောင်ရင်းမှ   နားမလည်သောအကြောင်းအရာများကို  မေးမြန်းသည်။  ထို့နောက်  ကျမအားနှုတ်ဆက်ရင်း  သူငယ်ချင်းတွေ  အစုလိုက်ဖြင့်  ပြန်သွားကြလေသည်။  
 
 

 
 
 
9 comments:
ဟင်း ဇာတ်လမ်းကလည်းနော်။ ဖြစ်ရတယ်။ သနားပါတယ်နော် တိတ်တိတ်လေးချစ်ရတာကလည်း။ သဲရေးထားတာ တကယ်ကောင်းတယ်။ ဇာတ်အိမ်တကယ်ခိုင်တယ်။
သြော်။ လက်စသတ်တော့ ဒီလို ကိုး ဆရာမက အသက်ဘယ်လောက်ရှိပြီတုန်း
:D
ရင်ထဲက ခံစားချက်လေးလား .. ဖြစ်တတ်တဲ့အကြောင်းလေးပဲ .. ဖတ်လို့ကောင်းပါတယ်.. အားပေးပါတယ် နော် . .
သဲရေ...မျက်ဝန်းတစ်စုံ ဇာတ်သိမ်းလေးက လှလိုက်တာ...အချစ်ဆိုတာ ပိုင်ဆိုင်ခွင့် မရလိုက်တဲ့ မျက်ဝန်းတစ်စုံ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးက ရင်ထဲကို တကယ်ထိသွားပြီ သိလား ...။
သဲက အတော်စာရေးကောင်းတာဘဲ။ အားပေးနေမယ်နော်။
အချစ်သည် အလွန်တရာ ဆန်းကြယ်လှပါသည်။ လူတိုင်းလူတိုင်းသည် မိမိတို့ရရှိခဲ့သော အတွေ့အကြုံပေါ်မူတည်၍ အချစ်ကို အမျိုးမျိုးလည်း အဓိပ္ပာယ် ဖွင့်ကြလေသည်။ ကျမအတွက်တော့ အချစ်ဆိုသည်မှာ. ပိုင်ဆိုင်ခွင့်မရသော မျက်ဝန်းတစ်စုံသာ ဖြစ်ပါသည်။
ပိုင်ဆိုင်ခွင့်မရခဲ့တဲ့မျက်ဝန်းတစ်စုံကိုအခုတိုင်သိမ်းထား
နိုင်ပြီးခံစားချက်တွေဖွင့်အံချပစ်တာလည်းအချစ်ဘဲပေါ့
ညီမလေးရေ......
ဇာတ်လမ်းလေးက ရင်နင့်စရာလေးပါလား
သဲက ၀တ္ထုရေးတာလဲမိုက်တယ်
အချစ်ကို ခံစားထားတဲ့ပုံလေးလဲကြိုက်တယ်
အားပေးနေတယ်နော်
အပိုင်း ၁ ပြီးကတည်းက ဖတ်ချင်နေတာမှ အရမ်းပဲဗျ။ ခုမှ လာဖတ်ဖြစ်တော့တယ်။ စိတ်မကောင်းလဲ ဖြစ်ရတယ်။ ခံစားချက်တွေ ချစ်သောသူ သိနိုင်ပါစေ မေပျိုရေ။ ငိုတော့ ငိုနေနဲ့နော့ :P
Post a Comment