နောက်တော့  ကိုကျော်ကတဆင့်  ဘလော့ဂ်တစ်ခုကို  သွားဖတ်မိပါတယ်။  ပထမတော့  တခါတလေ၊  နောက်တော့   မကြာခဏ၊  တဖြည်းဖြည်းနဲ့   အမြဲတမ်းလိုလို  သွားဖတ်ဖြစ်ပါတယ်။    ဘယ်သူ့ဘလော့ဂ်ဖြစ်မယ် ထင်လဲဟင်။ ကိုကလိုစေးထူးရဲ့  ဘလော့ဂ်ပါ။  အရေးအသားပိုင်းရော   အကြောင်းအရာပိုင်းမှာပါ   အတုယူစရာကောင်းလှတဲ့  ဘလော့ဂ်တစ်ခုကို  စတင်ဖတ်မိခြင်းပါပဲ။  နောက်တော့  နောက်တော့   ကိုရန်အောင်၊  မမေ  စတဲ့  ဘလော့ဂ်တွေကိုပေါ့။  သူတို့တွေက  ကျမရဲ့မြင်ဆရာတွေ  ဆိုရင်  မှားမယ်မထင်ပါဘူး။
    ဒီကြားထဲမှာလည်း  ကျမက  ကျောင်းတက်လိုက်၊  စာမေးပွဲဖြေလိုက်နဲ့  ခေတ္တခဏ  အဆက်အသွယ်  ပြတ်သွားပြီးနောက်   ပထမဆုံးသိလိုက်တာကတော့   မဇင်(မမွန်းသက်ပန်) ဘလော့ဂ်  လုပ်ပြီးပြီဆိုတာပါပဲ။  မဇင်နဲ့က  အဒေါ်သာဆိုတယ်။  တကယ့်ညီအမအရင်းလိုပါပဲ။  ရင်းရင်းနှီးနှီးလည်း  ရှိလှပါတယ်။ သူဘလော့ဂ်လုပ်ပြီဆိုတော့   အားပေးရမယ့်တာဝန်က  ကျမတာဝန်ဖြစ်လာပါတယ်။  နောက်တော့  ကျမကိုပါ  ဘလော့ဂ်လုပ်ဖို့  အားပေးလာတော့တာပါပဲ။  
    ကျမမှာက  အကျင့်တစ်ခုရှိပါတယ်။  ကိုယ့်ဘာသာ  လုပ်ချင်လုပ်မယ်။  သူများက  လုပ်ပါလားဆို  လုပ်ချင်မှလုပ်တော့တာ။ (အကျင့်က  အဲလိုမကောင်းတာ)  အဲဒီ့အကျင့်အရ  မဇင်နဲ့မေမေက  တိုက်တွန်းနေပေမယ့်   ဟိုအကြောင်းပြ၊  ဒီအကြောင်းပြနဲ့   မလုပ်ဖြစ်ပါဘူး။ ကိုယ့်ဘာသာ  ယုံကြည်ချက်  မရှိတာလည်း  ပါပါတယ်။  ကိုယ်ရေးတဲ့စာတွေက  သူများတွေကို  အဆိပ်ဖြစ်စေမှာလဲ  စိုးရိမ်မိပါတယ်။  နောက်ပြီး  ကိုယ်ရေးထားတဲ့စာကို  လာဖတ်ကြမှာလည်း  ရှက်လို့ပါ။ (နှင်းနုရေ  နှင်းနုနဲ့ ဒီအချက်တော့ တူသွားပြီ။)  
    ဒီလိုကြန့်ကြာနေတဲ့   အချိန်အတောအတွင်းမှာ  ကျမအမဖြစ်တဲ့  သီသီ၊  အသိတွေဖြစ်တဲ့  ကိုမိုးလှိုင်ညတို့  မဆုဝေတို့က  ဘလော့ဂ်တွေ   လုပ်လာကြပါတယ်။  သူတို့က  ကျမဘလော့ဂ်  ရေးဖြစ်ဖို့အတွက်  တွန်းအားတစ်ရပ်ဆိုရင်လည်း  မမှားပါဘူး။  နောက်တော့  မိုးရွာနေတဲ့  စက်တင်ဘာတစ်ညနေမှာ  ဘလော့ဂ်ရေးဖို့  ဆုံးဖြတ်ခဲ့ပါတယ်။  ဆုံးဖြတ်တယ်ဆိုလို့  သိပ်အထင်ကြီး  မသွားနဲ့နော်။  ကျမကိုယ်တိုင်က  ဘာမှလုပ်တာဟုတ်ဘူး။ ကျမက ရေးမယ်လို့  ပြောတာကို   မေမေတို့  မဇင်တို့က  ဘလော့ဂ်လုပ်ပေးဖို့  စောင့်နေကြတာပါ။  ဒီလိုနဲ့ပဲ  ခေါင်းငြိမ့်လိုက်တယ် ဆိုပါတော့..။
    ကျမ ဘလော့ဂ်လုပ်မယ်ပြောပြီး  ၅ရက်လောက်အကြာမှာတော့  ကျမအကြိုက်ဆုံးအရောင်ဖြစ်တဲ့  အပြာရောင်လေးနဲ့  ဘလော့ဂ်လှလှလေးတစ်ခုကို  မေမေနဲ့မဇင်က  လက်ဆောင်ပေးခဲ့ပါတယ်။ ဘာကိုမှ လှည့်ကြည့်စရာမလိုအောင် အစအဆုံး လုပ်ပေးကြတဲ့အတွက် မေမေရော မဇင်ရောကို  ကျေးဇူးကမ္ဘာပါနော်။   ဘလော့ဂ်ရဲ့နာမည်ကိုလည်း  `မိုးပြာရောင်အိပ်မက်များ´လို့  မေမေကပဲ  မှည့်ပေးခဲ့ပါတယ်။  ကလောင်နာမည်ကိုတော့  မနော်ဟရီဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်တဲ့  ဆောင်းဦးမေပျိုကို  မေမေရောကျမပါ  သဘောကျတာကြောင့်  `မေပျို´ဆိုတဲ့  နာမည်ပေးခဲ့တာပါ။ (ဆောင်းဦးလို့  ထည့်ချင်ပေမယ့်  ကျမက နွေမှာမွေးတော့ ထည့်လို့ရ၀ူးလေ။ L)  ဒီလို..  ဒီလို..  နဲ့ပဲ  မိုးပြာရောင်အိပ်မက်လေး  အကောင်အထည်  ပေါ်လာတယ်ပေါ့လေ။
    ကျမအပေါ်မှာ  ရေးခဲ့တဲ့  နာမည်တွေအပြင်   ကျမဆီကို  ပုံမှန်လာဖတ်ပေးကြတဲ့  သူငယ်ချင်းများ၊  မအားလို့  တခါတရံမှ  လာတဲ့ သူငယ်ချင်းများ၊ စီဘောက်စ်မှာ မအော်ပေမယ့် လာလည်သွားသူများ၊ ကွန့်မန့်ပေးသွားကြတဲ့၊  အကြံပေးကြတဲ့ မိတ်ဆွေများအားလုံးက ကျမရဲ့ဘလော့ဂ်ကို  အသက်သွင်းပေးတဲ့  လူတွေပါပဲ။ ဒီတော့  အားလုံးကို  အထူးအထူး  ကျေးဇူးတင်ပါတယ်နော်။ ရေးရမယ့်နာမည်တွေက များလွန်းလို့ တစ်ယောက်ချင်းမရေးနိုင်တာကို နားလည်ကြပါနော်။ (လာလည်တိုင်း အမှားအယွင်းမရှိအောင် ပြောပြပေမယ့်  ကျမက မပြင်တတ်တဲ့အတွက် နောက်ဆုံးadminပါယူပြီး ကူညီပေးတဲ့ ကိုရန်အောင်ကိုလည်း ကျေးဇူးနော်။) ဘလော့ဂ်လုပ်နေစဉ်အတွင်း  စိတ်မချမ်းမြေ့မှုများကို မျှဝေခံစားပေးကြတဲ့ မဇင် ၊  သီသီ ၊ကိုပီကေတို့ကိုလည်း  ကျေးဇူးတင်ပါတယ်။ နောက်တိုးအနေနဲ့  ကျမကို  ကဗျာရေးနည်းသင်ပေးမယ်ဆိုတဲ့  ကိုကောင်းကင်နဲ့  ကိုမာန်လှိုင်းတို့ကိုလည်း  ကျေးဇူးတင်တယ်နော်။ (ဟီးဟီး ကိုဆွေရေ ထည့်လိုက်ပြီနော်။ သူတို့ကိုက ဆရာလို့ ခေါ်ရမှာ။)  
    ဒီဘလော့ဂ်အပေါ် မေပျိုရဲ့  ခံစားချက်ကတော့  ဒီလိုပါ..။
    အားလုံးကိုချစ်လို့  tagပါတယ်ဆိုတဲ့  ကိုပီကေ (သူ့လောဘက  မသေးဘူးနော်။ အားလုံးကိုတောင် ချစ်ချင်သေးတယ်။ ) နဲ့  ချက်ဖြစ်တော့   သူကtagရခြင်း  ရည်ရွယ်ချက်ကို  ပြောပါတယ်။  ကျေးဇူးတင်ထိုက်သူတွေကို   ကျေးဇူးတင်ရအောင်နဲ့  ဘလော့ဂ်အပေါ်  အမြင်လေးကို  သိစေချင်လို့ပါတဲ့။  ဒီတော့  သူ့ဆန္ဒလေး  ပြည့်ဝအောင်   ကူညီပေးလိုက်ရအောင်..။
    ဘလော့ဂ်ရေးခြင်းက  အနုပညာလို့  နတ်သမီးလေး  မမွန်ကဖွဲ့ဆိုထားပါတယ်။  လင်းကတော့  ဘလော့ဂ်က  သူ့အတွက်  ချစ်သူအသစ်ပါတဲ့။  မအလွမ်းအိမ်ကတော့  ကလေးလေးနဲ့  တူပါသတဲ့။  ဒီတော့  ကျမလည်း  အားကျမခံ  ဘယ်လိုများ  တင်စားရင်ကောင်းမလဲ  တွေးမိပါတယ်။  ကိုယ့်ရဲ့ခံယူချက်တွေ၊  ရပ်တည်ချက်တွေကို   တင်ပြခွင့်ရတော့   မှတ်စုစာအုပ်လို့ပဲ  တင်စားရင်ကောင်းမလား။  ဒိုင်ယာရီလို့ပဲ  တင်စားရမလား။   အမျိုးမျိုး  စဉ်းစားလိုက်တာ  နောက်ဆုံးတော့…။
    ကမ္ဘာအသစ်တစ်ခုဆိုတဲ့  နာမည်လေးထွက်လာပါတယ်။ ကျမအတွက်တော့  ဘလော့ဂ်က ကမ္ဘာသစ်တစ်ခုပါပဲ။  ကမ္ဘာသူကမ္ဘာသားတွေကတော့  ကျမတို့ဘလော့ဂါမောင်နှမတွေနဲ့  ဘလော့ဂါမဟုတ်ပေမယ့်  လာရောက်အားပေးသူတွေပါ။    ကိုယ်စီကိုယ်စီ    သီးခြားအိမ်လေးတွေ  ဆောက်ပြီး ပျော်ရွှင်စွာ  နေကြတယ်ပေါ့။  သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူလည် ၊ သူ့မွေးနေ့သွားစား၊ ကိုယ့်မွေးနေ့ကျမေ့ထား.. အဲ ဟုတ်ပါဝူး   ကိုယ့်မွေးနေ့ကျလည်း  လက်ဆောင်ပြန်ယူတာပေါ့နော်။  အချင်းချင်းလည်း  ကူညီရိုင်းပင်းမှုလေးတွေနဲ့   အလွန်ပဲချစ်စရာ  ကောင်းလှပါတယ်။ 
    ဒါပေမယ့်လည်း  ကမ္ဘာဆိုတဲ့အတိုင်း  ကျူးကျော်ဝင်ရောက်တဲ့လူတွေ၊  နှောင့်ယှက်ဖျက်ဆီးမယ့်သူတွေလည်း  များလှပါတယ်။  ဒီလူတွေကို  ခုခံကာကွယ်ဖို့  တာဝန်ကတော့  ကမ္ဘာပေါ်မှာ  နေထိုင်ကြတဲ့  ကမ္ဘာသူကမ္ဘာသားတွေရဲ့  တာဝန်ပါပဲ။  သူတို့တွေကို  တိုက်ထုတ်ဖို့   ဆိုရင်တော့   အချင်းချင်းသွေးမကွဲဘဲ  စည်းလုံးညီညွတ်ဖို့   ဆိုတာလည်း  လိုအပ်ပါတယ်။  နောက်ပြီး  တစ်ကမ္ဘာတည်းမှာ  နေထိုင်သူအချင်းချင်း  ဟန်ဆောင်မှုမပါဘဲ  ပွင့်လင်းရိုးသားစွာ   ဆက်ဆံကြဖို့  လိုအပ်တယ်လို့  ယူဆမိပါတယ်။   ကျမတို့ရဲ့  လှပတဲ့ကမ္ဘာကြီး  မပြိုမပျက်ဘဲ  ခိုင်မာတည်တံ့အောင်  အတူတကွလက်တွဲပြီး  ဆောက်ရွက်ကြရအောင်နော်။ 
    ကဲ.. ကျမလျှာရှည်တာလည်း  များသွားပါပြီ။  ဒီလောက်ဆို  ရတယ် မဟုတ်လား  ကိုပီကေ။  ဒီလောက်ရှည်လှတဲ့  ပို့စ်ကို  ပြီးတဲ့အထိ  စိတ်ရှည်လက်ရှည်  ဖတ်ပေးတဲ့အတွက်  ကျေးဇူးနော်။
 
13 comments:
ကမ္ဘာသစ်ဆိုတာလေးကကောင်းတယ် ... :)
တကယ်ပဲ ကျေးဇူးတင်တာနဲ့ကို အရှည်ကြီးပဲ။
စိတ်မချမ်းမြေ့မှုများကို ဝေမျှပေးကြတဲ့ မဇင်၊ သီသီ၊ ကိုပီကေတို့ကိုလည်း ကျေးဇူးနော် .. တဲ့။ ကဲ မဇင်နဲ့ သီရိရေ သူ့ကို ဝေမျှ မပေးနဲ့တော့နော်။ အတော်လေး များနေပြီ သိလား။ သဲရေ ... `ဝေမျှပေးကြတဲ့´ ဆိုတဲ့နေရာမှာ `ဝေမျှ ခံစားပေးကြတဲ့´ လို့ `ခံစား´ လေး နှစ်လုံး ထည့်ပေးရင် ပိုကြားကောင်းမယ် ထင်တယ်နော်။ အခုဟာက ဖတ်ရတာ တမျိုးကြီးပဲ။
ဒီကမ္ဘာသူ ကမ္ဘာသား အားလုံး သတိရှိရှိ၊ သတ္တိရှိရှိ၊ စည်းလုံးမှု ရှိရှိနဲ့ နေကြဖို့ သံချောင်းခေါက်ထားတာ ကောင်းတယ်။ ရေရှည်ဆက်ဆံ ကြမယ် ဆိုရင်လည်း ပွင့်လင်းကြဖို့ ဆိုတာ သိပ်အရေးကြီးပါတယ်။ ဒါကိုလည်း ကျနော် ထောက်ခံတယ်။ ဒါကြောင့် သဲရေ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ စိတ်တော့ မဆိုးနဲ့။
သဲရေ ...............
မင်းရဲ့ အရေးအသားကလေ လုံးဝလုံးဝကို
.
.
.
.
.
.
ဂွတ်တယ်ဗျ။
သဲရဲ့ ကမ္ဘာသစ်ကလေးကို လာလည်ပြီး စာတွေလာဖတ်သွားပါတယ်။ အချိန်မရလို့ တခုချင်းစီကို ကွန်မန့် မရေးနိုင်တာ ဆောရီးနော် ... သဲ။ ကဗျာလေးလည်း ကောင်းတယ်။ ၀တ္ထုလေးကိုလည်း သဘောကျတယ် ... ။ နောက်မှ တွေ့ကြစို့နော် ... အခု ဘူတာဆင်းရတော့မှာမို့ ... တာ့တာ .. ။ ပျော်ရွှင်စရာ ခရစ်စမတ် နဲ့ နှစ်သစ်ကူး နေ့ရက်များကို ကြုံတွေ့နိုင်ပါစေ ... ။
အကျင့်တူနေတာပေါ့လေ။ :P
သဲဘလော့ရဲ့ရာဇ၀င်ကိုဖတ်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြည်နူးစရာလည်းကောင်းတယ်။ လက်တွဲခေါ်မယ့်လူတွေအများကြီးနဲ့။ နောက်လည်းကူညီမယ့်လူများနဲ့တွေ့နိုင်ပြီးပျော်ရွှင်နိုင်ပါစေ။
သဲရဲ့မိုးပြာရောင်အိပ်မက်လေးလည်းထာဝစဉ်တည်တံ့ပါစေနော်။
ညီမဘလော့အကြောင်းဖတ်ရတာ ချစ်စရာလေး။ အားပေးသူအပြည့်နဲ့ စာတွေအမြဲရေးနိုင်ပါစေ ညီမရေ။
သဲရဲ့ကမ္ဘာသစ်လေး အနှောင့်အယှက် ကင်းကင်းနဲ့ အေးချမ်းပါစေ … အမုန်းမရှိဘဲ အပြုံးတွေနဲ့ ဝေဆာနေတဲ့ သံယောဇဉ်ကမ္ဘာလေး ဖြစ်ပါစေ… လို့ ဆုတောင်းပေးတယ်နော်။
အားပါး
သတ္တိခဲလေးသဲရေ
အမြဲပဲလာအားပေးနေမယ်နော်
သဲက နံမည်ကို ဆောင်းလို့ တပ်ချင်တယ် မွေးတာ နွေ ဖြစ်လို့ တပ်လို့ မရဘူးဆိုလို့  အကြံပေးမယ်၊ ဆောင်းအကုန်၊ ဆောင်းလွန်၊ ဆောင်းပြောင်း၊ ဆောင်းလွှင့်၊ ဆောင်းဂျောင်း.... အင်း ရှိအုန်းမယ် စဉ်းစားပြီးရင် လာပြောမယ်လေ..
(ဟစ် ဟစ် စတာနော် ရှိတ်ဆိုးနဲ့ )
ကမ္ဘာသစ်လေးထဲကို လာလည်ပါတယ် သဲရေ..။ ဘေးလူတွေ ဘယ်လောက်ပဲ လုပ်ပေးတယ်ဆိုပေမယ့် ကိုယ်ပိုင်ဘလော့လေးတခုကို လှလှပပလေး အသက်ရှင်နေနိုင်အောင် ကြိုးစားခဲ့တဲ့ လေးဂဏန်းသမား တူမလေးကို အားပေးပါတယ်။
ချစ်တဲ့
မွန်းသက်ပန် (မဇင် )
၁၀ ဆို ဘူကြီးလို့ ဖဲသမားတွေတွတ်ပေမယ့်။
မက ဖဲသမားမှမဟုတ်တာနော်။
မြန်မာလိုဆို ကယ်တယ်လို့တောင် အဓိပ္ပယ်ရသေးတယ်။
မေပျိုရေ နာမည်လေးကလည်း လှ။ စာသားလေးတွေလည်း လှတဲ့ ဒီဘလောဂ့်လေးကို နှစ်သက်မိတာအမှန်ဘဲ။
ကြိုးစားနော် အားပေးနေပါ့မယ်။
ငါ့ညီမ သဲ ရဲ့ ကမ္ဘာသစ်က စည်ကားလိုက်တာကွာ။ ပျော်စရာကောင်းပါပေ့။ နောက်ထပ်လဲ စာတွေများစွာကို အောင်မြင်စွာ ရေးနိုင်ပါစေ။
ရာဇဝင်အကြောင်းလေး ရေးထားတာ ကောင်းတယ်ဇျို့ ဘလော့ဂ်ဂါ ဆွေမျိုးတွေ အများကြီး ရှိတာပဲ ဒါနဲ့ ခုတလော ဘလော့ဂ်လည် မထွက်ဖြစ်လို့ မဆီကို မရောက်ဖြင့်တာ ခွင့်လွှတ်နော် ဆီဗုံးက ဒီဇိုင်းတစ်မျိုး ဖြစ်နေပါလား နာမည်ရေးရတဲ့ နေရာပဲတွေ့လို့ ဒီမှာပဲ ရေးလိုက်မိတယ်
မိုးပြာရောင် အိပ်မက်တွေရဲ့ အစက ဂလိုကိုး ....
Post a Comment