Wednesday, October 31, 2007

ကျမနှင့်ရေချမ်းစင်

ကျမစာမရေး ဖြစ်တာတောင် ကြာနေပြီနော်။ ဒီနေ့တော့ မဖြစ်မနေဘဲ ရအောင်ရေးခဲ့ပါတယ်။ ကျမတို့ အိမ်ဘေးက ရေအိုးစင်လေးအကြောင်းပါ။ ဖတ်ပြီးတော့ စိတ်တိုင်းမကျပေမယ့် ထပ်ပြီးလည်း မပြင်တတ်တာကြောင့် ဒီအတိုင်းပဲ တင်ပေးလိုက်တယ်နော်။
***
ကျမတို့ မောပန်းတဲ့အခါ လိုအပ်ဆုံးအရာက ဘာပါလဲ? ကျမကတော့ မောပန်းတဲ့အခါတိုင်း ရေအေးအေးလေးကို သတိရမိပါတယ်။ ရေအေးအေးလေး သောက်လိုက်တိုင်း ရင်ထဲမှာ အေးမြသွားလေ့ရှိပါတယ်။ ဒါကြောင့် မေမေက လမ်းသွားလမ်းလာတိုင်းကို အပန်းပြေစေဖို့ ကျမတို့အိမ်ဘေးမှာ ရေးချမ်းစင်ကလေးကို ထားရှိပါတယ်။ ဆင်းရဲချမ်းသာမရွေး သောက်သုံးစေချင်တဲ့ စေတနာနဲ့ပါ။

ကျမတို့ ရေချမ်းစင်လေးကို စစဆောက်ချင်းတုန်းကတော့ သစ်သားနဲ့ဆောက်ထားပေမယ့် လေဒဏ်မိုးဒဏ်ကို မခံနိုင်မှာစိုးတာကြောင့် အခုတော့ အုတ်နဲ့ ပြန်ပြင်ဆောက်လိုက်ပါပြီ။ ကြွေပြားအစိမ်းရောင်လေးတွေနဲ့ ကပ်ထားတဲ့ ကျမတို့ရေချမ်းစင်လေးက သောက်ချင်စရာလေးပါ။ အမိုးအကာလေးနဲ့ မြင်ရသူတိုင်း စိတ်ကိုအေးချမ်းစေပါတယ်။

မေမေက ရေချမ်းစင်လေးကို အရိပ်ရတဲ့ သရက်ပင်အောက်မှာ ထားရှိပါတယ်။ အရိပ်အောက်မှာ ရှိနေတဲ့အတွက် မေမေ့ရဲ့ ရေချမ်းစင်လေးထဲက ရေဟာ အမြဲတမ်းအေးချမ်းနေပါတယ်။ ရေချမ်းစင်လေးကို မနက်တိုင်း ရေဖြည့်တဲ့တာဝန်ကိုတော့ ကျမတို့ တလှည့်စီတာဝန်ယူကြပါတယ်။ ကျမတို့ ထည့်ပေးထားတဲ့ ရေလေးတွေကို အမောပြေသောက်သုံးသွားတဲ့ လမ်းသွားလမ်းလာတွေကို တွေ့ရတဲ့အခါ ကြည်နူးမိပါတယ်။

ရေချမ်းစင်လေးကို သောက်သုံးတဲ့လူတွေမှာ သဘောထားတွေက အမျိုးမျိုးကွဲပြားကြပါတယ်။တချို့တွေကျတော့လည်း ရေအိုးစင်ထဲက ရေကို မသောက်သုံးဘဲနဲ့ လက်တွေခြေတွေကို ဆေးကြောတာတွေ၊ မျက်နှာသစ်တာတွေ လုပ်လေ့ရှိပါတယ်။ ကျမတို့ မမြင်ကွယ်ရာမှာ ထိုအပြုအမူတွေကို လုပ်လျှင်တော့ ကိစ္စမရှိပေမယ့် ကျမတို့ရှေ့မှာ လုပ်လျှင်တော့ တော်တော်လေး စိတ်ကသိကအောင့် ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရေလေးကို သူတို့အတွက်တမျိုးမျိုး အကျိုးရှိအောင် သုံးစွဲနေတာပါပဲဆိုပြီး စိတ်ဖြေရတာပေါ့။ ဒီ့ထက်ပိုဆိုးတဲ့လူတွေလည်း ရှိပါသေးတယ်။ သူတို့တွေကတော့ ကျမတို့ အများသောက်ရလွယ်ကူအောင် ထားထားတဲ့ ရေခွက်တွေကို ခိုးယူတာပဲ ဖြစ်ပါတယ်။ တချို့ကျတော့လည်း ရန်ဖြစ်ပြီး ရေအိုးတွေကို ဒေါသနဲ့ ရိုက်ခွဲခဲ့တာလည်း ရှိပါတယ်။

အချို့ကျတော့လည်း ရေသန့်များ ထည့်ထားရဲ့လားလို့ သံသယစိတ်လေးတွေနဲ့ မ၀ံ့မရဲ ဖြစ်နေတတ်ပါတယ်။ ဘယ်လိုခံယူချက်မျိုးပဲရှိရှိ သောက်လိုက်တဲ့အချိန်လေးအတွင်းမှာ သူတို့ရဲ့ ရင်ထဲမှာ အေးချမ်းသွားတယ်ဆိုရင်ပဲ ကျမတို့က ကျေနပ်ရမှာပါ။ ဒီလိုလူမျိုးတွေ ရှိပေမယ့် ကျမတို့ ရေချမ်းစင်လေးကို သောက်သုံးပြီး ကျေးဇူးတင်စွာနဲ့ ဆုပေးသွားတတ်တဲ့ လူတွေကိုလည်း ကျမတို့တွေ့ရပါတယ်။ အဲဒီ့အခါမှာတော့ ကျမတို့မှာ ပီတိဖြစ်ရတာပေါ့။

နွေရာသီမှာဆိုရင် ရေချမ်းစင်လေးကို မက်မက်မောမောနဲ့ အလိုရှိတဲ့သူတွေ များပါတယ်။ နေပူပူမှာ ချွေးတရွဲရွဲနဲ့ သွားလာနေကြသူတွေကို အမောပြေစေဖို့ ရေချမ်းစင်လေးက စောင့်ကြိုနေလေ့ရှိပါတယ်။ ကျမတို့ မအားလို့ သန့်ရှင်းရေးမလုပ်ပေးနိုင်တဲ့ အခါ အဆော့သန်တဲ့ကလေးငယ်သဖွယ် ဖုန်တွေနဲ့ပေနေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါကျတော့ လှပသန့်ရှင်းနေတဲ့ လှပျိုဖြူလေးလို အလှမာန်ဝင့်ထည်နေတာပေါ့။

မိုးရာသီရောက်ရင်တော့ ကျမတို့ရေချမ်းစင်လေးကို မိုးရေတွေစိုရွဲပြီး တွေ့ရတတ်ပါတယ်။ သောက်သုံးမယ့်လူတွေလည်း များများစားစား မရှိတာကြောင့် တကိုယ်တည်းငိုင်နေတတ်ပါတယ်။ ထိုအခါ မျက်မှောင်ကြုတ်နေတဲ့ ကလေးလေးတစ်ယောက်နဲ့ တူပါတယ်။ သူ့ခမျာ မိုးသည်းထဲမှာ ချမ်းနေပေမယ့် ကျမတို့အိမ်ထဲလည်း ၀င်လို့မရ သစ်ပင်လေးတွေကိုပဲ အဖော်ပြုပြီး နေရတာပေါ့။ မိုးနဲ့အတူ လေပါတိုက်တိုင်း အပင်လေးတွေက ယိမ်းနွဲ့ကခုန်ရင်း ရေချမ်းစင်လေးကတော့ ပရိသတ်အဖြစ် အားပေးနေလေ့ရှိပါတယ်။

ဆောင်းတွင်းမနက်စောစောအချိန်တိုင်း ကျမတို့က လမ်းလျှောက်ထွက်လေ့ရှိပါတယ်။ လမ်းလျှောက်ထွက်ခါနီးတိုင်း ရေချမ်းစင်လေးက ကျမတို့ကို နှုတ်ဆက်လေ့ရှိပြီး ကျမတို့ ပြန်အလာကို မျှော်နေတတ်ပါတယ်။ ကျမတို့ကလည်း ပြန်လာတိုင်း ရေချမ်းစင်လေးထဲက ရေကို သောက်သုံးပြီး အမောဖြေလေ့ရှိပါတယ်။ သူ့ဆီက ရေကိုသောက်ရင်တော့ ရေအိုးစင်လေးက ပျော်တပြုံးပြုံးနဲ့ပေါ့။

ရာသီတွေဘယ်လိုပြောင်းပြောင်း၊ အချိန်တွေ ဘယ်လိုနှောင်းနှောင်း ရေအိုးစင်လေးကတော့ အလှမပျက်ရပ်တည်နေတာပေါ့။ လူတွေက ဘယ်လိုပုံစံနဲ့ပဲ ဆက်ဆံဆက်ဆံ သူကတော့ အပြုံးမပျက် စေတနာထက်သန်လျက် ရှိပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့လည်း လမ်းကြုံလို့ရှိရင် ကျမတို့ ရေချမ်းစင်လေးကို အားပေးလှည့်ပါဦးလို့ ဖိတ်ခေါ်ပါတယ်နော်။

ဆက်ဖတ်ရန်...

Sunday, October 28, 2007

ကျမအကြိုက်(၁)

ကျမနဲ့မေမေက အကြိုက်ချင်းတူတယ်လို့ ပြောခဲ့ဖူးပါတယ်နော်။ ဒီဝတ္တုလေးက မေမေရော၊ ကျမပါ နှစ်သက်ရတဲ့ ဂျူးရဲ့ဝတ္တုလေးပါ။ နာမည်က "ဆဲတတ်သူများနှင့် တစ်ညနေ"တဲ့။ လူတွေရဲ့ အတွင်းစိတ်နဲ့ ပြင်ပအမူအရာ အမျိုးမျိုးကို ဖော်ပြပေးထားတာပါ။ အားလုံးလည်း နှစ်သက်မယ်လို့ထင်ပါတယ်။

***
ဆေးလိပ်မီးခိုးငွေ့များ တစ်စတစ်စ ပါးလျားကာ ပျောက်ကွယ်သွားပြီ။ကွင်းတစ်ခုလုံး သက်ဝင်လှုပ်ရှားနေခဲ့သော ကစားသမားတို့၏ လှုပ်ရှားမှု့များသည် ပျောက်ကွယ်သွားပြီ။အော်ဟစ် ဆဲဆိုသံများဖြင့် ဆူညံနေခဲ့သော ကျွန်မ ပတ်ဝန်းကျင်တွင် လူမရှိတော့သောထိုင်ခုံလွတ်များသာ ကျန်တော့သည်။ကစားကွင်း မြက်ခင်းပြင်သည် ယခုတော့ တိတ်ဆိတ်လျက်ရှိ၏။

ထွက်ပေါက်တွင် တရွေ့ရွေ့တိုးထွက် နေကြသော လူအစုအဝေးများ ရှင်းသွားသည် အထိစောင့်ရင်း ကျွန်မတို့နှစ်ယောက် ခုံတန်းများဆီမှ တဖြည်းဖြည်း ဆင်းလာခဲ့ကြသည်။

ဘောလုံးပွဲပြီးသွားသော်လည်း ကျွန်မစိတ်ထဲတွင် လွတ်လပ်ပေါ့ပါးမသွားပါ။ ကျွန်မ မျှော်လင့်သည့်ကစားကွက်မျိုးကို မမြင်တွေ့ရ၍ပဲလား။ ကျွန်မအာရုံတွင် ယခုတိုင် စွဲထင်လျက် ကျန်ရစ်နေသော ဥရောပတံခွန်စိုက်ပွဲ၏ ဘောလုံးကစားဟန်များကြောင့်ပဲလား။ ဤခြေစမ်းပွဲကို ကျွန်မ အားမရပါ။ ဘောလုံးပွဲကြည့်နေရသည်ဟုလည်း မခံစားရပါ။ သည်ကြားထဲတွင် ကံဆိုးဝါးစွာ ကျွန်မတို့အနီးမှ လူတစ်ချို့က ဘောလုံးသမားများကို ပျစ်ပျစ်နှစ်နှစ် အော်ဆဲနေသောကြောင့် ကျွန်မစိတ်ပျက်နေခဲ့ရသည်။

"သိပ် မိုက်ရိုင်းတာပဲ"

လွှတ်ကနဲရေရွတ် ရှုတ်ချမိတော့ မောင်က ကျွန်မလက်ဖ၀ါးကို သတိပေးသလို ဆုပ်ညှစ်၏။ ကျွန်မတိတ်ဆိတ်စွာ
မျိုသိပ်သည်းသည်းခံ၍ ဆက်လက် ကြည့်ရှုခဲ့ရသည်။ သို့သော် နောက်ထပ်မိနစ်နှစ်ဆယ်ကြာတော့ ကျွန်မအနားကလူတွေ အော်ဟစ်ဆဲရေးကြပြန်သည်။ ကျွန်မ…ရုတ်တရက် ထပြန်ရန်ပင် စိတ်ကူးမိပြီး မောင့်ကိုတိုင်ပင်မိသည်။ မောင်ကမပြန်ချင်ခဲ့ပါ။

"ဆဲချင်သလောက် ဆဲပါစေကွား။ မကြားချင်ယောင်ဆောင်နေလိုက်ပေါ့။ သူတို့ ဘယ်တုန်းကတည်းက ဆဲချင်နေမှန်းမှမသိတာ။ ယောက်ျားတော်တော်များများက ဒီလိုပဲကွ။ ဘောလုံးပွဲမှာ လာလာဆဲကြတာပဲ"

အဲသည် ယောက်ျားအမျိုးအစားထဲမှာ မောင်ပါနေသလား ဟု ကျွန်မ မယုံသင်္ကာမေးမိတော့ မောင် မျက်မှောင်
ကြုတ်၍ ငြင်းခဲ့သည်။

"ကြံကြီးစည်ရာကွာ။ ကိုယ်ဘယ်တုန်းက ဆဲတတ်ဖူးလို့လဲ။ အဲဒီလို အောက်တန်းကျတဲ့အစားထဲ ကိုယ်မပါဘူး"

သူ့ကိုယ်သူ ဂုဏ်တင်လိုစိတ်ဖြင့် ကာကွယ်လိုက်သောစကားသည် အခြားလူအမျိုးအစားကို စော်ကားလိုက်သလိုဖြစ်သည်ဟု မောင်တွက်ဆဟန်မတူပါ။ မောင့်စကားကို သူတို့ကြားပြီးရန်ဖြစ်မှာ၊ ထိုးကြိတ်မှာ စိုးရိမ်သွားသောကြောင့် ကျွန်မ ချက်ချင်းတိတ်ဆိတ်သွားရသည်။ သို့သော်ထိုအုပ်စုသည် ကျွန်မတို့၏ စကားကြိတ်ကြိတ် တီးတိုးသံကို ကြားဟန်မတူပါ။ ကျွန်မမှာ ကြည့်နေရသည့် ကစားပွဲကို အားမလိုအားမရ စိတ်ပျက်သည်ကတစ်ပိုင်း၊ ဘေးနားက မိုက်ရိုင်းနေသော လူများ၏ အော်ဟစ်ဆဲဆိုသံကို တုန်လှုပ်စွာ စိတ်ညစ်နေရသည်က တစ်ပိုင်းမို့ ပွဲမြန်မြန်ပြီးပါစေဟု ဆုတောင်းနေခဲ့သည်။

ကမ္ဘာမှာဒုတိယ အဆဲရေး အခံရဆုံးသော ပုဂ္ဂိုလ်အမျိုးအစားမှာ ဘောလုံးသမားများ ဖြစ်ဟန်တူ၏။
ယခုတော့ပွဲပြီးသွားပေပြီ။ ကျွန်မလည်းစိတ်ချမ်းသာသွားရပြီ။ ကစားကွင်းဂိတ်ပေါက်ဝမှ တိုးထွက်ရင်း နောက်တစ်ခါတော့ လာမကြည့်တော့ပါဘူးဟု ဆုံးဖြတ်လိုက်သည်။

"ဒီပုံစံမျိုးနဲ့ကတော့ကွာ။ ထိုင်းမပြောနဲ့၊မော်လဒိုက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး-------မှပဲ"

ကျွန်မဘေးနားမှ ကျယ်လောင်သောဝေဖန်သံ ထွက်လာ၏။ ကျွန်မလှည့်ကြည့်လိုက်သည့်အခါ မှတ်မိနေသော
မျက်နှာတစ်ခုကို မြင်ရသည်။သူပဲ သူတို့ပါပဲ။ ကျွန်မ နားညည်းလောက်အောင် ဆဲရေးအော်ဟစ်နေခဲ့ကြတာ။ ဖြူဖပ်ဖြူရော်ဂျင်းရှပ်အကျီင်္ ခပ်နွမ်းနွမ်းကို လက်ခေါက်တင်လျက် မသေမသပ်ဝတ်ဆင်ထားပြီး ဆံပင်ကခပ်ရှုပ်ရှုပ်၊ မျက်ခုံးပါးပါး၊ မျက်လုံးကဟိုးချိုင့်ထဲမှာ။ အရက်သောက်နေကျ မျက်လုံးလိုပင်၊ သွေးကြောများနီနေသည့် မျက်လုံး။ ထိုမျက်လုံးဖြင့် ကျွန်မအား ဖျတ်ကနဲလှည့်ကြည့်တော့ ကျွန်မမောင့်အနီးသို့ တိုးကပ်သွားမိသည်။

"မိန်းမတွေလည်း ဘောလုံးပွဲကြည့်လာပြီကွ……နော်"

ကျွန်မကိုပဲ စောင်းမြောင်းလိုသလား၊တကယ်ပဲ အံ့သြစွာမှတ်ချက်ချလေသလားမသိပါ။ ဘေးက သူ့အုပ်စုဝင် လူသုံးယောက်က ထိုကိစ္စကို တစ်ယောက်တစ်မျိုး ဆူညံစွာ ဝေဖန်ချက်ပေးနေသည်ကိုကြားရသည်။

တယောက်ကအကွက်မပေါ်တော့သော ပုဆိုးကိုခါးပုံစ ကြီးကြီး ထုတ်ဝတ်ထား၏။ တစ်ယောက်ကတော့ ဘယ်လိုမှ မလိုက်ဖက်သည့် အနီရောင်ရှပ်အင်္ကျီနှင့်၊ ခရမ်းရောင်ပုဆိုးနှင့်။ ဘယ်လိုလူတွေဘာလိမ့် ။ သူရုပ်ကိုကြည့်တော့နည်းနည်းမျှ သနားကမားမရှိ။ မျက်နှာခပ်ချောင်ချောင်၊လည်ပင်းမှာ စက်ဆီချေးလား၊ အိုးမည်းလား ခပ်မည်းမည်းအရာ စွန်းတင်းပေကျံနေသေးသည်။ တစ်ယောက်ကတော့ တခြားလူတွေလို အလုပ်ကြမ်းသမား ဟုတ်ပုံမရ။ သေသေသပ်သပ်။

"မောင်…………နောက်တစ်ခါ ကျွန်မ လိုက်မကြည့်တော့ဘူး"

"ကောင်းပါလေ့ဗျာ။ဒီစကားကြားချင်နေတာကြာပြီ"

ကျွန်မယောင်္ကျားသည် မိန်းမနှင့်ယောင်္ကျား ဘယ်နေရာမှ အဆင့်အတန်း မတူညီနိုင်ဟူသည့် အယူအဆကို တစ်သက်လုံး စွဲကိုင်လာသူဖြစ်၏။ ကျွန်မတစ်စတစ်စ ဘောလုံးဝါသနာ ပါလာသည်ကို သူများယောင်္ကျားတွေလို မုဒိတာမပွားနိုင်သူ၊ အားမပေးလိုသူဖြစ်၏။ ဘောလုံးပွဲကြည့်နေတုန်း ကျွန်မကမေးခွန်းတွေမေးလျှင် စိတ်မရှည်တတ်သူ ဖြစ်၏။ ကျွန်မကမိန်းမပီပီ တစ်ခါတစ်ခါ ဒိုင်သူကြီးပေးသည့် ပြစ်ဒဏ်များကို နားမလည်လိုက်သည့် အခါမျိုးရှိသည်။ မောင်က နေဦးကွာ၊ ပြီးမှရှင်းပြမယ်ဟု တိုတိုပြတ်ပြတ် ပြောတတ်သည်။

"မိန်းမဆိုတာ မိန်းမနေရာမှာပဲနေကွာ၊အဆင့်ကျော်ကျော် မလာနဲ့"

ဤစကားဖြင့် မကြာခဏ နှိမ်တတ်သူလည်း ဖြစ်သည်။ ကျွန်မကလည်း၊မောင့်ကို မခံချင်စိတ်နှင့် မောင်နှင့်အတူ
ဘောလုံးပွဲ အစီအစဉ်များကို ယှဉ်ပြိုင်၍ စောင့်ကြည့်ဖြစ်လေသည်။ မောင့်ထက်ပို၍ကဲကာ ကျွန်မက ဥရောပဖလားဘောလုံးပွဲ ဆီမီ်းဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ဗွီဒီယိုခွေကူးယူထားလိုက်သေးသည်။ ဂျာမဏီအသင်းတော်မှန်းသိသော်လည်း မောင်ကို အမြင်ကတ်သဖြင့် ချက်အသင်းဘက်မှ အားပေးလိုက်သည်။ အချိန်ပိုကစားပွဲ၌ ချက်အသင်းဂိုးပေးလိုက်ရသောအခါ ဂိုးသမားလေး ကူဘားကိုသနား၍ မဆုံးတော့ပေ။

"ကိုယ့်တို့ တက္ကစီနဲ့ ပြန်ကြမလား"

ကျွန်မတို့ ကစားကွင်း အပြင်ဘက်ရောက်သောအခါ အနည်းငယ်မိုးချုပ်နေပြီ။ ကောင်းကင်သည် မှောင်သန်းဖို့
စတင်လာပြီ။ ငှက်တစ်အုပ် ဘူတာကြီးဘက်မှ ပျံသန်းလာသည်ကို မြင်ရသည်။ ပတ်ဝန်းကျင်သည် လှုပ်လှုပ်ရွရွဖြစ်နေဆဲ။ အိမ်အပြန် အလျင်လိုသူများဖြင့် လမ်းမသည် ရှုပ်ထွေးနေသည်။ ကျွန်မတို့ရှေ့တွင် ကိုယ်ပိုင်ကားများ အငှားကားများ၊ ဘတ်စ်ကားများ လျင်မြန်စွာ ဖြတ်သွားနေကြ၏။

"ဟင့်အင်း….ဘတ်စ်ကားနဲ့ပဲ ပြန်မယ်"

သည်အချိန်ဆိုလျှင် အောင်ဆန်းကွင်းမှ ကြည့်မြင်တိုင်သို့ အငှားကားမှာ အနည်းဆုံး တစ်ရာ့ငါးဆယ်မှ တစ်ရာ့ရှစ်ဆယ် အထိရှိတတ်သည်။ ကျွန်မ၏ ခြိုးခြံချွေတာစိတ်ကို မောင်က သဘောတူလိုက်သဖြင့် ကျွန်မတို့သည် အနော်ရထာလမ်းအထိ ဆင်းကာဘတ်စ်ကား စောင့်ကြရပါသည်။ မကြာမီပင် ကျွန်မ၏နှမြောစိတ်ကို ကျွန်မကိုယ်တိုင်ပြန်လည် ဒေါသထွက်မိတော့သည်။

မိုက်ရိုင်းလှသည်ဟု ကျွန်မ မှတ်ချက်ချထားသော ဆဲရေးသည့် လူအုပ်စုသည် ကျွန်မတို့နှင့်အတူပင် ကားစောင့်နေပြီး ကျွန်မတို့တက်သည့် ၄၃ဘတ်စ်ကားကြီးပေါ်သို့ လိုက်တက်လာလေတော့သည်။ ကျွန်မတို့က ဤကြားကားဖြင့် မကြာခဏပြန်ဖူးသည်မို့ ၄၃ကားကြီးတွေလာသည်ကို မြင်မြင်ချင်း လိုက်ပါရန်ဆုံးဖြတ်ပြီး ချက်ချင်းတက်လိုက်သောကြောင့် ထိုင်ခုံနေရာရပါသည်။ ထိုအုပ်စုကတော့ အချင်းချင်း ကျွတ်ကျွတ်ညံအောင် စကားပြောနေကြပြီး ကားစပယ်ယာကအဝေးပြေး အဝေးပြေး အောက်လမ်းဟု ထပ်ခါထပ်ခါအော်မှ လိုက်တက်လာသည် ဖြစ်သောကြောင့် နေရာမရပါ။

သူတို့အုပ်စုက မောင့်ဘေးမှာကပ်၍ ရပ်နေကြသည်။ ကျွန်မက မောင်သိအောင် တီးတိုးစကားဖြင့် "တွေ့လား။
တွေ့လား ကွင်းထဲကလူတွေလေ" ဟုသတိပေးမိ၏။ မောင်က မျက်နှာထိ မျက်နှာထားဖြင့် ကျွန်မကိုကြည့်လိုက်တော့မှ ရုတ်တရက် မျက်နှာလွှဲပစ်လိုက်ရသည်။ ကားရပ်ထားပြီး လူစောင့်နေစဉ်မှာ သူတို့အုပ်စုသည် အသံကျယ်ကျယ်နှင့်စကားပြောလိုက်။ တစ်ယောက်ကိုတစ်ယောက်တွန်းထိုးပုတ်ခတ်လိုက်၊ ရယ်မောလိုက်ဖြင့် ကားတစ်စီးလုံး သူတို့အသံချည်း ဖြစ်သည်။

"လူချတယ်ဆိုတာ နာမည်တာဆိုးတာ ၊သိပ်အရသာရှိမှာကွ"

"ဒိုင်သူကြီး ညစ်ရင်တော့ လူချပစ်မှကွ၊ဒါမှ မှတ်မှာ။ ဇင်းမယ်ပွဲတုန်းက ကြည့်ပါလား၊ ဘယ်လောက်ညစ်လဲ"

"အားကစားစိတ်ဓါတ်ဆိုတာ နှစ်ဖက်လုံးညီမှ ကောင်းတာပါကွ၊ဟိုဘက်က ညစ်ရင်တော့ ဘာအားကစား စိတ်ဓါတ်မှထားမနေနိုင်ဘူး၊ တွယ်သာတွယ်သာ"

ဘုရား..ဘုရား ။ ကျွန်မ၏ ၀ဋ်ကြွေးသည် တစ်လမ်းလုံး တောက်လျောက်လိုက်ပါလာတော့မှာ ထင်ပါရဲ့။ သူတို့ကိုယ်ကလည်း ချွေးစော်ဖြင့် အောက်သိုးသိုးအနံ့ နံနေသည်ဟုထင်ရသည်။

အခုနေများ အငှားကားလေးနှင့် အိမ်ပြန်လိုက်ရလျှင် ဘယ်လောက် လွတ်လပ်လိုက်မလဲ။ သို့သော် ထိုင်ခုံနေရာ
လေးကိုလည်း နှမြောနေပြန်ပြီး ငွေ၁၅၀၊၂၀၀ကိုလည်းနှမြောနေပြန်သည်။ အိုဘာပဲဖြစ်ဖြစ်ပေါ့ ၊ခဏပါပဲ။ ပြီးရင် ကိုယ့်လမ်းကိုယ်သွားကြမှာ။

ကံကောင်းထောက်မစွာ လူမပြည့်တပြည့် အချိန်မှာပင် ကားစတင်စက်နိုးကာ ထွက်ခွာလေသည်။ အနော်ရထာလမ်းပေါ်မှာ ရန်ကုန်တမြို့လုံးကလူတွေ လမ်းလျှောက်နေသလိုပင် ရှုပ်ထွေးများပြားလှသည်။ ဈေးသည်များ၏ အော်ဟစ်သံများမှာလည်း ဆူညံနေ၏။

ကားသည်တဖြည်းဖြည်း ပို၍ပို၍မြန်လာသောအခါ အသံဗလံများသည် ခပ်လှမ်းလှမ်းမှာ ကျန်ရစ်ခဲ့သည်။ ကျွန်မတို့ကားထဲမှ စကားသံများသာကျန်တော့သည်။ ကျွန်မသက်ပြင်း တစ်ချက်ရှိုက်လိုက်တော့ မောင်က လှည့်ကြည့်၏။ ကျွန်မစိတ်ကျဉ်းကြပ်နေခဲ့သည်ကို ရိပ်မိဟန်ဖြင့် ကျွန်မကိုပြုံးပြသည်။

မှတ်တိုင်လေးငါးခု အလွန်မှာတော့ မမျှော်လင့်ဘဲ ဘတ်စ်ကားကြီး ထိုးရပ်သွားလေသည်။ ပထမတော့ ကျွန်မမှာ လူစောင့်သည်ဟု ထင်နေသည်။ သို့သော် စပယ်ယာက တဆိတ်လောက်ဗျို့ ၊ မုန့်ဟင်းခါးလေး စားလိုက်ကြရအောင်ဟု ဟာသဖြင့် အသိပေးတော့မှ ကားပျက်မှန်း သိရတော့သည်။ ကျွန်မ တော်တော့်ကို စိတ်ညစ်သွားပါသည်။ လူတွေဆင်းတွန်းလို့ကော ကားပြန်စက်နိုးလာပါ့မလား။ စက်မနိုးရင် ဘယ်နှယ့်လုပ်မလဲ။ နောက်ထပ် ကားတစ်စီး စောင့်ဖို့က မလွယ်ပါ။

"ကဲ ကဲ ဆင်းတွန်းကြရအောင်ဟေ့"

ကျွန်မတို့အနားမှာ မတ်တပ်ရပ်နေသောအုပ်စုက ခပ်ဟားဟားရယ်မောလျှက် ဆင်းသွား၏။ ဟုတ်တာပေါ့။ တွန်းကြည့်ရမှာပေါ့။ ကံကောင်းလျှင်လည်း စက်နိုးလာမှာပေါ့။ လူတစ်ချို့ ထပ်ဆင်းသွားကြသည်။ သို့သော်ထိုင်ခုံတွေမှာတော့ လူအပြည့် ကျန်နေဆဲ၊

"မောင် ………..မဆင်းဘူးလား"
ကျွန်မ မောင့်ကို ခပ်တိုးတိုးမေးတော့ မောင်ခေါင်းရမ်းပြ၏။

"တွန်းမယ့်သူတွေ အများကြီးပါကွာ"
ကျွန်မ မျက်နှာ နွေးခနဲ ပူသွားပါသည်။
"ဒါပေမယ့် ..မတွန်းရင်တောင် ဆင်းပေးမှ ကောင်းမှာပေါ့မောင်ရဲ့။ တွန်းရမယ့်လူတွေ အားနာစရာ"

ခပ်ကြိတ်ကြိတ် အပြစ်တင်မိသောအခါ မောင်၏ဒေါသ မျက်လုံးအကြည့်ကို ကျွန်မရလေသည်။ ကျွန်မမျက်နှာ
လွှဲလိုက်ရသည်။ ကားအနောက်ဘက်သို့ ပြတင်းမှ ခေါင်းပြူကြည့်လိုက်တော့ နောက်ဘက်မှ လူတစ်ချို့က တွန်းနေကြပြီ။
ကျွန်မထိုင်နေရတာ လိပ်ပြာမသန့်စွာ ခံစားရသည်။ ကျွန်မ ဆင်းသွားလိုက်ရမလားဟု စဉ်းစားသေး၏။ ကားပေါ်ကဆင်းသည့် အုပ်စုတွင် မိန်းမတစ်ယောက်မှမပါသောကြောင့် ကျွန်မဆင်းသွားလျှင် လူရယ်မောစရာ ဖြစ်လေမလားဟု စိုးရိမ်မိသည်။ လူရယ်သည် မရယ်သည်က နောက်ထား၊ မောင်နှင့်ကျွန်မ အရင်ရန်ဖြစ်ရမှာ သေချာသည်။ကျွန်မ ကားတွင်းမှာဟိုဟို သည်သည် အကဲခတ်ကြည့်မိ၏။

ထိုင် ခုံတွင်ထိုင်နေကြသူများတွင် ယောင်္ကျားတော်တော်များများ ပါသည်။ အမျိုးသမီး နှစ်ယောက် သုံးယောက်ပါ၏။ ထိုယောင်္ကျားများသည် အခြားသူတွေ အောက်ဆင်းပြီး ကားတွန်းနေချိန်တွင် ထိုင်ခုံမှာ ဟန်မပျက် ထိုင်နေနိုင်လေသည်ဟု ကျွန်မအံ့သြမိ၏။ သို့သော်…ဟန်မပျက်တော့ မဟုတ်ပါ။ တချို့မှာ ဟန်ပျက်နေ၏။ ဟိုဘက် လှည့်ရမလို၊သည်ဘက်လှည့်ရမလို၊ ခေါင်းတစောင်းစောင်းဖြင့် မသက်မသာ ထိုင်နေသူများလည်းပါဝင်သည်။ သူတို့ ကျွန်မလိုပင် လိပ်ပြာမလုံတာသေချာ၏။ သို့သော်ထဆင်းပြီး တွန်းပေးဖို့အထိ စိတ်ကောင်းရှိဟန်မတူပေ။ တချို့ကတော့ ဤကိစ္စသည် မိမိနှင့်မဆိုင်သလို အမူအရာမျိုးပင်ရှိသည်။ လိပ်ပြာသန့်သန့်ပင် ဆက်ထိုင်နေလေသည်။ ဆင်တွန်းရသည့်လူတွေမှာပဲ ကားပျက်သည့်အတွက် တာဝန်ရှိနေသလိုလို၊ မိမိတို့မှာတော့ ဘာတာဝန်မှ မရှိသလို။ ကြည့်စမ်း ၊ယောင်္ကျားတွေ ဖြစ်ပြီးနေနိုင်လိုက်တာ။

မောင့်မျက်နှာထားကို အကဲခတ်မိသောအခါ ကျွန်မပို၍ပင် အံ့သြသွားရသည်။ မောင်သည်လည်း ဟန်မပျက်
နေနိုင်ပါလား။ မောင်က ကျွန်မမျက်လုံး အမူအရာကို ရိပ်မိဟန်ရှိသည်။

"မင်းက ဘာဖြစ်နေရတာလဲ"ဟုခပ်ငေါက်ငေါက် မေးလေသည်။

"ကားကြီးက အကြီးကြီး မောင်ရဲ့။ ဟိုမှာ လူတွေ တွန်းနေရပြီ။"

"တယ်………..ဒီမိန်းမ"

ကားသည် တဖြည်းဖြည်း လှုပ်လာပြီးနောက် ရှေသို့တရွေ့ရွေ့ တိုးသွားသည်။ ကားရှေ့ပိုင်းမှာ ယောင်္ကျားတစ်ချို့ သည်ဘက်မလှည့်ဘဲ ကားရှေ့သို့ မျက်နှာလွှဲကာ စုပြုံရပ်နေကြသည်ကိုလည်း ကျွန်မသတိထားမိသည်။ လူတွေဟာ မညီမျှကြဘူးဟု ကျွန်မတွေးမိသော်လည်း ထိုမညီမျှသည့် လူအတန်းအစားထဲမှာ ကျွန်မလည်းပါနေပါသည်။ အို ဘာဆိုင်လဲ။ ကျွန်မကမိန်းမ။ မိန်းမတစ်ယောက်ဟာ ယောင်္ကျားတွေနဲ့ အတူ ကားဆင်းတွန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထိုခဏ၌ ကျွန်မ၏ဆင်ခြေကို ကျွန်မပြန်၍ ရယ်ချင်သွား၏။ ဘာလဲ နေရာတကာမှာ မိန်းမဟာ ယောင်္ကျားနဲ့တန်းတူ အခွင့်အရေး ရသင့်တယ်ဟု တောင်းဆိုလာခဲ့သည့် မိန်းမ၊ အခုသည်အခါမျိုးမှာတော့ ဘာလို့အခွင့်အရေးတူမယူပြန်သလဲ။ ဘာဖြစ်လို့ အားနွဲံ့သည့် မိန်းမသားအဖြစ် ပေကပ်နေခဲ့ပါသလဲ။ ကျွန်မဆင်းသွားလိုက်လျှင် ဘာဖြစ်သွားမှာမို့လို့လဲ။ ထိုခဏ၌ ကျွန်မ၏ဦးခေါင်းထက်တွင် တစ်ခုခုက ဖိနှိပ်ထားသလို လေးလံလာ၏။ ကျွန်မ ကိုယ်ခန္ဓာမှာလည်း မလုံမလဲစိတ်ဖြင့် တောင့်တောင့်ကြီး ဖြစ်လာသည်။ ညာသံပေး၍ တွန်းနေကြသည့် အသံများနှင့်အတူ ကားကတအိအိ လှုပ်လာပြီးရှေ့သို့ တိုးတိုးသွားချိန်မှာ ကျွန်မကိုယ်ခန္ဓာသည် ကားကြီးတစ်ခုလုံးကို ထမ်းပိုးထားရသလို လေးလံလာသည်။

ကျွန်မ ဘယ်လိုမှ မနေသာတော့သဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။ မောင်က ဗြုန်းကနဲ မော့ကြည့်ပါသည်။

"ဘာဆင်းလုပ်မလို့တုန်း"

"ဆင်းမလို့"

"ဟာ မင်းရူးနေသလား၊ ဒါမင်းအလုပ်မဟုတ်ဘဲ။ ရပြီးသားနေရာလေး ပျောက်သွားဦးမယ်"

ထိုခဏမှာ ကျွန်မသည်လေထဲမှာ ကိုယ်ခန္ဓာတစ်ခုလုံး လွင့်ပျံ ပျောက်ကွယ်သွားပါစေဟု တမ်းတမိသည်။ ကျွန်မဘ၀မှာ မောင့်အတွက် တစ်ခါမှ ဒီလောက်မရှက်ရဖူးဘူးဟု ထင်ပါသည်။ လက်စသတ်တော့ ကားပေါ်ကမဆင်းတာဟာ နေရာပျောက်မှာ စိုးလို့လေ။ ဘုရား ………ဘုရား ဒီလောက် ခရီးတိုအချိန်တိုကလေးမှာ တောင် မောင်ဟာနေရာကို တပ်မက်နေခဲ့တယ်ပေါ့။

မောင်၏ဒေါသတကြီး ဆွဲချထိုင်ခိုင်းမှုကြောင့်လား၊ ကျွန်မကိုယ်ခန္ဓာကပဲ အင်အားတွေ ကုန်ခန်းသွားလို့လားမသိပါ။ ကျွန်မထိုင်ခုံပေါ်သို့ ထိုင်လျက်ကျသွားပါသည်။ ထိုအချိန်မှာပင် ကားစက်သံ ပြန်ထွက်ပေါ်ထွက်လာပြီး ဟေးကနဲပျော်ရွင်စွာ အော်ဟစ်သံများ ကြားရသည်။ ထို့နောက် သူတို့အားလုံး ကားပေါ်သို့ ကသောကမျှော ပြန်တက်လာကြသည်။

ဘောလုံးပွဲတွင် ဆဲရေးတိုင်းထွာသည့် လူအုပ်စုက ကားရှေ့တံခါးပေါက်မှ တက်လာကြသည်ဖြစ်၍ ရှေ့ပိုင်းမှာပင်
ရပ်နေကြပါသည်။ ကျွန်မနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသော ထိုအုပ်စုသည် စောစောကလိုပင် စ,နောက် ရယ်မောသည့်များအတိုင်း ဖြစ်သည်။ သူတို့ ဆင်းတွန်းချိန်တွင် ထိုင်ကျန်ရစ်ခဲ့သည့် လူစုရှိနေပါလားဟု ဒေါသဖြစ်မည့်ဟန်လည်းမရှိ၊ ဒေါသဖြစ်ခဲ့လျှင်လည်း ကားတွန်းတုန်းက ဆဲရေးတိုင်းထွာခဲ့ရောပေါ့။ ဒေါသတွေ ကုန်ခဲ့ရောပေါ့။ သည်လိုဆိုပြန်တော့လဲ ဆဲရေးသည့်နည်းက အကောင်းသားပါလား။

ကားသည်စက်သံမှန်လာပြီး နေရာမှထွက်ခွာလေသည်။သူတို့က ကားဆင်းတွန်းပြီး ကျွန်မတို့ကဘာဖြစ်လို့ အေးအေးဆေးဆေး ထိုင်ကျန်ရစ်ရသလဲ။လမ်းတလျှောက်လုံး ကျွန်မမျက်နှာပူစွာ ခပ်ရှက်ရှက် ဖြစ်နေ၏။

တစ်ခုသေချာသည်ကတော့ ကားဆင်းတွန်းကြသူအားလုံးသည် မတ်တပ်ရပ်စီးကြသူများသာ ဖြစ်ကြသည်။
သူတို့အတွက် ကားပေါ်ကဆင်းရခြင်းဟူသည့် အဖြစ်သည်မထူးဆန်းပေ။ နဂိုကတည်းက နေရာမရခဲ့သောကြောင့် ဖြစ်သည်။ ဒါပေမယ့် သည်ကားကြီး ပျက်ယွင်းမှု့အတွက် သူတို့သာ တာဝန်ရှိသည်မဟုတ်ဘဲ။ ထိုင်နေသူများတွင်လည်း တာဝန်ရှိသည်ဟူသော အသိသူတို့ထဲမှာမရှိဘူးလား။ ရှိတော့ရှိမှာပါ။

သို့သော် သိပ်တွယ်ကပ်နေ၍ အကြောင်းမထူးဘူးဟု မြင်သွားလို့လား။ သို့မဟုတ် ငါတို့တတ်နိုင်သလောက်တော့ လုပ်ပေးပါ့မယ်လေဟူသော စေတနာကြောင့်ပဲလား၊ သို့မဟုတ် မတ်တပ်ရပ်စီးနေသည့် လူတန်းစားကသာ ကားတွန်းရန် ပို၍သင့်တော်ပါသည်ဟု ကျိုးနွံစွာ အကျင့်ပါနေလို့ပဲလား။

ဘာပဲဖြစ်ဖြစ် ကျွန်မ နှာခေါင်းရှုံ့အပြစ်တင်ခဲ့သော အုပ်စုက ပေါ့ပါးသွက်လက်စွာဆင်း၍ ကားတွန်းခဲ့သည့် အဖြစ်အပျက်ကြောင့် ကျွန်မပို၍ပင် မလုံမလဲဖြစ်ရပါသည်။ ထိုအခါ ကျွန်မတို့ထိုင်ကျန်သူများဘက်မှ ဆင်ခြေတစ်ခုခုကို ရှာတွေ့ရန် ကျွန်မအပြင်းအထန် ကြိုးစားယူမိသည်။

ယောင်္ကျားကြီးကြီးတွေ ယောင်္ကျားငယ်ငယ်တွေ (ကျွန်မတို့ မိန်းမတွေအပါအ၀င်) ထိုင်နေသူအားလုံး ဘာကြောင့်ဆင်းမတွန်းကြသလဲ။ တာဝန်သိစိတ် မရှိလို့တော့ မဟုတ်နိုင်ပါဘူးနော်။ ချောင်ခိုချင်စိတ်ကြောင့်တော့လည်း မဟုတ်နိုင်ပါဘူးထင်ရဲ့။ ကိုယ်မလုပ်လျှင်လည်း လုပ်မည့်သူရှိနေကြောင်းကို သိနေလို့ပဲဖြစ်မည်။

ထိုသို့ တွေးယူလိုက်သောအခါ ကျွန်မနေရထိုင်ရတာ နည်းနည်းသက်သာ သွားသလိုရှိ၏။ တော်ပါသေးရဲ့။ ငါ့နှယ်စောစောတုန်းကသာ ဒီအတွေးမျိုး တွေးလိုက်ပါတော့လား။ သည်လိုသာဆိုလျှင် ကျွန်မ မောင်နှင့် ရန်ဖြစ်ခံပြီး ထိုင်ရာမှထရပ်မိမည် မဟုတ်ပေ။

ကျွန်မမျက်စိအကြည့်က ရှေ့အုပ်စုထံ ရောက်သွားပြန်၏။ သည်တစ်ခါတော့ ရှပ်အကျီင်္ အနီရောင် ၀တ်ထားသည့်
လူနှင့် ကျွန်မ အကြည့်ချင်းဆုံသွားသည်။ သူကျွန်မကို တော်တော်ကြာကြာအောင် ကြည့်နေလေသည်။ ဘယ်လိုအကြည့်ပါလိမ့်။ ဘောလုံးပွဲမှာ တွေ့ခဲ့သည့်မိန်းမဟု မှတ်မိသည့် အကြည့်လား။ မိန်းမတွေလည်း ဘောလုံးပွဲလာကြည့်တာကိုး ဟူသည့် အသိအမှတ်ပြုသည့် အကြည့်လား။ မဟုတ်ပါ။ သည့်ထက်ပိုပါသည်။ သရော်လှောင်ပြောင်သော အကြည့်လား။ ကားကိုဆင်းတွန်းလိုက်တာ ကျုပ်တို့ဗျ။ ကျုပ်တို့ကြောင့် ခင်ဗျား အိနြေ္ဒမပျက်တာဟု ဂုဏ်ဖော်လိုသည့် အကြည့်လား။ သို့မဟုတ် အချောင်ခိုသမားများဟု မကျေမနပ် စွပ်စွဲလိုသည့် အကြည့်လား။

ထိုခဏ၌ ကျွန်မသည် ယခင်ကလိုပင် မျက်နှာပူနွေးလာပြန်ကာ မလုံမလဲ ခံစားရပြန်သည်။ ကျွန်မ ကားပြတင်းဘက်သို့ မျက်နှာလွှဲပစ်လိုက်ရသည်။

အိုး ……..သူတို့တွေသာ ကားပေါ်မှာ ထိုင်စရာနေရာရခဲ့မယ်ဆိုရင် သူတို့လည်း ကားကို ဆင်းတွန်းမှာ မဟုတ်ပါဘူး။ ငါတို့လိုပဲ ထိုင်ကျန်နေခဲ့မှာပါပဲ။

စိတ်ကူးဖြင့် အနေအထားပြောင်းကာ မှန်းဆတွေးကြည့်ပြီး နောက် ပင့်သက်တစ်ချက် ရှိုက်မိသွားသည်။ ဤအဖြေသည် အမှန်ဖြစ်ချင် ဖြစ်မည် သို့မဟုတ် မှားချင်လည်းမှားနိုင်၏။

ဒါမျိုးက မှန်းဆကြည့်ရုံ နှင့် အဖြေသိကောင်းသည့် ပုစ္ဆာမျိုး မဟုတ်ချေ။

ဆက်ဖတ်ရန်...

Friday, October 26, 2007

သည်းခြေကျောက်တည်ခြင်းဆိုတာ

သည်းခြေကျောက်တည်ခြင်း(gallstone) ဆိုတာက မာကျောပြီးကျောက်ခဲနဲ့ တူတဲ့အရာမျိုး သည်းခြေအိတ်ထဲမှာ စုနေတာဖြစ်ပါတယ်။ သည်းခြေအိတ်(gallbladder) ဆိုတာက အသည်းကနေ သည်းခြေပြွန်(bile duct)မှတဆင့် အူထဲကိုစီးဆင်းနေတဲ့ သည်းခြေရည်(bile) တွေ စုဆောင်းထားတဲ့ အိတ်ငယ်တစ်ခုဖြစ်ပါတယ်။ သည်းခြေရည်က အစာခြေရာမှာ ကူညီပေးတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ အဆီတွေကို ချေဖျက်တဲ့နေရာမှာ သည်းခြေဆား(bile salt) တွေက လွယ်ကူစေဖို့ အထောက်အကူပြုပေးပါတယ်။ သည်းခြေရည်ထဲမှာ ဆားအပြင် စွန့်ပစ်ပစ္စည်းတွေ ဖြစ်တဲ့ အဆီခဲ၊ ဘီလီရူဘင် တွေလည်း ပါဝင်ပါတယ်။ ကော်လက်စရော၊ billirubin ဘီလီရူဘင်တွေ သည်းခြေအိတ်ထဲမှာ လိုအပ်တာထက် ပိုမို စုလာတဲ့အခါ သည်းခြေမှာ ကျောက်တည်ပါတယ်။

***

အများအားဖြင့် သည်းခြေကျောက်တည်ခြင်းက လက္ခဏာတွေ၊ ပြသနာတွေ မပြတတ်ပါဘူး။ အချို့သည်းခြေကျောက်တွေက အူတွေကတဆင့် ခန္ဓာကိုယ်အပြင်ဖက်ကို ထွက်သွားတတ်ကြပါတယ်။ သည်းခြေအိတ်ရဲ့ ကျဉ်းမြောင်းတဲ့နေရာမှာ ကျောက်သွားတည်ရင်တော့ သည်းခြေကျောက်တည်ခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အဆီတွေများတဲ့ အစာစားပြီးတဲ့အခါမျိုးမှာ သည်းခြေအိတ်မှာရှိတဲ့ ကြွက်သားက သည်းခြေရည်တွေကို အူတွေထဲကို ညှစ်ထုတ်ပေးပါတယ်။ ကြွက်သားတွေက သည်းခြေကျောက်ကို ညှစ်လိုက်မယ် ဒါမှမဟုတ် သည်းခြေကျောက်က စီးဆင်းနေတဲ့ အရည်တွေကိုသာ ပိတ်ဆို့လိုက်မယ်ဆိုရင်တော့ သည်းခြေဟာ ပြင်းပြင်းထန်ထန် နာကျင်ပြီး ကိုက်ခဲလာမှာ ဖြစ်ပါတယ်။ သည်းခြေကျောက်က စီးဆင်းတဲ့ပြွန်မှာပိတ်နေပြီး သည်းခြေရည်တွေ အူထဲကိုစီးဆင်းလို့ မရဘူးဆိုရင်တော့ တော်တော်ဆိုးရွားတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ သည်းခြေကျောက်တွေက စုပုံပြီး သည်းခြေအိတ်၊ အသည်း(liver)တွေမှာ ပိုးဝင်စေတဲ့အပြင် အနီးအနားမှာရှိတဲ့ သရက်ရွက်(pancreas)ကိုပါ ယောင်ရမ်းစေပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များသလဲ

သည်းခြေကျောက် အဖြစ်များနိုင်တဲ့သူတွေကို 5F လို့ အလွယ်တကူ မှတ်သားလို့ရနိုင်ပါတယ်။ အဲဒါတွေကတော့

၁။ Female အမျိုးသမီးများ

၂။ Forty အသက် ၄၀ကျော်တဲ့သူများ

၃။ Fertile သန္ဓေအောင် သောသူများ

၎။ Fat ၀သောသူများ

၅။ Flatulence လေပွတတ်သော အလေ့ရှိသူများ လို့ဆိုပြီး အကြမ်းဖျင်းမှတ်သားထားနိုင်ပါတယ်။

သည်းခြေကျောက် အသက်၆၀အရွယ် မိန်းမငါးဦးမှာ တစ်ဦးဖြစ်လေ့ရှိတာကိုတွေရပါတယ်။ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ အ၀လွန်တဲ့လူတွေ သို့်မဟုတ် ရုတ်တရက်ကိုယ်အလေးချိန် ကျဆင်းတဲ့ သူတွေမှာ အဖြစ်များပါတယ်။ အကြိမ်များစွာ ကိုယ်ဝန်ဆောင်ဖုး၍ အီစတိုဂျင်ဟိုမုန်း(estrogen) အများအပြားကို ကြာရှည်စွာ သုံးစွဲခဲ့သော အမျိုးသမီးတွေ၊ သန္ဓေတားဆေးသုံးစွဲတဲ့ အမျိုးသမီးတွေ၊ သွေးဆုံးပြီးနောက် အစားထိုးဟိုမုန်းတွေကို သုံးစွဲတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

ဒါဆို ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ

သည်းခြေကျောက်တည်သူတွေရဲ့၈၀% က ရောဂါလက္ခဏာ ပြလေ့မရှိတဲ့အတွက် ကုသမှုလည်း မလိုပါဘူး။ အကယ်၍ သည်းခြေကျောက်တည်သူက အောက်ပါ ရောဂါလက္ခဏာပြလာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်နေပါပြီ။

၁။ ၀မ်းဗိုက်မှာနာကျင်မှုကို ခံစားရပါတယ်။ အထူးသဖြင့် ၀မ်းဗိုက်ညာဘက်အခြမ်းမှာ နာကျင်တတ်ပြီး သည်းခြေအိတ်ကလာတဲ့ နာကျင်မှုက ၁၅မိနစ်မှ နာရီများစွာ ကြာမြင့်တတ်ပါတယ်။

၂။ အဆီများတဲ့ အစားအစာတွေက သည်းခြေအိတ်ကို ကျုံ့ခြင်း၊ ဆန့်ခြင်းတွေ ပြုလုပ်သဖြင့် အဲဒီလို အစား အစာတွေကို စားမိတဲ့အခါ နာကျင်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၃။ လေချဉ်တက်တာ၊ မူးဝေတာ၊ အစားအသောက်ပျက်လာတာ တွေဖြစ်လာတတ်ပါတယ်။

အများအားဖြင့် သည်းခြေကျောက်တည်ခြင်းက အခြားနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သရက်ရွက် ယောင်ခြင်း၊ သည်းခြေပြွန်၊ သည်းခြေအိတ်တွေမှာ ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေပါတယ်။ ထိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့အခါ အသားဝါခြင်း၊ ဖျားခြင်းနှင့် ၀မ်းဗိုက်တွင်နာကျင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေ လုပ်ပြီး သိနိုင်မလဲ

သည်းခြေကျောက်တည်ခြင်းက X-rays ရိုက်လျှင် ဖော်ပြလေ့မရှိပါဘူး။ ultrasoundဖြင့်သာ အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ ultrasound သို့မဟုတ် CT scan မှာတွေ့သော်လည်း ရောဂါလက္ခဏာပြ၊မပြ ဆိုတာကတော့ ခွဲခြားရခက်ပါတယ်။ အကယ်၍ သည်းခြေကျောက်က သည်းခြေရည်သွားလာမှုတွင် ပိတ်ဆို့နေပါက ultrasound တွင် သည်းခြေပြွန်ကြီးနေသည်ကို တွေ့နိုင်ပါတယ်။


ဘာတွေ ဖြစ်တတ်သေးသလဲ

သေးငယ်တဲ့ သည်းခြေကျောက်လေးတွေဟာ သူ့ဖာသာ ခန္ဓာကိုယ်အပြင်ဖက်ကို ထွက်တတ်သလို အူတွေမှတဆင့်လည်း ထွက်သွားပါတယ်။ အဲ့ဒီ့ အနှောင့်အယှက်ဖြစ်စေတဲ့ ကျောက်တွေဟာ သည်းခြေအိတ်အတွင်းမှာ အနေအထားပြောင်းခဲ့မယ်ဆိုရင် သူ့ဖာသာ ကောင်းသွားနိုင်သော်လည်းပဲ ရောဂါလက္ခဏာပြတဲ့ သည်းခြေကျောက်တဲ့သူတွေဟာ ဒဏ်ရာကိုသက်သာစေရန် ခွဲစိတ်ကုသမှုကို လိုအပ်ပါတယ်။ သို့သော် ခွဲထုတ်ပြီးသည့်တိုင်အောင် ဒဏ်ရာရဲ့ လက္ခဏာကတော့ ပြသနေမှာပဲ ဖြစ်ပါတယ်။ သူ့အလိုလို သက်သာသွားတဲ့ သည်းခြေကျောက်တွေတောင် ၂နှစ်အတွင်းမှာ ရောဂါလက္ခဏာ ပြန်ပြနိုင်ပါတယ်။

သည်းခြေမှာ ကျောက်မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ
ကိုယ်အလေးချိန်တက်ခြင်းကို ရှောင်ကြဉ်နိုင်ပါက သည်းခြေကျောက်တည်ခြင်း အဖြစ်နည်းပါတယ်။ အကယ်၍ ကိုယ်အလေးချိန်က တက်နေပါက ကိုယ်အလေးချိန် ချက်ချင်း ကျစေသည့် လုပ်ရပ်များ(နေ့စဉ်၅၀၀ ကယ်လိုရီထက် လျှော့ကာသုံးစွဲခြင်း) ကို ရှောင်ကြဉ်ရပါမယ်။

ပဋိသန္ဓေဆေးနဲ့ ဟော်မုန်းဆေးအစရှိတဲ့ ဆေးတွေက သည်းခြေကျောက်တည်ခြင်းကို အဖြစ်များစေပါတယ်။ ဒါကြောင့် သည်းခြေကျောက်ဖြစ်နိုင်တဲ့ အခြားအခြေအနေတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ ပဋိသန္ဓေဆေးနဲ့ ဟော်မုန်းဆေးများ သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သည်းခြေကျောက်တည်ခြင်းသည် အမေရိကန် အင်ဒီယန်တွေ၊ သွေးနီဥပုံသဏ္ဍာန် မမှန်ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဝေဒနာရှင်များနဲ့ အကြိမ်များစွာ ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဒီလောက်ဆို သည်းခြေကျောက်တည်ခြင်းအကြောင်း အတန်အသင့် သိပြီလို့ထင်ပါတယ်နော်။ ကျမ ဖတ်မိသမျှ ပြန်ဖော်ပြပေးထားတာပါ။ အခုလို ဖတ်ပေးကြတာကို ကျေးဇူးတင်ပါတယ်နော်။

ဆက်ဖတ်ရန်...

Wednesday, October 24, 2007

စာမေးပွဲဖြေတဲ့ဒီနေ့မှာ

ကျမ မနက်မိုးလင်းကတည်းက စိတ်လေးနေမိတယ်။ ဒီဘာသာက ကျမ မကြိုက်တဲ့၊ မရတဲ့ ၊ မကျက်ချင်တဲ့ဘာသာပါ။ မနေ့ကညကလည်း သူငယ်ချင်းတွေပေးသမျှ စပေါ့တွေကို သေချာလိုက်ကျက်တာပဲ။ ဒါပေမယ့်စိတ်က မပါလို့လားတော့ မသိဘူး။ ဘယ်လောက်ကျက်ကျက် မှတ်ကိုမမှတ်မိပါဘူး။ ကျမသေချာကျက်လေ မေ့သွားလေ။ နဂိုကတည်းက မကျက်ချင်တဲ့စိတ်ရော၊ ဥာဏ်မကောင်းတာရောကြောင့် ဖြစ်မယ်ထင်တယ်။ ညကလည်း၂နာရီထိုးနေပြီဆိုတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး အိပ်ရာဝင်ခဲ့ပါတယ်။ စာကလည်းမရတော့ မနက်စောစော နှိုးစက်ပေးထားရတာပေါ့။ ဒီနေ့က ဇီဝဓါတုလို့ခေါ်တဲ့ biochemistry ဘာသာဖြေရမယ့်နေ့ပါ။

မနက်၅နာရီထိုးရင်ပဲ ကျမရဲ့နှိုးစက်ကလေးက ကျမကို စာထကျက်ခိုင်းနေပါပြီ။ ကျမက အိပ်ရေးလည်းမ၀၊ စာကလည်းမရ၊ စိတ်ကလည်းတိုနဲ့ နောက်ဆုံးတော့ မထချင်ထချင်နဲ့ဘဲ ထလိုက်ရပါတယ်။ ခေါင်းထဲမှာလည်း မကြည်ဘဲ လူကယိုင်ချင်နေပြီ။ ဒါပေမယ့် မတတ်နိုင်ပါ။ ကျမစာပြန်နွှေးကို နွှေးရမည်လေ။ ကျမမှစာပြန်မနွှေးရင် စာမေးပွဲခန်းထဲမှာ ဘယ်သူမှ ကျမကိုကယ်နိုင်မှာမဟုတ်။ ကဲမကျက်လို့မှ မဖြစ်တာ ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးရင်း စာကြည့်စားပွဲမှာ ထိုင်လိုက်မိတယ်။

မဖြစ်မနေကျက်ရမယ့် အပုဒ်တွေကို ရေကြည့်လိုက်တော့ အားပါးပါး။ အပုဒ်က၅၀လောက်ရှိမယ်။ အခုမှ ၅နာရီ.. ကျမဖြေရမှာကနေ့လည်၁နာရီ။ စုစုပေါင်းအချိန်က ၈နာရီပဲရတယ်။ ဒါတောင်ကြားထဲမှာ ကျောင်းသွားဖို့က ၁၂နာရီကတည်းက စပြင်ဆင်မှ မီကာကျမှာ။ အဲဒါနဲ့ပဲ စာကိုအသည်းအသန် အော်ကျက်နေလိုက်တာ မောလို့ နာရီလည်းကြည့်လိုက်ရော ၁၁နာရီခွဲနေပြီ။ ကျက်ထားတဲ့စာတွေကလည်း ပါးစပ်ကသာ ကြက်တူရွေးလို တတွတ်တွတ်ရွတ်နေတာ။ ရမရကသေချာမသိ။ ဒီလိုနဲ့ ကျောင်းသွားဖို့ပြင်ဆင်ရတာပေါ့။

ကျောင်းလည်းရောက်ရော။ ကျောင်းမှာက လူတော်တော်စုံနေပါပြီ။ ကျမတို့ဖြေရမယ့် အခန်းနားမှာဆိုရင် လူတွေမှအများကြီးပဲ။ အကုန်လုံးကလည်း စာအုပ်ကိုယ်စီနဲ့။ အရင်တုန်းက ဘယ်လောက်ပဲ မကျက်ခဲ့၊ မကျက်ခဲ့။ စာမေးပွဲဖြေခါနီးကျရင် အောင်ချင်ကြတာတော့ အားလုံးရဲ့ဆန္ဒပဲ မဟုတ်ဘူးလား။ ကျမသူငယ်ချင်းတွေက ကျမကိုတွေ့တာနဲ့ ရပြီလားလို့လှမ်းမေးပါတယ်။ ကျမလည်း ခေါင်းကိုခါရင်း စိတ်ညစ်ညစ်နဲ့ သူတို့နားလျှောက်သွားလိုက်ပါတယ်။ အကုန်လုံးကလည်း တယောက်တပေါက် ဆိုချင်ရာဆိုနေကြတာပေါ့။ ကျမလည်းစာအုပ်ထုတ်ရမှာ ပျင်းတာနဲ့ ဘေးနားကကျမသူငယ်ချင်းကျက်တဲ့ အပုဒ်ကိုပဲ လိုက်ကြည့်နေပါတယ်။
"ကလင်… ကလင်"
ဟာ သွားပါပြီ။တော်တော် နားဝင်မချိုတဲ့အသံဘဲ။ အဲဒါစာမေးပွဲခန်းထဲဝင်ဖို့ ထိုးတဲ့ခေါင်းလောင်းသံပါ။ မ၀င့်ချင်ဝင်ချင်နဲ့ စာမေးပွဲခန်းထဲကို ၀င်လာရတယ်။ ကျမထိုင်ရမယ့်ခုံနံပါတ်ကို ရှာပြီးဝင်ထိုင်လိုက်တာပေါ့။ ထိုင်ထိုင်ချင်း ရသမျှဘုရားစာလေးကို ရွတ်ရင်း ဘုရားရှိခိုးလိုက်သေးတယ်။ ကျမတို့က အပုဒ်ရှည်မဖြေခင် အမှားအမှန်ဖြေရပါတယ်။ အမှားအမှန်ကလည်း ပြောတော့သာ အမှားနဲ့အမှန်နှစ်ခုတည်း။ စဉ်းစားရတာ တော်တော်ခက်တယ်။ နောက်ပြီးသူတို့က အမှားကိုအမှန်ဖြေမိရင် ကိုယ်ရတဲ့အမှတ်ထဲကပါ ပြန်နုတ်သေးတယ်။ minus system တဲ့။ ဘာတွေမှန်းကို မသိဘူး။ ကျမသိသမျှ ဖြေလိုက်တော့ အခု၁၀၀မှာ ၆၅ခုလောက်ပဲရှိသေးတယ်။ ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး နောက် ၁၀လုံးကို ရမ်းဖြေလိုက်တယ်။ မှားရင်တော့ သဲနုဝေတို့နာပြီပဲ။ (၁၀လုံးမှားရင် အမှတ်၂၀လျော့မှာကို)

ကဲအပုဒ်ရှည်မေးတဲ့ မေးခွန်းစာရွက်ဝေပါပြီ။ ကျမမှာကိုယ်ရတဲ့ အပုဒ်ပါပါစေဆိုပြီး ဆုတောင်းနေရတယ်။ မေးခွန်းစာရွက်ကို မ၀ံ့မရဲနဲ့ တစ်ပုဒ်ချင်းကြည့်လိုက်သည်။ ပထမအပုဒ်ကို အကြမ်းဖျင်းကြည့်လိုက်တော့ ကျမရတဲ့အပုဒ်။ ကျမတော်တော်ဝမ်းသာသွားပြီး သေချာပြန်ဖတ်လိုက်တော့မှ စိတ်ဓါတ်ကျသွားတယ်။ ကျမကျက်တဲ့အကြောင်းအရာတော့ ဟုတ်ပါရဲ့။ဒါပေမယ့် ခေါင်းစဉ်ခွဲနှစ်ခုမှာ ကျမ မကျက်တဲ့ခေါင်းစဉ် ဖြစ်နေတယ်။ ကဲရှိစေတော့။ ဒီလိုနဲ့ စာတွေကို ရသော်ရှိ၊ မရသော်ရှိ။ လျှောက်ရွှီးပြီးရေးရတာပေါ့။

ကိုယ့်ဘာသာစာကြောင်းစီ၊ ကိုယ်ဘာသာစကားလုံးတွဲနဲ့ အခုမှကိုယ့်ကိုယ်ကို စာရေးဆရာဖြစ်နေပါလားလို့ သတိပြုမိတယ်။ ခေါင်းထဲမှာရှိတဲ့ အချက်လေး၂ချက်လောက်ကို ၂မျက်နှာလောက်ခွဲရေးရတာ လွယ်တော့မလွယ်ပါ။ ကွေ့ကောက်ပြီး ဟိုဘက်က ပတ်ရေးလိုက်၊ ဒီဘက်ကပတ်ရေးလိုက်နဲ့ အမှတ်ခြစ်မယ့် ဆရာမတော့မသိ။ကျမကတော့ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ရယ်တောင်ရယ်ချင်တယ်။ ရေးနေရင်းနဲ့ လက်ညောင်းလာလို့ ဘေးဘက်ကိုကြည့်လိုက်ရော သူငယ်ချင်းတွေက ကျမကိုမျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြပါတယ်။(သူတို့စိတ်ထဲမှာ ကျမကို ရတယ်များထင်နေသလားမသိ။ ကျမကရွှီးနေတာကို) ကျမလည်း သူတို့ကို ရှုံ့မဲ့ပြရင်း ရတာလေးတွေကို ဆက်ရေးရတာပေါ့။ ရေးရင်းရေးရင်းနဲ့ နာရီကြည့်လိုက်တော့ ၃နာရီထိုးနေပြီ။ ဆရာမကထွက်ချင်တဲ့လူ ထွက်လို့ရပြီတဲ့။ ထွက်လိုက်ကြတဲ့လူတွေမှ အများကြီးပဲ။ ကျမကတော့ ကိုယ်ရသမျှ၊ ခေါင်းထဲကထွက်သမျှကို ရေးနေတာပေါ့။ အခွင့်အရေးရတုန်း ရေးရတာလေ။ နောက်မှရေးချင်လို့ ရေးခွင့်မရှိဘူးလေ။ ရလို့လားဆိုတော့လည်းမဟုတ်ဘူး။ ရွှီးတာပဲ တော်တာနေမှာပါ။
အဲဒီ့အချိန်မှာပဲ…
" ကလင် ကလင်"
အမလေး ပျော်လိုက်တာ။ ကျမဒီအသံကိုကြားချင်နေတာ ကြာလှပြီ။(လူ့စိတ်များထူးဆန်းပါ့။ ခုနကတော့ ဒီအသံကိုနားဝင်မချိုတဲ့အသံတဲ့။ အခုများတော့ ချိုသာတဲ့အသံလေးတဲ့) ပျော်ရွှင်စွာ၊ပေါ့ပါးစွာနဲ့ စာရွက်ကိုဆရာမအားပေးပြီး စာမေးပွဲခန်းထဲက ထွက်ခဲ့တော့တယ်။

ဆက်ဖတ်ရန်...

Tuesday, October 23, 2007

စိတ်ဓါတ်ကျမိတယ်

ကျမလောကကြီးမှာ နေထိုင်ရင်းနဲ့ တခါတလေတော့ စိတ်ဓါတ်အရမ်းကျမိပါတယ်။ အခုလည်း စိတ်ဓါတ်ကျနေလို့ ဒီကဗျာလေးကို ရေးဖြစ်တာပါ။ ကျမရေးတာ မကောင်းမှန်းသိပေမယ့် တင်ချင်တာနဲ့တင်ပေးလိုက်တာပါ။ သည်းခံပြီး ဖတ်ကြပါနော်။

တရားမမျှတတဲ့ လောကကြီးကို
ရင်ဆိုင်ရတဲ့အခါ...

သာသနာတော် စစ်ဖိနပ်အောက်ရောက်တာ
ဘာမှမခုခံနိုင်တဲ့အခါ…

လူသားတွေရဲ့ကတိသစ္စာမတည်မှုကို
သိရတဲ့အခါ…

အပြောင်းအလဲများတဲ့ လူ့သဘာဝကို
ကိုယ်တွေ့ကြုံရတဲ့အခါ…

ဖြူစင်တဲ့စိတ်ဓါတ်တွေ ညစ်နွမ်းသွားတာ
မြင်ရတဲ့အခါ…

အနှစ်မရှိတဲ့ မုသားစကားတွေကို
ကြားရဖန်များလာတဲ့အခါ…

မျှော်လင့်ချက်နဲ့လက်တွေ့
ထပ်တူမကျတဲ့အခါ…

စိတ်ဓါတ်ကျမိတယ်…

ဆက်ဖတ်ရန်...

Monday, October 22, 2007

သူငယ်ချင်းလေးယောက်

ဒီနေ့တော့ အားလုံးကို ပုံပြောပြချင်ပါတယ်။ ဒီပုံပြင်က ကျမကို သူငယ်ချင်းတစ်ယောက်က ပြောပြဖူးတာပါ။ အားလုံးကိုလည်း ပြုံးစေချင်တာနဲ့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ။

တခါတုန်းကပေါ့ အိမ်တစ်အိမ်မှာ သူငယ်ချင်းလေးယောက် အတူတူ ငှားနေကြတယ်။ သူတို့နာမည်တွေက Mr.fool, Mr.Brain, Mr. Someone နဲ့ Mr.Anyoneတဲ့။ တစ်နေ့မှာတော့ Mr.Someone နဲ့ Mr.Anyone ကရန်ဖြစ်ကြသတဲ့။ အချင်းချင်း ရိုက်ရင်းပုတ်ရင်းနဲ့ နောက်ဆုံးမှာMr.Someone က Mr.Anyone ကိုသတ်လိုက်မိတယ်။ အဲဒါနဲ့ Mr.Fool က ရဲစခန်းကို ဖုန်းဆက်တာပေါ့။ ရဲတစ်ယောက်ကလာကိုင်တယ်တဲ့။

Police: May I help u?

Mr. Fool: Yeah. There is a murder in our house.

Police: Can u tell me who killed who?

Mr. Fool: Yeah, sir. Someone kills anyone.

Police: Are u a fool? What are u saying?

Mr. Fool: Yes, sir. I am a fool.

Police: Don't you have brain?

Mr. Fool: Yes. He is in a toilet

အဲဒါနဲ့ရဲလည်း ဒေါသထွက်ပြီး ဖုန်းချလိုက်တယ်တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ဆက်ဖတ်ရန်...

Saturday, October 20, 2007

ပန်းကလေးတစ်ပွင့်ရဲ့တန်ဖိုး

ကျမဒီအကြောင်းကို ရေးချင်နေတာကြာပါပြီ… အင်တာနက်ကမရ၊ အင်တာနက်ရပြန်တော့ စာမေးပွဲကရှိနေရော ဘယ်လိုမှကို မအားနိုင်အောင်ပါဘဲ… နောက်ပြီးရေးသင့်၊မရေးသင့်လည်း ချိန်ဆနေတာပါ။ ဒါပေမယ့်အခုတော့ စာမေးပွဲနှစ်ရက်နားတုန်း အားလုံးအတွက်လည်း အကျိုးရှိမယ်ထင်တာနဲ့ ရေးဖြစ်တာပါ…

ဒီနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေဖြစ်တဲ့ မြ၀တီနဲ့ မြန်မာ့အသံတို့မှာ ဖျော်ဖြေရေးအနေနဲ့ ဇာတ်လမ်းတွဲတွေ ပြသလာကြပါတယ်။ ပထမတော့ အင်္ဂလိပ်ကားတချို့လည်း ပြပေမယ့် အခုနောက်ပိုင်း မြ၀တီ၊ မြန်မာ့အသံတို့ကို စိုးမိုးလာတာကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ကျမလည်း ဒီဇာတ်လမ်းတွေ တော်တော်များများကို အစအဆုံးမဟုတ်တောင် နည်းနည်းစီတော့ ကြည့်မိပါတယ်။ သူ့ဇာတ်အိမ်နဲ့ သူ့မင်းသား၊မင်းသမီးတွေနဲ့တော့ တမျိုးတဖုံ ကြည့်ကောင်းနေကြတာပဲ။ တော်တော်လည်း ဆွဲဆောင်မှုရှိပါတယ်။

ကျမကြည့်နေရင်းနဲ့ တဖြည်းဖြည်းသတိထားမိလာပါတယ်။ ပထမတော့ ဒီဇာတ်လမ်းတွဲတစ်ခုတည်းပဲလားလို့။ နောက်သတိထားစောင့်ကြည့်ရင်းနဲ့မှ ဇာတ်လမ်းတွဲတော်တော်များများ၊ မဟုတ်သေးဘူး၊ အားလုံးလိုလိုမှာ တွေ့လာရတယ်။ အဲဒါကဘာလဲဆိုတော့ မိန်းကလေးက(တစ်နည်းအားဖြင့် မင်းသမီးက) မင်းသားဖြစ်တဲ့ယောက်ျားလေးကို ချစ်စကားစပြောတာပါပဲ။

ကျမကိုရှေးဆန်တယ်ပဲဆိုဆို၊ ခေတ်နောက်ကျတယ်ပဲပြောပြော ကျမကတော့ဒီကိစ္စကြီးကို ဘယ်လိုမှ ဘ၀င်မကျပါဘူး။

ကျမတို့မိန်းကလေးတွေက မွေးဖွားလာကတည်းကကို ယောက်ျားလေးတွေနဲ့ယှဉ်ရင် သဘာဝတရားရဲ့ဖန်တီးမှုနဲ့ ရှုံးနိမ့်နေပြီးသားပါ။ အခုခေတ်မှာ မိန်းမနဲ့ယောက်ျား တန်းတူညီတူ ရင်ဘောင်တန်းနေပြီလို့ ဘယ်လိုပဲပြောပြော မိန်းကလေးတွေ ယောက်ျားလေးတွေကို မယှဉ်နိုင်တဲ့အချက်တွေ အများကြီးရှိပါသေးတယ်။ ကျမတို့ ဘုရားသွားရင်တောင် ယောက်ျားလေးတွေပဲ ဘုရားဥာဏ်တော်အမြင့်အထိတက်ပြီး ကိုယ်တိုင်ကိုယ်ကျ
ရွှေသင်္ကန်းလှူခွင့်ရှိပါတယ်။ ကျမတို့မိန်းကလေးတွေမှာတော့ ဒီအခွင့်အရေးကလုံးဝမရှိပါဘူး။

ကျမတို့မိန်းကလေးတွေရဲ့ ဘ၀တလျှောက်လုံးမှာ အသာစီးရတာဆိုလို့ စပြီးချစ်ခွင့်ပန်ခြင်းခံရတာပါပဲ။ ကိုယ့်ကိုမြတ်နိုးလို့ လေးလေးစားစား ချစ်ခွင့်ပန်ခြင်းခံရတယ် ဆိုကတည်းက အဲဒီ့မိန်းကလေးရဲ့ ဂုဏ်သိက္ခာက တက်နေပါပြီ။

ဒီလိုရှားပါးလှတဲ့ အခွင့်အရေးလေးကို လွှတ်ပစ်တဲ့မိန်းကလေးတွေ တစတစများပြားလာတာ တွေ့မြင်နေရပါပြီ။ အတုမြင်အတတ်သင်ဆိုတဲ့ စကားကလည်းရှိနေတော့ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ပြီးအတုယူတယ်လို့ပဲ ပြောရမလား။ ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းနေပြီဆိုတဲ့ စကားကို အကာအကွယ်ယူတယ်လို့ပဲ ထင်ရမလားတောင် မသိပါဘူး။

ဒီမှာကျမထင်မြင်ချက်တစ်ခုကို ပြောစရာရှိပါတယ်။ ရင်ဘောင်တန်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ကျမနားလည်ထားတဲ့ ရင်ဘောင်တန်းတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကတော့ ယောက်ျားလေးတွေကိုချည်း အားကိုးမနေဘဲ ကိုယ့်အစွမ်းအစနဲ့သူတို့လိုပဲ ရအောင်ကြိုးပမ်းတယ်။ကိုယ့်ဘ၀ကို ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ရပ်တည်တယ်လို့ပဲ ယူဆမိပါတယ်။ သူတို့လုပ်ရဲတဲ့ကိစ္စတိုင်းကို လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားပြီး ကိုယ်လုပ်သင့်တာကိုပဲ လုပ်ရမှာပါ။

လူတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေက မတူညီကြပါဘူး။ ကိုယ့်အတွက် ပိုက်ဆံသာလျှင်အဓိကလို့ ထင်တဲ့လူတွေရှိသလို အချစ်ကအဓိက၊ စိတ်ချမ်းသာမှုကအဓိက၊ ဂုဏ်သိက္ခာကအဓိကလို့ အစရှိပြီး အမျိုးမျိုးထင်မြင်ကြပါတယ်။ တန်ဖိုးထားတဲ့အရာတွေ မတူညီတာနဲ့အမျှ ဘ၀ရပ်တည်ပုံချင်းလည်း မတူညီကြပါဘူး။ ပိုက်ဆံကိုတန်ဖိုးထားတဲ့လူက ပိုက်ဆံနောက်လိုက်သလို၊ခံစားမှုကိုတန်ဖိုးထားတဲ့လူက ခံစားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြတာပေါ့။

ကျမကတော့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကိုပဲ တန်ဖိုးထားသင့်တယ်လို့ ယူဆမိပါတယ်။ လောကမှာ မိမိကိုယ်ကိုယ်သာ အချစ်ဆုံးလို့ပြောလေ့ ရှိကြပါတယ်။ အချစ်ဆုံးဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကတောင် တန်ဖိုးမထားရင် ဘယ်သူကမှလည်း တန်ဖိုးထားမှာ မဟုတ်ပါဘူး။ ဘယ်သူမှတန်ဖိုးမထားတဲ့ဘ၀ကြီးက နေပျော်မှာလဲ မဟုတ်တော့ပါဘူး။

ကျမကအခုလို ဂုဏ်သိက္ခာကို အတင်းထိန်းခိုင်းပြီး မိန်းကလေးတွေကို ထွက်ပေါက်ပိတ်အောင် လုပ်နေတာတော့ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်နှစ်သက်တဲ့အကြောင်းကို နှုတ်ကနေဖွင့်မပြောဘဲ ရိပ်ဖမ်းသံဖမ်းနည်းနဲ့ ကိုယ့်ကိုပြန်စိတ်ဝင်စားအောင် လုပ်လို့ရပါသတဲ့။ ကျမလည်း မလုပ်ကြည့်ဖူးပါဘူး။ သူများပြောတာ ကြားဖူးတာပါ။ဒီလိုလုပ်လို့ ကိုယ့်ကို ပြန်စိတ်ဝင်စားရင်တော့ ကောင်းတယ်ပြောရမှာပေါ့။ ဒါပေမယ့်သူကစိတ်မ၀င်စားတဲ့အပြင် အထင်ပါသေးသွားမယ်ဆိုရင်တော့ တော်တော်ဆိုးပါတယ်။

တကယ်လို့များ ကံကောင်းထောက်မပြီး သူကလည်းကိုယ်ကိုသဘောကျလို့ လက်ထပ်ဖြစ်ခဲ့ကြရင်တောင် တချိန်ချိန်မှာ စကားနာအထိုးမခံရဘူးလို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကိုယ့်သိက္ခာကိုယ်ထိန်းတာပဲ အကောင်းဆုံးဖြစ်မှာပါ။

တချို့မိန်းကလေးတွေကျတော့လည်း ဒီအဖြစ်အပျက်က ထူးဆန်းတယ်၊ သိက္ခာကျတယ်လို့ မထင်ကြတော့ပါဘူး။ လုပ်နေကျလုပ်ရိုးလုပ်စဉ်တစ်ခုလိုပဲ။ ခေတ်မီတာလို့တောင် ထင်နေကြပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတစ်ခုက ကောင်းသည်ဆိုးသည်ဖြစ်စေ ကိုယ့်နောက်မှာအမြဲတမ်း အရိပ်အဖြစ်နဲ့ လိုက်နေလေ့ရှိပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ကိုယ်ကိုယ်တိုင်ပဲ ခံရတာပါ။ အခုအချိန်မှာ ခံစားမှုတစ်ခုကြောင့် အချို့အရာတွေကို အလေးမထားမိပေမယ့် တချိန်ချိန်မှာ ကိုယ့်ကို ပြင်းထန်တဲ့ ရိုက်ချက်ဖြစ်လာနိုင်ပါတယ်။

ကျမကတော့ တခြားလူတွေ ကိုယ့်ကိုအထင်မကြီး မလေးစားရင်နေပါစေ။ ကျမကချစ်တဲ့၊ ကျမကိုချစ်တဲ့ သူငယ်ချင်းတွေနဲ့မိသားစုရဲ့ လေးစားမှုကိုတော့ လိုချင်ပါတယ်။ ကျမချစ်တဲ့လူတွေကိုလည်း ကျမလေးစားရတဲ့လူတွေပဲ ဖြစ်စေချင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ တစ်ဦးနဲ့တစ်ဦးလေးစားမှုဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံအချက်လေးတစ်ခုပါဘဲ။ မိဘနဲ့သားသမီး၊ ဇနီးသည်နဲ့ခင်ပွန်း ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဆက်ဆံမှုမှာလည်း လေးစားမှုက အရေးကြီးပါတယ်။

အခုတလော ကြားကြားနေကျစကားတစ်ခုကတော့ မိန်းကလေးတွေကပေါနေပြီး ယောက်ျားလေးတွေကမှ ရှားပါးနေတာတဲ့။ အခြားမိန်းကလေးတွေတော့ ဒီစကားကြားရင် ဘယ်လိုနေသလဲ မသိပေမယ့် ကျမကတော့ ကြားကြားချင်း ပထမတော့ စိတ်တိုပါတယ်။ ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်တော့လည်း ကိုယ့်သိက္ခာကိုယ် ကျအောင်လုပ်နေတာ မိန်းကလေးတွေပါပဲ။ ဘယ်သူမပြု မိမိမှုလို့ ပြောရမှာပေါ့။ ပြီးတော့လည်း စကားတစ်ခွန်းကို ယောက်ျားလေးတွေ အပြောများပါတယ်။ မိန်းကလေးတွေက သူတို့ကိုအိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့လူလို့ပြောရင် ပြန်ပြောလေ့ရှိတဲ့ စကားတစ်ခုပါ။

"ရေအိုင်မို့လို့ ခြေဆေးတာပေါ့။ သောက်ရေအိုးဆိုရင် ဘယ်ခြေဆေးမလဲ တဲ့။ နင်ကရေအိုင်လို မိန်းကလေးမျိုးဆိုရင်တော့ ခြေဆေးခံရမှာပဲ။ ဘာဆန်းလဲ။ သောက်ရေအိုးလို မိန်းကလေးမျိုးဆိုရင်တော့ ငါ…. တလေးတစား ခပ်သောက်မှာပေါ့တဲ့။"

သူတို့ပြောတာလည်း မှားတော့မမှားပါဘူး။ မိန်းကလေးတွေကိုယ်တိုင်က ရေအိုင်လို့ကျင့်ကြံနေလို့ ခြေဆေးခံရတာပါ။ ရေအိုင်လိုမကျင့်ကြံရင် ဘယ်သူမှလည်း ခြေဆေးစရာမရှိပါဘူး။ ဒါ့ကြောင့် အိုင်မဖြစ်အောင် နေရမှာက ကျမတို့မိန်းကလေးတွေရဲ့ တာဝန်ပါပဲ။

အခုလောက်ဆို ကျမပြောထားတာလည်း တော်တော်ကို များနေပါပြီ။ ဒါကကျမရဲ့ထင်မြင်ယူဆချက် သက်သက်ပါ။ ဒီပို့စ်ကို ရေးသာရေးရတယ်။ ပြီးရင် ဘယ်လောက်များ အပြောအဆိုခံရမလဲတောင် မသိပါဘူး။ ကျမကတော့ အပြုသဘောနဲ့ ရေးတဲ့စာမို့လို့ ဖတ်ရင်းနားလည်ကြမယ်လို့ ထင်ပါတယ်။

အခုလို ပြီးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ မိန်းကလေးတိုင်း တန်ဖိုးရှိတဲ့ ပန်းကောင်းလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဆက်ဖတ်ရန်...

တစ်လပြည့်အမှတ်တရ

အချိန်တွေကလည်း ပြောင်းလဲတာ တော်တော့ကို မြန်ဆန်တာပဲနော်။ နေ့ရောက်လိုက်၊ ညရောက်နဲ့ တနေ့နေ့ကူးသွားပုံကလည်း မသိမသာလေးနဲ့။ သတိလည်းထားမိရော နေ့ရက်တွေက အများကြီးကျော်လွန်သွားခဲ့ပြန်ပါပြီ။ ဒီနေ့ဆိုရင် ကျမဘလော့ဂ်လေးကို စရေးဖြစ်တာ တစ်လလွန်မြောက်ခဲ့ပြန်ပါပြီ။ ဒီတစ်လအတွင်းမှာ ကိုယ်ထင်မြင်တာလေးတွေ၊ ခံစားချက်လေးတွေကို ရေးလိုက်နဲ့ မကျေနပ်ချက်တွေ ရေးလိုက်နဲ့ပေါ့။ ဒီကြားထဲမှာ ကျမစိတ်ညစ်သမျှကို နားထောင်ပေးတဲ့၊ ကျမကိုဂရုစိုက်ပေးတဲ့ မဇင်ကို အရမ်းကျေးဇူးတင်ပါတယ်။ ကျမကိုအမြဲတမ်း အားပေးနေတဲ့ မေမေ့ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ကျမရေးသမျှကို အချိန်ယူပြီး လာရောက်ဖတ်ရှုသူများကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်လည်းလာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ ကျမလည်း ရသမျှအချိန်လေးမှာ ပို့စ်အသစ်လေးတွေ တင်နိုင်အောင် ကြိုးစားပါ့မယ်ရှင့်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ဆက်ဖတ်ရန်...

Friday, October 12, 2007

စာမေးပွဲရှိလို့ပါ

ကျမတို့ဒုတိယနှစ်ရဲ့ ဖိုင်နယ်က၁၆ရက်နေ့ကနေစပြီး ၂၂ရက်နေ့မှပြီးမှာပါ။

စာကလည်း အခုအချိန်အထိ ကျက်လိုက်၊မေ့လိုက်ပါဘဲ။

ပို့စ်အသစ်ရေးချင်တဲ့စိတ်ကို မနည်းထိန်းထားရတယ်။

အဲဒါကြောင့် ဒီကြားထဲမှာ ပို့စ်အသစ်တင်ဖို့ အခက်အခဲရှိပါတယ်။ မတင်ဖြစ်ဖို့ ပိုများပါတယ်။

လာလည်သူများကိုလည်း ပြန်မနှုတ်ဆက်နိုင်ခဲ့ရင်၊ သူငယ်ချင်တွေရဲ့ဘလော့ဂ်ကို မလာဖြစ်ခဲ့ရင်လည်း

ခွင့်လွှတ်ပေးပါလို့ ကြိုတင်တောင်းပန်ပါတယ်ရှင်။




ဆက်ဖတ်ရန်...

Thursday, October 11, 2007

ဗိုလ်ချုပ်ပြောတဲ့ကျောင်းသားတို့ရဲ့ဝတ္တရား

ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးခဲ့တဲ့ဆောင်းပါးလေးပါ။ ဖတ်ကြည့်ကြပါနော်။
***
အင်္ဂလိပ် စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဘူး၏။ ထိုကမ္ဘာဇာတ်ခုံတွင်လူအမျိုးမျိုး၊အရွယ်အမျိုးမျိုး၊ အတန်းအစား အမျိုးမျိုးတို့သည် ကိုယ့်အခဏ်းကို ကိုယ့်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ၊လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏အလုပ်ဝတ္တရားအဖြစ်ရှိ၏။ထိုဝတ္တရားကို ကြေပြွန်မှသာလျှင် လောက၌၊လူဖြစ်ရကျိုး နပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ် အမွေခံဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက်၁၆နှစ်၊၁၇နှစ်မှ အထက်သို့ ရှိသော ကျောင်းသားများမှာလည်း၊အဆိုပါ ၀တ္တရား ဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ ဖြစ်လျှင် -ကျောင်းသား၏ ၀တ္တရားသည် အဘယ်နည်း။

အမြင်ကျယ်ကျယ်၊ကြည့်လေ့ရှိကြသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသောအများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာ ဖြစ်ပေသည်။

ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာပညာရှိတို့သည်၊လောကရေး၊ဓမ္မရေးပြဿနာအရပ်ရပ်တို့ကို စိစ်ဝေဘန် ဖြေရှင်းတတ်သောပညာမှ စာအုပ်ပေစာကိုအံ၍ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြား၍ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆတ်ဆတ် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ၏အကြောင်းသနစ်ကို ဖော်ထုတ်မဆိုသာချေ။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ်စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား-စစ်ဆေးစေရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံခြင်း မတူသည်ကိုတွေ့ရလေသည်။ တဘန်-စာစစ်သူတစ်ဦးတည်း ၄င်းတနှစ်ခန့်က ဖျက်ခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကိုတွေ့ရလေသည်။ ကမ္ဘာကျော်-ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည်လောကတွင် အောက်ဆုံးထစ် ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။

ဤတွင်၊ကမ္ဘာကျော် စာရေးဆရာကြီး၏ အရေးအသားကို ၄င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို၊ သို့ရာတွင် ၄င်းကား အကြောင်းမဲ့ မရေးသားရာ။ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာရာဇ၀င်တွင် သာဓကအထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူများမဟုတ်ပေ။ဥပမာအနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင်၊ ဟစ်တလာနှင့် မတ်ဆိုလိုနီတို့သည်၊ကျောင်းမှပင်ကောင်းစွာ မနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍၊ကျောင်းသားအဖြစ် နေစဉ်အခါက-ထူးထူးချွန်ချွန်မရှိချေ။ပန်ဒစ်ဂျဝါဟလာနေရူး သည်လည်း၊အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား။ကျောင်းသားသစ်အဖြစ်ဖြင့် များစွာမထူးချွန်လှ။ဘီ-အေ ဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။သို့ရာတွင် ထိုအခါက ၄င်းအထက်-ပထမ ရခဲ့သောသူတဦးမှာ၊ရန်ကုန်တွင် ပါမောက္ခတဦး အဖြစ်ဖြင့် ၄င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ဆာဝါလတာစကော့ -စသောပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်ကထူးခြားခြင်းမရှိ၊ ဆာဝါလတာစကော့မှာမူ၊ လူ့ငနွားဟုပင်- ဆရာ၏အခေါ်ခံရလေသည်။ ဤကား၊ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုစစ်လျှင် လူသား တဦးတယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန်တထစ်ချ သတ်မှတ်ထားသောနည်း မရှိတော့ကြောင့် ဖြစ်ပေသည်။

စစ်စစ်သော်ကား ကျောင်းတွင်တခါမျှမနေဖူး၍ စာတလုံးမျှ မသင်ဘူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့်အကြောင်းကို အလွန်ဆိုခြင်း ဖြစ်၏။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊၄င်းတို့ရေးရာဒေသ၊ ရေးသည့် အချိန်ကာလ စသည့်တို့ကို ကြည့်၍၊ ဝေဘန်ပြီးလျှင်၊ လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန် ဖြစ်ပေသည်။အကယ်၍ စာမတတ်သူသည်၊ လောကအမှတ်အသား ကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင်-မတ်ဆိုလိုနီက ၄င်း၏ အတ္ထုပတ္တိတွင် ကျွန်ုပ်ဘတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား၊ ကျွန်ုပ်နေခဲ့ ၊နေဆဲသောလောကကြီးပင်တည်းဟု ရေးထား၏။ထိုကဲ့သို့ စာအုပ်ပေစာမှ ကျော်လွန်သောပညာကို ။အဘယ်သို့ရအံ့နည်း။

ထိုပညာစစ်ကိုရရန်၊ လွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ်ကို မွေးရန်လို၏။ ဤအချက်ကိုပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များကAcademic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား၊-ကမ္ဘာရာဇ၀င်ကို -တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖောင်မေရှင်းခေါ်ခေတ်သစ်ဝါဒ၊လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား-ကျွန်ုပ်တို့၏ဂေါတမဘုရားသခင်၊ ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။

ထိုလွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင်။ ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိဘားသူငယ်ကဲ့သို့နေ၍ မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ၊ဤသို့ ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု-အတိုင်းတိုင်း အပြည်ပြည်ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်၊ကိုယ်သဘောကိုသာမြင်သော၊ ၀ါဒကြောင့်ဖြစ်သောကမ္ဘာကြီး၏ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသောအယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့-အမြင်ကျယ်မှတဦးကိုတဦး အနာခံတတ်ခြင်း၊ စသဖြင့်-လောက လူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။

ထို့ကြောင့်၊ထိုသို့ကူးလူးဆက်ဆံ အမြင်သန်အောင် ကျောင်းများ၊တက္ကသိုလ်များတွင်၊ ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများ ထောင်ခြင်း စသည်တို့ ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်းသမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင်၊ မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ဘက်၊၂ချက်စုံမှ၊ပညာရေးအစစ်မည်လေသည်။

တဘန် ယနေ့ ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု၊ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ၊ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့် ညီအောင် အုပ်ချုပ်နည်း၊မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက် ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ရဲတပ်များ၊ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက၊ယခုအခါ တနိုင်ငံနှင့်တနိုင်ငံ မှာ၊ခွဲစပ်၍မဖြစ်နိုင်။တရုတ်ပြည်၊စပိန်ပြည်၊ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည်။
ဤတိုင်းပြည်ကိုလည်းကောင်း၊ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊လူသတ္တ၀ါတို့အား လည်းကောင်း မည်သို့မည်ပုံထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာအခြေကိုလည်း၊မိမိရရသိရန်လို၏။ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ ပြုလုပ်ရမည့်ဝတ္တရားများ ဖြစ်ကြ၏။ ထို့ကြောင့် -ကမ္ဘာ့ရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ ၊စစ်မက်တားမြစ်ရေး၊အလုပ်လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ၊ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်းကွဲလာ၏။

ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည်၊ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်၊မကိုင်တတ် မဖြစ်ရအောင်၊ ကျွန်ုပ်တို့သည် ၊ယခုအခါမြန်မာနိုင်ငံလုံးဆိုင်ရာ-ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက် အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသော သူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။

ဤဆောင်းပါးကို မောင်အောင်ဆန်းဘီ-အေ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ)က မန္တလေးသူရိယ(အမျိုးသားနေ့အထူးစာစောင်) တွင် ၁၂၉၉၊တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်၊ စာ၁၇-၁၈ တွင်ရေးသားခဲ့ပါသည်။

ဤဆောင်းပါးရဲ့ရက်စွဲကို ကြည့်ရင်ဖြင့် နှစ်ပေါင်း၇၀ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ပြောခဲ့တဲ့ အကြောင်းအရာကတော့ ယနေ့ထက်တိုင် မှန်ကန်နေဆဲပါဘဲ။ ဗိုလ်ချုပ်ပြောခဲ့သလိုပဲ ကျမတို့ကျောင်းသားတွေက အတန်းလေးမှန်မှန်တက်ရုံ၊ စာကျက်ရုံ၊ တစ်နှစ်တစ်တန်းအောင်ရုံဖြင့် ကျောင်းသားတို့ရဲ့ဝတ္တရား ကျေပွန်ပြီလို့ မထင်သင့်ပါဘူး။ ပြင်ပစာပေ ဗဟုသုတတွေကိုလည်း လေ့လာဆည်းပူးသင့်ပါတယ်။ ယခုခေတ်ကျောင်းသားတွေကို ကြည့်လိုက်ရင် နိုင်ငံရေးအသိ ရှိတဲ့၊ ပြင်ပဗဟုသုတကို လေ့လာဆည်းပူးတဲ့ ကျောင်းသားတွေရှိသော်လည်း နိုင်ငံရေးကိုစိတ်မ၀င်စားဘဲ ကိုယ်ကျိုးကိုပဲကြည့်တဲ့ ကျောင်းသားတွေလည်း အများကြီးပါဘဲ။ နိုင်ငံရေးကို ကိုယ်နှင့်မဆိုင်ဘူးဆိုတဲ့ လူတွေကိုကျမကိုယ်တိုင် မျက်မြင်ကြုံတွေ့ရတာပါ။ သူတို့ကပညာမရှိလို့ မဟုတ်ပါဘူး။ အတန်းပညာတော့ တတ်မြောက်ကြသူကြီးပါဘဲ။ ဆင်ခြင်ဥာဏ်၊ တွေးခေါ်စဉ်းစားဥာဏ်တွေ အမှောင်ထဲမှာတိုက်ပိတ်ခံနေရတာပါ။ တစ်နေ့တစ်နေ့ အချစ်အမုန်းသံသရာထဲမှာ လည်နေပြီး ရုန်းထွက်မရအောင် နစ်မွန်းနေတာကို တွေ့ရတဲ့အခါ ကျမတော်တော်စိတ်ဓာတ်ကျပြီး တကယ်ကိုယ်ကျိုးစွန့်နေသူတွေအတွက် ၀မ်းနည်းမိပါတယ်။ ဒုတ်ကိုင်၊ဓါးကိုင်ပြီး တိုက်ပွဲဝင်မှ နိုင်ငံရေးအသိရှိတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ရဲ့စိတ်ထဲကနေ ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ်ဆိုတာကို သိပြီးအမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ခြင်းကို ဆိုလိုတာပါ။ ဒီဆောင်းပါးကိုဖတ်ပြီး နိုင်ငံရေးအသိလေး အနည်းငယ်မျှဝင်လာရုံဖြင့် ကျမဒီပို့စ်ကို ထုတ်နုတ်တင်ပြရကျိုးနပ်နေပါပြီ။ ယခုဆောင်းပါးကို စာရေးဆရာမြဟန် ရေးသားထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာစာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါတယ်။ စာလုံးပေါင်းအားလုံးအား မူရင်းစာအုပ်မှအတိုင်း ကူးယူရေးသားထားခြင်း ဖြစ်သည့်အတွက် စာလုံးပေါင်းများ၊အသုံးအနှုန်းများမှာ ယခုခေတ်နှင့် မဆီလျော်ပါက နားလည်ပေးကြပါရန်…

ဆက်ဖတ်ရန်...

Tuesday, October 9, 2007

အ၀ါရောင်ရထား

ကျမလည်းစာမေးပွဲက နီးလာတော့စာကောင်းကောင်း မရေးဖြစ်တော့ပါဘူး… ဒါပေမယ့်လည်း ဘလော့ဂ်လေးကို ခြောက်သွေ့နေတာ မမြင်ချင်တော့ ကျမဆားချက်လိုက်ဦးမယ်နော်… ကျမသဘောကျရတဲ့ စာရေးဆရာမဂျူးရဲ့ ၀တ္ထုတိုလေးပါ… အားလုံးလည်းနှစ်သက်ကြမယ်လို့ထင်ပါတယ်…

မူယာနှင့် နောက်ဆုံး ဆုံဖြစ်ခဲ့သည့်နေ့က ကောင်းကင်သည် အချိန်အခါမတိုင်သေးဘဲ အနီရောင်လွှမ်းနေခဲ့သည်။ ထိုအနီရောင်နောက်ခံပေါ်မှာ အနက်ရောင်ငှက်တစ်အုပ် မြောက်အရပ်မှ တောင်အရပ်သို့ ပြန့်ကျဲစွာ တိတ်ဆိတ်စွာပျံသန်းသွားခဲ့သည်။ ထိုနေ့ကို ကျွန်မဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အနီရောင်ကောင်းကင်အနောက်ခံနှင့် အနက်ရောင်ငှက်များသည် ထိတ်လန့်တုန်လှုပ်စွာ ဝေခွဲရခက်လှသော စိတ်ကူးကမ္ဘာသစ်တစ်ခု၏ ရှေ့ပြေးနိမိတ်တစ်ခုဟု ကျမလက်ခံလိုက်ရသောကြောင့် ဖြစ်ပါသည်။

ထိုညနေက မြက်တောကွင်းပြင်တွင် ပုစဉ်းတွေလည်း ပျံ့ဝဲနေခဲ့ပါသည်။သူတို့က တော်တော်နိမ့်နိမ့် ပျံသန်းကြသဖြင့် ကျွန်မတို့လမ်းလျှောက်နေရင်း အသာလွှဲလိုက်သောလက်တို့ဖြင့် အလိုက်သင့် လှမ်းဖမ်းဆုပ်လို့တောင် ရနိုင်ပါသည်။ မြက်ခင်းသည် နှင်းငွေ့ဖြင့် စိုစွတ်နေခဲ့သည်။မြက်ရွက်များပေါ် နှင်းလျှောက်သောအခါ ကျွန်မ၏ဖိနပ်လွတ်နေသော ခြေချောင်းဖျားကလေးတွေ၌ စိုစွတ်မှုကို အေးစက်စက်ရှတတ အရသာနှင့်အတူ ခံစားနေခဲ့ရသည်။ကျွန်မတို့၏ ဘေးမှာ ဘယ်ဆီကိုသွားမှန်းမသိသော ရထားသံလမ်းဟောင်းတစ်ခုရှိသည်။သံလမ်းဟောင်းဟုပြောရသည်ကကျွန်မမကြာခဏလမ်းလျှောက်လေညှင်းခံရင်း ကြုံမိသမျှ ဘယ်တုန်းကမှ ထိုသံလမ်းပေါ်မှာ ရထားတစ်စီး ဖြတ်သွားသည်ကိုမတွေ့ခဲ့ရဖူးသောကြောင့် ဖြစ်ပါသည်။ထို့ကြောင့်လည်း ရထားသံတစ်ခုကို ကျွန်မအာရုံ၌ခပ်သဲ့သဲ့ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ ကျွန်မတို့နှင့်မျက်နှာချင်းဆိုင် ကောင်းကင်အပြာရောင်ထဲမှ ရုတ်တရက်ဖောက်ထွက် လာသလိုပဲ ရထားတစ်စီးလာနေခဲ့ပါသည်။

*************************************************************

ထိုနေ့လယ်ခင်းလေးက ကျွန်မအလုပ်လုပ်သောဆေးရုံသို့ မူယာရောက်ရှိလာချိန်တွင် ကျွန်မကဆေးရုံကြီး အုပ်ချုပ်ရေးဌာနသို့ အလှူငွေများသွားအပ်လုဆဲဆဲဖြစ်သည်။ ကျမ၏ လက်ထဲတွင် မကြာသေးမီကမှ ရေတွက်ထားသော ငွေတစ်သောင်းခွဲ နှစ်ထုပ်ရှိနေသည်။

"နီလာ……ဘယ်သွားမလို့လဲ"

မူယာက အမောတကော ရောက်လာပြီး မေးသည်။
မူယာသည် ကြော့ရှင်းလှပသောကိုယ်ခန္ဓာကို အသက်လေးဆယ်ကျော်သည်အထိ ထိန်းထားနိုင်ဆဲဖြစ်သည်။တကယ်ဆို မူယာကလည်းသမီးနှစ်ယောက်အမေ၊ကျွန်မကလည်း သားနှစ်ယောက်မအေ၊ သက်ချင်းအတူတူ၊အိမ်ထောင်မိခင်ဖြစ်တာချင်းအတူတူ
ကိုယ်ခန္ဓာချင်းကျတော့ တော်တော်ကွာလေသည်။ ကျွန်မသည် မူယာအားပြုံး၍ကြိုဆိုလိုက်ရင်း ကျွန်မ၏ခပ်ဖိုင့်ဖိုင့်လုံးလုံး ကိုယ်ခန္ဓာကို မသိမသာငုံကြည့်ကာ ရယ်ချင်သွားပါသည်။

"အလှူငွေသွားအပ်မလို့ပါဟာ…..သိပ်မကြာပါဘူး၊ထိုင်ဦး"

ကျွန်မစားပွဲရှေ့က ကုလားထိုင်တွင် မူယာဝင်ထိုင်လိုက်သည်။ မူယာနားက နားကပ်သည် အရင်တစ်ခါလာတုန်းကလို ငါးလုံးတွဲစိန်ပွင့်ကလေးများမဟုတ်တော့ဘဲ ခပ်သေးသေးတစ်လုံးတည်းစိန်နားကပ်ဖြစ်သွားသည်။ ရှေးတုန်းကစိန်ဖြစ်မှာပါပဲ။ သူ့မျက်နှာလှုပ်ရှားလိုက်သည့်အခါ ထိုစိန်နားကပ်လေးက အလင်းရောင်ဖြာကာ လက်ခနဲလက်ခနဲဖြစ်သွားပုံက ငြိမ်ငြိမ်သက်သက်လှလှကလေး။

"ဘာအလှူငွေတွေလဲ …"

ကျွန်မသည် ထွက်သွားတော့မည့် ခြေလှမ်းကိုပြန်ရုတ်သိမ်းကာ စားပွဲဘေးမှာ ခဏရပ်မိ၏။မူယာများ အလှူငွေထည့်ချင်စိတ်ပေါ်မလားဟူသော မျှော်လင့်ချက်နှင့်ဖြစ်သည်။
"တစ်ခုက ဆေးရုံကြီးနေ့စဉ်လူနာထမင်းစရိတ်ပေါ့ဟာ၊ အိမ်ကနေလာအပို့နိုင်တဲ့လူနာတွေအများကြီးဟ၊ တချို့ကနယ်ကလာတဲ့ဆင်းရဲသားတွေမို့၊ တချို့ကရန်ကုန်ကပဲ၊ဒါပေမဲ့ အစွန်အဖျားက လာတက်တဲ့ ဆင်းရဲသားတွေမို့ပေါ့၊အဲလိုလူနာတွေကို နေ့စဉ်ဆေးရုံကကျွေးရတယ်လေ၊ အာဟာရပြည့်ရုံ ဟင်းအသင့်အတင့်နဲ့ ဆိုရင် တစ်နပ်စာကို ငွေသုံးထောင်ကျမယ်၊ငါ့တပည့်လေးတွေ သူတို့နီးစပ်
ရာအချင်းချင်း စုလှူထားတာက ဒီဘက်ကတစ်သောင်းခ"

မူယာအား တစ်သောင်းခွဲအထုပ်ကိုပြလိုက်သည်။

"နောက်တစ်ခုက ဆေးဝယ်ဖို့ လှူတဲ့ပိုက်ဆံ၊ဆေးရုံကြီးမှာစရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ သက်သာဆေးဆိုင်တစ်ခုရှိတာ နင်သိလား"

မူယာကြားဖူရုံပဲ ကြားဖူးမှာပါ။သူတို့သည် ပြည်သူ့ဆေးရုံကြီးတွေထက် ပုဂလိကဆေးရုံတွေနှင့် ပိုနီးစပ်သည်။တလောတုန်းကမူယာ့ခင်ပွန်း အဖျားကြီး၍ဆေးရုံတင်လိုက်ရသည်မှာ အာရှတော်ဝင် အထူးကုဆေးရုံကြီးမှာဖြစ်သည်။

"တချို့လူနာတွေ ဆင်းရဲလိုက်ပုံများ ….အဲဒီဆေးတွေတောင် မ၀ယ်နိုင်ဘူး၊သနားစရာအကောင်းဆုံးက ကလေးလေးတွေပဲ၊၀မ်းလျှောဝမ်းပျက်ရောဂါဖြစ်မယ် ၊သွေးလွန်တုပ်ကွေးရောဂါဖြစ်မယ်၊ အဖေအမေက ဆင်းရဲတော့ ဆေးဖိုးရှာကြံနေရတယ်၊အဲဒီအချိန်မျိုးမှာ ကိုယ့်ဆီမှာ ဆေးအဆင်သင့် ရှိနေဖို့ လိုတယ်၊ဒီတော့ အလှူခံရတာပေါ့ မူယာရယ်၊နင်ရော လှူသွားချင်လား"

မူယာတွေသွားသည် ။
မူယာသည် သဒ္ဓါတရားတွန့်တိုသူတော့မဟုတ်ပါ။တစ်ခါတုန်းက ရွှေတိဂုံဘုရားသို့သွားရင်း င်္ထီးတော်တင်ပွဲအတွက် သူ့ပတ္တမြားလက်စွပ်ကို ချွတ်လှူခဲ့ဖူးသူဖြစ်ပါသည်။

"ကုသလို့ အလွန်လွယ်တဲ့ရောဂါလေးတွေကို မကုနိုင်လို့ သေသွားရတဲ့ကလေးတွေရဲ့ဘ၀ဟာ ဘယ်လောက်ရင်နာဖို့ကောင်းသလဲ။လိုသမျှပိုက်ဆံကလဲ သိန်းဂဏန်းမဟုတ်၊ သောင်းဂဏန်းမဟုတ်၊ ထောင်ဂဏန်းလေးပဲ ၊ဒီတော့ချမ်းသာတဲ့လူမှ လှူနိုင်တာမဟုတ်ဘူလေ၊သာမန်သူလိုကိုယ်လိုလူထဲကပဲ စေတနာရှင်တွေက လှူနိုင်တာပဲ"

မူယာရယ်မောပါသည်။

"သြော်…စိတ်ရှုပ်လို့အိမ်ကထွက်လာပါတယ်၊လှူမှုရေး ဟောနေပြန်ပြီ၊နီလာ…နင်ဟာလေ သူများအပူ ကိုယ့်အပူတော်တော်လုပ်နိုင်တဲ့မိန်းမ"

ကျွန်မခေါင်းယမ်းရင်း ရယ်မောလိုက်ရပါသည်။ ဒါဖြင့် မူယာ ဒီကိစ္စကိုစိတ်မ၀င်စားဘူးပေါ့။

"ဒါဖြင့် …နင်ဒီမှာခဏထိုင်ခဲ့ဦး၊ငါဒီငွေတွေသွားအပ်လိုက်ဦးမယ်၊မကြာဘူးနော်"

"အေး"

ကျွန်မအလှူငွေအပ်ပြီး ပြန်လာသောအခါ မူယာသည်ကျွန်မ၏ စာအုပ်ဗီရိုကို စူးစမ်းလေ့လာနေခဲ့၏။ ဆေးရုံနှင်စာအုပ်ဘာဆိုင်သလဲဟု မူယာကမေးလာခဲ့လျှင် ကျမရှင်းပြစရာတွေ ရှိပါသည်။ကျွန်မတို့သည် ဆေးရုံတာဝန် ဆေးခန်းတာဝန် လူတွေကိုကျန်းမာရေးအသိ၊လူမူရေးအသိရှိအောင် ပညာပေးဆွဲဆောင်ဖို့ အချိန်မရပါ။ လူတွေကလည်း စားဝတ်နေရေးမှာ အင်အားစိုက်ထုပ်ရ၊ရုန်းကန်ရ မောပန်းလှပြီဖြစ်လို့ ပညာပေးခံရဖို့ စိတ်မ၀င်စားပါ။သည်တော့ နှစ်ဦးနှစ်ဖက် အချိန်ကုန်စရာမလိုအောင် ဆေးရုံမှာရှိနေသော နာလန်ထလူနာတွေ၊လူနာစောင့်တွေ ဖတ်နိုင်ဖို့ စာအုပ်ဗီရိုတွေ ထားပေးခဲ့ပါသည်။

"ဒီ စာအုပ်တွေက နင်ဖတ်ဖို့တော့ မဟုတ်နိုင်ဘူး"

မူယာကကျွန်မအား မျက်ခုံးပင့်ကြည့် လျက်ပြောသည်။

"အေး…ဟုတ်တယ်၊ငါအတွက်မဟုတ်ဘူး၊လူနာတွေ၊အစောင့်တွေအတွက်ပဲ"

"တို့ကစာဖတ်နိုင်လို့လား"

"ဝေဒနာတွေနဲ့နည်းနည်းဝေးသွားတဲ့အခါ၊ဒါမှမဟုတ်ဝေဒနာတွေကို လမ်းလွှဲပစ်ချင်တဲ့အခါမှာ သူတို့စာဖတ်ကြပါတယ်၊မပျောက်ပျက်အောင်တော့သတိထားရတာပေါ့ဟာ၊လူတွေကျန်းမာရေးအသိရော၊လူမှူရေးအသိရော တော်တော်လေးလိုသေးတယ်မူယာရဲ့"

မူယာပခုံးတွန့်သည်။ "နင်ဆီလာတိုင်း..ဒါမျိုးတစ်ခုမဟုတ်တစ်ခုတော့ကြားရတာပါပဲ၊မထူဆန်းပါဘူး၊ ကဲ…ငါတို့တစ်ခုခု သွားစားကြရအောင်၊ပြီးမှ နင့်ဆေးခန်းကိုသွားပေါ့"

"အေး…နင်ကားပါလား"

"မပါဘူး၊ငါ့ဒရိုက်ဗာ နယ်ခဏပြန်သွားတယ်၊ငါလဲ ကားမမောင်းချင်ဘူး၊ငါတက္ကစီနဲ့လာတာ"

"နင့်ယောကျာင်္းကရော"

"အို…နင်ကလဲ သူမှာတာဝန်တွေကအများကြီး။သူ့ထက်သူလူစွမ်းကောင်းတွေချည်းပဲ၊ ငါ့ကိုလှည့်တောင် မကြည့်အားပါဘူး"

"ပြီးရော ………ဒါဆိုငါ့ကားနဲ့သွားကြမယ်လေ၊ပြီးရင် နင့်ကိုအိမ်ပြန်ပို့ပေးပြီးမှ ငါ့ဆေးခန်းကိုသွားမယ်"

"ကောင်းတယ်…လိမ္မာလိုက်တဲ့သူငယ်ချင်း"

ကျွန်မနှင်မူယာသည် ကိုးတန်း ဆယ်တန်းမှာအတူကျောင်းတက်ခဲ့ကြသော ငယ်သူငယ်ချင်းတွေ ဖြစ်သည်။တက္ကသိုလ်ချင်း မတူသည့်အတွက် ငါးနှစ်ဆယ်နှစ်တော့ဝေးသွားကြသေးသည်။နောက်တော့ သူမင်္ဂလာဆောင်သည့်အချိန်တွင် ကျွန်မတို့ပြန်ဆက်သွယ်သွားမိကြသည်။ ထို့နောက် သူလည်းသမီးတွေရ၊ ကျွန်မလည်းသားတွေရ။သားရေးသမီးရေးကလေးတွေပညာရေး ပြောဆိုတိုင်ပင်ရင်းဟိုတုန်းကလိုပင် ပြန်လည်ရင်းနှီးခင်မင်သွားခဲ့သည်။

ပို၍ပို၍၀သော ကျွန်မကိုယ်ခန္ဓာကိုသူက လျှော့စေချင်သည်။ အစားအသောက်လည်း စည်းကမ်းတကျ စားစေချင်သည်။ ကျွန်မကဆရာဝန်ဖြစ်လျက်နှင့်သူလို အစားအသောက်မဆင်ခြင်နိုင်ပေ။သူကတော့ သူ့ကိုယ်ခန္ဓာအတွက် နေ့စဉ် ကိုယ်အလေးချိန် ချိန်သူ၊နေ့စဉ် ကယ်လိုရီကို တွက်၍စားသောက်သူဖြစ်သည်။ ဒါကြောင့်လည်း ယခုလို သွယ်လျလှပနေခြင်းဖြစ်ပါသည်။

"ဒီအချိန်က ကော်ဖီသောက်လို့ကောင်းတယ် မူယာ၊ငါတို့ ဂျေဒိုးနတ်ကိုသွားမလား၊

"ကျွန်မ၏ကားဒက်ရှ်ဘုတ်ထဲမှ သီချင်းတိပ်ခွေတစ်ခုကို ယူကြည့်ရင်း မူယာနှာခေါင်းရှုံ့ပါသည်။ သူကျွန်မဒိုးနတ်တွေစားစားနေတာသဘောမကျပါ၊ဘာမှမပါသည့် ပလိန်းသက်သက် ဒိုးနတ်ကိုတောင် သူကတော့မစားပါ၊ ၀မှာစိုးလို့တဲ့။ ကျွန်မချောကလက်ဒိုးနတ် စားတာမြင်လျှင် အလွန်အူယားသူ ဖြစ်သည်။

"မသွားဘူး၊ဖူဂျီပဲသွားမယ်၊ ကုန်ကျစရိတ်ငါခံမယ်၊ဒါပဲ"

တစ်ခါတစ်လေ စိတ်လိုလက်ရလာသူကို စိတ်အနှောက်အယှက် မဖြစ်စေချင်သောကြောင့် ကျွန်မသဘောတူလိုက်ပါသည်။ ကျွန်မ၏ဆေးခန်းက ညနေ၆နာရီမှာစမည်။ကျွန်မကို ကော်ဖီဆိုင်မှာ တစ်နာရီလောက်တော့ အချိန်ဖြုန်းနိုင်ပါလိမ့်မည်၊ လေအေးစက်ဖြင့် လတ်ဆတ်အေးမြသော အခန်းထဲတွင် ကျွန်မနှင့်မူယာသည် သူ့မိသားစု ကိုယ့်မိသားစုပြသနာများ၊ဟာသများကို အပြန်အလှန်ပြောရင်း စိတ်လွတ်လပ်မှုကို တစ်ခဏတော့ ရကြသည်။

"ဒါနဲ့….နင့်တိုက်ခန်းလှေခါးထောင့်ချိုးမှာ အရင်လိုလူတွေလာလာအိပ်တုန်းလား"

မူယာက သတိတရမေး၏။

"အင်း…တစ်ခါတစ်ခါတော့တွေ့သေးတယ်၊မိုးရွာတဲ့ညတွေ ဆို ၊ကလေးသေးသေးလေးတွေနဲ့ အမေနဲ့ပေါ့"

မူယာကထိုကိစ္စကို သဘောမကျပေ။ သို့သော်ကျွန်မမတတ်နိုင်ပါ။ ထိုဒုက္ခသည်ကလေးများကို ကျွန်မနှင်မထုတ်ရက်ပါ။ ကျွန်မတို့တိုက်ခန်း လှေကားရင်းမှာလည်း တံခါးမရှိ၊ ပိတ်ထားလို့မရပါ။

"နင်တို့ သည်းညည်းခံနေနိုင်တာ အံ့သြတယ်။ငါသာဆို ရပ်ကွက်လူကြီးတွေတိုင်ပြီး နှင်ထုတ်ပစ်တာကြာပြီ"

မူယာကတော့ တန်ဖိုးကြီးရပ်ကွက်မှာ ခြံနှင့်ဝင်းနှင့်အုတ်တံတိုင်းနှင့် လုံခြုံစွာ သီးသန့်နေထိုင်သူမို့ ကျွန်မတို့နေရာမှာ စိတ်ကူးဖြင့်တောင် နေကြည့်လို့ရမည်မထင်ပါ။

"တကယ်တော့ ရေရှည်စဉ်းစားရမယ့်ကိစ္စတွေ အများကြီးမူယာရဲ့၊ ကိုယ်ကသိပ်အများကြီးမတတ်နိုင်၊ စည်းရုံးရေးလည်းမလုပ်နိုင်၊ မ တည်ငွေလဲ မတတ်နိုင်သေးတဲ့အချိန်မှာ ဒါ…ကိုယ်တတ်နိုင်သလောက် ကူညီတယ်လို့ပဲ သဘောထားရမှာပေါ့"

ဆင်းရဲကျပ်တည်းမှုတွေ၊ အိုးအိမ်မဲ့ပြသနာတွေ၊ အလုပ်လက်မဲ့ပြသနာတွေကြောင့် ကျွန်မတို့နှစ်ယောက်၏ ကော်ဖီတွေလည်း အရသာပျက်ကုန်၊ အေးစက်ကုန်တော့သည်။
နောက်တော့ကျွန်မကပဲ ဆေးခန်းနားက မြက်ခင်းပြင်သံလမ်းဘေးမှာ လမ်းလျှောက်လေညင်းခံဖို့ အကြံပြုခဲ့သည်။

*************************************************************

ရထားသံလမ်းတိုအပြတ်တစ်ခု၏ အစွန်နားတွင် ကျွန်မ၏ကားကို ရပ်လိုက်သည်။ မူယာက ကားထဲမှာချက်ချခဲ့ပြီး အပြင်မှနေ၍ တံခါးပိတ်သောအခါ ခလုတ်ကဖိထားသည့်အတိုင်း မနေဘဲအပေါ် ပြန်တက်လာ၏။

"ခလုတ်ကို နည်းနည်းမ ထားပြီး မလွှတ်ဘဲ တွန်းပိတ်မူယာ၊ ငါ့ကားကနည်းနည်းစုတ်တယ် "

ထို့နောက် မူယာရှိရာသို့ လျှောက်သွားပြီး ကျွန်မကိုယ်တိုင် ပိတ်လိုက်ရသည်။

"စုတ်တယ်မပြောပါနဲ့နီလာရယ်၊ အခုနင့်ကားသိန်းတစ်ရာလောက် ပေါက်နေပြီ သိလား"

ကျွန်မဒီကားကို ၀ယ်တုန်းက ငါးသိန်းခွဲပဲ ပေးရပါသည်။ အဲသည်ငါးသိန်းခွဲကိုပင် နှစ်နှင့်ချီ၍ ကျွန်မစုဆောင်းရသည်။ မူယာက ကားဝယ်ဖို့ တိုက်တွန်းလွန်းလို့ ၀ယ်ဖြစ်သွားခြင်းဖြစ်၏။ ကားဈေးတွေက မှန်းဆ၍မရနိုင်လောက်အောင် ကမောက်ကမတွေဖြစ်လာတော့ ကျွန်မ၏ကားသည် သုံးနှစ်အတွင်း ငါးသိန်းခွဲမှ သိန်း၁၀၀ ဖြစ်သွားလေသည်။ ကားဈေးတွေသာ တစ်ရှိန်ထိုးတက်ပေမယ့် ကျွန်မတို့ဆရာဝန်လခ၊ သမားတော်စမ်းသပ်ခတွေက လိုက်တက်လာခြင်း မရှိခဲ့။ ထို့ကြောင့် အခုလိုအချိန်မျိုးကျမှ ကျွန်မကားဝယ်ရမည်ဆိုလျှင် ဘယ်လိုနည်းနဲ့မျှ သိန်း၁၀၀ကို ရှာလို့ရမှာမဟုတ်။

"ဒီနားကလေက သန့်တယ်မူယာရဲ့၊ ငါစိတ်လိုလက်ရရှိတိုင်း ဒီနေရာလေးကို ရောက်ရောက်လာပြီး လမ်းလျှောက်နေကျ"

မူယာက လက်နှစ်ဖက်ကို ခပ်လွှဲလွှဲထားလျက် အသက်ကိုတ၀ကြီး ရှိုက်ရှူရင်း ပြုံး၏

"ဘာလဲ၊ ကိုကျော်သက်နဲ့ ရန်ဖြစ်တဲ့ အချိန်တိုင်း ဒီလာနေကျလား"

ကျွန်မဘာမှမပြောဘဲ အသံထွက် ရယ်နေလိုက်ပါသည်။

ကောင်းကင်သည် အချိန်မတိုင်သေးဘဲနှင့် နီနေသည်။ တိမ်အဆုပ်တွေမရှိဘဲ တိမ်အမျှင်တန်းလေးတွေပဲ ရှိနေ၏။ အနီရောင်သည် အနောက်ခြမ်းကောင်းကင်သာမကပဲ အပေါ်တည့်တည့်ကောင်းကင်ထိ ရောက်နေသည်။ လေထဲတွင် စိမ်းရွှေရွှေရနံ့တစ်ခုရသည်။ သစ်ရွက်စိမ်းနံ့လား၊ တောပန်းတခုခု၏ ရနံ့လား၊ ကျွန်မ မဝေခွဲတတ်ပါ။

ထို့နောက် တောင်ပံခတ်သံ တဖြန်းဖြန်း အစုအဝေးကို သဲ့သဲ့ကြားလိုက်ရပြီး ကောင်းကင်မှာအနက်ရောင်ငှက်တွေကို မြင်လိုက်ရသည်။ အမြင့်မှာ ပျံသန်းသွားသော ထိုအနက်ရောင်ငှက်များသည် ကျီးကန်းတွေလား၊ ဆက်ရက်တွေလား ကျွန်မ မသဲကွဲပေ။ အရှိန်က လျင်မြန်လှသည်။ အော်သံဆူသံလည်း မကြားရ။ တောင်ပံခတ်သံကိုသာ တ၀က်တပျက် ကြားလိုက်ရသည်။ အနီရောင်နောက်ခံမှာ ပြန့်ကျဲသွားသော အနက်ရောင်တွေသည် ငှက်တွေဟုသိလိုက် ရချိန်၌ ငှက်တွေအဝေးသို့ ရောက်ကုန်ပြီ။

ထို့နောက် ထူးဆန်းသောအရာတစ်ခု ဖြစ်သွားသည်။

ဘယ်တုန်းကမှ ရထားဖြတ်မသွားခဲ့ဖူးသော သံလမ်းပေါ်မှာ ရထားတစ်စီး ရောက်လာသည်။ ရထားသံကို အရင်ကြားရပြီးမှ ရထားကိုမြင်ရခြင်းဖြစ်သည်။

အနီရောင်မိုးကောင်းကင်၊ အနက်ရောင်ငှက်များ၊ အစိမ်းရောင်မြက်ခင်း၊ ယခုအခါ အ၀ါရောင်ရထား။ ဟုတ်ပါရဲ့၊ ရထားအရောင်မှာ ကျွန်မတစ်ခါမှ မမြင်ဖူးသော အ၀ါရောင်တောက်တောက် နနွင်းရောင် ဖြစ်နေသည်။

ကျွန်မတို့နှစ်ယောက်သည် ရထားသံလမ်းနှင့် ခပ်ခွာခွာလွတ်လွတ် လျှောက်နေကြသည်ဖြစ်နေလျက် ရထားလာနေသောအခါ ဘေးသို့ ပို၍ဝေးအောင် ခွာ၍လျှောက်လိုက်ကြပါသည်။

"ဒီရထားက ဘယ်သွားမယ့်ရထားလဲ"

ကျွန်မ မသိပါ။

ထို့နောက် ရထားသည် ကျွန်မတို့ဆီသို့ နီးနီးလာသည်။ ရထား၏တုန်ခါမှုကြောင့် ကျွန်မရပ်နေရာမြေပြင်သည် တုန်ခါနေသည်။

ရထားသည်ကျွန်မမျှော်လင့်ထားသလို တွဲတွေကအများကြီးမဟုတ်၊ ခေါင်းတွဲနှင့် နောက်ကတွဲတစ်တွဲတည်း ဖြစ်သည်။ ကျွန်မတို့အနားမှ အသံမြည်ဟည်းကာ ဖြတ်သန်းသွားချိန်တွင် ကျွန်မ၏ထဘီအနားတွေပင် တဖျတ်ဖျတ်လှုပ်ခတ်သွား၏။ ပုစဉ်းလေးတွေရော မြက်ရွက်လေးတွေရော လှုပ်ခတ်ယိမ်းယိုင်သွားကြသည်။

ကျွန်မတစ်ခုသတိထားမိသည်။
ရထားပေါ်မှာ လူမပါပါ။ မောင်းသူလည်းမပါ၊ စီးသူလည်းမပါပါ။
ဟင်…ဘယ်လိုပါလိမ့်။တစ်နေရာရာကနေ လွတ်ထွက်လာသော ရထားကြီးလား။
ကျွန်မရထားသွားရာသို့ နောက်ပြန်လှည့်၍ ကြည့်မိသည်။ ထိုအခါကျွန်မဦးခေါင်းတစ်ခုလုံး ရုတ်တရက်ကြီးမားသွားသလို ခံစားလိုက်ရသည်။
ဟိုးအဝေးက ရထားသံလမ်းပေါ်မှာ ကလေးလေးတစ်ယောက် ထိုင်နေသည်။ဘေးမှာ ဘယ်သူမှမရှိ၊ ကလေးတစ်ယောက်တည်း။
ကျွန်မတစ်ကိုယ်လုံး တုန်လှုပ်အံ့သြမှုဖြင့် အေးစက်တောင့်တင်းသွားပါသည်။

"ဟယ် မူယာ… ကလေးလေးတော့ ဘယ့်နှယ်လုပ်မလဲ"

လှမ်းအော်သတိပေးဖို့ကလည်း ကျွန်မတို့နှစ်ယောက်နှင့် ကလေးကဝေးနေသည်။ အပြေးသွားပြီး ကောက်ချီဘေးချရအောင်လည်း ကျွန်မတို့သည် ဘယ်လိုနည်းနဲ့မျှရထား၏အရှိန်ကို မီအောင်မပြေးလိုက်နိုင်။ ဘုရား ဘုရား… ဘာမှမသိသော ကလေးလေးကတော့ သံလမ်းပေါ်မှာ အေးအေးဆေးဆေး။

ကျွန်မရင်တဒိန်းဒိန်းခုန်နေ၏။

"ဘယ့်နှယ်လုပ်မလဲ၊ ဘယ့်နှယ်လုပ်မလဲ"

တစ်ခုရှိတာက ကျွန်မတို့ခပ်လှမ်းလှမ်းတွင် ရထားသံလမ်းလွှဲ မောင်းတံတစ်ခုရှိသည်။ လမ်းလွှဲပေးရမလား။ ရထားကလမ်းဆုံသို့ ရောက်လုနီးနေပြီ။

"လမ်းလွှဲ… လမ်းလွှဲ"

လမ်းလွှဲက ဘယ်ဟာလဲဟု ကမန်းကတန်းရှာသောအခါ ကျွန်မတစ်ကိုယ်လုံးအေးစက်သွား၏။ ရထားသံလမ်းနှစ်ခုခွဲထွက်သွားရာ တစ်ခုက သံလမ်းအရှည်၊ ကလေးရှိနေသည့်လမ်း။ တစ်ခုက… တစ်ခုကသံလမ်းတိုပြတ်၊ သံလမ်းသည် တစ်နေရာတွင် တုံးတိစွာ အဆုံးသတ်သွားသည်။ ထိုနေရာတွင်… ထိုနေရာတွင် ကျွန်မ၏ကားကို ရပ်ထားခဲ့သည်။

လမ်းလွှဲမောင်းတံကို ဆွဲချလိုက်လျှင် လူမပါသောရထားသည် မူလနေရာမှ လမ်းကြောင်းပြောင်းသွားကာ သံလမ်းအပြတ်ဆီ ဦးတည်သွားနိုင်သည်။ မူလသံလမ်းပေါ်မှာ ရှိနေသော ကလေးလေးအသက်ချမ်းသာရာရမည်။ သို့သော် ချွေးနှီးစာဖြင့် အနှစ်နှစ်အလလ စုဆောင်းပြီးမှ ၀ယ်ယူခဲ့ရသော ကျွန်မ၏ကားကလေး။ ရထားကြိတ်မိပြီး စုတ်ပြတ်တွန့်လိမ်သွားတော့မည်။

ဟင့်အင်း…မလုပ်နဲ့။

သို့သော် ရထားသည် ကလေးရှိရာ သံလမ်းအတိုင်း တစ်ရှိန်ထိုးပြေးသွားနေပြီ။ ကလေးတစ်ယောက်ရဲ့အသက်၊ မျက်စိတစ်မှိတ်စာအတွင်း ဆုံးရှုံးသွားလိမ့်မည်။ ကျွန်မရင်ထဲမှာ နာကျင်သွားသည်။

မဖြစ်ဘူး၊ကလေးအသေမခံနိုင်ဘူး။

ကျွန်မသည် မောင်းတံဆီသို့ အားကုန်ပြေးသွားရန် ကိုယ်ကိုလှည့်လိုက်၏။

ကျွန်မ၏အဖြူရောင်ကားကလေးကို ကျွန်မမြင်ရသည်။ ကျွန်မမှာသည်ကားလေးတစ်စီးပဲရှိသည်။ နောက်ထပ်ကားတစ်စီးဝယ်ဖို့ဆိုတာ သည်ခေတ်ကာလပေါက်ဈေးဖြင့် အိပ်မက်ပင်မမက်နိုင်ပါ။ ကျွန်မ၏အနာဂတ်၊ ကျွန်မခင်ပွန်းနှင့် သားကလေးနှစ်ယောက်၏အနာဂတ်။

စဉ်းစား…တစ်ခုခုကို အမြန်စဉ်းစား။ ရထားက လမ်းဆုံသို့ ရောက်တော့မည်။
ဘယ်ဟာကိုဆုံးရှုံးခံမလဲ။ ကလေးရဲ့ အသက်လား။ ကျွန်မ၏ကားကလေးလား။
ကျွန်မခြေတွေလက်တွေ တုန်ယင်ကာ ရပ်နေရင်း ဒူးတွေညွှတ်ခွေလာသည်။ ကျွန်မမျက်စိအစုံကို မှိတ်ပစ်လိုက်၏။ရထားသည် သံလမ်းအတိုင်း တဂျူန်းဂျူန်းအော်မြည်လျက် တစ်ရှိန်ထိုး လိမ့်သွားပါသည်။

"နီလာ…"

ကျွန်မမျက်စိကို ဖွင့်ကြည့်လိုက်သောအခါ ကျွန်မအား မယုံကြည်နိုင်သော မျက်လုံးတို့ဖြင့် တအံ့တသြစိုက်ကြည့်နေသော မူယာကိုတွေ့ရသည်။

မူယာ့အကြည့်ကို ကျွန်မနားလည်လိုက်ပါသည်။
နင်တော်တော်ရက်စက်ပါလား နီလာ။ ကလေးတစ်ယောက်အသက်ကို နင်မကယ်ချင်ဘူးပေါ့။
"နင်ငါ့ကိုအဲလိုမကြည့်နဲ့မူယာ၊ နင်မကြည့်နဲ့၊ ငါ့မှာဒီကားလေးတစ်စီးပဲ ရှိတာ"
မူယာက ခေါင်းယမ်းနေသည်။ ထို့နောက်သံလမ်းအရှည်ကြီးအတိုင်း လှမ်းငေးကြည့်၏။
ကျွန်မသည် အဝေးမှာ ပျောက်ကွယ်လုနီးပါး သေးသွားပြီဖြစ်သော ရထားကိုလှမ်းကြည့်သောအခါ သံလမ်းကိုမမြင်ရအောင် ကျော်ပစ်ပြီးကြည့်ရ၏။ သံလမ်းပေါ်မှာ သွေးအလိမ်းလိမ်းဖြင့် အပိုင်းပိုင်းပြတ်နေမည့် ကလေးလေးအလောင်းကို မမြင်ရဲသောကြောင့် ဖြစ်သည်။

"တကယ်လို့ အဲဒီလမ်းလွှဲမှာ ရှိနေတာက ငါ့ကားမဟုတ်ဘဲ နင့်ကားဆိုရင် နင်ဒီမောင်းကို ဆွဲမလားမူယာ၊ ငါ့ကိုမညာဘဲ အမှန်အတိုင်းဖြေ"

မူယာတစ်ခဏတွေသွားသည်။ ထို့နောက် မျက်နှာကိုမော့လျက် ဖြေသည်။

"ဆွဲမယ်"

ကျွန်မသည် ကြားရသောစကားကို မယုံနိုင်ပါ။

"ဆွဲမယ်…ဟုတ်လား၊ နင့်ကားကသိန်း၃၀၀တန်တာနော်"

"ဒါပေမယ့် ကလေးတစ်ယောက်ရဲ့အသက်က သိန်း၃၀၀ဆိုတဲ့ ကားထက်ပိုပြီး တန်တယ်လေ"

မဖြစ်နိုင်ပါ။ မူယာအဲသည်စကားကို တကယ်ပြောတာမဟုတ်နိုင်ပါ။

သံလမ်းအဆုံးမှာ ရှိနေတာက သူ့ကားမဟုတ်လို့ အလွယ်တကူပြောလိုက်တာပါ။ ခက်တာက သူ့ကို နင်ညာနေတာဟု စွပ်စွဲဖို့လည်း မဖြစ်နိုင်ပါ။ တကယ်စမ်းသပ်ကြည့်လို့ရလျှင် ဘယ်လောက်ကောင်းမလဲ၊ အခုတော့ ကျွန်မမှာသာ အညှာအတာမရှိသူ၊ ရက်စက်သူ၊ ကိုယ့်ပစ္စည်းကိုယ် နှမြောတွန့်တိုသူ ဖြစ်ရပါသည်။

"အဲဒီ့စကားကို ပြောရုံပြောဖို့က လွယ်တယ်မူယာ၊ ပြောလို့လဲလှပါတယ်၊ဒါပေမယ့် နင်တကယ်အဲလိုစွန့်လွှတ်နိုင်မလားဆိုတာ ငါသိပ်သိချင်တာပဲ"
"ဘာလဲ….နင်မယုံဘူးလား"
"မယုံနိုင်ဘူး"
"ငါလဲ နင်အခုလို ကလေးအသက်ကို စတေးလိုက်လိမ့်မယ်လို့ မယုံချင်ခဲ့ပါဘူး"
"စတေးတယ်လို့မပြောနဲ့မူယာ၊ ကလေးကို ငါစတေးတာမဟုတ်ဘူး၊ ကလေးကသူ့ဟာသူသံလမ်းပေါ်မှာ ရှိနေတာ၊ နင့်စကား အသုံးအနှုန်းမှားနေတယ်၊ ကလေးသေသွားတာ ငါ့အပြစ်မဟုတ်ဘူး"
"ဒါပေမယ့် ကလေးကို နင်ကယ်နိုင်တယ်လေ၊ ရထားကိုလွှဲဖို့ မောင်းတံကိုဆွဲချလို့ ရတယ်လေ။ နင်မလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နင့်စည်းစိမ်အပျက်မခံနိုင်လို့၊ လူ့အသက်ဆိုတာကို နင့်စည်းစိမ်လောက်အရေးမစိုက်လို့"
မူယာ့အသံက စွပ်စွဲသည့်အသံဖြစ်လာသည်။ ကျွန်မကို လက်ညှိုးထိုးပြီး စွပ်စွဲနေသလိုပဲ။
"ဟုတ်တယ်ပဲထားပါ၊ ငါ့စည်းစိမ်ကို စတေးပြီး ကလေးကို ငါမကယ်ခဲ့ဘူးလို့ စွပ်စွဲပါ၊ ဒါအမှန်ပဲ။ ဒါပေမယ့် အဲဒီနေရာမှာ နင့်ကားဆိုရင် နင်စတေးမယ်လို့ ငါမထင်ပါဘူး၊ နင့်မှာ လူမှုရေးစိတ်ဓာတ်ဘယ်တုန်းကမှ မရှိခဲ့ဘဲနဲ့၊ အဲဒါငါအသိဆုံးပဲလေမူယာ၊ ငါအသိဆုံးပဲ၊ နင့်စည်းစိမ်အပျက်ခံပြီး ကယ်ဖို့ကိုမပြောပါနဲ့ဦး၊ ဘာစည်းစိမ်မှ ပျက်စရာမလိုဘဲနဲ့တောင် နင်ဘယ်ကလေးရဲ့အသက်ကို ကယ်ခဲ့ဖူးလို့လဲ"
ကျွန်မလေသံမာမာဖြင့် ပြန်စွပ်စွဲလိုက်မိပါသည်။
ကျွန်မစကားကြောင့် မူယာတစ်ချက် မျက်နှာပျက်သွား၏။ ကျွန်မဖိနင်း၍ပြောပစ်လိုက်ပါသည်။
"ဘယ်သူ့အတွက် ဘယ်လောက် နင်အရေးထားခဲ့ဖူးလို့လဲ၊ ငါဆိုရင်လူတွေရဲ့ အသက်ကို ခဏခဏကယ်ခဲ့ဖူးတယ်၊ လူ့အသက်တစ်ခုရဲ့တန်ဖိုးအကြောင်း ငါ့ကိုလာမပြောနဲ့၊ ငါအသိဆုံးပါ၊ လူတစ်ယောက်ရဲ့အသက်တန်ဖိုး ဘယ်လောက်ကြီးတယ်ဆိုတာ ငါအသိဆုံးပါ၊ အဲဒီတန်ဖိုးကြီးတယ် ဆိုတဲ့အသက်တွေ ပစ်စလက်ခတ် ဘယ်လိုဆုံးရှုံးနေရတယ်ဆိုတာလဲ ငါအသိဆုံးပါ၊ လူတွေဖြုတ်ခနဲ၊ ဖြုတ်ခနဲ သေနေတာကို မျက်မြင်သက်သေအဖြစ် စောင့်ကြည့်နေခဲ့ရတာ များလှပြီ၊ ဟောဒီသံလမ်းပေါ်က ကလေးလေးဖျတ်ခနဲ သေသွားသလိုပဲ၊ မသေသင့်တဲ့ ရောဂါကလေးနဲ့ ကုဖို့အလွန်လွယ်တဲ့ ရောဂါလေးတွေနဲ့ မဖြစ်စလောက် ရောဂါလေးတွေနဲ့ ကလေးတွေဖျတ်ခနဲသေသေကုန်တာ ငါမြင်နေရတယ်၊ ငါကူနိုင်သလောက်ကူတယ်၊ ငါ့ပတ်ဝန်းကျင်ကလူတွေကိုပါ အကူအညီတောင်းတယ်၊ အဲဒီလူမှုရေးတွေထဲမှာ နင့်ကိုဆွဲခေါ်ဖို့ ငါအမြဲကြိုးစားတယ်၊ နင်ဘယ်တုန်းက ငွေတစ်ပြားတစ်ချပ်မှ မလှူခဲ့မကူခဲ့ဘူး၊ ဒါနဲ့များနင်ကနင့်သိန်း၃၀၀တန်ကားကို ပျက်စီးခံပြီးဟောစိုကလေးအသက်ကို ကယ်မယ်လို့ပြောနေတယ်၊ အဲဒါကို ငါဘယ်လိုယုံရမလဲ၊ ကဲ… ပြောပါဦး"

မူယာငြိမ်သက်သွား၏။ သို့သော်ဝန်ခံသည့်အဓိပ္ပာယ်ဖြင့် ငြိမ်သက်သွားသည်တော့ မဖြစ်နိုင်ပါ။ ကျွန်မကိုနိုင်အောင် ပြောဖို့အားယူနေတာပဲ ဖြစ်ပါလိမ့်မည်။
တကယ်တော့ ကျွန်မတို့နှစ်ယောက်သည် သံလမ်းပေါ်မှာရှိနေသည့် ကြေကွဲဖွယ်ရာ အနိဌာရုံမြင်ကွင်းတစ်ခုကို ရှောင်ဖယ်ရင်း တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေမိကြခြင်းသာဖြစ်သည်။ ရှေ့မှာက ကျွန်မတို့မကြည့်ရဲ မမြင်ရဲသော အမှန်တရားတစ်ခုရှိနေပါသည်။
"ဒါပေမယ့် လောလောဆယ်တော့ နင်ကလေးတစ်ယောက်ရဲ့အသက်ကို ကယ်နိုင်လျက်သားနဲ့မကယ်ဘဲ အသေခံခဲ့ပြီးပြီလေ၊ အဲဒါကတော့ ငါ့မျက်မြင်ပဲ"
မူယာခါးသီးစွာပြော၏။
"ဟုတ်တယ်၊ အဲဒီကလေးကို ငါအသေခံခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကားက ငါ့ချွေးနှီးစာနဲ့စုဆောင်းထားတဲ့ ငါ့စည်းစိမ်အကုန်ပဲ၊ အဲဒါကိုငါအပျက်မခံနိုင်ဘူး၊ ဒီကားကလာဘ်ရတဲ့ငွေတွေနဲ့ ၀ယ်ထားတာမဟုတ်ဘူး၊ အချောင်ရထားတာမဟုတ်ဘူး"
"နင်ဘာစကားပြောတာလဲ"
ကျွန်မစကားက မူယာ့ကိုထိသွားပုံရသည်။
"ဘာစကားပြောတယ် ထင်လို့လဲ၊ အဲဒီစကားပဲလေ"
မူယာသည်ကျွန်မအား စူးစူးရဲရဲစိုက်ကြည့်လာ၏။ ကျွန်မလည်း မူယာ့ကို ခပ်စိန်းစိန်း ပြန်ကြည့်မိသည်။
ထိုခဏမှာပင် အံ့သြစရာအဖြစ်အပျက်ကို ကျွန်မတို့မြင်ရသည်။
ရထားလမ်းဆုံးဆီမှလူတစ်ယောက် လျှောက်လာနေခြင်း ဖြစ်ပါသည်။
ထိုသူ၏ပခုံးထက်တွင် ကျောပိုးအိတ်တစ်ခုလွယ်ထား၏။ ရထားသံလမ်း၏ ဇလီဖားတုံးများအတိုင်း နင်းလျှောက်လာခြင်း ဖြစ်သည်။ ကျွန်မတို့ကို မြင်တော့ ထိုလူကလက်လှမ်းပြ၏။ ထိုလူလျှောက်လာနေသည်မှာ အေးအေးဆေးဆေးပဲ။ လမ်းမှာ ရထားနဲ့ မဆုံမိသလို၊ ကလေးအလောင်းကိုလည်း မမြင်ခဲ့ရ၊ မတွေ့ခဲ့ရသလိုလို။

"သံလမ်းပေါ်မှာ ဘာတွေ့ခဲ့လဲဟင်"
ကျွန်မအမောတကောမေးမိ၏။ ထိုသူထံမှ ကောင်းသောစကားကိုသာ ကျွန်မကြားချင်ပါသည်။ ကျွန်မစိတ်ကူးယဉ်လွန်းနေပြီ။
"ဘာမှမတွေ့ခဲ့ပါဘူး"
"ကလေးလေး"
"ဘာကလေးလေးမှ မရှိပါဘူးဗျ"
"ရထားရော"
ထိုသူက ကျွန်မအားရူးကြောင်ကြောင် မိန်းမတစ်ယောက်ကို ကြည့်သလိုကြည့်သွား၏။
"ဒီလမ်းကို ရထားမသွားတာ နှစ်တွေပဲ ကြာလှပေါ့"
ထို့နောက် ကျွန်မတို့နှစ်ယောက်အနီးမှ သူဝေး၍ဝေး၍သွားပါသည်။
ကျွန်မသည် သံလမ်းကို ဟိုဘက်သည်ဘက် လှမ်းမျှော်ကြည့်မိသည်။ သံလမ်းသည် ဖြောင့်တန်းလျက်၊ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဟိုးမိုးကုတ်စက်ဝိုင်းအစပ်ထိ၊ သည်ဘက်မှာလည်း မိုးကုပ်စက်ဝိုင်းအစပ်ထိ မြင်နေရသည်။ ရထားလည်းမရှိ၊ ကလေးလည်းမရှိ။
ကျွန်မနှင့်မူယာသည် တစ်ယောက်ကိုတစ်ယောက် ဖျတ်ခနဲကြည့်မိကြသည်။ ထို့နောက်မတိုင်ပင်ဘဲ သံလမ်းပေါ်တက်လိုက်ကြ၏။ ထို့နောက် ကလေးလေးထိုင်နေသည်ဟကျွန်မတို့ မြင်ခဲ့သောနေရာထိအောင် တွန့်ဆုတ်စွာလျှောက်သွားကြသည်။
သို့သော် ကျွန်မတို့နှစ်ယောက်စလုံးသိနေခဲ့ကြသည်။

ထိုနေရာတွင် ဘာမှရှိမှာမဟုတ်။ ကလေးလည်းရှိမှာမဟုတ်။ သွေးစသွေးနလည်းရှိမှာမဟုတ်။ ထိုနေရာက သံလမ်းမျက်နှာပြင်သည် အခြားနေရာများက မျက်နှာပြင်တွေလိုပင် တည်ငြိမ်စွာအေးချမ်းနေပါလိမ့်မည်။

ထိုနေ့ညနေက မူယာ့ကို ကျွန်မအိမ်ပြန်ပို့သည့် လမ်းတစ်လျှောက်လုံး ကျမတို့နှစ်ယောက်တိတ်ဆိတ်နေခဲ့ကြသည်။ ကျွန်မနှင့်မူယာအကြားတွင် တံတိုင်းတစ်ခုကာဆီးထားသလို ခံစားရသည်။
ထိုနေ့က ကျွန်မနှင့်မူယာ နောက်ဆုံးတွေ့ဆုံမိကြခြင်းဖြစ်သည်။နောက်ထပ်ကျမတို့ မတွေ့ကြတော့ပါ။

***************************************************

ယခုအခါ အနီရောင်ကောင်းကင်နှင့် အနက်ရောင်ငှက်အုပ်ကို ကျွန်မမြင်နေမိ၏။ ထို့နောက် အ၀ါရောင်မီးရထားတစ်စင်း…။ ဘယ်တုန်းကမှ သံလမ်းပေါ် ဖြတ်မောင်းမသွားခဲ့သော အ၀ါရောင်ရထားဖြစ်သည်။

ဘာပဲဖြစ်ဖြစ် တကယ်မရှိသော အ၀ါရောင်ရထားတစ်စင်းကြောင့် သူငယ်ချင်းနှစ်ယောက် ကွဲကွာခဲ့ရတာတော့ အမှန်ပဲ ဖြစ်ပါသည်။









ဆက်ဖတ်ရန်...

Sunday, October 7, 2007

မိုးပြာရောင်အိပ်မက်များ

ဒီခေါင်းစဉ်နဲ့ပို့စ်ကိုရေးချင်နေတာ ကြာပါပြီ... ဘလော့ဂ်စလုပ်ကတည်းက ဆိုပါတော့... ဒါပေမယ့် အချိန်မရတာရော၊ အကြံမရှိသေးတာကြောင့်ရော မရေးဖြစ်ခဲ့တာပါ... ဒီနေ့တော့ အကြံပေါ်လာတာနဲ့ရေးလိုက်ပါပြီ...

အိပ်မက်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ မျှော်မှန်းရတဲ့ရည်မှန်းချက်လို့ ပြောရမယ်နဲ့တူတယ်… လူတိုင်းမှာတော့ အိပ်မက်ကိုယ်စီရှိကြမှာပါ… ဒီလိုအိပ်မက်လေးတွေ ရှိနေခြင်းကြောင့်ပဲ ကျမတို့ရဲ့ဘ၀က နေပျော်တာလို့ထင်ပါတယ်… ကျမမှာတော့ မက်ခဲ့ရတဲ့၊ မက်နေဆဲ အိပ်မက်တွေအများကြီးရှိပါတယ်… ပြည့်ခဲ့တာလည်းရှိသလို မပြည့်ခဲ့တာတွေ၊ မပြည့်သေးတာတွေလည်း အများကြီးပါဘဲ..

ဟိုးငယ်ငယ်ကတည်းက ကျမမက်ခဲ့ရတဲ့အိပ်မက်ကတော့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ဖို့ပါဘဲ… … ကျမသိတတ်တဲ့အရွယ်ကတည်းက ဂျူတီကုတ်ဖြူဖြူနဲ့ ဆရာဝန်တွေကို အားကျနေခဲ့တာပါ… ဘယ်အချိန်မေးမေး ဆရာဝန်ပဲလုပ်မယ်လို့ ဖြေခဲ့တာပါ… ကျမအရွယ်ရောက်လာတော့လည်း ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်က ပြောင်းလဲမသွားခဲ့ပါဘူး… ဆရာဝန်တိုင်းကဆရာဝန်ကောင်း မဖြစ်ကြဘူးဆိုတာတော့ သိလာတဲ့အခါကျမဖြစ်ချင်တဲ့ ဆရာဝန်အမျိုးအစားကို သိလာရပါတယ်... အဲဒါကတော့လူနာတိုင်းကို စိတ်ကောင်းစေတနာနဲ့ ကုသပေးတဲ့စေတနာဆရာဝန် ဖြစ်ချင်လာတာပါပဲ… အသပြာဆရာဝန်တွေကို တွေ့ရတဲ့အခါ ကျမဖြစ်ချင်တဲ့အိပ်မက်က မှားများမှားနေလားလို့တောင် သံသယ၀င်မိပါတယ်… ဒါပေမယ့်တကယ့်ကို စေတနာ၊မေတ္တာနဲ့ကုသပေးတဲ့ ဆရာဝန်တွေကို တွေ့တဲ့အခါမှာတော့ ကျမရဲ့အိပ်မက်၊ကျမရဲ့ရည်မှန်းချက်က ပိုပြီးခိုင်မာလာခဲ့ပါတယ်… ဆရာဝန်တွေထဲမှာမှ ကလေးလေးတွေကို လူ့လောကထဲရောက်အောင် မွေးထုတ်ပေးရတဲ့ သားဖွားမီးယပ်ဆရာဝန်ဖြစ်ချင်လာပါတယ်... ကျမဆယ်တန်းအောင်တော့ ဒီအိပ်မက်လေးရဲ့လမ်းစကို ၀ိုးတ၀ါးလေးမြင်တွေ့ရပါပြီ… ထင်ထင်ရှားရှားလေး ဖြစ်လာဖို့ကိုတော့ ကျမကြိုးစားရမှာပဲ ဖြစ်ပါတယ်…

ကျမမှာအခြားအိပ်မက်တွေလည်း ရှိပါသေးတယ်… အဲဒီ့အိပ်မက်တွေထဲက တစ်ခုကတော့ကျမတို့နိုင်ငံ၊ ကျမတို့လူမျိုးကို အခြားနိုင်ငံ၊အခြားလူမျိုးတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့၊ ခေတ်မီဖွံ့ဖြိုးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်တာပါပဲ… နည်းပညာ၊ကျန်းမာရေး၊ပညာရေးအစစအရာရာမှာ ကျမတို့နိုင်ငံက တော်တော်ကြီးခေတ်နောက်ကျနေပါပြီ… ကျန်းမာရေးအရဆိုရင် ကျမတို့ခေတ်မီစက်ကိရိယာတွေနဲ့ မကုသနိုင်လို့ သေရတဲ့လူတွေလည်း မနည်းပါဘူး… ကျန်းမာရေးအသိပညာမရှိလို့ မဆုံးရှုံးသင့်ပဲဆုံးရှုံးရတဲ့ အသက်တွေလည်း ရေတွက်လို့တောင် မရပါဘူး… ဒီလိုပါဘဲ ပညာရေးမှာလည်း အခြားနိုင်ငံနဲ့ယှဉ်ရင် ကျမတို့ရဲ့ပညာရေးက တော်တော်နိမ့်ကျနေပါပြီ… အခြေခံပညာသင်ကြားရတဲ့ စာသင်ပုံစာသင်နည်းတွေကိုလည်း အားလုံးပဲသိကြမှာပါ… ၁၀ပုဒ်ပေး၅ပုဒ်မေးတို့၊ဒါမေးဒါဖြေတို့နဲ့ ကျမတို့ကျောင်းသားတွေရဲ့ ဖြတ်ထိုးဥာဏ်ဆိုတာ မရှိတော့ပါဘူး… စဉ်းစားတွေးခေါ်မှုဆိုတာ ဘာမှမရှိတော့ပါဘူး… စာမေးပွဲမှာလည်း ၏သည်မရွေးရေးမှ အမှတ်ပြည့်ရကြပါတယ်… တက္ကသိုလ်ရဲ့ပညာရေးစနစ်ကလည်း ဒီလိုပါဘဲ.. စဉ်းစားတွေးခေါ်မှုဆိုတာ ဘာမှမပါဘဲနဲ့ အလွတ်ရရင်ပြီးရော တတွတ်တွတ်နဲ့ကျက်ရတာပါဘဲ… ဒီပညာရေးစနစ်ကြီးကို မကြိုက်တဲ့လူတွေက နိုင်ငံခြားကို ပညာသွားသင်ကြပါတယ်… ဒီလိုနဲ့ထက်မြက်ထူးချွန်တဲ့ ကျောင်းသားတွေ အများကြီးဆုံးရှုံးကြရတာပါ… လွတ်လပ်တဲ့အတွေးအခေါ်၊ မျှတတဲ့အယူအဆ၊ လူလူချင်း ညှာတာထောက်ထားမှုများနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံဖြစ်စေချင်တာ ကျမရဲ့ဆန္ဒပါ...

နောက်...ကျမဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကတော့ စန္ဒယားကိုကျွမ်းကျွမ်းကျင်ကျင်တီးနိုင်တဲ့ ပညာရှင်ဖြစ်ချင်တာပါဘဲ… ကျမကသံစဉ်တွေကို ချစ်တတ်သူပါ… သံစဉ်တွေကိုနားထောင်နေရရင် အလိုလိုပျော်ရွှင်နေမိပါတယ်… စိတ်ညစ်ရင်သံစဉ်တွေကို နားထောင်ရတာဟာ စိတ်ပြေစေဖို့နည်းလမ်းပါဘဲ… သံစဉ်တွေက လူတွေရဲ့စိတ်ကို အေးချမ်းစေတယ်လို့ ကျမထင်ပါတယ်… ဆယ်တန်းပြီးတော့ စန္ဒယားသင်တန်းကို သွားတက်ခဲ့ပေမယ့် ကျောင်းနဲ့အချိန်တွေတိုက်နေတာရော၊ ဖေဖေက သိပ်သဘောမကျတာရောကြောင့် ကျမရဲ့ဒီအိပ်မက်ကတော့ ပြည့်ဝမယ်မထင်တော့ပါဘူး… ဒါပေမယ့်အခွင့်အခါသင့်ရင်တော့ ကျမဖြစ်တဲ့နည်းနဲ့ရအောင် ပြန်တက်ချင်ပါသေးတယ်…

ကျမ အရမ်းကိုအာသီသရှိတဲ့ အိပ်မက်တစ်ခုလည်း ရှိပါသေးတယ်… အဲဒါကတော့ လူနာတွေကို အခမဲ့ကုသပေးတဲ့ ဆေးရုံကြီးတည်ထောင်ချင်တာပါဘဲ… ရောဂါနာမည်အတိအကျမခွဲခြားထားပဲ အထွေထွေရောဂါတိုင်းကို ကုသပေးချင်ပါတယ်… ကျမတို့နိုင်ငံမှာ ဆင်းရဲလို့ဆေးမကုနိုင်တဲ့ လူနာတွေအများကြီးပါဘဲ.. ဒီလူနာတွေကိုကျမ အရမ်းဆေးကုပေးချင်ပါတယ်… တန်ဖိုးရှိလှတဲ့ လူ့အသက်ကိုပိုက်ဆံမရှိခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ မဆုံးရှုံးစေချင်ပါဘူး… တနေ့နေ့စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ လူတွေမှာရောဂါသာဖြစ်လာပါက ဒီအတိုင်းအသေခံကြရတာပါ… ကျမဒီအကြောင်းပြချက်ကြီးကို ဘယ်လိုမှလက်မခံနိုင်ပါဘူး… လာတဲ့လူနာတိုင်းကို ကျမတို့ဘယ်လိုမှ မတတ်နိုင်တဲ့ရောဂါ ဖြစ်စေဦးတော့ စိတ်ချမ်းချမ်းသာသာနဲ့ သူ့ရဲ့ဘ၀ကိုကုန်ဆုံးစေချင်ပါတယ်… ဒီအိပ်မက်အတွက်တော့ ကျမအသေအလဲကြိုးစားရမှာပါ…

နောက်အိပ်မက်တစ်ခုကတော့ မိဘမဲ့ကလေးကျောင်းဖွင့်ချင်ပါတယ်… ကလေးတွေဆိုတာ အင်မတန်မှာအပြစ်ကင်းစင်တဲ့၊ ချစ်စရာကောင်းတဲ့လူသားလေးတွေပါဘဲ… သူတို့မှာအမုန်းတွေ၊ အာဃာတတွေ၊ မနာလိုမှုတွေ ဘာမှကိုမရှိပါဘူး… ဒီလိုချစ်စရာကောင်းတဲ့ကလေးတွေမှာ သူတို့ကိုအရမ်းချစ်ပြီးဂရုစိုက်မယ့် မိဘတွေရှိသင့်ပါတယ်… ကံအကြောင်းမလှလို့ မိဘတွေဆုံးရှုံးသွားခဲ့တဲ့ ကလေးတွေကို မြင်ရရင် ကျမတော်တော်သနားမိပါတယ်… ကျမမှာတော့ကျမကို ဂရုစိုက်ပြီးချစ်မယ့် မိဘတွေရှိပြီး သူတို့မှာမရှိတဲ့အခါ ကရုဏာသက်မိပါတယ်… ဒီလိုကလေးတွေကို မိဘတွေနဲ့မခြား ချစ်နိုင်မယ့်၊ ဂရုစိုက်နိုင်မယ့်လူတွေ လိုအပ်ပါတယ်… ဒီလိုလူမျိုးလည်း ဖြစ်ချင်ပါတယ်… သူတို့ကိုစိတ်အားငယ်မှုတွေ မခံစားစေရဘဲ နွေးထွေးတဲ့မေတ္တာနဲ့ စောင့်ရှောက်ချင်ပါတယ်… ဒါကလည်း ကျမတောင့်တရတဲ့အိပ်မက်တစ်ခုပေါ့…

ဒါတွေကတော့ ကျမတောင့်တရတဲ့ မိုးပြာရောင်အိပ်မက်တွေပဲဖြစ်ပါတယ်… ဒီအိပ်မက်တွေသာ အားလုံးပြည့်သွားရင်တော့ ကျမအတိုင်းထက်အလွန် ပျော်ရွှင်မိမှာပါ… ပြည့်နိုင်အောင်လည်း ကျမတတ်နိုင်သမျှ ကြိုးစားသွားမှာပါ… အားလုံးလည်း ကျမအိပ်မက်တွေပြည့်သွားအောင် ဆုတောင်းပေးကြပါဦးနော်…







ဆက်ဖတ်ရန်...

Saturday, October 6, 2007

လိမ်ခြင်း၏အကြောင်းတရားများ

အင်တာနက်ကမရတာအခုဆို ရက်တောင်တော်တော်ကြာနေပါပြီ… ဒါကြောင့် ရတဲ့အချိန်လေးမှာ စာတောင်မကျက်နိုင်ပဲ ပို့စ်အသစ်တင်ဖြစ်တာပါ… အမြန်တင်လိုက်ရလို့ ဖတ်လို့မကောင်းရင်လည်း တောင်းပန်ပါတယ်နော်…

မိတ်ဆွေတို့လိမ်ဖူးကြပါသလား… အလိမ်ရောခံဖူးကြပါသလား… ကျမကတော့ ကိုယ်ကပဲညံ့လို့လားမသိဘူး… ခဏခဏအလိမ်ခံရပါတယ်… အလိမ်ခံရတိုင်းလည်း စိတ်တိုဒေါသထွက်ပြီး ကြာတော့လည်း ကိုယ်ပါမောလာရော… အခုလူတွေဘာကြောင့်လိမ်သလဲဆိုတာ စဉ်းစားကြည့်ရအောင်နော်…

ပထမဆုံးအနေနဲ့ကတော့ သူများတွေပြောလေ့ရှိတဲ့ မုသားအဖြူနဲ့ပဲ စကြရအောင်နော်… မုသားအဖြူဆိုတာက ကိုယ့်အတွက်ဘာအကျိုးအမြတ်မှ မပါဝင်ဘဲနဲ့ အခြားသူတစ်ယောက်ရဲ့ စိတ်ဆင်းရဲမှုကို မကြည့်ရက်လို့လိမ်ပေးရတာမျိုးကိုခေါ်တာပါ… ဒီလိုနည်းနဲ့မုသားသုံးတာဆိုရင်တော့ ကျမတို့က အပြစ်မယူသင့်ပါဘူး… ဥပမာဆိုပါစို့... ကျမတို့အသိထဲက တစ်ယောက်ယောက်က ရောဂါစဖြစ်နေပြီ… အဲဒီ့ရောဂါကကုလို့လည်းမရနိုင်ဘူး… ဒီအခြေအနေမျိုးမှာဆိုရင် ကျမတို့အမှန်ကို ပြောပြမလား? ကြည့်ကောင်းအောင် လိမ်ထားမလား? ကျမကတော့ ဒီလူစိတ်ဓါတ်မကျစေဖို့ လိမ်ထားတဲ့နည်းလမ်းကိုပဲ ရွေးဖြစ်မှာပါ…လူဆိုတာက စိတ်ဆောင်နေသရွေ့တော့ သွားနိုင်လာနိုင်ပါသေးတယ်... သူ့အတွက်လည်းအကျိုးရှိ၊ ကိုယ့်အတွက်လည်းအကျိုးမယုတ်တဲ့ ဒီလိုလိမ်ခြင်းမျိုးကိုတော့ ကျမတို့ အသုံးပြုသင့်ပါတယ်...

နောက်တစ်ချက်ကတော့ ကိုယ့်အကျိုးစီးပွားအတွက် အများတကာကို လိမ်ခြင်းဖြစ်ပါတယ်… ဒီလိုလိမ်ခြင်းမျိုးကိုတော့ စီးပွားရေးအရ ပြိုင်ဆိုင်မှုတွေမှာ တွေ့ရတတ်ပါတယ်… ပွဲစားယောင်ဆောင်ပြီးပိုက်ဆံ လိမ်တဲ့လူတွေကိုလည်း ဒီအမျိုးအစားထဲမှာ ထည့်ရမှာဖြစ်ပါတယ်… ယခုမျက်မှောက်ခေတ်ကြီးမှာတော့ ဒီအမျိုးအစားထဲမှာ ပါတဲ့လူတွေများနေပါပြီ… ပစ္စည်းဥစ္စာရှားပါးလာတာနဲ့အမျှ လူလိမ်တွေလည်း တနေ့တခြားများလာကြတာပါ…

နောက်တစ်မျိုးကတော့ လိမ်ရတာပျော်မွေ့တဲ့လူစားမျိုးပဲ ဖြစ်ပါတယ်… အဲဒီ့လိုလူစားမျိုးကိုတော့ ကျမအပြင်မှာအများကြီးကြုံဖူးပါတယ်… ပျော်ရွှင်မှုအတွက်လိမ်တယ်လို့ ပြောရမှာပေါ့… ကျမသူငယ်ချင်းထဲမှာလည်း ဒီလိုလူတွေရှိပါတယ်… သူကသူ့အတွက်အကျိုးမရှိလည်း ရတယ်တဲ့… သူလိမ်တာကို အဲဒီ့လူကယုံသွားရင်ကို အရမ်းပျော်တာတဲ့… ဒီလိုအခြေအနေမျိုးကတော့ တဖက်လူကခံစားမှုမရှိရင် ဘာမှမဖြစ်ပေမယ့် ဟိုဘက်ကအရမ်းခံစားသွားရရင်တော့ တော်တော်အားနာဖို့ကောင်းပါတယ်…

ကိုယ့်ရဲ့လျို့ဝှက်ချက်ကိုထိန်းချင်လို့ လိမ်ကြတဲ့လူတွေလည်းရှိပါတယ်… ဒီလိုမျိုးကိုတော့ လူတော်တော်များများ လိမ်ဖူးကြမှာပါ… အများအားဖြင့် ပညာရေးနယ်ပယ်မှာတွေ့လေ့ရှိတဲ့ လိမ်ခြင်းမျိုးပေါ့… ကျမတို့စာမေးပွဲနီးပြီဆိုပါစို့… ဘယ်သူမဆို စာမေးပွဲဖြေခါနီးရင်တော့ အသေအလဲကျက်ကြတာချည်းပါဘဲ… ဒါပေမယ့်အဲဒီ့အချိန်မှာ တယောက်ယောက်ကိုများ နင်စာတွေအရမ်းကျက်နေပြီလားလို့မေးကြည့်… သူဖြေမယ့်အဖြေကို ကျမအာမခံရဲတယ်… ငါဘာမှကိုမရသေးဘူး… ဆိုတဲ့အဖြေပဲရမှာပါ… ကျမကတော့ ကိုယ်မေးလိုက်လို့ သူငယ်ချင်းကဒီလိုပဲ ဖြေရင်လည်း ခွင့်လွှတ်လိုက်ပါတယ်…
ကိုယ်တိုင်လည်းအကျိုးအမြတ်မရှိပါဘဲနဲ့ သူတပါးကို အကျိုးယုတ်စေချင်ကြသူများကိုလည်း တွေ့နိုင်ပါတယ်… အလုပ်ခွင်ထဲမှာ ချောက်တွန်းတဲ့လူတွေမျိုးပေါ့လေ… ပင်ကိုယ်ဗီဇထဲမှာကိုက မကောင်းတဲ့စိတ်ကြီးဆိုးနေတာပါ… စိတ်ဓါတ်အောက်တန်းကျသူတွေပေါ့… ဒီလိုလူမျိုးတွေကို လူလို့တောင်သတ်မှတ်လို့မရပါဘူး…
ဒီအချက်တွေကတော့ ကျမသိသမျှ လိမ်ရခြင်းအကြောင်းတရားတွေပါဘဲ… ကျန်တာတွေလည်းရှိချင်ရှိဦးမှာပါ… မုသားမပါလင်္ကာမချောဆိုတဲ့ ဆိုရိုးစကားလည်းရှိထားတော့ ကျမတို့လောကီလောကမှာ နေသရွေ့ မုသာဝါဒကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျူးလွန်နေကြရဦးမှာပါ… ဒါပေမယ့် ကိုယ်ဘယ်အုပ်စုထဲပါရမလဲဆိုတာတော့ မိမိဘာသာရွေးချယ်ကြရမှာ ဖြစ်ပါတယ်ရှင်…



ဆက်ဖတ်ရန်...

Friday, October 5, 2007

ပြန်လည်မိတ်ဆက်ခြင်း


ကျမတို့လည်းမတွေ့ရတာ တော်တော်ကြာနေပြီနော်… အားလုံးပဲ ကျန်းမာကြပါရဲ့လား… ကိုယ်ကျန်းမာပေမယ့် စိတ်တော့ချမ်းသာမယ်မထင်ဘူးနော်… ကြားရမြင်ရတာတွေကလည်း စိတ်ချမ်းသာစရာမှ မကောင်းတာပဲ... ကျမကိုရော မှတ်မိကြသေးရဲ့လားဟင်… မမှတ်မိရင်ပြန်မိတ်ဆက်မယ်နော်.. ကျမကမေပျိုပါရှင်... :)တနေ့တနေ့လည်း အင်တာနက်ဘယ်အချိန်များ ပြန်ရမလဲလို့ စောင့်နေရတာအမော… ကျမမျှော်လင့်ချက်အကြောင်းရေးမိလို့လားမသိဘူး... တစ်ချိန်လုံးမျှော်လင့်နေရတာပါပဲ... ဟင်း...အမြဲတမ်း လုပ်နေကျအလုပ်က မလုပ်ရတော့ရင် တခုခုလိုနေသလိုကြီး ဖြစ်နေတတ်တယ်နော်… မိုးလင်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ… တော်တော်ကြီးကိုစိတ်ညစ်ဖို့ကောင်းတာ… ဘာကိုမှလည်း စိတ်မပါတော့တာ... စာလည်းဘယ်လိုမှမကျက်ချင်ဘူး... အခုလည်းအတင်းစိတ်ကို ထိန်းချုပ်ပြီးစာကျက်နေတုန်း မေမေကရနေပြီဆိုပြီးလာပြောလို့ ကျက်နေတဲ့စာအုပ်ကို ဘေးချ၊အပြေးအလွှားကို လာသုံးတော့တာပါပဲ… ကျမကအင်တာနက်မသုံးရရင်နေမှမနေနိုင်ပဲကို…

ဆက်ဖတ်ရန်...