ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးခဲ့တဲ့ဆောင်းပါးလေးပါ။ ဖတ်ကြည့်ကြပါနော်။
***
အင်္ဂလိပ် စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဘူး၏။ ထိုကမ္ဘာဇာတ်ခုံတွင်လူအမျိုးမျိုး၊အရွယ်အမျိုးမျိုး၊ အတန်းအစား အမျိုးမျိုးတို့သည် ကိုယ့်အခဏ်းကို ကိုယ့်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ၊လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏အလုပ်ဝတ္တရားအဖြစ်ရှိ၏။ထိုဝတ္တရားကို ကြေပြွန်မှသာလျှင် လောက၌၊လူဖြစ်ရကျိုး နပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ် အမွေခံဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက်၁၆နှစ်၊၁၇နှစ်မှ အထက်သို့ ရှိသော ကျောင်းသားများမှာလည်း၊အဆိုပါ ၀တ္တရား ဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ ဖြစ်လျှင် -ကျောင်းသား၏ ၀တ္တရားသည် အဘယ်နည်း။
အမြင်ကျယ်ကျယ်၊ကြည့်လေ့ရှိကြသူတို့သည် ကျောင်းသားဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသောအများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူမျှသာ ဖြစ်ပေသည်။
ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာပညာရှိတို့သည်၊လောကရေး၊ဓမ္မရေးပြဿနာအရပ်ရပ်တို့ကို စိစ်ဝေဘန် ဖြေရှင်းတတ်သောပညာမှ စာအုပ်ပေစာကိုအံ၍ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြား၍ထားလေသည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆတ်ဆတ် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ၏အကြောင်းသနစ်ကို ဖော်ထုတ်မဆိုသာချေ။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ်စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား-စစ်ဆေးစေရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံခြင်း မတူသည်ကိုတွေ့ရလေသည်။ တဘန်-စာစစ်သူတစ်ဦးတည်း ၄င်းတနှစ်ခန့်က ဖျက်ခဲ့သောအဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကိုတွေ့ရလေသည်။ ကမ္ဘာကျော်-ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသောကျောင်းသားသည်လောကတွင် အောက်ဆုံးထစ် ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။
ဤတွင်၊ကမ္ဘာကျော် စာရေးဆရာကြီး၏ အရေးအသားကို ၄င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို၊ သို့ရာတွင် ၄င်းကား အကြောင်းမဲ့ မရေးသားရာ။ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာရာဇ၀င်တွင် သာဓကအထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူများမဟုတ်ပေ။ဥပမာအနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင်၊ ဟစ်တလာနှင့် မတ်ဆိုလိုနီတို့သည်၊ကျောင်းမှပင်ကောင်းစွာ မနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍၊ကျောင်းသားအဖြစ် နေစဉ်အခါက-ထူးထူးချွန်ချွန်မရှိချေ။ပန်ဒစ်ဂျဝါဟလာနေရူး သည်လည်း၊အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား။ကျောင်းသားသစ်အဖြစ်ဖြင့် များစွာမထူးချွန်လှ။ဘီ-အေ ဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။သို့ရာတွင် ထိုအခါက ၄င်းအထက်-ပထမ ရခဲ့သောသူတဦးမှာ၊ရန်ကုန်တွင် ပါမောက္ခတဦး အဖြစ်ဖြင့် ၄င်းကဲ့သို့ ကျော်ကြားခြင်းမရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ဂိုးလ်စမစ်၊ဆာဝါလတာစကော့ -စသောပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်ကထူးခြားခြင်းမရှိ၊ ဆာဝါလတာစကော့မှာမူ၊ လူ့ငနွားဟုပင်- ဆရာ၏အခေါ်ခံရလေသည်။ ဤကား၊ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုစစ်လျှင် လူသား တဦးတယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန်တထစ်ချ သတ်မှတ်ထားသောနည်း မရှိတော့ကြောင့် ဖြစ်ပေသည်။
စစ်စစ်သော်ကား ကျောင်းတွင်တခါမျှမနေဖူး၍ စာတလုံးမျှ မသင်ဘူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့်အကြောင်းကို အလွန်ဆိုခြင်း ဖြစ်၏။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊၄င်းတို့ရေးရာဒေသ၊ ရေးသည့် အချိန်ကာလ စသည့်တို့ကို ကြည့်၍၊ ဝေဘန်ပြီးလျှင်၊ လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန် ဖြစ်ပေသည်။အကယ်၍ စာမတတ်သူသည်၊ လောကအမှတ်အသား ကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန်မလိုချေ။ ထို့ကြောင့်ပင်-မတ်ဆိုလိုနီက ၄င်း၏ အတ္ထုပတ္တိတွင် ကျွန်ုပ်ဘတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား၊ ကျွန်ုပ်နေခဲ့ ၊နေဆဲသောလောကကြီးပင်တည်းဟု ရေးထား၏။ထိုကဲ့သို့ စာအုပ်ပေစာမှ ကျော်လွန်သောပညာကို ။အဘယ်သို့ရအံ့နည်း။
ထိုပညာစစ်ကိုရရန်၊ လွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ်ကို မွေးရန်လို၏။ ဤအချက်ကိုပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များကAcademic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား၊-ကမ္ဘာရာဇ၀င်ကို -တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖောင်မေရှင်းခေါ်ခေတ်သစ်ဝါဒ၊လောကဓာတ်ပညာပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား-ကျွန်ုပ်တို့၏ဂေါတမဘုရားသခင်၊ ဟောကြားသော ကာလာမသုတ္တန် သဘောအရပင်တည်း။
ထိုလွတ်လပ်စွာတွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင်။ ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆို လုပ်ကိုင်ခြင်းမဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိဘားသူငယ်ကဲ့သို့နေ၍ မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ၊ဤသို့ ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု-အတိုင်းတိုင်း အပြည်ပြည်ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်၊ကိုယ်သဘောကိုသာမြင်သော၊ ၀ါဒကြောင့်ဖြစ်သောကမ္ဘာကြီး၏ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်းသမဂ္ဂရှိမှသာ အမျိုးမျိုးသောအယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့-အမြင်ကျယ်မှတဦးကိုတဦး အနာခံတတ်ခြင်း၊ စသဖြင့်-လောက လူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။
 ထို့ကြောင့်၊ထိုသို့ကူးလူးဆက်ဆံ အမြင်သန်အောင် ကျောင်းများ၊တက္ကသိုလ်များတွင်၊ ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများ ထောင်ခြင်း စသည်တို့ ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်းသမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ မဆိုရ မလုပ်ရ မဆွေးနွေးရလျှင်၊ မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ဘက်၊၂ချက်စုံမှ၊ပညာရေးအစစ်မည်လေသည်။
တဘန် ယနေ့ ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများ ဖြစ်ကြ၏ဟု၊ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ၊ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့် ညီအောင် အုပ်ချုပ်နည်း၊မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက် ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ရဲတပ်များ၊ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက၊ယခုအခါ တနိုင်ငံနှင့်တနိုင်ငံ မှာ၊ခွဲစပ်၍မဖြစ်နိုင်။တရုတ်ပြည်၊စပိန်ပြည်၊ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည်။
ဤတိုင်းပြည်ကိုလည်းကောင်း၊ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊လူသတ္တ၀ါတို့အား လည်းကောင်း မည်သို့မည်ပုံထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာအခြေကိုလည်း၊မိမိရရသိရန်လို၏။ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ ပြုလုပ်ရမည့်ဝတ္တရားများ ဖြစ်ကြ၏။ ထို့ကြောင့် -ကမ္ဘာ့ရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ ၊စစ်မက်တားမြစ်ရေး၊အလုပ်လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ၊ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်းကွဲလာ၏။
ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည်၊ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်၊မကိုင်တတ် မဖြစ်ရအောင်၊ ကျွန်ုပ်တို့သည် ၊ယခုအခါမြန်မာနိုင်ငံလုံးဆိုင်ရာ-ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက် အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသော သူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။
ဤဆောင်းပါးကို မောင်အောင်ဆန်းဘီ-အေ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ)က                                   မန္တလေးသူရိယ(အမျိုးသားနေ့အထူးစာစောင်)                                           တွင် ၁၂၉၉၊တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်၊ စာ၁၇-၁၈                                                                                                                                                                                                                                                                                                                                                                                                                                                                                                  တွင်ရေးသားခဲ့ပါသည်။
ဤဆောင်းပါးရဲ့ရက်စွဲကို ကြည့်ရင်ဖြင့် နှစ်ပေါင်း၇၀ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ပြောခဲ့တဲ့ အကြောင်းအရာကတော့ ယနေ့ထက်တိုင် မှန်ကန်နေဆဲပါဘဲ။ ဗိုလ်ချုပ်ပြောခဲ့သလိုပဲ ကျမတို့ကျောင်းသားတွေက အတန်းလေးမှန်မှန်တက်ရုံ၊ စာကျက်ရုံ၊ တစ်နှစ်တစ်တန်းအောင်ရုံဖြင့် ကျောင်းသားတို့ရဲ့ဝတ္တရား ကျေပွန်ပြီလို့ မထင်သင့်ပါဘူး။ ပြင်ပစာပေ ဗဟုသုတတွေကိုလည်း လေ့လာဆည်းပူးသင့်ပါတယ်။ ယခုခေတ်ကျောင်းသားတွေကို ကြည့်လိုက်ရင် နိုင်ငံရေးအသိ ရှိတဲ့၊ ပြင်ပဗဟုသုတကို လေ့လာဆည်းပူးတဲ့ ကျောင်းသားတွေရှိသော်လည်း နိုင်ငံရေးကိုစိတ်မ၀င်စားဘဲ ကိုယ်ကျိုးကိုပဲကြည့်တဲ့ ကျောင်းသားတွေလည်း အများကြီးပါဘဲ။ နိုင်ငံရေးကို ကိုယ်နှင့်မဆိုင်ဘူးဆိုတဲ့ လူတွေကိုကျမကိုယ်တိုင် မျက်မြင်ကြုံတွေ့ရတာပါ။ သူတို့ကပညာမရှိလို့ မဟုတ်ပါဘူး။ အတန်းပညာတော့ တတ်မြောက်ကြသူကြီးပါဘဲ။ ဆင်ခြင်ဥာဏ်၊ တွေးခေါ်စဉ်းစားဥာဏ်တွေ အမှောင်ထဲမှာတိုက်ပိတ်ခံနေရတာပါ။ တစ်နေ့တစ်နေ့ အချစ်အမုန်းသံသရာထဲမှာ လည်နေပြီး ရုန်းထွက်မရအောင် နစ်မွန်းနေတာကို တွေ့ရတဲ့အခါ ကျမတော်တော်စိတ်ဓာတ်ကျပြီး တကယ်ကိုယ်ကျိုးစွန့်နေသူတွေအတွက် ၀မ်းနည်းမိပါတယ်။ ဒုတ်ကိုင်၊ဓါးကိုင်ပြီး တိုက်ပွဲဝင်မှ နိုင်ငံရေးအသိရှိတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ရဲ့စိတ်ထဲကနေ ဘယ်ဟာကမှန်တယ်၊ ဘယ်ဟာကမှားတယ်ဆိုတာကို သိပြီးအမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ခြင်းကို ဆိုလိုတာပါ။ ဒီဆောင်းပါးကိုဖတ်ပြီး နိုင်ငံရေးအသိလေး အနည်းငယ်မျှဝင်လာရုံဖြင့် ကျမဒီပို့စ်ကို ထုတ်နုတ်တင်ပြရကျိုးနပ်နေပါပြီ။ ယခုဆောင်းပါးကို စာရေးဆရာမြဟန် ရေးသားထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာစာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါတယ်။ စာလုံးပေါင်းအားလုံးအား မူရင်းစာအုပ်မှအတိုင်း ကူးယူရေးသားထားခြင်း ဖြစ်သည့်အတွက် စာလုံးပေါင်းများ၊အသုံးအနှုန်းများမှာ ယခုခေတ်နှင့် မဆီလျော်ပါက နားလည်ပေးကြပါရန်…
Thursday, October 11, 2007
ဗိုလ်ချုပ်ပြောတဲ့ကျောင်းသားတို့ရဲ့ဝတ္တရား
          စာရေးသူ ...မေပျို
        
at
3:32 PM
 
Subscribe to:
Post Comments (Atom)
 

 
 
 
1 comment:
လွန်ခဲ့တဲ့ (၉) နှစ်၊ ခန့်ကတည်းက ဖတ်ခဲ့၊ကြိုက်နှစ်သက်ခဲ့ပြီး အခုထိလည်းအတွေးအမြင်အသစ်တွေကို တစ်နေ့ထက်တစ်နေ့ မရိုးအောင်ပေးနိုင်ဆဲဖြစ်တဲ့ ဒီဆောင်းပါးကို ယနေ့တိုင်ကြိုက်နှစ်သက်နေကြတဲ့ လူတွေထဲ ကျွန်တော်လည်းပါ ပါတယ်။ ပြန်လည်ဖော်ပြပေးခြင်းအတွက် မမေပျိုကို ကျေးဇူးအထူးပါ။
Post a Comment