Friday, January 4, 2008

ကာရံမဲ့သော နှစ်ပေါင်း၆၀

သက္ကရာဇ်တစ်ခု ကုန်ဆုံး
ဝတ်ရုံတစ်ခု ဟောင်းပြီး
နှစ်သစ်အစ ထိုခဏမှာ
သူ.. ရောက်လာသည်..။

ခေါက်သိမ်းထားတဲ့ အလံတွေကိုလွှင့်ထူ
သတင်းစာမှာ အမည်းရောင် စာလုံးတွေနဲ့
မြင်သာအောင် ပြထားတယ်
ဒါ.. ဇန်န၀ါရီ ၄ရက်
လွတ်လပ်ရေးနေ့ … တဲ့။

ဆန္ဒတွေကို မိုက်မဲစွာ အကျဉ်းချ
အခမ်းအနားကို ပျော်ရွှင်စွာကျင်းပ ခဲ့တာ
နှစ် ၆၀ တိုင်ခဲ့ပြီ..။

လွတ်လပ်တယ်ဆိုတဲ့စကား
မင်းတို့ရဲ့ မုသားကို ယုံစားလို့ကတော့
ဒီတစ်သက် အမှောင်ထဲမှာပဲ
ဘ၀ဆုံးတော့မယ်..။

နောက်ဆုံးတော့လည်း
အမှန်တရားက အားလုံးကိုကျော်လွှားနိုင်မှာဆိုတဲ့
အဆိုကို နှလုံးသွင်းပြီး
ကိုယ့်ကိုယ်ကို နှစ်သိမ့်မိတော့တယ်။

4 comments:

Kaung Kin Ko said...

လက်ရည်တော်တော်ကောင်းပါလား။ ဒီစာသားတွေ အရမ်းမိုက်တယ်။ “ခေါက်သိမ်းထားတဲ့ အလံတွေကိုလွှင့်ထူ
သတင်းစာမှာ အမည်းရောင် စာလုံးတွေနဲ့
မြင်သာအောင် ပြထားတယ်”

“ဆန္ဒတွေကို မိုက်မဲစွာ အကျဉ်းချ
အခမ်းအနားကို ပျော်ရွှင်စွာကျင်းပ ခဲ့တာ” အကျဉ်းချနဲ့ ကျင်းပ ကာရန်လည်းမိတယ်။ ပျော်ရွှင်စွာဆိုတဲ့နေရာမှာ တခုခု အစားထိုးလိုက်ရင်ပိုကောင်းမယ်။ “အယောင်ဆောင်” ဖြစ်ဖြစ် “အဓမ္မ” ဖြစ်ဖြစ်၊ တခြားကောင်းနိုးရာရာတစ်ခုခုပေါ့။ သဲမှာ ကဗျာ ဓာတ်ခံရှိတယ်။ ကဗျာရေးတာတော်တယ်။

Sophie said...

မမရေ...........ကဗျာလေးတွေက တော်တော်ကောင်းလာတယ်။ အရမ်းကောင်းတာဘဲ ဟုတ်တယ် မမရေ.....ဆန္ဒတွေကို မိုက်မဲစွား အကျဉ်းချနေရတာ။ ကောင်းတယ်မမ။ များများရေးနော်

ပီကေ said...

ကောင်းလေစွ၊ ကောင်းလေစွ။

ဆောင်းယွန်းလ said...

ဆန္ဒတွေကို မိုက်မဲစွာ အကျဉ်းချ
အခမ်းအနားကို ပျော်ရွှင်စွာကျင်းပ ခဲ့တာ
နှစ် ၆၀ တိုင်ခဲ့ပြီ..
ကဗျာလေးကကောင်းတယ်။ ကာရံလေးလည်းလှပါတယ်. အပေါ်ကအပိုဒ်လေးမှာပျော်ရွှင်စွာကျင်းပဆိုတဲ့အစားတ
ခြားစကားလုံးတခုခုကို မိုက်မဲစွာအကျဉ်းချနဲ့လိုက်ဖက်စေမယ့်ကာရံလေးတခုကိုပြောင်းသုံးလိုက်ရင်ပိုကောင်းသွားမယ်လို့ အကိုထင်တယ်။ ဥပမာ”တိတ်ဆိတ်စွာ ကျင်းပ” ဆိုတာမျိုး.... အကိုကဆရာလုပ်တာမဟုတ်ပါဘူး ညီမလေးရဲ့ကဗျာအရေးအသားကို လေးစားလို့ဝင်ဆွေးနွေးတာပါ..
နောက်ထပ်ကဗျာတွေအများကြီးရေးနိုင်ပါစေညီမလေး
ရေ......