Thursday, January 3, 2008

ကျောင်းအပ်ခြင်း

ကျမတို့ ဒုတိယနှစ် ဖြေပြီးလို့ ကျောင်းပိတ်ထားတာ အခုဆိုရင် တစ်လကျော်လောက် ရှိသွားပါပြီ။ ကျောင်းပိတ်ရက်လည်း ကုန်ဆုံးနေပြီမို့ ၇ရက်နေ့မှာ ကျမကျောင်းပြန် တက်ရပါတော့မယ်။ အဲဒီ့အခါ အရင်ကလို ပို့စ်တွေကို ခပ်စိပ်စိပ် မတင်ဖြစ်ခဲ့ရင်၊ သူငယ်ချင်းတွေဆီကို အရင်ကလို အမြဲတမ်း မလာဖြစ်ခဲ့ရင် ကြိုတင်ပြီး တောင်းပန်ပါရစေနော်။ ပြောနေရင်းနဲ့ စကားလမ်းကြောင်းက ချော်သွားပြန်ပြီ။ ပြောချင်တာကတော့ မနေ့က ကျမ ကျောင်းသွားအပ်ပါတယ်။

ကျမတို့ မူလတန်းကနေ အလယ်တန်း ကျောင်းသူအထိတော့ ကျောင်းအပ်တာက မိဘတွေရဲ့ တာဝန်လိုပါပဲ။ ကျမကတော့ အမေနောက်ကနေ တကောက်ကောက် လျှောက်လိုက်၊ စာအုပ်ဝယ်ဖို့အတွက် အမေကတန်းစီတာကို ရပ်စောင့်လိုက်နဲ့ပဲ ကိုယ်ကိုယ်တိုင် အပ်ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျမက ဆရာမရှေ့မှာ မျက်နှာပြရုံလောက်ပါပဲ။ အတန်းကြီးလာတာနဲ့ အမျှ မိဘတွေရဲ့ ကျောင်းအပ်ခြင်းအပေါ် စိတ်ဝင်စားမှုက နည်းပါးလာပါတယ်။

အထက်တန်းရောက်တော့ ကျမက ဦးဆောင်ပြီး ကျောင်းအပ်ရတဲ့အဆင့်ကို ရောက်လာပါပြီ.။ မေမေက နောက်ကလိုက်ပြီး လိုအပ်တဲ့ ပိုက်ဆံတွေ ဘာတွေ ပေးရုံပါပဲ။ ကျမပဲ ဖောင့်ဖြည့်၊ ကျမပဲ တန်းစီနဲ့ တဖြည်းဖြည်း တာဝန်ယူတတ်လာပါတယ်။ လူကြီးဆန်လာတယ်လို့ ဆိုရမယ်ထင်တယ်။ ဆယ်တန်းအောင်ပြီး ပထမနှစ်တက်ရပြန်တော့ တက္ကသိုလ်ဆိုတဲ့အသိနဲ့ မေမေက လိုက်အပ်ပေးပါတယ်။ တက္ကသိုလ်မှာ မျက်စိသူငယ်၊ နားသူငယ် ဖြစ်မှာစိုးလို့ ထင်ပါရဲ့။

ဒီလိုနဲ့ပဲ အခုတတိယနှစ် ကျောင်းအပ်ရမယ့်အချိန်ကို ရောက်လာပါတယ်။ အသက်လည်း ၁၈နှစ်ပြည့်ပြီးပြီ ဆေးရုံလည်း ဆင်းရတော့မယ်ဆိုတော့ ကိုယ့်ကိုယ်ကို လူကြီးဖြစ်ပြီလို့ ယူဆရမယ်ထင်ပါတယ်။ ဒီတော့ ကျောင်းအပ်ခြင်းမှာ မိဘကိုပဲ အရမ်းမှီမခိုချင်တော့ပါဘူး။ ဒါနဲ့ ကျောင်းကို အမေကိုမခေါ်ဘဲနဲ့ သူငယ်ချင်းနဲ့ပဲ သွားလိုက်ပါတယ်။ (မေမေကလည်း အလုပ်အရမ်းများတာကို)

အိမ်ကလည်း လိုက်မပို့တော့ သူငယ်ချင်းနဲ့အတူ တက္ကစီပဲ စီးသွားရတာပေါ့။ ကျောင်းဝကိုရောက်တာနဲ့ တစ်လကျော်ကျော် ခွဲနေရတဲ့ကျောင်းကလေးက ကျမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါရဲ့။ တက္ကစီကလည်း ကျောင်းဝမှာပဲ ရပ်ပေးတော့ ကျောင်းထဲကို လမ်းလျှောက်ပဲ ၀င်ခဲ့ပါတယ်။ ကျမတို့ရဲ့ ကျောင်းသားရေးရာက စတုတ္ထထပ်မှာဆိုတော့ မောမောနဲ့ပဲ တက်ရတာပေါ့။ ပြီးတော့ ဖောင်ဝယ်၊ ဖောင်ဖြည့်၊ ဓာတ်ပုံကပ်။ ပြီးတော့လည်း မရသေးဘဲ မော်ကွန်းထိန်းရုံးခန်းကို ပြေးရပြန်ရော။ မော်ကွန်းထိန်းက ပထမနှစ်တွေကို မိဘပါမှ ရပေမယ့် ကျမတို့ကိုတော့ လွှတ်ပေးလိုက်တယ်ထင်တယ်။ မော်ကွန်းထိန်း လက်မှတ်ထိုးပြီးတာနဲ့ မပြီးသေးဘဲ ငွေစာရင်းဌာနကို သွားရပြန်ရော။

အဲဒီ့မှာ စရစ်တော့တာပါပဲ။ မော်ကွန်းထိန်းကတောင် အေးအေးဆေးဆေး ထိုးပေးပေမယ့် အဲဒီ့ငွေစာရင်းဌာနက ၀န်ထမ်းတွေက တော်တော်ဆိုးပါတယ်။ သူတို့တောင်းတာက တစ်သောင်းခြောက်ရာ။ အတိအကျပေးရင်လည်း မကြိုက်ပြန်ဘူး။ နည်းနည်းလေးမှတောင် သူတို့က ပြန်မအမ်းချင်တာဗျ။ နည်းနည်းလေး စုတ်နေရင်လည်း ပြန်လဲခိုင်းသေးတာ။ ဒီလောက်ရစ်တာတောင် အားမရသေးဘဲ ပိုက်ဆံတစ်ရွက်ချင်းစီရဲ့ နံပါတ်ကိုရေးပေး ရသေးတယ်။ သူတို့စိတ်ကြိုက်လိုက်လုပ်ပေးရတာ လူကလည်း စုတ်ပြတ်နေပြီ။ ရေကလည်း တအားဆာနဲ့။ ဒါတောင် သူတို့က နည်းနည်းလေးမှတောင် ပြုံးပေးဖော်မရဘဲ ကျမတို့ကို ဆောင့်အောင့်နေသေးတယ်။ သူပိုက်ဆံရေနေတုန်း ကျမမှာ အသက်တောင် ပြင်းပြင်းမရှူရဲဘဲ ဘာများထပ်ရစ်မလဲနဲ့ စိတ်ပူနေရသေးတယ်။ သူကရပြီဆိုတော့မှပဲ ဟင်းချနိုင်တော့တယ်။

ဒါတောင် မပြီးသေးဘူး။ သူတို့ရဲ့ ဖြတ်ပိုင်းကိုယူပြီးတာနဲ့ အပေါ်ထပ်ကို ပြန်တက်၊ ကျောင်းသားရေးရာကို စာရွက်သွားပြန်အပ်နဲ့ အားလုံးလည်းပြီးရော လူကခြေကုန်လက်ပမ်း ကျနေပါပြီ။ ဒါတောင် စာအုပ်ဝယ်ဖို့ဆိုပြီး နောက်တစ်ဆောင်ရဲ့ စတုတ္ထထပ်ကို တက်ရသေးတယ်။ စာအုပ်ဝယ်ပြီးတာနဲ့ ကျမလည်း အိမ်တန်းပြန်ခဲ့တော့တာပါပဲ။ အိမ်ရောက်တော့ လူကခြေထောက်တောင် ကောင်းကောင်းမထောက် နိုင်တော့ပါဘူး။ မေမေ့ကို မခေါ်လာမိတာ ကံကောင်းတယ်လို့ ပြောရမယ် ထင်တယ်။

ဒီလိုနဲ့ပဲ ကျမ အောင်မြင်စွာ ကျောင်းအပ်နိုင်ခဲ့ပါတယ်။

4 comments:

NayPhoneLatt said...

စင်ကာပူမှာ ၀န်ထမ်းတွေနဲ့လုပ်ရတဲ့အလုပ်တွေရှိတယ် ... ၀န်ထမ်းတွေတိုင်းရဲ့ စားပွဲရှေ့မှာ ဘာရေးထားလဲဆိုတော့
Don't forget to Smile ... တဲ့ ...။ ကိုကြီးတို့ နိုင်ငံက ၀န်ထမ်းတွေကိုလဲ အဲဒါမျိုးလေးရေးပေးထားသင့်တယ် နော် ...။

Kaung Kin Ko said...

ဟီးဟီး။ကျောင်းအပ်ခြင်းမဟာစွန့် စားခန်းကြီးပေါ့။ :-D စတာ။ တော်တော်ပင်ပန်းသွားလား။ သနားပါတယ်။

Red's Rose Dream said...

သဲရေ ပိုက်ဆံနံပါတ်တွေကို ရေးခိုင်းတာက ပိုက်ဆံအတုပါမှာ ဆိုးလို့ပါတယ်။။ ကျောင်းသားတွေ ကျောင်းအပ်တဲ့ပိုက်ဆံတွေထဲကနေ ဘဏ်ကိုသွားအပ်တာ ပိုက်ဆံတုတွေမိလို့တဲ့လေ။ အဲ့ဒါက မတို့ ပထမနှစ် တုန်းက ပါ။ ပိုက်ဆံအတုစစ်တဲ့စက်နဲ့ စစ်လိုက်ပြီးရောနော်။
ခုတော့ အချိန်ကုန်လိုက်တာ။

ထွန်း said...

အဖေက ကျောင်းအပ်ပေးခဲ့တယ် ကျောင်းအုပ်ဆရာကြီး အသက်ကြီးအောင်ရေးတာ အတိုက်အခံနဲ့  ငါ့ကလေး အသက်၎နစ်ကို ၅နစ် အရေးမခံဘူးဆိုပြီး အရသွင်းခဲ့တာ ကျောင်းကို မအပ်မနေအပ်ရတာက လွယ်အိတ်လွယ်ချင် လို့  အမတွေ အကိုတွေ ကျောင်းလိုက်တက်တာ မျက်စိနောက်လို့ လေ။ ကျောင်းလဲစတက်ရော ဒကဒဲ စာကျက်ရလို့ ကျောင်းပျင်းတော့တာဘဲ ဟတ်ဟတ် မြန်မာရုံး အစဉ်အလာအရ ပိုက်ဆံနံပါတ်ရေးရတာပါဘဲ။ အရင်က ငွေ၁၅ကျပ်၊နောက် ၃၀ကျပ်၊အဲဒီတုန်းကတော့ ငွေစက္ထူအရေအတွက်နဲလို့ တော်သေး ခုတော့ အတော် လက်ညောင်းမှာ။ ၀န်ထမ်းတွေ ပါဝါပြတာ အစဉ်အလာဘဲ နိုင်ငံခြားရောက်မှ မြန်ဆန်ချိုသာကြ တာသိရတယ်