Sunday, February 17, 2008

သူ..သိပါစေ

“ကျမနဲ့မျက်ဝန်းတစ်စုံ”ကို ဆက်ရေးဖို့ ကြိုးစားပေမယ့် တကယ့်ကို ဖီလင်အောက်နေတော့ ရေးလို့မရဘူး ဖြစ်နေတယ်။ ခံစားချက်မပါဘဲ ရေးရင်လည်း ဇာတ်လမ်းက ပေါ့သွားမှာ စိုးတဲ့အတွက် သူငယ်ချင်းများအားလုံး ခနတော့ စောင့်ပေးကြနော်။ ဒီနေ့တော့ ၀တ္ထုရေးဖို့ ကြိုးစားရင်းမှ ပေါ့ပေါ့ပါးပါး ချရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို တင်ပေးပါရစေ။ ဖတ်ကြည့်ပေးပါဦး။ သူငယ်ချင်းတစ်ယောက် အတွက် ရေးပေးခဲ့တဲ့ကဗျာလေးပါ။

ချစ်သူ.. မျှော်လင့်ခြင်း ကမ်းပါးမှာ
စောင့်ကြိုနေသူကို
မင်းသာ ကြည့်တတ်မယ်ဆိုရင်
မြင်နိုင်ပါတယ်လေ..။

တိတ်ဆိတ်တဲ့ ညဥ့်နက်တွေမှာ
တိုးတိုးလေးညည်းနေတဲ့
အလွမ်းတေးကို
မင်းသာ နားထောင်တတ်မယ်ဆိုရင်
ကြားနိုင်ပါတယ်လေ..။

မင်းအကြောင်း တွေးလိုက်တိုင်း
မူမမှန်တော့တဲ့
ငါ့နှလုံးသားသံစဉ်တွေကို
မင်းသာ ခံစားတတ်မယ်ဆိုရင်
သိနိုင်ပါတယ်လေ..။

မင်း သိစေဖို့ မကြိုးစားချင်တဲ့
ငါ့မာနကို အပြစ်တင်ရမှာလား။
နွံမှန်းသိရက်နဲ့ ရုန်းမထွက်ချင်တဲ့
နှလုံးသားကိုပဲ ဒဏ်ခတ်ရမလား။

အတွေးကမ္ဘာထဲမှာ
ထွက်ပေါက်ရှာမရအောင်
ပိတ်မိနေရင်းမှ
ငါသိလိုက်တာ တစ်ခုရှိတယ်..
“မင်းကို သိပ်ချစ်တယ်တဲ့” လေ။


7 comments:

Winkabar said...

အောင်မြင်သွားပြီပေါ့နော်။ ကဗျာလေးကောင်းတယ်သဲရေ။

ဆောင်းယွန်းလ said...

မင်း သိစေဖို့ မကြိုးစားချင်တဲ့
ငါ့မာနကို အပြစ်တင်ရမှာလား။
နွံမှန်းသိရက်နဲ့ ရုန်းမထွက်ချင်တဲ့
နှလုံးသားကိုပဲ ဒဏ်ခတ်ရမလား။
ကြည့်တတ်.နားထောင်တတ်.ခံစားတတ်တဲ့သူရဲ့အချစ်တွေကိုပိုင်ဆိုင်နိုင်ပါစေ။
ကဗျာလေးကောင်းတယ်ညီမလေး..အထူးသဖြင့်အပေါ်ကအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ..
လူတစ်ယောက်ရဲ့စိတ်ထဲကလွန်ဆွဲနေတဲ့ပွဲကိုကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးထားလို့ပါ

Anonymous said...

“မင်းသိဖို့မကြိုးစားချင်တဲ့ ငါ့မာနကိုအပြစ်တင်ရမှာလား”
အဲ့ဒီအပိုဒ်ကိုကြိုက်တယ်မမ.. ကောင်မလေးမှာလည်း အဲ့လိုမာနမျိုးရှိတယ်.. အပီား.. ကောင်းတော့မကောင်းဘူးပေါ့နော်.. :)

Kaung Kin Ko said...

ကဗျာလာဖတ်သွားတယ် ညီမလေးရေ။

မင်းကျန်စစ်။ said...

မျက်ဝန်းကို လာချောင်းပေမယ့် ကဗျာလေးကလဲ ကောင်းနေပြန်တော့ ကဗျာကို ကြိုက်သွားပြန်ပြီဗျာ။ ဒါပေမယ့် မျက်ဝန်းကိုတော့ မေ့မသွားသေးဘူးနော်။ မျှော်နေဆဲပဲဗျ။

Unknown said...

ကဗျာလေး ကောင်းတယ်ဗျာ။
Heart ထိသွားတယ်။

Anonymous said...

ဆြာမရေ... ဒီကဗျာလေးအရမ်းကောင်းတယ်ဗျာ.. သူသိပါစေလို့ ဆိုတဲ့ အတိုင်း တကယ်သူသိအောင် ပြောပြနေသလိုပဲ.. ကျွန်တော်နဲ့ တွေ့ရင်တော့ ပြောပြလိုက်ပါမယ် ဆြာမ.. :P