Tuesday, February 12, 2008

ကျမနဲ့မျက်ဝန်းတစ်စုံ

` ကျောင်းသားတွေများ စောင့်နေရပြီလား´ ဆိုသောအသိဖြင့် ကျမခြေလှမ်းများကို လက်တွေ့စာသင်ခန်းဆီသို့ ဦးတည်လိုက်သည်။ လက်တွေ့စာသင်ခန်းထဲ ရောက်တော့ ကျောင်းသားတွေက သူ့အဖွဲ့နဲ့သူ အသီးသီးနေရာယူထားကြသည်။ ကျမလည်း ကျမစာသင်ရမည့် အဖွဲ့ကိုရှာလိုက်မိသည်။ ကျမရှာနေသည်ကို တွေ့သွားတော့ အခန်းရဲ့အစွန်ဆုံးမှာရှိတဲ့ အဖွဲ့ကကျောင်းသားလေးတစ်ယောက်က မတ်တပ်ရပ်ပြီး ကျမကိုလှမ်းခေါ်လိုက်သည်။

` ဆရာမ.. ကျနော်တို့ ဒီမှာ..´

ထိုကျောင်းသားလေးကို တချက်ပြုံးပြလိုက်ပြီး သူတို့ရှိရာသို့ လျှောက်သွားလိုက်သည်။ မနက်ကလက်ချာမှာ သင်သွားတဲ့စာများထဲမှ သူတို့နားမလည်သည်များကို ပြန်လည်ရှင်းပြရသည်။ ထို့နောက် စာထဲကအကြောင်းအရာများကို လက်တွေ့ပြသရန် dead body (ဆေးစိမ်ထားသော ရုပ်အလောင်း) ရှိရာသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ကျောင်းသားကျောင်းသူများကလည်း ကျမသင်ကြားပြသသည့်အခါ မမြင်ရမှာ စိုးသဖြင့် ရှေ့ဆုံးနေရာကိုရရန် အလုအယက်တိုးနေကြသည်။ သူတို့၏မျက်နှာများကတော့ ငယ်ရွယ်နုပျိုခြင်းတို့ဖြင့် ပကတိကြည်လင်နေသည်။ သြော်.. အသက်၁၈၊ ၁၉ အရွယ်ဆိုတော့ ဘ၀မှာ ပျော်စရာတွေချည်းပဲပေါ့။ သူတို့အရွယ်တုန်းက ကျမလည်း သည်လိုပဲ ပျော်ရွှင်ခဲ့တာပဲလေ။

နောက်ဘက်ကကျောင်းသားတွေ မကြားရမှာစိုးသဖြင့် ကျမရဲ့အသံကို မြှင့်ပြီးရှင်းပြလိုက်သည်။ ကလေးတွေရဲ့ မျက်နှာလေးတွေကိုကြည့်တော့ တချို့ကတော့ ကျမပြောသမျှကို အသေအချာ အာရုံစူးစိုက်နေပုံ၊ တချို့ကတော့ ၀တ်ကျေတန်းကျေ နားထောင်နေပုံ၊ တချို့ကတော့ လူတွေကြပ်သဖြင့် စိတ်ရှုပ်ထွေးနေပုံ.။ ကျမသင်ပြလို့ ပြီးသွားပြီးနောက် သူတို့ကိုယ်တိုင် လက်တွေ့လုပ်ခိုင်းလိုက်သည်။ လက်တွေ့လုပ်နေကြသော ဒုတိယနှစ်ကျောင်းသား ကျောင်းသူများကိုကြည့်ရင်း ကျမရဲ့စိတ်အစဉ်တို့သည် လွန်ခဲ့တဲ့၁၀နှစ်ကျော်သို့ ရောက်ရှိသွားခဲ့သည်။ အဲဒီ့တုန်းကတော့ ကျမကဒုတိယနှစ်ကျောင်းသူပေါ့.။ ကျမရဲ့ ဒုတိယနှစ်က အကြောင်းအရာများကို သတိရမိသည်နှင့် အာရုံထဲမှာ အရိပ်တစ်ခုက ခိုတွယ်လာခဲ့သည်။

***

သူနဲ့ကျမရဲ့ တွေ့ဆုံမှုက ၀တ္ထုတွေထဲကလို စိတ်ကူးယဉ်စရာ မဖြစ်ခဲ့ပါ။ ဖော်မလင်နံ့တွေရနေတဲ့ dissection room မှာဖြစ်သည်။ ပူပြင်းလှသော မတ်လတွင် ဆရာစာသင်တာကို ကျောင်းသားတွေ အလုအယက်တိုးပြီး ကြည့်ရတဲ့ အလွန်အိုက်စပ်ဖွယ် ကောင်းတဲ့ လက်တွေ့စာသင်ချိန်မှာ သူ့ကိုသတိထားမိခဲ့ပါသည်။

ကျမသည် မျက်ဝန်းများကို အလွန်နှစ်သက်သူဖြစ်သည်။ လူတစ်ယောက်ရဲ့အလှကို ဝေဖန်သုံးသပ်လျှင်လည်း မျက်ဝန်းများရဲ့အလှကိုသာ အဓိကကြည့်ရှုသူဖြစ်သည်။ ထိုမျက်ဝန်းများမှ အဓိပ္ပာယ်ရှာရခြင်းကိုလည်း စိတ်ဝင်စားသည်။ ထို့ကြောင့် သူငယ်ချင်းများကဖြင့် eye crazy ဟု နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်။ ထိုသို့ မျက်ဝန်းများကို စိတ်ဝင်စားသော ကျမက မျက်လုံးအလွန်လှသော သူ့ကို မြတ်နိုးမိခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပါ။

ဆရာစာသင်နေတာကို လိုက်ကြည့်နေရင်းမှ မျက်နှာချင်းဆိုင်မှ မျက်ဝန်းတစ်စုံကို သတိထားမိသွားသည်။ ထိုသူ့ကို ကျမ မမြင်ဖူးပါ။ ပထမနှစ်တုန်းကပဲ သတိမထားမိတာလား။ ဒီနှစ်မှပဲ သူကကျောင်းပြောင်းလာသလား မသိပေမယ့် ဒီလိုမျက်ဝန်းမျိုးကိုတော့ တခါမှ ကျမမမြင်ဖူးသည်မှာ သေချာလှပါသည်။ သူ့ရဲ့မျက်ဝန်းများသည် အလွန်လှပါသည်။ မျက်ဝန်းထဲမှ မျက်ဆံသည် မည်းနက်ဝိုင်းစက်နေသည်။ အနက်ရောင်မျက်တောင်များသည်လည်း ခပ်တိုတိုစိပ်စိပ်လေးဖြင့် ယောက်ျားလေးရဲ့မျက်ဝန်းမှန်း သိသာစေပါသည်။ မျက်သားဖြူဖြူမှာလည်း မျက်ဝန်း၏အလှအပကို ထောက်ပံ့ပေးလျက်ရှိသည်။ ဒီလို အစိတ်အပိုင်းတွေ ပေါင်းစပ်လိုက်တော့ အလွန်လှပသော၊ ပဟေဠိဆန်သော မျက်ဝန်းတစ်စုံရလာပါသည်။ သူ့ရဲ့မျက်ဝန်းတစ်စုံမှာ အချိန်ဘယ်လောက်ကြာအောင် နစ်မျောမိသွားသည်မသိ။ ဘေးက သူငယ်ချင်းက လက်နဲ့ပုတ်လိုက်တော့မှပဲ အသက်ဝင်လာတော့သည်။

`ဟင်.. ဘာလဲ´

` ယျ နင်ဘာဖြစ်နေတာလဲ ဆရာစာမေးနေတယ်လေ။ ´

` ဟုတ်လို့လား။ ငါ.. မကြားလိုက်ဘူး။ ´

ကျမက ဟုတ်လို့လားဆိုသော မျက်နှာပေးနဲ့ ဆရာ့ကို မော့ကြည့်လိုက်သည်။ ဆရာကလည်း အမြဲတမ်းသူပြောသမျှကို ဂရုတစိုက်နားထောင်လေ့ရှိတဲ့ တပည့်တစ်ယောက် ဘယ်လိုများဖြစ်သွားပါလိမ့် ဆိုတဲ့ အတွေးမျိုးဖြင့် အံ့သြစွာကြည့်လို့။ ကျန်တဲ့သူငယ်ချင်းတွေကလည်း သတိလက်လွတ်ဖြစ်သွားသော ကျမကိုပဲ ပြုံးစိစိနဲ့ ကြည့်နေကြသည်။ ကျမတကယ်မကြားလိုက်တာပါလား ဆိုတဲ့အသိနဲ့မျက်နှာတခုလုံး ပူနွေးလာသည်။ ကျမဒီလို သတိလွတ်ပြီး ငေးမောသွားရခြင်းရဲ့ တရားခံ သူကတော့.. ကျမကိုလည်း ကြည့်မနေဘဲ ဂရုမစိုက်တဲ့ အမူအရာနဲ့ ဆရာ့ကိုသာ ခပ်တည်တည် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ဒီအချိန်မှာပဲ ဘာရယ်မဟုတ်တဲ့ ခံစားချက်တစ်မျိုး ကျမရင်ထဲမှာ ဖြတ်စီးသွားသည်။ ရင်ဘတ်ထဲက စူးခနဲ အောင့်သလို ခံစားလိုက်ရသည်။ ကျမအတွက် နောင်အခါ ရင်နာရမည့် နိမိတ်ပုံများလား.။

ဆက်ရန်...

9 comments:

Unknown said...

ဇာတ်လမ်းက ဘာမှန်းမသိသေးပေမယ့်
Intro ကတော့ စိတ်ဝင်စားစရာ...
ရဲဘော်ဆက်လုပ်...
င့ါမှာလဲ ဆေးကျောင်းဇာတ်လမ်း ရှိခဲ့ဖူးလို့
Heart ထိသွားပြီ...ဟီး
ပုံမှန်လာမယ်...ဒီဇာတ်လမ်းကို ငါကြိုက်တယ်ဟ။

Anonymous said...

မမရေ.. ကောင်မလေး စောင့်နေတယ်နော်... ပဲာပဲာ.. ပုံမှန်လာမယ်ဗျ... စိတ်ဝင်စားစရာတောင်ဖြစ်သွားပြီ.. :P

မွန် said...

ဒါမျိုးဆိုတော့ နေ့တိုင်းလာချောင်းရတော့မယ် မျက်ဝန်းတွေကို စိတ်ဝင်စားတယ် အရေးအသားကတော့ တကယ့်ကို ပရိုလို့ပြောရတော့မယ်ထင်တယ် သဲရေ

မင်းကျန်စစ်။ said...

ကောင်းခန်းမရောက်သေးခင်တောင် ဖြတ်ထားတယ်နော်။ ကောင်းခန်းရောက်ရင် ဈေးမကိုင်ကြေး ဟတ်ဟတ်။ အိုင်ခရေဆီ မေပျိုပေါ့ :D

ဆောင်းယွန်းလ said...

ဆက်ရန်ခပ်မြန်မြန်ဟေ့
မနှေးအမြန်ရေးမှ
ကောင်းခန်းတွေဖတ်ရမှာမို့...

Anonymous said...

အရမ်းမိုက်တယ် အရေးအသားကတော့။ ဆက်ရန်ပေါ့နော်။ မျှော်နေတယ် သဲရေ။

Kaung Kin Ko said...

ကဲ...တောင်းဆိုနေကြပြီ။ ဆက်ရေးတော့။ :-)

su wai said...

ဇာတ်လမ်းကို ဖတ်လို့ကောင်းကောင်းနဲ့ ဖတ်နေလိုက်တာ ဆက်ရန်...ဆိုမှပဲ အရှိန်ရပ်သွားောတ့တယ်...သဲရေ မအားမှန်း သိပေမယ့် မြန်မြန်လေးနော်...။

Amazing said...

မြန်မြန်ဆက်ပေးပါနော် ကျွန်တော်လည်း မျက်ဝန်း လေးတွေကို မြတ်နိုးတတ်လို့ 
မျော်နေမယ်