Tuesday, February 26, 2008

ခေါင်းစဉ်မရှိတဲ့ပေါက်ကွဲသံ

နှလုံးသားတိုင်း လှုပ်ရှားတတ်ပေမယ့်
ကြင်နာတတ်တဲ့ နှလုံးသား ရှားလိမ့်မယ်
မင်းမယုံရင် ရှာကြည့်စမ်း
ဒီလောက် လူတွေ အများကြီးမှာ
စာနာတတ်တဲ့လူ ဘယ်နှစ်ယောက်များ ရှိမလဲလို့
တိမ်တွေရဲ့မျက်ရည်ကို
မိုးရွာတယ်လို့ မင်းပြောနိုင်တယ်
ဒါပေမယ့် ငါတို့ရင်ထဲက ငိုသံတွေကိုတော့
ဘယ်လိုတေးဂီတသံနဲ့များ ဖုံးလွှမ်းမလဲ
မျက်နှာဖုံးစွပ်ထားတဲ့ ဟန်ဆောင်မှုတွေနဲ့
လာလာပြုံးမပြစမ်းနဲ့
ဒီအပြုံးတွေကို တုံ့ပြန်ပြုံးရမှာ ငါရွံရှာလွန်းလို့ပါ
ငါ ပျိုးထောင်နေတဲ့ မိုးပြာရောင်အိပ်မက်တွေကို
မင်းဖိနပ်နဲ့ မနင်းချေချင်နဲ့
မင်းဖိနပ်ပဲ စုတ်ပြတ်သပ်သွားမယ်
ငါ့အိပ်မက်တွေကတော့ သူတို့အရှင်သခင် `ငါ့´ကို
အမြဲဦးညွှတ်နေမှာပဲ
ငါ့သွေးကြောထဲက သွေးတွေကို
ရဲလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ဖောက်ထုတ်ပစ်နိုင်တယ်
ဒါပေမယ့်
ကဗျာဖွဲ့မယ့် ငါ့နှလုံးသားကိုတော့
ပြက်ရယ်မပြုလိုက်နဲ့
ရင်ထဲက အစိုင်အခဲတွေက
အချိန်မရွေး မီးထတောက်မှာစိုးလို့ပါ
တစ်ခါလေးရှုံးဖူးရုံနဲ့
ဘ၀ဆိုတဲ့ကြိုးဝိုင်းက နုတ်ထွက်ရမယ်လို့
ဘယ်သူမှ မပြောဘူး
အနိုင်ဆိုတာ အရှုံးကစတယ်လို့ မှတ်ထားလိုက်
ဘ၀ဆိုတာ ရေးပြီးသားဝတ္ထုဆိုတဲ့ စကားလေးနဲ့
ငါ့အိပ်မက်ကို မဖျက်ချင်နဲ့
ကြိုးစားရင် ဘာမဆိုဖြစ်တယ်ဆိုတာ ငါယုံတယ်
လျှောက်လှမ်းခဲ့တဲ့ ငါ့သက်တမ်းကို ပြန်ကြည့်လိုက်စမ်း
လဲကျခဲ့ပေမယ့် ပြန်ထနိုင်တယ်ဆိုတာ မင်းတို့မြင်ရလိမ့်မယ်
ဒါ့ကြောင့် ငါ အားနည်းနေတယ်ဆိုပြီး
ဖိနှိပ်ချင်တဲ့စကားတွေ ခဏခဏလာလာမပြောစမ်းနဲ့
မင်း ပြောသမျှကို နားထောင်ရမှာ
ငါ. စာကျက်ပျက်တယ်။

9 comments:

ကလိုစေးထူး said...

ဘာတွေ ဘယ်လိုဖြစ်တယ်တော့ မသိ…၊ ကဗျာဆရာမကတော့ ရေလည် ပေါက်ကွဲနေတယ်။ :)

Winkabar said...

သဲ ပေါက်ကွဲတာ တကယ်ကောင်းတယ်။ လက်ရည်က တဖြည်းဖြည်းနဲ့ကောင်းလာတယ်။ အားပေးနေတယ်နော် သဲ။

Kaung Kin Ko said...

ပေါက်ကွဲတဲ့ ကဗျာထိတယ်။ တပည့်ကြီး တော်ပြီးရင်း တော်လာပြီ။ :D

pandora said...

ကောင်းတယ်
စာကျက်ပျက်တယ်
ဂရုကိုမစိုက်နဲ့

Red's Rose Dream said...

Better Than Before!
I like Your Poem.

lwansay said...

"အနိုင်ဆိုတာ အရှုံးကစတယ်လို့ မှတ်ထားလိုက်
ဘ၀ဆိုတာ ရေးပြီးသားဝတ္ထုဆိုတဲ့ စကားလေးနဲ့
ငါ့အိပ်မက်ကို မဖျက်ချင်နဲ့...."
စာသားလေးတွေ မိုက်တယ်။ တော်တော်ထိတယ်။
ကောင်းလိုက်တဲ့ ရင်ဖွင့်ကဗျာလေး။ ဘာတွေ
ပေါက်ကွဲနေလဲ ညီမလေး။ အဆင်ပြေပါစေနော်.။

ဆောင်းယွန်းလ said...

တိမ်တွေရဲ့မျက်ရည်ကို
မိုးရွာတယ်လို့ မင်းပြောနိုင်တယ်
ဒါပေမယ့် ငါတို့ရင်ထဲက ငိုသံတွေကိုတော့
ဘယ်လိုတေးဂီတသံနဲ့များ ဖုံးလွှမ်းမလဲ
မျက်နှာဖုံးစွပ်ထားတဲ့ ဟန်ဆောင်မှုတွေနဲ့
လာလာပြုံးမပြစမ်းနဲ့
ဒီအပြုံးတွေကို တုံ့ပြန်ပြုံးရမှာ ငါရွံရှာလွန်းလို့ပါ
ကောင်းတယ်ညီမလေးရေ..ကဗျာလေးကိုကြိုက်တယ်

Anonymous said...

ပေါက်ကွဲနေပါလား မမရယ်.. ဘယ်လိုဖြစ်တာတုန်း.. ကောင်းတယ်နော် မမ.. စာသားတွေ လန်းလို့.. :)

Unknown said...

အခုမှ တွေ့တယ်...။ကဗျာ တွေကို ကိုယ်ပိုင် ခံစားချက် ထက် ပ၇ဟိတ ဘက်ကို လေးပြီးေ၇းပေးခဲ့ ၇င် ပိုပြီး ထက်မြက်လာမဲ့ ကလောင်ရှင်လေးဖြစ်နိုင်ပါတယ်...။အားပေးပါတယ်..။