Friday, February 29, 2008

ကဗျာဆရာတစ်ယောက်အကြောင်း

ဒီနေ့ဆိုရင် ကိုကျော်(ကိုနေဘုန်းလတ်)ကို ခေါ်သွားကြတာ တစ်လပြည့်ခဲ့ပါပြီ။ ကိုကျော့်ကို သတိရတဲ့အတွက် ကျမ ကဗျာလေး တစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ အခု ဒီကဗျာလေးကို တင်ပေးပါ့မယ်နော်။

တခါတုန်းက …
တိုင်းပြည်ကို အရမ်းချစ်တဲ့
လူငယ်တွေကို တိုးတက်စေချင်တဲ့
မိသားစုကို အချစ်ကြီးတဲ့
မိတ်ဆွေတွေကို ခုံမင်တဲ့
ပရိသတ်ကို လေးစားတဲ့
ကဗျာဆရာတစ်ယောက်
ရှိခဲ့တယ်။

သူ့ရဲ့နှလုံးသားကို ရင်း၍
အနုပညာပန်းတွေကို
ပွင့်လန်းစေခဲ့တယ်။

တနေ့မှာတော့..
ရင်ဘတ်ထဲက လွတ်ကျလိုက်တဲ့
အနုပညာတွေ ပေါင်းစုပြီး
မြို့တော်ကြီးတစ်ခုကို..
သူ..တည်ထောင်ခဲ့တယ်။
အဲဒီ့မြို့တော်နာမည်က…
`ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်´တဲ့..။


ဧရာဝတီမြစ်က
အရှိန်နဲ့စီးဆင်းလေတော့
ကဗျာဆရာလည်း
မြစ်ငယ်၊ချောင်းငယ်အသွင်နဲ့
ဝင်ရောက်စီးမျောခဲ့တယ်..။

ဒီလိုနဲ့ပဲ..
ဇန်န၀ါရီရဲ့ နေ့လည်တစ်ခုမှာတော့..
ငရဲသားတွေက ကဗျာဆရာကို
အမှောင်တစ်နေရာဆီသို့
ခေါ်ဆောင်သွားခဲ့တယ်..။

ဒီနေ့ဆိုရင်..
သူတို့ ခေါ်ဆောင် သွားတာ
တစ်လတောင် ပြည့်ရောပေါ့..။
သူ့မြို့တော်ကြီးလည်း စောင့်ရှောက်သူမဲ့ခဲ့တာ
တစ်လပြည့်ပြီပေါ့..။
သူလည်း အမှောင်ထဲမှာ ရှင်သန်နေရတာ
တစ်လပြည့်ရောပေါ့..။

မျှော်နေပါတယ်..။
သူ့ရဲ့မြို့တော်ကြီးရော..
သူ.. ချစ်တဲ့မိသားစုကရော..
သူ..တွယ်တာရတဲ့သူငယ်ချင်းတွေကရော..
သူ့ကို လေးစားတဲ့ ပရိသတ်တွေကရော..
သူ… ပြန်လာမယ့်တနေ့နေ့ကို..
မျှော်လင့်နေပါတယ်..။

ယုံလည်းယုံကြည်နေတယ်..
`အမှန်တရားက နိုင်ကိုနိုင်ရမယ်´
`ကိုကျော်လည်း လွတ်မြောက်လာရမယ်´ လို့လေ။


6 comments:

Kaung Kin Ko said...

ကဗျာလေးခံစားသွားတယ်း-(

Anonymous said...

မှန်တယ် သဲရေ `အမှန်တရားက နိုင်ကိုနိုင်ရမယ်´
`ကိုကျော်လည်း လွတ်မြောက်လာရမယ်´ ဆိုတာ။ ၀ိုင်းဆုတောင်းပေးနေပါတယ်နော်။

Unknown said...

သဲရေ...

အမှန်တရားကို နတ်စောင့်ပါတယ်.....
သူက ပေးဆပ်နေတာပါ.....
အမှန်တရားအတွက်
ကိုကျော့်ကို ဂုဏ်ယူပါတယ်...

ဆုတောင်းပေးပါတယ်...
လွတ်မြောက်ပျော်ရွှင်နိုင်ပါစေ....
မိသားစု အားလုံးသူငယ်ချင်းညီအစ်ကိုလုံးနဲ့ထပ်တူ...

Anonymous said...

အမှန်တရား ရှိနေတဲ့အတွက် တစ်နေ့ တော့ အနိုင်ရမှာပါ ညီမလေးရေ့...........။
အမြန်ဆုံးလွတ်မြောက်ပါစေလို့  ထပ်တူဆုတောင်းပါတယ်ဗျာ..............။

ဒီဇင်ဘာနှင်း said...

အမှန်တရားကို ဘာနဲ့မှ ဖုံးကွယ်လို့ မရပါဘူး မေပျိုရေ ကဗျာလေးကအရမ်းကောင်းပါတယ်

ရွှန်းမီ said...

wishing he is safe and stay with hope.