သိချင်လှပြီ..။
သူ.. ဘယ်သူလဲဆိုတာ ကျမ သိချင်လှပါသည်။
***
ရေမိုးချိုးပြီးသည်နှင့် အ၀တ်အစားကို ရွေးချယ်နေမိသည်။ ဘာဝတ်ရင် ကောင်းမလဲ။ ဂျင်းဘောင်းဘီ ကျပ်ကျပ်လေးနဲ့ ခပ်မိုက်မိုက်ပုံစံ ၀တ်ရအောင်လည်း ကျမရုပ်ရည်က စတိုင်မိမိနှင့် ခေတ်ဆန်သည့် ရုပ်ရည်မျိုးမဟုတ်ပါ။ (ခေတ်မဆန်သော ရုပ်ရည်နှင့် လန်နေအောင် ၀တ်ထားသော မိန်းကလေးများကို ကျမဘယ်လိုမှ သဘောမကျနိုင်ပါ။) ဒါဆို စကတ်လေး ၀တ်ရမည်လား။ စကတ်နှင့်ဆိုရင်တော့ ကျမပုံစံနှင့် လိုက်ဖက်မည်ဖြစ်သည်။ ကြည့်ကောင်းမည်ထင်သော အကျီနှင့်စကတ်ကို တွဲဖက်ဝတ်ဆင်လိုက်သည်။
မေမေပြင်ကျွေးသော မနက်စာကို စားသောက်ပြီးနောက် လိုက်ပို့မည့်ကားကို စောင့်နေလိုက်သည်။ သည်နေ့မှပဲ ကားဆရာ ဦးလေးကြီးက နောက်ကျနေသည်။ ကျမက အတန်းထဲကို သူများထက် အရင်ရောက်မှ ကျေနပ်တတ်သူ။ ဆရာစာသင်နေမှ ၀င်ရမည့်အရေးကိုတွေး၍ ကျမသေမလောက် ရှက်လှပါသည်။ နာရီကိုကြည့်လိုက်တော့ ကျမစောင့်နိုင်သည့် အတိုင်းအတာကလည်း လွန်နေပြီ။ အမြန်ဆုံးသွားနိုင်မည်ဆိုရင်တောင် ယခုသွားကာမှ မီရုံကျပေမည်။ ဆုံးဖြတ်ပြီးသည့်အတိုင်း ကျမထိုင်ရာမှ ထလိုက်သည်။ ကျမ တက္ကစီနှင့်ပဲ သွားတော့မည်ဟု မေမေ့ကို ပြောရမည်လေ။ မေမေ့အား နှုတ်ဆက်ပြီး ဖုန်းကိုကိုင်ကာ အိမ်ကနေ ထွက်ခဲ့သည်။
တက္ကစီပေါ်ရောက်သည်မှ မကြာသေး..။ ကျမဖုန်းမှ အချက်ပြသံလေး မြည်လာသည်။ ကျမကိုယ်တိုင် သွင်းထားသည့်အသံလေးမို့ ကျမမှတ်မိနေပါသည်။ ကျမထံသို့ တစ်စုံတစ်ယောက် မတ်စေ့ဂ်ျပို့နေပြီ။
` Have a nice day, thansin.
with love,´
ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ကျမ မသိသော ဖုန်းနံပါတ်တစ်ခု..။ ကျမ နည်းနည်းတော့ အံ့သြသွားပါသည်။ ကျမဖုန်းနံပါတ်ကို သိသောသူများမှာ လက်ချိုးရေ၍တောင် ရနိုင်ပါသည်။ သူ.. ဘယ်သူများ ဖြစ်နိုင်မည်နည်း။ ပထမတော့ ဖုန်းမှားပို့သည်ဟု ထင်မှတ်ခဲ့သည်။ ဖုန်းမှားပို့သည် ဆိုရအောင်လည်း ကျမနာမည် အတိအကျကိုက မတ်စေ့ဂ်ျထဲမှာ ပါနေသည်။ ဒါ့အပြင် သည်ဖုန်းနံပါတ်နှင့် ကျမထံ မတ်စေ့ဂ်ျပို့နေသည်မှာ ဒီနေ့နှင့်ဆို သုံးရက်တောင် ရှိပြီ။ ကျမ ခံစားချက်ရောင်စုံကို တပြိုင်နက်ထဲ ခံစားလိုက်ရသည်။ ဘယ်သူမှန်း မသိသောကြောင့် စိတ်ညစ်ညူးရသည်။ မသိသောလူတစ်ယောက်က (ကိုယ့်နာမည်အတိအကျဖြင့်) မတ်စေ့ဂ်ျပို့သောကြောင့် မိန်းကလေးပီသစွာ အနည်းငယ်ဂုဏ်ယူချင်နေပါသည်။ သို့သော် ကျမသည် ထူးခြားစွာ ချောမောလှပသူတစ်ယောက်တော့ မဟုတ်ပါ။
ကျမစီးလာသော ကားလေးသည် အရှိန်မြန်မြန်ဖြင့် ရွေ့လျားနေပါသည်။ ကျမစိတ်ထင်တော့ ကျမအိမ်က ကားထက်ပင် ပို၍အရှိန်မြန်လှပေသည်။ ကားမှန်ဖွင့်ထားသဖြင့် မနက်စောစော လေစိမ်းသည် ကျမမျက်နှာအား စိမ်းသက်စွာ တိုက်ခတ်နေပါသည်။ ရေချိုးပြီးလာခဲ့သဖြင့် ကျမကိုယ်ခန္ဓာမှာ အနည်းငယ် အေးစက်နေပါသည်။ သို့သော် ကားမှန်တင်ဖို့အတွက်တော့ ကျမစိတ်ကူးမရှိပါ။ တဖြူးဖြူးတိုက်ခတ်နေသော လေတွေနှင့်အတူ သူ.. ဘယ်သူလဲဆိုတာ စဉ်းစားရသည်မှာ ကျမအတွက် တမျိုးစိတ်ဝင်စားဖွယ် ကောင်းလေသည်။
ကားရပ်သွားတော့မှ ကျမသတိထားလိုက်မိသည်။ တက္ကစီက ကျမတို့သင်တန်းရှေ့ကို ရောက်နေပြီပဲ။ ခါတိုင်း နာရီဝက်ကြာအောင် သွားရသော အသွားခရီးသည် ယခုတော့ ငါးမိနစ်လောက်သာ ကြာသလိုလို..။ ကျသင့်ငွေကို ထုတ်ပေးပြီး သင်တန်းရှိရာ အဆောက်အဦးထဲသို့ ၀င်လိုက်သည်။ ၀င်ပေါက်မှာ စောင့်နေသော ဦးလေးကြီးက ကျမကို မြင်သည်နှင့် နှုတ်ဆက်နေကြအတိုင်း နှုတ်ဆက်လိုက်သည်။
` good morning!!! ´
ကျမ ပြန်လည်နှုတ်ဆက်ပြီး အပေါ်ထပ်သို့ ဆက်တက်လာခဲ့သည်။ ကျမရောက်သွားတော့ သင်တန်းစရန် ၁၀မိနစ်သာသာ လိုတော့သည်။ အခြားအတန်းက သင်တန်းသားတွေကလည်း သူတို့အခန်းရှေ့မှာ မတ်တပ်ရပ်လို့..။ အနည်းငယ်ကျန်သော အချိန်များအား ထိုသူတွေကို အကဲခတ်ရင်းနှင့်သာ ကုန်ဆုံးလိုက်ပါသည်။ ကျမလှမ်းကြည့်နေသည်ကို တွေ့သွားပြီး ကျမထက် လယ်ဗယ်တစ်ခု ပိုမြင့်သော အတန်းမှ အကိုကြီးတစ်ယောက်က ကျမအား ပြုံးပြသည်။ သူများ ဖြစ်မလား..။ ကျမတွေးကြည့်မိပါသည်။ သို့သော်ကျမ မည်သို့မျှ မခန့်မှန်းတတ်ပါ..။
<ဆက်ရန်>
10 comments:
သိရမှာပါ စိတ်ရှည်ရတယ် ကွဲ့ ... အေးအေး ဆေးဆေး စောင့်နေ ... မပြာနဲ့ :D
အမယ် မက်ဆေ့ခ်ျ ပို့ မယ့်သူတွေ ဘာတွေနဲ့ တယ်ဟုတ်နေပါလား။ :D
မမရေ... မြန်မြန်ဆက်တော့ဗျ။ သိချင်လှပြီ။ ဘယ်သူပို့နေလဲဆိုတာ။ ကောင်မလေးလည်း အဲ့ဒါမျိုးဆို တော်တော်စိတ်ဝင်စားတယ်။ :P
မက်ဆေ့ပို့ တာက ရိုးရိုးလေးပါပဲလားး ကောင်းပါ့ဗျာ. ဆက်ရန်ကိုစောင့်မျှော် အားပေးနေပါတယ်ဗျား)
ဟာ မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်တော် မဟုတ်ဘူး။ ဟိဟိ ဒူလေး ဖြစ်မလဲဟင်။ ချစ်ဆာလေးလားဟင်။ ကဲ ဆက်ရေးမယ့် ရက်ကို စောင့်ဖတ်နေမယ်နော်။ ရေးတတ်ချင်တယ်ဗျာ။ အဲလို ရိုးရိုးလေးနဲ့ အဆင်ပြေအောင်။
ဆက်ရန်မျှော်ပြီးဘယ်သူလဲဆိုတာစောင့်ကြည့်မယ်ဟေ့
မေပျိုရေ ဘယ်သူလဲ သိချင်လှပြီ
လုပ်ပြီ သဲကတော့။ ဖြတ်ထားပြန်ပြီ။ မြန်မြန်လေးဆက်နော်။ မျှော်နေမယ်။
ဆရာမလေး မြန်မြန်ရေးရင်ရေး ။မရေးရင် ပေးထားတဲ့မွေးနေ့လက်ဆောင် ပြန်တောင်းမယ် ဒါပဲ။
ချစ်တဲ့
မွန်းသက်ပန် (ဆေး-၁)
သိချင်လှပြီ...သူ.. ဘယ်သူလဲဆိုတာ...
မြန်မြန်လေး ဆက်ရေးပါ...
Post a Comment