ကျမကတော့   လက်တွဲဖော်ဆိုတဲ့  အသုံးအနှုန်းထက်  ဖူးစာရှင်ဆိုတဲ့  စကားလုံးလေးကို  ပိုနှစ်သက်မိပါတယ်။  လူတစ်ယောက်မှာ ဘ၀တစ်ခု  စပြီးဆိုကတည်းက  အဲဒီ့လူကိုယ်တိုင်က  မသိပေမယ့်  ဖူးစာရှင်ဆိုတာ  ပါလာမှာပဲလို့  ကျမကတော့  ယုံကြည်မိပါတယ်။  ဒီဖူးစာကြောင့်ပဲ  တစ်ခါမှမသိကျွမ်း  မရည်းနှီးဖူးတဲ့  လူနှစ်ယောက်က  အပြန်အလှန်နှစ်သက်ပြီး  ပေါင်းသင်းနိုင်တယ်လို့  ယူဆမိပါတယ်။  ဖူးစာဆိုတာကို  ယုံကြည်ပေမယ့်လည်း  လူဆိုတဲ့  သဘာဝအရ  စိတ်ကူးယဉ်ပုံဖော်ထားတဲ့  ဖူးစာရှင်လေးတော့  ရှိတာပေါ့နော်။  ကဲ.. ကဲ  ရေးတော့မယ်နော်။  စိတ်ကူးထဲက သတို့သားလေးအကြောင်း..။
      ခံစားချက်
၁။   မိန်းကလေးတွေအတွက်  သူချစ်က  အသင့်တော်ဆုံးလို့  ပြောလေ့ရှိပေမယ့်   ကျမကတော့   ကိုယ်ချစ်ကိုပဲ  ရှာချင်ပါတယ်။  (  ကိုယ်မနှစ်သက်တဲ့  လူတစ်ယောက်ရဲ့ ပြာပြာသလဲ ဂရုစိုက်မှုထက်စာရင်  ကျမအတွက်တော့  ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့  ဥပေက္ခာပြုမှုကတောင် ပိုပြီးချိုမြိန်မလားပဲ။   ) သူကပါ  ကျမကို  အရမ်းချစ်တယ်ဆိုရင်တော့   ကျမကံကောင်းတယ်လို့ ပြောရမှာပေါ့။
    ၂။    မြင်မြင်ချင်း  ရင်မခုန်နိုင်ရင်တောင်  တစိမ့်စိမ့်ကြည့်ပြီး  မြတ်နိုးနိုင်တဲ့လူဖြစ်စေချင်ပါတယ်။  (  အချစ်က  အိမ်ထောင်တစ်ခုမှာ  အတိုင်းအတာတစ်ခုအထိ  သည်းခံမှုပေးသတဲ့။ )
    ၃။     ကျမ  အထင်ကြီးလေးစားနိုင်သူ  ဖြစ်ရမည်။  ( ကိုယ်ကိုယ်တိုင်ကမှ  အထင်မကြီးတဲ့လူတစ်ယောက်ကို  အိမ်ဦးနတ်အဖြစ်တော့ ဘယ်လိုမှ  လက်မခံချင်ပါ။ )
    ဘာသာနဲ့လူမျိုး
    ၄။   ဗုဒ္ဓဘာသာဖြစ်ရမည်။  (ဘာသာမတူပါက  ဘယ်လောက်ပဲချစ်နေပါစေ။  စဉ်းစားမည်မဟုတ်ပါ။ )
    ၅။   မြန်မာလူမျိုးဖြစ်လျှင်  ပိုကောင်းသည်။ 
    စိတ်နေစိတ်ထား
    ၆။   ဖြောင့်မတ်တည်ကြည်၍     ကြင်နာသနားတတ်သူ၊      ကတိသစ္စာ          တည်သောသူမျိုးကိုသာ  နှစ်သက်ပါသည်။  
    ၇။     စိတ်သဘောထားနူးညံ့၍    လူကြီးမိဘကို  ရိုသေသူဖြစ်ရမည်။  ( မိဘသဘောတူဖို့ကတော့ အရေးကြီးဆုံးပါပဲ။)
    ၈။        အမှန်တရားကို  နှစ်သက်မြတ်နိုးပြီး  နားလည်မှုရှိသူဖြစ်ရမည်။
၉။  ဆင်းရဲချမ်းသာကို  မကြည့်ပေမယ့်  ဥာဏ်ရည်ဥာဏ်သွေးကို  အလေးထားပါသည်။ ကျမထက်မတော်ရင်တောင်  ကျမအောက်  မညံ့သူဖြစ်ရပါမည်။
 
    ရုပ်ရည်
    ၁၀။   ချစ်မိသွားရင်  ရုပ်ရည်ကလည်း  အဓိကမကျတော့ဘူးတဲ့။  ဒါလည်းဖြစ်နိုင်ပါတယ်လေ။  ဒါပေမယ့်  မျက်လုံးပြူးပြူး၊ အရပ်မြင့်မြင့်နဲ့  ကြည့်ပျော်ရှုပျော်ရုပ်ကလေးတော့လည်း  လိုချင်သား။   (မျက်မှန်လေးနဲ့ဆို  ပိုကောင်းပါသည်။ )
    ၁၁။    ခပ်တည်တည်နေသူကိုသာ  နှစ်သက်တတ်ပြီး  ထိုသူ့ထံမှ ရှားရှားပါးပါးအပြုံးကိုသာ မက်မောတတ်ပါသည်။ 
    အလုပ်အကိုင်
    ၁၂။   အလုပ်လက်မဲ့မဖြစ်ရ။  ဆရာဝန်ဖြစ်လျှင်  ပိုကောင်းသည်။  (ပညာတူ၊  ၀ါသနာတူ၊ စိတ်တူ သဘောတူဆိုတော့  ကောင်းတာပေါ့နော်။ )
    ၁၃။      ကျမရဲ့ဆိုက်ကိုလားတော့ မသိဘူးနော်။  စစ်နဲ့ဆိုင်တဲ့  အလုပ်မျိုးလုပ်သူတော့  မဖြစ်စေချင်ပါ။  (စစ်ဆရာဝန်ဆိုရင်တောင်  စဉ်းစားမည်မဟုတ်။ )
    အသက်အရွယ်
    ၁၄။   ရွယ်တူဖြစ်လျှင်  ပိုကောင်းပါသည်။  လေးနှစ်ကနေ  ငါးနှစ်လောက်အထိ  ကြီးတာဆိုရင်လည်း လက်ခံနိုင်ပါသည်။
အသောက်အစား
၁၅။   ဆေးလိပ်သောက်ခြင်းကိုတော့  လက်မခံနိုင်ပါ။ (ကျမက ဆေးလိပ်နံ့မခံနိုင်ဘူးလေ။ နောက်ပြီး ဆေးလိပ်နံ့ကို  ရှူမိရုံနဲ့ ရောဂါရနိုင်တယ် မဟုတ်လား။ )
၁၆။   အရက်တို့  ဘီယာတို့ကတော့  ကိုယ်ဘယ်လောက်တားတား  သောက်မှာပဲမို့  အလွန်အကျွံမဟုတ်ရင်ပဲ  တော်ပါပြီ။  (မိန်းမရှုပ်တဲ့ကိစ္စကတော့  ကျမရဲ့ကံလို့ပဲ  သဘောထားပါတယ်လေ။ နောင်အခါ သူရှုပ်မလား မရှုပ်ဘူးလားဆိုတာကို  ကျမမှ  မသိနိုင်ဘဲလေ။ )
 
    ကျမဘက်ကလည်း  သူစိတ်တိုင်းကျဖြစ်အောင်  တတ်နိုင်သမျှ  လိုက်လျောပေးမှာပါ။  ကျမလိုချင်တာတွေက  အရမ်းများသွားပြီလား  မသိဘူးနော်။  မတတ်နိုင်ဘူးလေ။ စိတ်ကူးယဉ်တာပဲ။ ဘယ်လောက်ယဉ်ယဉ်  ဖြစ်တယ်မဟုတ်လား။  ဒီအချက်တွေအားလုံးနဲ့  ပြည့်စုံမယ့်   သတို့သားလောင်းလေး  ရပါစေလို့  ဆုတောင်းပေးကြနော်။  
    မလေးမရေ.  ဒီလောက်ဆို  ကျေနပ်ပြီမဟုတ်လား။ ဘယ်သူ့ကို  ထပ်tagရရင်  ကောင်းမလဲလို့  စဉ်းစားကြည့်တော့   ကျမတို့ရဲ့  အတွေးရပ်ဝန်းထဲက  မဆုဝေကိုပဲ tagပါရစေ။  အမရေ..  လက်တွဲဖော်လေးအကြောင်း  ရေးပေးနော်။