Friday, September 21, 2007

ကျမနှင့်စကားမပြောတတ်သောသူငယ်ချင်းများ

ကျမမှာသူငယ်ချင်းတွေ အများကြီးရှိပါတယ်။ ဒီပို့စ်ကတော့ ကျမရဲ့စကားမပြောတတ်တဲ့ သူငယ်ချင်းများအကြောင်းပါ။ ဖတ်ကြည့်ပေးပါဦးနော်.


ကျမမွေးလာကတည်းက အသက်၅နှစ်လောက်အထိ တစ်ဦးတည်းသောသမီးဘ၀နဲ့ နေခဲ့ရတာပါ။ ကျမ၅နှစ်အရွယ် မူလတန်းတက်တဲ့အချိန်ကျမှ မေမေကကျမအတွက် မောင်လေးတစ်ယောက် မွေးပေးခဲ့တယ်လေ။ အဲဒီ့တော့ ကျောင်းမတက်ခင် အိမ်မှာနေတဲ့အရွယ်တလျှောက်လုံး ကျမမှာသူငယ်ချင်းဆိုပြီး မယ်မယ်ရရမရှိပါဘူး။ အရုပ်လေးတွေကသာ ကျမရဲ့သူငယ်ချင်းဖြစ်နေခဲ့ပါတယ်။ ကျမကငယ်ငယ်ကတည်းက အစွဲအလန်းလည်းကြီးပါတယ်။ ကျမ၂နှစ်လောက်တုန်းက မေမေကျမအတွက် အရုပ်လေးတစ်ရုပ်ဝယ်ပေးခဲ့ပါတယ်။ နေ့နေ့ညညအဲဒီ့အရုပ်ကလေးနဲ့ပဲ ကျမဆော့ခဲ့တာပါ။ အခြားတန်ဖိုးကြီးတဲ့အရုပ် ၀ယ်ပေးမယ်ဆိုရင်တောင် မရပါဘူး။ ဒီအရုပ်ကလေးကသာ ကျမရဲ့သူငယ်ချင်း၊ ကျမရဲ့မောင်နှမ ဖြစ်နေခဲ့ပါတယ်။ ကျမကိုမေမေဆူတဲ့အခါ၊ ရိုက်တဲ့အခါတွေမှာ အရုပ်ကလေးက ကျမရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ရင်ဖွင့်ဖော်ရင်ဖွင့်ဖက် ဖြစ်လာပါတယ်။ ကျမပြောသမျှကို အကုန်ထောက်ခံပြီး ကျမဘက်မှာပဲ အမြဲရပ်တည်ပေးခဲ့တဲ့အတွက် ကျမရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်နေခဲ့တာပေါ့...


ကျမမူလတန်းစတက်တော့ ကျမမှာသူငယ်ချင်းတွေ အများကြီးရလာပါတယ်။ ဒါပေမယ့်အရုပ်လေးနဲ့ ကျမရဲ့ခင်မင်မှုကတော့ မပျက်ခဲ့ပါဘူး။ ကျမမှာနောက်ထပ် စကားမပြောတတ်တဲ့ သူငယ်ချင်းတွေလည်း တိုးလာခဲ့ပါတယ်။ သူတို့ကတော့ ပုံပြင်စာအုပ်လေးတွေပဲ ဖြစ်ပါတယ်။ ကျမကကျောင်းစမတက်ခင်ကတည်းက မေမေရဲ့ကျေးဇူးကြောင့် စာဖတ်တတ်ခဲ့ပါတယ်။ ဒီတော့ပုံပြင်စာအုပ်လေးတွေနဲ့ကျမက ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းတွေဖြစ်လာတာပေါ့။ မဆိုသလောက်လေး အသက်ကြီးလာတဲ့အတွက် အရုပ်မလေးနဲ့တုန်းကလို ကိုယ်ကချည်းစကားမပြောဖြစ်တော့ပါဘူး။ ပုံပြင်စာအုပ်လေးတွေ ပြောပြတဲ့ပုံပြင်လေးတွေကို နားထောင်တတ်လာပါတယ်။ သူတို့နဲ့သူငယ်ချင်းလုပ်ရတဲ့အတွက် အသိပညာတွေလည်း တိုးတက်လာခဲ့ပါတယ်။ ပုံပြင်ထဲကသဘောကောင်းတဲ့မင်းသမီးလေးတွေကို အားကျတတ်လာသလို၊ သူရဲကောင်းတွေကိုလည်း သဘောကျလာပါတယ်။ ဒါပေမယ့်ကျမမောင်လေးနဲ့ ရန်ဖြစ်တဲ့အချိန်မှာတော့ အရုပ်မလေးနဲ့တိုင်ပင်တုန်းပါဘဲ

ကျမအလယ်တန်းကျောင်းသူဖြစ်လာတော့ မေမေကနောက်ထပ် သူငယ်ချင်းတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ကျမကိုစာကျက်ဖို့ သတိပေးမယ့် နှိုးစက်နာရီလေးပါဘဲ။ ကျမမနက်စောစောနိုးဖို့လိုအပ်တဲ့အခါ ကျမသူငယ်ချင်းနှိုးစက်လေးကို ပြောပြထားရပါတယ်။ ကျမထရမယ့်အချိန်ရောက်ရင် သာယာတဲ့အသံလေးနဲ့သူက နှိုးပေးလေ့ရှိပါတယ်။ ကျမ မထမချင်းသူကနှိုးနေတော့တာပါပဲ။ ကျမကသူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ သူဗိုက်ဆာတိုင်းဓါတ်ခဲလေးတွေကို ထည့်ပေးရတာပေါ့။ သူ့ရဲ့ကူညီမှုနဲ့ပဲ ကျမအတန်းထဲမှာ အဆင့်မြင့်မြင့်နေရာကို ရပ်တည်နေနိုင်ခဲ့ပါတယ်။ကျေးဇူးကမ္ဘာပါနာရီလေးရယ်…

ဒီလိုနဲ့ပဲကျမလည်းအသက်တွေ တဖြည်းဖြည်းကြီးလာပြီး အထက်တန်းကျောင်းသူဖြစ်လာပါတယ်။ စာတွေကျက်ရတာ အရင်ကထက်များလာတော့ ကျမသူငယ်ချင်းလေးတွေနဲ့ တွေ့ဆုံချိန်ဟာနည်းလာပါတယ်။ ကျမစာကျက်ရင်း ပင်ပန်းလာတဲ့အခါမှာတော့ ကျမရဲ့သူငယ်ချင်းတွေနဲ့ အဖော်ပြုပေးလေ့ရှိပါတယ်။ အရင့်အရင်နှစ်တွေကလိုပဲ နှိုးစက်လေးကကျမကိုနှိုးပေးလိုက်၊ ပုံပြင်လေးတွေက လိမ္မာအောင်သွန်သင်လိုက်၊ အရုပ်မလေးက စိတ်ညစ်သမျှကို နားထောင်ပေးလိုက်နဲ့ပေါ့။ အကြောင်းတိုက်ဆိုင်စွာ နောက်ထပ်သူငယ်ချင်း ရောက်လာခဲ့ပါတယ်။ ကျမခံစားချက်မှန်သမျှကို သူ့ကိုယ်မှာရေးချလို့ရတဲ့ ဒိုင်ယာရီစာအုပ်လေးပါဘဲ။ ကျမရဲ့အမှတ်တရတွေကို ရေးလို့ရအောင် ကျမရဲ့အဘိုးက၀ယ်ပေးခဲ့တာပါ။ သော့ကလေးနဲ့ ဒိုင်ယာရီစာအုပ်လေးကို ကျမပျော်ရွှင်စွာပဲ သူငယ်ချင်းတော်လိုက်ပါတယ်။ သူ့ရဲ့စာမျက်နှာတိုင်းမှာ ကျမရဲ့အောင်မြင်မှုများ၊ ၀မ်းနည်းမှုများ၊ ပျော်ရွှင်မှုများ၊ စိတ်အလိုမကျမှုများကို ရေးမှတ်လေ့ရှိပါတယ်။ သူကတော့ သော့ကလေးဖွင့်လိုက်တိုင်း အပြုံးနဲ့ကျမကို ကြိုဆိုဆဲပါဘဲ။ ဒီလိုနဲ့ကျမဆယ်တန်းဖြေမယ့်အချိန်ကို ရောက်လာပါတယ်။ စာချည်းပဲကျက်နေရတော့ သူငယ်ချင်းတွေနဲ့လည်း ဝေးနေခဲ့တာပေါ့။ မေမေနဲ့ဖေဖေရဲ့အားပေးမှု၊ ဆရာဆရာမတွေရဲ့သင်ကြားမှုနဲ့ ကျမဆယ်တန်းကို အောင်မြင်ခဲ့ပါတယ်...

ဆယ်တန်းအောင်ပြီးတော့ ကျမချစ်တဲ့ပုံပြင်စာအုပ်လေးတွေက သူတို့ထက်ဥာဏ်ပညာကြီးမားတဲ့ စာပေတွေကိုဖတ်ဖို့ လမ်းညွှန်ပေးခဲ့ပါတယ်။ မှီဝဲစရာ၊ဆည်းပူးစရာ မကုန်နိုင်တဲ့တက္ကသိုလ်ကြီးမှာလည်း ကျမချစ်ရတဲ့သူငယ်ချင်းလေးတွေ ရခဲ့ပြန်ပါတယ်။ သူတို့တွေကတော့ လက်တွေ့လုပ်တိုင်းဝတ်ရတဲ့ဂျူတီကုတ်၊ လက်ချာလိုက်တိုင်းမှတ်ရတဲ့ ရောင်စုံဘောပင်လေးတွေနဲ့ ကျမချစ်တဲ့ တယ်လီဖုန်းလေးပဲဖြစ်ပါတယ်။ လက်တွေ့လုပ်ရတဲ့အခါတိုင်း ကျမကိုအစွန်းအထင်းတွေ၊ အပူလောင်မှုများမှ ဂျူတီကုတ်လေးများက ကာကွယ်ပေးပါတယ်။ ကျမရဲ့ ရဲစွမ်းထက်တဲ့သူငယ်ချင်းလေးပေါ့လေ။ နောင်နှစ်တွေကျရင်တော့ သူကိုဝတ်တိုင်းကျမဂုဏ်တက်ရမှာပေါ့။ရောင်စုံဘောပင်လေးတွေကလည်း ကျမစာကျက်တိုင်း အရေးကြီးတာတွေ မကျန်ခဲ့စေရအောင် သတိပေးလေ့ရှိပါတယ်။ စာကျက်ရင်းသူတို့ကိုမြင်ရတိုင်း ကျမစိတ်တွေကြည်လင်နေခဲ့ပါတယ်။ ကျမရဲ့တယ်လီဖုန်းလေးကလည်း မေမေတို့ကျမကို စိတ်မပူရအောင် ဆက်သွယ်နိုင်မယ့် သူငယ်ချင်းလေးအဖြစ်နဲ့ တည်ရှိနေခဲ့ပါတယ်...

အခုကျမဒုတိယနှစ်ကို ရောက်ပါပြီ။ကျမမှာ ချစ်စရာစကားမပြောတတ်တဲ့ သူငယ်ချင်းလေးတွေလည်း တော်တော်ကိုများနေပါပြီ။ ကျမရဲ့သူငယ်ချင်းလေးတွေကတော့ ကျမကိုတစ်နည်းမဟုတ်တစ်နည်း အကူအညီပေးနေဆဲပါဘဲ။ နောက်ထပ်နောက်ထပ် ဘယ်လိုချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေ ကျမဆီကို ရောက်လာမလဲဆိုတာကို မျှော်လင့်ရင်း……

1 comment:

su wai said...

သဲရေ
သဲရဲ့ စကားမပြောတတ်တဲ့ သူငယ်ချင်းလေးတွေကလဲ သူတို့အကြောင်းကို အရေးတယူနဲ့ ရေးပေးလို့ သဲကို ကျေးဇူးတင်နေကြမှာပဲနော်...။ တခါတလေကျရင် စကားမပြောတတ်တဲ့ သူငယ်ချင်းတွေက စကားပြောတတ်တဲ့ သူငယ်ချင်းတွေထက် ကိုယ့်ကို ပိုပြီး နားလည်ပေးတတ်ပါတယ်။