Wednesday, September 26, 2007

အိမ်ပြန်ချိန်ကိုမျှော်နေသူ...

နောက်နေ့တွေကျရင် ပို့စ်အသစ်တင်လို့ ရပါ့မလားတောင်မသိပါဘူး။ ဒါကြောင့်အခုတင်ပေးထားတာပါ။ ကျမတင်လို့ရသရွေ့တော့ ဆက်တင်ပါဦးမယ်....

ကောင်းကင်ကြီးတောင် အလင်းရောင်မရှိတော့ဘဲ နေ၀င်နေပြီဘဲ… ငှက်ကလေးများအိပ်တန်းတက်ချိန်တန်တော့မယ်… ဒီအချိန်မှာ အသိုက်ကိုမပြန်နိုင်တဲ့ငှက်ကလေးတွေ ဘယ်နှကောင်များတောင် ရှိနေမှာလဲ… မိုးရဲ့ခြိမ်းခြောက်မှုကြောင့်များ အိမ်မပြန်နိုင်ကြတာလား… တခြားတခြားသော အကြောင်းအရာများကြောင့်လား… ညရဲ့အငွေ့အသက်ကို ခံစားနေရတယ်… ညရဲ့အေးချမ်းမှုက စိတ်ကိုမအေးချမ်းနိုင်ပါချေ… ခန္ဓာကိုယ်ကအေးစက်နေသော်လည်း ရင်ထဲမှာတော့မီးဟုန်းဟုန်းတောက်သည့်နှယ် ပူပြင်းလှပါသည်… နှုတ်ဆက်ထွက်ခွာတုန်းကရော… သူတို့မျက်နှာမှာ အပြုံးတွေရှိခဲ့လို့လား… မပြောသာလို့ မပြောကြပေမယ့် စွတ်စိုနေတဲ့မျက်ဝန်းကိုကြည့်ရုံနဲ့ ရင်ထဲကအဓိပ္ပာယ်ကို နားလည်ခဲ့ကြတယ်… သူတို့မပြန်နိုင်တဲ့ အကြောင်းတရားတွေကို မပြောပြပေမယ့် အလိုလိုသိနိုင်တယ်… သူတို့်ကိုမပြန်ချင်တာရောဟုတ်လို့လား… ပြန်ခွင့်မရကြတာများလား… သို့ပေမယ့် သူတို့မှာအများကပေးတဲ့အားရှိတယ်… အားလုံးကိုပြန်ခုခံနိုင်တဲ့မာန်ရှိတယ်… ဒါတွေနဲ့တင်လုံလောက်ပါပြီ… သူတို့အတွက်စိတ်ချရပါပြီ… သို့ပေမယ့်မိုက်ရိုင်းရက်စက်သူမတူအောင် ယုတ်မာတဲ့လူတွေကြားမှာ ဖြူစင်တဲ့စိတ်ထား၊မှန်ကန်တဲ့သစ္စာက အနိုင်ရပါ့မလား… ရပါစေလို့ပဲမျှော်လင့်ရတာပါဘဲ… အခုတော့လည်းဆုတောင်းရုံ၊မျှော်လင့်ရုံကလွဲပြီး ဘာများလုပ်နိုင်ဦးမှာလဲ… မျှော်လင့်ချက်နဲ့အသက်ရှင်နေရပါလားကွယ်… နေတောင်ထွက်စပြုနေပြီဘဲ… အလင်းရောင်ကမပီပြင်ဝိုးတ၀ါး… နှင်းစက်လေးတွေက မသိမသာတဖွဲဖွဲ… မျက်လုံးအိမ်မှာ မျက်ရည်စတွေတွဲလွဲခိုလည်း… ကျလုမျက်ရည်ကိုဖယ်ထုတ်၊ ငါတို့နောက်နေ့အတွက် ရင်ဆိုင်ရပေဦးမည်… စိတ်ထဲကိုမာန်သွင်း၊ သစ္စာတရားကိုဦးခေါင်းထက်မှာပန်ဆင်၊တွဲလက်တွေမဖြုတ်ဘဲ လွတ်မြောက်မှုအတွက်ငါတို့ရုန်းကန်ကြရအောင်… သြော်လူ့ဘ၀ဆိုတာ ရုန်းကန်ရခြင်းတမျိုးပါလား…

1 comment:

အေးချမ်း said...

အသစ်အသစ်တွေ ကြားထဲ က အဟောင်းတစ်ပုဒ်ကို စိတ်ဝင်စားတာနဲ့ ဖတ်သွား ပါတယ် မမ မေပျို ..
ဒီပိုစ့်လေးကို တော်တော် သဘောကျမိတယ် ...
အေးချမ်းပါစေ ဗျာ ။ :)