ကျမတို့ကျောင်းက ပထမနှစ်နဲ့ ဒုတိယနှစ်ပဲ ကျောင်းထဲမှာနေပြီး စာသင်ရပါတယ်။ တတိယနှစ်ရောက်တာနဲ့ ကျောင်းမှာနေရတဲ့ အချိန်တွေထဲက တ၀က်ကို ဆေးရုံကိုပေးလိုက်ရပါတယ်။ ကျမလည်း အခုတတိယနှစ်ကို ရောက်ပြီဆိုတော့ ဆေးရုံကို စပြီး သွားရပါတော့တယ်။
ဒီလိုနဲ့ပဲ ကျောင်းစဖွင့်ပါရော..။ ကျမတို့က ဖွင့်ဖွင့်ချင်းလည်း ဆေးရုံမသွားရသေးပါဘူး.။ ကျောင်းမှာပဲ နေပြီး ဆေးရုံရောက်ရင် မြင်တွေ့ရမယ့် ရောဂါတွေအကြောင်းကို နည်းနည်းစီ သင်ကြားရပါသေးတယ်..။ လူနာကို တွေ့ရင် ဘယ်လိုမေးရမယ်.။ ဘယ်လိုစည်းကမ်းတွေကို လိုက်နာရမယ်.။ ဆေးရုံမှာ စာမေးပွဲဖြေရင် ဘယ်လိုဖြေရမယ် အစရှိသည်ဖြင့်ပေါ့..။ ကျမတို့ကျောင်းသား ငါးရာကျော်ကိုလည်း ခုံနံပါတ်အလိုက် ဆေးရုံခွဲတာတွေလည်း လုပ်ကြရတာပေါ့.။ ဒီလိုနဲ့ ကျောင်းတက်ပြီး နှစ်ပတ်ပြည့်တဲ့နေ့မှာ ဆေးရုံကို စတင်သွားရပါတော့တယ်..။
အဲဒီ့နေ့က တနင်္လာနေ့ပေါ့..။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ကတည်းက ဆေးရုံသွားရမယ်ဆိုပြီး စိတ်စောနေမိတာပေါ့..။ ကျမသွားရမယ့် ဆေးရုံကလည်း အိမ်နဲ့နီးနီးလေးဆိုတော့ အဆင်ပြေတယ်လို့ပဲ ပြောရမယ်ထင်တယ်..။ ဂျူတီကုတ်ကိုလည်း အသေအချာ မီးပူတိုက်ထားပြီး ဆေးရုံမှာ လိုအပ်မယ်ထင်တဲ့ အရာတွေကိုလည်း သေချာထည့်ထားရပါတယ်.။ ညကလည်း သေချာအိပ်မပျော်ဘဲ ဆေးရုံရောက်ရင်ဆိုတဲ့ အတွေးတွေနဲ့ပေါ့..။
`တီ… တီ… တီ.. တီ´
နှိုးစက်ကလေးက ကျမကို မနက်မိုးလင်းပြီဆိုပြီး နှိုးပါတော့တယ်.။ အိပ်မှုန်စုန်ဝါးနဲ့ နာရီကိုကြည့်လိုက်တော့ ၆နာရီတိတိ.။ နိုးနိုးချင်း အသိဝင်လာတာက ကျမဒီနေ့ ဆေးရုံသွားရတော့မယ်.။ ဆေးရုံကလည်း မနက်၈နာရီခွဲ ကိုးနာရီလောက်အရောက် သွားရမယ်ဆိုပေမယ့် ကျမအိမ်နဲ့က ငါးမိနစ်လောက်ပဲ လမ်းလျှောက်ရတာမို့ ပြင်ဆင်ဖို့ရာ စောနေတာပေါ့.။ မျက်နှာသစ်၊ သွားတိုက်ပြီး အချိန်ကြည့်လိုက်တော့ ၆နာရီတောင် မခွဲသေးဘူး.။ စောနေပေမယ့် စာကျက်ဖို့ရာလည်း စိတ်ကမပါတော့ ဟိုလုပ်ဒီလုပ်နဲ့ပဲ ၇နာရီခွဲအောင် ထိုင်စောင့်နေရတာပေါ့.။
`သဲရေ.. ကော်ဖီ သောက်ရအောင်.´
ဟော.. မေမေ ခေါ်နေပြီ.။ ကျမလည်း `လာပြီ…လာပြီ´ ဆိုပြီး အောက်ထပ်ကို အပြေးအလွှား ဆင်းလာရပါတယ်.။ အောက်ရောက်တော့ ကော်ဖီသောက်ဖို့ မေမေနဲ့ဖေဖေက စောင့်နေပြီ.။ မောင်လေးကတော့ ၇နာရီကျောင်းစတက်မှာ မို့လို့ ခုနကပဲ ထွက်သွားပါတယ်.။ ကျမတို့သုံးယောက် ကော်ဖီသောက်ပြီးတော့ ၇နာရီခွဲပေါ့.။ ကျမလည်း ရေချိုးဖို့အတော်ပဲ ဆိုပြီး ရေတွေဘာတွေချိုး ၊ နောက်အ၀တ်အစားလဲပြီး သွားဖို့ပြင်ဆင်ရတာပေါ့.။ ဆေးရုံသွားရမယ်ဆိုတော့ ကျမဆံပင်ကိုချထားလို့ မရပါဘူး.။ ဆံပင်ကိုသေချာစီးပြီး မှန်ထဲမှာကြည့်လိုက်တော့ ဘယ်လိုမှအားကိုးချင်စရာ မကောင်းတဲ့ရုပ်နဲ့.။ လူကောင်သေးသေးနဲ့ ၀၀ဖြိုးဖြိုးလည်း မရှိတော့ လူနာကတောင် ပြန်သနားရလောက်တယ်.။ ဟီးးး :P ဒီလိုနဲ့ ၈နာရီစွန်းစွန်းလေးမှာ အိမ်ကထွက်လာပါတယ်.။
လွယ်အိတ်ကို ကျမကလွယ်၊ မေမေက ခြင်းတောင်းလေးဆွဲ၊ ကျမကမေမေ့ကို လက်တွဲပြီး သားအမိနှစ်ယောက် လမ်းလျှောက်သွားတာပေါ့.။ ဆေးရုံအ၀င်အ၀က အစောင့်တွေက လူနာတွေရဲ့ ဧည့်သည်တွေ လာရင်တော့ ပိုက်ဆံတောင်းလေ့ရှိပေမယ့် လွယ်အိတ်နဲ့ခြင်းတောင်းနဲ့ ၀င်လာတဲ့ ကျမကိုတော့ ကျောင်းသူမှန်း သိတယ်နဲ့တူပါတယ်။ ဘာမှမရစ်ဘဲ ၀င်ခွင့်ပေးလိုက်တယ်.။ ကျမလည်း ဆရာမတွေ လမ်းညွှန်ထားတဲ့အတိုင်း ကျမတို့စာသင်ရမယ့် အခန်းဆီသို့ ဦးတည်လိုက်တာပေါ့.။ ဆေးရုံဝန်းထဲမှာလည်း လူနာကိုလာစောင့်တဲ့လူတွေ၊ ကျမလိုပဲ စာသင်ဖို့လာတဲ့ ကျောင်းသားကျောင်းသူတွေ သွားလာနေကြတာပေါ့.။ ကိုယ့်ဦးတည်ရာကို ကိုယ်သွားလာနေကြတယ်.။
ဆေးရုံထဲရောက်တော့ ကော်ရစ်တာမှာ ငုတ်တုတ်ထိုင်နေတဲ့ လူနာစောင့်များ၊ မိမိလူနာရှိရာ သွားလာနေတဲ့လူများကို အသီးသီးတွေ့ရပါတယ်.။ ကျမလည်း ကျမစာသင်ရမယ့် အခန်းကိုရှာလိုက်တယ်.။ ကျမတို့က ဆေးရုံရဲ့အဆောင်တစ်ခု အပေါ်ဆုံးထပ်မှာ စာသင်ရတာပါ.။ အပေါ်ဆုံးထပ်ကို ရောက်တော့ စာသင်ခန်းများဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ပါတယ်.။ ကျမလည်း အဲဒီ့နားကို လျှောက်သွားပြီး ကြည့်လိုက်တော့ မှောင်မဲနေတဲ့လမ်းကို တွေ့လိုက်တယ်.။ လမ်းရဲ့ဘေးတဖက်တချက်ဆီမှာတော့ အခန်းလေးတွေ ဖွဲ့ထားပြီး ဂျူတီကုတ်ဝတ်ပြီး နားကြပ်တွေကို ပခုံးမှာချိတ်ထားတဲ့ အမကြီးတစ်ယောက် နှစ်ယောက်က အခန်းထဲက ထွက်လာကြတယ်.။ သူတို့မှာလည်း အလုပ်ကိစ္စတွေနဲ့ဆိုတော့ ကျမလည်း မမေးရဲဘဲ သေချာရပ်ကြည့်နေတော့ မှောင်နေတဲ့လမ်းရဲ့ အဆုံးလောက်မှာ ရပ်နေတဲ့ ကျမတို့အတန်းထဲက ကျောင်းသူနှစ်ယောက် သုံးယောက်ကို တွေ့လိုက်တယ်.။ ကျမရပ်ကြည့်နေတာတွေ့တော့ သူတို့က..
`သဲနု လာလေ.. ဘာရပ်လုပ်နေတာလဲ.´
ကျမလည်း ဒီတော့မှ အထဲအထိ ဆက်ဝင်သွားပြီး သူတို့ကိုမေးကြည့်တော့ ကျမတို့စာသင်ရမယ့် အခန်းကို ပြပါတယ်.။ အခန်းကလည်း တတိယနှစ်အတွက်ဆိုတဲ့ ဆိုင်းဘုတ်ကြောင့်သာ ကျမတို့အတွက်ဆိုတာ သိရပေမယ့် အခန်းတံခါးကိုတော့ သော့တစ်ခုက ပိတ်ထားဆဲ.။ သော့ကိုဘယ်သူ့ဆီမှာ သွားတောင်းရမယ်ဆိုတာလည်း မသိဘဲနဲ့ အတန်းရှေ့မှာပဲ လွယ်အိတ်တွေကိုယ်စီလွယ်လို့ သော့လာဖွင့်မယ့် တစုံတယောက်ကိုသာ မျှော်နေရတာပေါ့.။ အချိန်တွေသာ ကုန်သွားပြီး လူတွေလည်း စုံသလောက် ရှိနေပြီ.။ ကျမတို့ကို တံခါးလာဖွင့်မယ့်သူကလည်း ပေါ်မလာ.။ အကုန်လုံးကလည်း ခြေထောက်တွေ ညောင်းနေပြီး ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ.။ နောက်ဆုံး အပြာဝတ်နာ့စ်တစ်ယောက်က ကျမတို့အပေါ်ထပ်ကို တက်လာပါတယ်.။ ကျမတို့လည်း ၀မ်းသာသွားပြီး အဲဒီ့အဒေါ်ကြီးကိုပဲ ၀ိုင်းမေးတာပေါ့.။ အဲဒီ့နာ့စ်ကလည်း အောက်ကဆရာတစ်ယောက်ယောက်ကို သွားမေးဆိုပြီး အလွန်တိကျသေချာတဲ့ အဖြေကိုပေးသွားပါတယ်.။
ကျမတို့လည်း ဘာလုပ်ရမှန်းမသိတဲ့အဆုံး အားလုံးဝါ့ဒ်ထဲ ဆင်းမယ်ဆိုပြီး ခြင်းတောင်းတွေကိုယ်စီကိုင်၊ လွယ်အိတ်တွေလွယ်လို့ ၀ါ့ဒ်ထဲကို ဆင်းသွားကြတာပေါ့.။ ဂျူတီကုတ်မ၀တ်ရင် ၀ါ့ဒ်ထဲမဆင်းရဆိုတဲ့ စည်းကမ်းကြောင့် အားလုံးကဂျူတီကုတ်တွေနဲ့.။ လူကလည်း ၅၀လောက် ရှိတဲ့အပြင် အထုပ်အပိုးတွေနဲ့ဆိုတော့ တော်တော့်ကို ကိုးရိုးကားယား နိုင်လှပါတယ်.။ ၀ါ့ဒ်ထဲရောက်တော့လည်း ဆရာက ဘယ်မှာမှန်းမသိတော့ လိုက်ရှာရနဲ့ အဲဒီ့ဝါ့ဒ်တစ်ခုလုံးကို ဗြောင်းဆန်နေမှာပဲ.။ လူနာတွေကလည်း ကျမတို့ကို မျက်လုံးအပြူးသားနဲ့ လိုက်ကြည့်လို့.။ ဒီလောက်လူအများကြီးက ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်နဲ့ ဘာများလုပ်နေကြပါလိမ့်လို့ စဉ်းစားကြမယ်ထင်တယ်.။ နောက်တော့ မနေနိုင်တဲ့ ဆရာတစ်ယောက်က သိုင်းရိုက်ကြီးနေတဲ့ လူနာကိုပြပြီး ကျမတို့ကို စာသင်ပေးပါတယ်.။ လူတွေအများကြီးက လူနာတစ်ယောက်ကို လုပြီးကြည့်ရတာဆိုတော့ ကြပ်သပ်နေတာပဲ.။ အထုပ်တွေနဲ့ဆိုတော့ လေးကလည်းလေးနဲ့ ဆရာ့အသံကိုလည်း နားစိုက်ထောင်ရ.၊ လူနာကိုလည်း ကြည့်ရနဲ့ ဒီကြားထဲ ဂျူတီကုတ်က ၀တ်ထားတော့ ချွေးတွေသန်တွေနဲ့ပေါ့.။
ကျမတို့ကျောင်းရဲ့ စာသင်ချိန်က ၁၂နာရီ၄၀ဆို စတာပါ.။ ဆရာကလည်း သင်နေ၊ ပြနေလို့က မပြီးသေး.။ နာရီကိုကြည့်လိုက်တော့ ၁၂နာရီထိုးနေပြီ.။ မနက်ကလည်း မယ်မယ်ရရ မစားထားတော့ ဗိုက်ကအတော်ကို ဆာနေပြီ.။ နောက်ပြီးတချိန်လုံး မတ်တပ်ရပ်နေရတာဆိုတော့ လူကအားပြတ်နေသလိုပင်.။ နောက်ဆုံး .. ဆရာက ဒီနေ့တော့ ဒီလောက်ပဲ ဆိုတော့မှ သက်ပြင်းကိုချပြီး ကျောင်းကားစောင့်နေမယ့် ဆေးရုံဝင်းထဲကို ကျောင်းသား၅၀လုံး ပြေးကြရပြန်ရော.။ ဆေးရုံဝင်းထဲကြည့်လိုက်တော့ ကျောင်းကားနဲ့တူတာဆိုလို့ ဘာမှမရှိ။ ဒီတော့လည်း ဘယ်တတ်နိုင်မလဲနော်.။ ကျမတို့လည်း တက္ကစီနဲ့သွားတဲ့လူကသွား၊ ဘတ်စ်နဲ့သွားတဲ့လူက သွားနဲ့ ကျောင်းကိုပဲချီတက်ကြတော့တယ်.။
(ပထမဆုံး ဆေးရုံသွားတဲ့နေ့က အဖြစ်အပျက်လေးပါ.။ အခုနောက်ပိုင်းတော့ အဆင်ပြေသွားပါပြီ.။ :-))