ဒီသီချင်းလေးကတော့   ကျမအနှစ်သက်ဆုံး  သီချင်းတွေထဲက  တစ်ပုဒ်ဖြစ်ပါတယ်။  NGIIK မှအဆိုတော်  နှစ်ယောက်က  ပုံစံနှစ်မျိုးနဲ့   ဆိုထားတာပါ။   မိန်းကလေးအဆိုတော်ကတော့  မေစံပါယ်ညိုပါ။  ယောက်ျားလေးအဆိုတော်ကတော့   ဘယ်သူလဲဆိုတာ  မသိလို့  သိတဲ့လူရှိရင်   ပြောပြပေးပါဦးနော်။ သီချင်းလေးနာမည်က  ဘေးစကားပါ။  အသိုင်းအ၀ိုင်းများက တမျိုးစီကာစီးလည်း  ချစ်ခဲ့ကြတဲ့ရက်တွေ  မပြိုလဲဘဲ  ဘ၀တလျှောက်မှာ  မင်းကလွဲပြီး  ဘယ်သူမှ  မချစ်ဘူးကွာ … ကိုယ်နဲ့မင်းနဲ့  ထားရှိခဲ့တဲ့  ကတိတွေလည်း  ကြိုးစားရင်းနဲ့  တို့အတူ  လက်တွဲမြဲ  ကိုယ့်ကမ္ဘာသစ်လေးနဲ့… ဘေးစကားတွေကို  မယုံနဲ့ကွာ  အားလုံးဟာ  အနာဂတ်မှာ မင်းတစ်ယောက်ကိုငါ  ချစ်လွန်းတော့ကွာ  ဝေးလို့မဖြစ်ဘူးလေ   မင်းနဲ့တူတူ  ဒီဘ၀မှာ  ချစ်ခွင့်ကြုံ  ဆုံဖို့ရာ  အနားမင်းနေပါ  ဒီအဆုံးတသက်တာ  စက္ကန့်တိုင်းပေါ့  မင်းအနားနေချင်တာ… ကိုယ်တို့ကြားက  လွဲချော်မှုလေးများ  အခြေအနေများက  တမျိုးစီ ကာစီးထား…စိတ်ချကွာ  အတားအဆီးများလည်း  မင်းအတွက် ကျော်ဖြတ်မှာ… ကိုယ်နဲ့မင်းနဲ့  အချစ်တွေခိုင်မြဲလည်း  ဒီဘ၀က ချစ်နေလို့  မပြီးဘဲ  နားလည်မှုလေးများနဲ့… (ဘေးစကားတွေကို  မယုံနဲ့ကွာ  အားလုံးဟာ  အနာဂတ်မှာ  မင်းတစ်ယောက်ကိုငါ  ချစ်လွန်းတော့ကွာ  ဝေးလို့မဖြစ်ဘူးလေ… မင်းနဲ့တူတူ  ဒီဘ၀မှာ  ချစ်ခွင့်ကြုံ  ဆုံဖို့ရာ  အနားမင်းနေပါ  ဒီအဆုံးတသက်တာ  စက္ကန့်တိုင်းပေါ့  မင်းအနားနေချင်တာ…) ၂ ဒီသီချင်းကတော့  ယောက်ျားလေး အဆိုတော်ပါ။  ဘယ်သူလဲဆိုတာ ပြောပြပေးပါဦးနော်။ http://www.mediafire.com/?3quymuyjjxm ဘယ်သူဆိုတာ  ပိုနားထောင်လို့   ကောင်းလဲဆိုတာ  ပြောပြသွားကြဦးနော်…
ကိုယ်တို့ကြားက လွဲချော်မှုလေးများ  အခြေအနေများက  တမျိုးစီ  ကာစီးထား... စိတ်ချကွာ  အတားအဆီးများလည်း  မင်းအတွက် ကျော်ဖြတ်မှာ... ကိုယ်နဲ့မင်းအချစ်တွေ ခိုင်မြဲလည်း  ဒီဘ၀က ချစ်နေလို့ မပြီးဘဲ  နားလည်မှုလေးများနဲ့...
ဘေးစကားတွေကို  မယုံနဲ့ကွာ  အားလုံးဟာ  အနာဂတ်မှာ   မင်းတစ်ယောက်ကိုသာ  ချစ်လွန်းတော့ကွာ  ဝေးလို့မဖြစ်ဘူးလေ  မင်းနဲ့တူတူ  ဒီဘ၀မှာ  ချစ်ခွင့်ကြုံဆုံဖို့ရာ  အနားမင်းနေပါ  ဒီအဆုံးတသက်တာ  စက္ကန့်တိုင်းပေါ့  မင်းအနားနေချင်တာ
http://www.mediafire.com/?2lk14w0ztbn
Friday, November 30, 2007
ဘယ်သူပိုကောင်းတယ်လို့ ထင်ပါသလဲ...
          စာရေးသူ ...မေပျို
        
at
1:30 PM
10
comments
 
Tuesday, November 27, 2007
စာမရေးဖြစ်တဲ့ဒီနေ့မှာ
မိုးလင်းပြီဆိုတဲ့အသိနဲ့   မျက်လုံးနှစ်လုံးက  သူ့အလိုလို  ပွင့်လာတယ်…။  ပထမဆုံး  အတွေးထဲ  ၀င်လာတာကတော့   ဒီနေ့စာတစ်ပုဒ်တော့   ရေးရမယ်လို့ပေါ့…။  ကျမစာမရေးဖြစ်တာ  ကြာနေပြီ   မဟုတ်လား…။  tagရာသီ  စကတည်းက  ဆိုပါတော့…။  tagတာတွေပဲ  ရေးနေခဲ့တာလေ…။  အတွေးတွေကို   မေ့ထားခဲ့တာ  ကြာပါပြီ…။  အတွေးကို  မရေးဘဲ  ရေးရမယ့်ခေါင်းစဉ်ကိုပဲ   တွေးနေခဲ့တာပါ…။  ဟိုတစ်နေ့ကတော့ နတ်ကလေးက  စီဘောက်စ်မှာ  လာအော်သွားပါရော…။  ကိုယ်တိုင်ရေးလေးလည်း  ရေးပါဦးတဲ့…။  သူပြောမှပဲ   tagအိပ်မက်ရှည်က  လန့်နိုးတော့တယ်…။  ငါ့အတွေးနဲ့  မရေးတာတောင်  ကြာခဲ့ရောပေါ့  ဆိုပြီးလေ…။  ဒါပေမယ့်  မတွေးတာ  ကြာလို့နဲ့တူတယ်…။   ရှိနေကျ  အတွေးတွေက  ကျမကို  လက်ပြပြီး  နှုတ်ဆက်သွားသလား  အောက်မေ့ရတယ်…။  ခေါင်းထဲမှာ  ဘာအတွေးမှကို  ကျန်မနေတော့ပါဘူး…။ 
နိုးနိုးချင်း  စဉ်းစားမရသေးလို့နဲ့   တူပါတယ်ဆိုပြီး  စိတ်ကိုခဏလျှော့ထားလိုက်တယ်…။  စိတ်ကို  ဘယ်လောက်ပဲ  လျှော့ထားလျှော့ထား  စာရေးရမယ်ဆိုတဲ့အသိက  ၀င်နေပြန်ရော…။  ဒီလိုနဲ့  သွားတိုက်ရင်းနဲ့လည်း  စဉ်းစားနေတာပဲ…။  သူများရေးထားတာပဲ  တင်လိုက်ရင်ကောင်းမလား…။    သီချင်းလေးတွေပဲ   တင်ရင်ကောင်းမလား…  နဲ့  စဉ်းစား၊ စဉ်းစား…။  ဘယ်လိုပဲ  စဉ်းစား စဉ်းစား  အတွေးတွေက ပေကပ်ကပ်နဲ့  ကျမဆီ  ရောက်မလာပါဘူး…။ သနပ်ခါးသွေးရင်းနဲ့  တွေးနေပြန်တော့လည်း  အတွေးလွန်ပြီး  ကိုယ့်လက်ကိုယ်တောင်  သနပ်ခါးတုံးနဲ့  ဖိမိပြန်ရော…။  ကိုယ်လက်သန့်စင်ပြီးတော့လည်း  ဘုရားရှိခိုးတဲ့အချိန်မို့လို့   စာရေးရမယ့်ကိစ္စကို  မေ့ထားလိုက်ပါတယ်…။   
.....ဟိုင်း…. ဟိုင်း….
....မောနင်း…..
.......ဘာညာသာရကာ....
…နေကြာ ကွာစိ......
………ဟိုဟိုဒီဒီ..…….
....မတွေ့တာကြာပေါ့…
………………..
စတာတွေနဲ့   ကျမရဲ့အချိန်တွေက  ကျမကို  နှုတ်မဆက်ဘဲ  ထွက်သွားကြပြန်တယ်…။   ဘလော့ဂ်တွေ  လိုက်ဖတ်ပြန်တော့လည်း   ကိုယ့်ဘာသာတောင်  အားငယ်လာတယ်…။  အသစ်တွေ  အများကြီး  ရေးတဲ့လူကရေး…။  ပုံလေးတွေ  တင်တဲ့လူကတင်နဲ့….။   ကျမဘလော့ဂ်လေးကို  တဖြည်းဖြည်း  သနားလာတယ်…။   သူ့ခမျာ  မျက်နှာငယ်ရှာမှာပဲ…။   သူ့ရဲ့သခင်  ကျမက  စာလည်းမရေးဘဲနဲ့  သူ့ကိုပစ်ထားမိနေပြန်ရော…။  စာရေးဖို့  ကုန်ကြမ်းလည်း  မရဘဲ  အားတောင်ငယ်လာသေးတယ်…။   ဒါနဲ့  ဂျီတော့ထဲက  အမြန်ပြန်ထွက်…။   ကွန်ပျူတာကို   မြန်မြန်ပြန်ပိတ်ပြီး  စာရေးစားပွဲမှာ  ထိုင်လိုက်တယ်…။  အတွေးတွေကို   ဒီအတိုင်း   လွှတ်ထားလို့  မရတော့ဘူးလေ…။   အတွေးတွေကို  ဆုပ်ကိုင်မယ်ဆိုတဲ့  ရည်ရွယ်ချက်နဲ့   မျက်လုံးလေးမှိတ်ပြီး  အာရုံစုစည်းနေတုန်း  ရှိသေးတယ်…။
အာ…။ ဖုန်းလာနေပြီ…။  ဒါနဲ့  ကျမလည်း  မြန်မြန်ပြောပြီး  ပြန်ချမယ်ဆိုပြီး  လှမ်းကိုင်လိုက်တယ်…။
...ဟယ်လို….
...သဲလား..။ 
အင်း… ဟုတ်တယ် သီရိပြော…
ငါတို့ရုပ်ရှင်သွားကြည့်မလို့…( ငါ့ကိုခေါ်တော့မယ်  ဒုတ်ခပဲ )
သြော်.. ဟုတ်လား…
အဲဒါ  နင်လိုက်ရမယ်နော်.. ငါလက်မှတ်ကြိုမှာပြီးသား..(ဟိုက်  သေပြီ)
အင်… ငါသွားစရာ…
အမယ်  လာလိမ်မနေနဲ့… ငါနင့်အမေကို  မေးပြီးပြီ ( မလိုက်ချင်ပါဘူးဆို)  
……………..
နင်မလိုက်ရင်  ငါတို့ကို  မခင်လို့ဘဲ ( မခင်ဘူးဟေ့.. မခင်ဘူး )
အင်း အင်း  ဘယ်တော့လဲ….
အခုနေ့လည် ၁၂နာရီခွဲပွဲ… နင်အခုပဲ  လာခဲ့တော့ (ဟာ စာလည်းရေးရသေးဘူး.)
...အင်း….
ဆက်နားထောင်ကြည့်တော့  ကျမတို့အဒေါ်တွေ  လာလည်ကြတာ  ဖြစ်နေတယ်…။  ပထမတော့  အိပ်ချင်ယောင်ဆောင်မလို့  လုပ်သေးတယ်…။  
          စာရေးသူ ...မေပျို
        
at
1:19 PM
7
comments
 
Monday, November 26, 2007
ကျမအကြိုက်(၂)
ကျမစာမရေးဖြစ်တာလည်း  ကြာနေပြီနော်။  စီဘောက်စ်မှာလည်း  ကိုယ်တိုင်ရေးလေး  ရေးပါလို့  လာအော်တဲ့လူကလည်း  အော်နေပြီနော်။ ဒီနေ့တော့ ကျမနှစ်သက်မိတဲ့  ၀တ္ထုတိုလေးတစ်ပုဒ်ကို  ဖော်ပြပေးပါရစေ။  ကျမကိုယ်တိုင်ရေးကိုတော့ နောက်နေ့မှ တင်ပေးမယ်နော်။ ခွင့်လွှတ်ကြပါရှင်။ ခေါင်းစဉ်လေးက  အကြွင်းမဲ့ချစ်ခြင်း မချစ်ခြင်းတဲ့။  ဆရာလူမျိုးနော်ရေးသား ထားတာပါ။ လူတိုင်း ဖတ်သင့်တဲ့  ၀တ္ထုလေးလို့  ထင်ပါတယ်။  ဖတ်ကြည့်ကြပါဦးနော်။
***
အိပဲ့ အိပဲ့ လှုပ်ရှားရွှေ့လျားလာသော အမှတ်(၁)ဘတ်စ်ကားပြာသည် ဘူတာကြီးမှတ်တိုင်သို့ ခြေပစ်လက်ပစ်ထိုးဆိုက်လိုက်သည်။ ကားစက်သံ ရပ်သွားသည်နှင့် မရှေးမနှောင်းမှာပင် ဆင်းသူတက်သူများစွာတို့ဖြင့် တဒင်္ဂရှုပ်ထွေး၍ သွားတော့သည်။ မင်းဇော်သည် အိတ်ကပ်ထဲမှာ နောက်ဆုံးကျန်ရှိနေသော ဒူးယားစီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိကာ စိမ်ပြေနပြေ ဖွာရှိုက်လိုက်၏။ သူဆင်းရမည့် ဆေးကျောင်းမှတ်တိုင်ကို ရောက်ဖို့သိပ်မလိုတော့သော်လည်း ကားက သည်ဘူတာကြီးမှတ်တိုင်မှာ ထုံးစံအတိုင်း တထောင့်လောက် ရပ်နားဦးမှာမို့ နည်းနည်းတော့  ကြာဦးမည်ဖြစ်သည်။
``အကိုလေးရယ်၊ ထမင်းဖိုးလေးငါးပြား၊ဆယ်ပြားလောက်သနားပါဦး´´
ကားအောက်က ထွက်ပေါ်လာသော အသံခပ်ချွဲချွဲပျစ်ပျစ်ကြောင့် မင်းဇော်သည်ဘာရယ်လို့မဟုတ်ဘဲ အောက်သို့ငုံကြည့်လိုက်သည်။ ပေရေမည်းသည်းနေသော အရွယ်မရောက်သေးသည့် ကလေးငယ်နှစ်ဦး ၊ရက်ပေါင်းများစွာ အစာရေစာ၀၀လင်လင် မစားခဲ့ရခြင်း အဖြစ်သည် ကလေးနှစ်ယောက်၏ ခန္ဒာကိုယ် အစိတ်အပိုင်းတိုင်းလိုလိုမှာ ပေါ်လွင်နေတော့သည်။သနားကရုဏာစိတ်များ ရင်မှာရုတ်ခြည်း ဖြစ်ပေါ်လာသောကြောင့် အိတ်ကပ်ထဲက အကြွေစ အနည်းငယ်ကိုနှိုက်ယူကာ ရေမနေတော့ဘဲ ခွက်တစ်လုံးစီသို့ မျှ၍ ထည့်လိုက်သည်။
ပြည့်ပါစေ´´
``ဆေးကျောင်းမှတ်တိုင်ပါလား´´
ဘူတာကြီးမှတ်တိုင်က ကားဘယ်အချိန်ထွက်လာခဲ့လေသည်မသိ။  စပယ်ယာ၏ အသံစာစာကို ကြားလေမှ ``ပါတယ်၊ပါတယ်´´
ဟုကသောကမျောပြောကာ အနာကြီးအိပ်မက်ကမ္ဘာမှ လန့်နိုးလာပြီး ဆေးကျောင်းမှတ်တိုင်ဝယ် မင်းဇော် ကသုတ်ကရက် ဆင်းလိုက်မိတော့သည်။
(၂)
တော်တော်လေးတော့သေချာသလောက်ဖြစ်နေပြီ.။ သို့ပေမယ့် သေချာသတဲ့ပိုသေချာအောင် ပင်အပ်ကလေးဖြင့်  ထိုးကာဆွကာ စမ်းသပ်စစ်ဆေးကြည့်လိုက်သည်။ လက်ကစမ်းသပ်ပြုနေခိုက်မှာ မျက်စိကလည်း သူငယ်ချင်း၏မျက်နှာပေါ်က အမူအရာ၊ အရိပ်အခြည်ပြောင်းလဲမှုကို မသိမသာ အကဲခတ်ဂရုစိုက်ကြည့်လိုက်၏။ ဘယ်လိုမှမပြောင်းလဲ၊ နည်းနည်းလေးမှနာကျင်ပုံမရ၊ မင်းဇော်သည် သူ၏ချစ်သူငယ်ချင်းအတွက်  အထူးတလည် စိတ်မကောင်းဖြစ်သွားသည်။ သို့သော် ရင်ထဲကခံစားရသမျှတွေကို မျက်နှာမှာ မထင်ဟပ်ရလေအောင် အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိလုပ်ရင်း သူငယ်ချင်းအားရှိစေရန် ချိုမြိန်လှိုက်လှဲစွာ ပြုံးပြလိုက်၏။ စမ်းသပ်တွေ့ရသလောက်ကတော့ သူငယ်ချင်းမှာ အနာကြီးရောဂါဖြစ်စပြုနေပြီ။ ဒါပေမယ့် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဖြစ်နေသည့်အတွက်  သူတွေ့ရှိသည့်အမှန်တရားကို အရင်းအတိုင်းသူ့ပါးစပ်မှ ဘယ်လိုလုပ်၍မှ မပြောရက်တော့။ ပြောမထွက်တော့။ မြွေမသေဒုတ်မကျိုး  အဓိပ္ပါယ်ရသည့် စကားများကိုသာ ဆုတ်သာတက်သာဖြစ်အောင်  စီကာစဉ်ကာ နားဝင်အောင် ပြောပြတော့သည်။
သူငယ်ချင်း၏ရင်ထဲမှာတော့ ဘယ်နှယ့်ရှိမည်မသိ၊ ဆီးရွက်လောက် မျက်နှာငယ်ငယ်လေးကတော့ ခုနတုန်းကလိုပင် ရှိမြဲရှိနေဆဲဖြစ်သည်။ သဘာဝတော့ ကျပါတယ်လေ။ သည်လိုရောဂါမျိုး ၊သည်လို အနေအထားမျိုးမှာဆိုရင် ဘယ်သူမဆို သူသူကိုယ်ကိုယ် ၀မ်းနည်းအားငယ်မိကြမည်မှာ ဓမ္မတာပင်မဟုတ်ပါလား။ ဘယ်လိုဒုက္ခမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုရောဂါမျိုးပဲဖြစ်ဖြစ် ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ တွေ့ကြုံရတာ မဟုတ်သေးသရွေ့တော့ ဘေးကနေ အားပေးရတာ ဘာမျှအပန်းမကြီး။``ငါ့အမေ သင်္ခါရ``ပုံပြင်ထဲက ဘုန်းကြီးလို အေးအေးလူလူ အားပေးဖျောင်းဖျနိုင်သေးသည်သာဖြစ်သည်။
``ကဲ ..သူငယ်ချင်းရေ၊မင်းလည်း ခရီးဝေးဝေး ကားစီးလာရတော့ ပင်ပန်းနေပြီ၊ ငါခုတင်မှာ ခဏတစ်ဖြုတ် သက်တောင့်သက်သာဖြစ်အောင် နားလိုက်ဦး၊ မင်းနားလို့ဝမှ ရေမိုးချိုး ထမင်းစားပြီး ရုပ်ရှင် ညပွဲသွားကြည့်ကြတာပေါ့။ ၀င်းလိုက်မှာ ခုပြနေတဲ့ အီတလီကား သိပ်ကောင်းတယ်ကွ၊ မင်းကြိုက်တဲ့ စုံထောက်ဇာတ်ကြမ်း ကားမျိုးပဲ´´
မင်းဇော်သည် အခန်းတံခါးကို ညင်ညင်သာသာ စေ့ပိတ်ထားခဲ့သော အခန်းထဲမှ တစ်ယောက်တည်း နှေးကွေးလေးလံစွာ ထွက်လာခဲ့တော့သည်၊ အောင်ဆန်းဆောင်ရှေ့က  အုတ်ခုံမှာစက်မသက်မသာနှင့်  ထိုင်နေမိရင်းက အခန်းထဲမှာ ကျန်နေခဲ့သော ငယ်သူငယ်ချင်းထံ စိတ်က၀ဲပျံလွင့်ပါးကာ ရောက်ရှိနေမိသည်။
ဟိုတလောဆီမှ သူ့ညာဘက် လက်ဖျံပေါ်မှာ အလိုလိုပေါ်ပေါက်လာသော အဖြူကွက်လေးတစ်ကွက် ကိုစတင်သတိထားမိခဲ့ခြင်းဖြစ်သည်။ အစကတော့ ပွေးလိုလို ၊ ညှင်းလိုလို ယူဆမိပြီး  ပေါ့ပေါ့တန်တန်နေခဲ့မိ၏။  နည်းနည်းချင်း မသိမသာ ကြီးကြီးလာလေမှ လက်လှမ်းမှီရာ ပွေးဆေး၊ညှင်းဆေးတွေ  လိမ်းကြည့်မိခဲ့သည်ဆိုပဲ။  ဘယ်လိုလုပ်၍မှ  မပျောက်သောအခါ   နီးစပ်ရာ ဆရာဝန်တစ်ဦးထံ ပြသကြည့်ရပြန်သည်။ ဆရာဝန်ကစမ်းသပ်ကြည့်ပြီးနောက် အနာကြီးရောဂါဟု သင်္ကာမကင်းဖြစ်သောကြောင့် ပိုပြီးတော့လည်း သေချာအောင် ဒါမှမဟုတ် တခြားရောဂါတစ်ခုခု ဖြစ်နေရင်လည်း တစ်လက်စတည်း ကြပ်ကြပ်မတ်မတ် ကုပြီးပျောက်ကင်းသွားအောင် မန္တလေးဆေးရုံသို့ လွှတ်လိုက်ခြင်းဖြစ်သည်။ မင်္ဂလာဆောင်ခါနီး တစ်လလောက်အလိုမှာ အနာကြီးရောဂါလိုလို၊ ဘာလိုလိုဖြစ်ရသည် ဆိုတော့လည်း သူငယ်ချင်းအနေနှင့်လည်း စိတ်ဓာတ်တွေ တမုဟုတ်ချင်း ကျဆင်းရှာမည်ပေါ့လေ။
မင်းဇော်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ပင်ပန်းကြီးစွာ မှုတ်ထုပ်ပစ်လိုက်ရင်း အုတ်ခုံမှာစိတ်ပျက်လက်ပျက်ထကာ အခန်းထဲက သူငယ်ချင်းထံသို့   ပြန်လာခဲ့တော့သည်။
(၃)
``ယခုဆက်လက်ပြီး ချီးမြှင့်မယ့် စာပေဆုကတော့ကဗျာဆုဖြစ်ပါတယ်။ ကဗျာပထမဆုကို `၀သုန်ဇော်`က  အနာဂတ်အတွက် မွေးဖွားကြစို့ ကဗျာနဲ့  ဆွတ်ခူးသွားပါတယ်  ။နောက်ဆုံးနှစ်အပိုင်း(က)အတန်းမှ ကလောင်ရှင် ၀သုန်ဇော် ဆုယူရန် စင်မြင့်ပေါ်သို့ ကြွပါ´´
သိထားနှင့်ပြီးဖြစ်သော်လည်း  လူကြားသူကြားထဲမှာ အခမ်းအနားနှင့်ဘာနှင့် ကျကျနန ကြေညာခံလိုက်ရသောအခါမှာ မျက်နှာတွေထူပူရှိန်းဖိန်းကာ  အနေရအထိုင်ရ  ခက်သွားသည်သာဖြစ်သည်။  မင်းဇော် ရုတ်တရက်တော့ ကြောင်တက်တက်ဖြစ်သွား၏။ နောက်မှ အိပ်မက်မက်ပြီး လမ်းထလျှောက်နေမိသူ  တစ်ယောက်လို ခြေလှမ်းတွေ ယိုင်တိယိုင်တိုင် လှမ်းကာစင်မြင့်ပေါ်သို့ ကြိုးစားတက်လိုက်သည်။
လေးစားသောအကြည့်၊ အားကျသောအကြည့်၊ ချီးကျူးသောအကြည့်၊ အထင်ကြီးသောအကြည့်၊ မြတ်နိုးသောအကြည့်၊ အားရသောအကြည့် စသည့် မုဒိသာ အကြည့်ပေါင်းများစွာကြောင့် မျက်လွှာကိုချကာ မျက်နှာကိုငုံလျှက် လာရာလမ်းအတိုင်း ကိုယ့်ထိုင်ခုံဆီသို့ မင်းဇော်ပြန်လျှောက်လာခဲ့သည်။
ကြည့်ကျမည်ဆိုလျှင်လည်း ကြည့်ချင်စရာပင်၊  သည်အခမ်းအနားက သာမန်ကျင်းပနေကျ စာပေဆုနှင်းပွဲမှ မဟုတ်ဘဲ မန္တလေးဆေးတက္ကသိုလ်၏ ငွေရတုသဘင် အထိမ်းအမှတ် စာပေဆုနှင်းပွဲ အခမ်းအနားမဟုတ်လား။  ခုလို သမိုင်းဝင် အခမ်းအနားမျိုးမှာ ခုလို ကဗျာဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်သည့်အတွက် မင်းဇော်တစ်ယောက် အပျော်ကြီးပျော်နေမိသည်။ ရင်ထဲက အတိုင်းအဆမရှိ ပျော်နေသလို ဦးနှောက်ကလည်း ငွေရတုသဘင် အထိမ်းအမှတ် နှစ်လည်မဂ္ဂဇင်းထဲမှာ လှလှပပ ဖော်ပြထားသော သူ၏ ဆုရကဗျာလေးကို  ပြေးလွှားမြင်ယောင်ကာ သတိရနေမိ၏။
ငွေရတုသက်တမ်း ဆေးမန်းမိခင်
မွေးဖွားသန့်စင်ခဲ့
ဆရာဝန် အရာအထောင်….။
အဲလ်ဘတ်ရွိုက်စာ၊ ချေဂွေဗားရား
ဂျိုဆေရီဇော်၊နော်မန်ဗက်သွန်း
နိုင်ငံတော်အတွက်
အသက်စွန့်သူစွန့်ခဲ့၏………
``အတ္တ´´ဟူသည့်စကား
``သူတို့``ကြားမှ ကြားဖူးပါလေစ…..
ငါ
အခါခါ
ဦးညွတ်မိပါ၏။
သို့ရာတွင်
ငါ့နောင်တော် များစွာ
ဟွန်ဒါ ယဉ်ကျေးမှု့မှာ
ယစ်မူးပျော်မွေ့ခဲ့ကြပြီ။
ငါ့နောင်တော်မ များစွာ
စိန်နားကပ် ရေစီးကြောင်းမှာ
သာယာမိန်းမောခဲ့ကြပြီ။
ငါ….
သိလိုလှပါသည်….။
ငါတို့ကော …
ဘယ်လိုလဲ…..၊
ဘယ်လိုလဲ……….။
ပတ်ဝန်းကျင်သည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်၍နေသည် ။သည်လို ဝေဒနာသည်မျိုးကို သည့်အလျင်ကတည်းက မြင်ဖူးတွေ့ဖူးခဲ့သည် ဖြစ်သော်ငြားလည်း ခုလို တပြုံတခေါင်းကြီး စုဝေးတွေ့မြင်နေရသောအခါတွင်မူ ရင်ထဲမှာ ဘယ်လိုမှမကောင်းနိုင်တော့ ။စောစောက အေလမ်းတလျှောက် ကားစီးလာရင်း ကားပေါ်မှာ အချင်းချင်း ရယ်မော နောက်ပြောင်ရာမှ ကြည်လင်ရွင်ပျလာသော ဦးခေါင်းသည်ပင်လျှင် နည်းနည်းနောက်တောက်တောက် ဖြစ်လာသည်။
ကားပေါ်မှ ဆင်းလာကြသော မင်းဇော်တို့ နောက်ဆုံးနှစ်အပိုင်း(က) ကျောင်းသူကျောင်းသားများသည် ဆေးရုံသို့ ပင်ပန်းလေးလံစွာ စူးစမ်းလျှောက် လျှောက်လာကြသည်။ အနာကြီး ရောဂါကုဆေးရုံထဲက အပယ်ခံလူသားများသည် သားသားနားနား လှလှပပရှိနေကြသော ဆရာဝန်လောင်းလျာများကို ရင်သပ်ရှုမော ငေးကြောင်ကြောင် ကြည့်နေကြ၏။ လူ့အဖွဲ့အစည်းက ဆေးဖော်ကြောဖက်ပင် လုပ်ဖော်မရသည့်သူတို့လို ဝေဒနာသည်များ၊ဒုက္ခိတများထံ ကားဖြူဖြူ လှလှကြီးစီးကာ ခုလို တကူးတကရောက်လာကြခြင်းအတွက်လည်း သူတို့ခမျာ ကျေးဇူးတွေ အကြီးအကျယ်တင်နေမိသည်မှာ အမှန်ပင်။
ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာနက ကြီးကြပ်သူ ဆရာဦးစိုးနောင်သည် မင်းဇော်တို့ လူသိုက်ကို အခန်းတစ်ခုထဲသို့ဦးဆောင်ကာ ခေါ်ဆောင်သွားသည်။ အခန်းထဲတွင် ဟောင်းနွမ်းသော်လည်း စနစ်တကျ စီစီရီရီ ချထားသော ခုံတန်းရှည်အတော်တော်များများ ရှိနေသည်။ အနက်ရောင်သုတ်ဆေးများ လွင့်ပါးပျက်ပြယ်စပြုနေသော ကျောက်သင်ပုန်းတစ်ချပ်သည် အခန်းထိပ် နံရံပေါ်တွင် နောက်ကျောကို မှီထား၏။
ဆရာက မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သောကြောင့် ကျောင်းသူကျောင်းသားများသည် ထိုင်ခုံအသီးသီးမှာ မထိုင်ချင့်ထိုင်ချင် ထိုင်လိုက်ကြသည်.။ မင်းဇော်သည် ထိုအဖြစ်ကို သတိထားမြင်တွေ့လိုက်သောကြောင့် ကိုယ့်အတန်းသူအတန်းသားများ အပေါ်အားမလိုအားမရ ဖြစ်သွားရသည်။ အတန်အသင့် ညစ်ပေစုတ်ချာသော ထိုင်ခုံ၏ သစ်သားမျက်နှာပြင်ဝယ် အကွက်အစက်များစွာတို့ဖြင့်စွန်းထင်းပေကျံနေသော်လည်း မင်းဇော်၏စိတ်ကတော့ ဘယ်လိုမှမနေသာပေ။ ဂျင်းဘောင်းဘီ သစ်သစ်လွင်လွင်ဖြင့် ပိုင်ပိုင်နိုင်နိုင် ထိုင်ချလိုက်ရင်း ရှေ့ဆီသို့သာ အာရုံကို စုစည်းပို့လွှတ်ထားလိုက်သည်။
ဆရာဦးစိုးနောင်သည် ကျောင်းသူကျောင်းသားများကို အနာကြီးရောဂါဆေးရုံမှ တာဝန်ခံဆရာဝန်နှင့် စတင်၍မိတ်ဆက်ပေးလိုက်သည်။ ညိုမောင်းသော အသားအရေ၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တည်ဆောက်မှု၊ပါးလျပိရိသောနှုတ်ခမ်း၊စူးရှထက်မြက်သောမျက်လုံးများ စသည်တို့ဖြင့် သူလိုငါလို မထူးခြားစွာ ဖွဲ့စည်းဖြစ်တည်နေသော တာဝန်ခံဆရာဝန် ဆိုသူကို မင်းဇော်တို့အားလုံးလိုလိုသည် ထူးခြားအံ့သြစွာ ငေးမောကြည့်လိုက်မိကြ၏။ ခံ့ညားကြီးမားသော ဆေးရုံကြီးများမှာ သပ်ရပ်သားနားသော ဆရာဝန်များစွာကိုသာ ရုပ်ရှင်ထဲမှာ အပြင်လောကမှာ တွေ့မြင်ခဲ့ဖူးကြသူများပီပီ  ဆရာဝန်လောင်းလျာများ၏ စိတ်ထဲမျက်စိထဲဝယ် အနာကြီးရောဂါကုဆေးရုံက ဆရာဝန်တစ်ယောက်အနေနှင့် ကိုယ်တတ်ထားသည့် ဆေးပညာဖြင့် ကုစရာ လူနာတွေသည်လောက် ပေါများနေပါလျက် သည်လိုလူနာတွေရှိသည့် သည်ဆေးရုံမျိုးကိုမှ တမင်တကာ ရွေးချယ်ဝင်ရောက်ပြီး ဘာလို့များအမှု့ထမ်းရပါလိမ့်။ စတန့်ထွင်တာတော့ မဟုတ်နိုင်။သည်လိုသိပ်မွန်မြတ်တဲ့အလုပ်ဟုလူတွေ တဖွဖွပြောပြောပြီး မသိမသာရော သိသိသာသာပါ လက်ရှောင်နောက်တွန့်တတ်ကြသည့် အလုပ်မျိုးက စတန့်ထွင်သူတွေ မပြောနှင့်တော်ရုံတန်ရုံ ပရဟိတစိတ်ရှိသူတွေပင် စိတ်ကူးရဲသော အလုပ်မှမဟုတ်ဘဲ။ ၀တ္တုထဲက ဇာတ်လိုက်နှင့်ရုပ်ရှင်ထဲကမင်းသားတွေလောက်သာဆရာဝန်သရုပ်ဆောင်အဖြစ်လှုပ်ရှား လုပ်ဆောင်ပြစဉ်မှာ သဏာန်လုပ် သရုပ်ဆောင်နိုင်သည့် အတွက်မျိုးမဟုတ်လား။ တာဝန်ခံ ဆရာဝန်သည် သူလုပ်ကိုင်နေကျ အလုပ်၊ထိတွေ့ ကျင်လည်နေရသော အကြောင်းအရာတို့ကို ရှင်းလင်းပြောဆိုနေရ၍လား မသိ။စကားပြောကောင်းသည် မဟုတ်ပါပဲလျက် စကားကောင်းများကို ခံစားထိရှစွာ စိတ်ပါလက်ပါ ပြောဆိုရှင်းလင်းပြနေသည်မှာ ဇာတ်လမ်းကောင်းတစ်ခုကို နားဆင်နေရသည့်နှယ် ကြည်နူးတိမ်းညွတ်ဖွယ် ကောင်းလှပေသည်။ အနာကြီးရောဂါကို ဖြစ်စေသော ပိုး၊ကူးစက်နိုင်သည့် နည်းလမ်း၊ရောဂါဖြစ်ပွားပုံ ဖြစ်ပွားနည်း၊ လူနာအမျိုးအစား၊ ရောဂါကိုကုသပုံ၊ ဆေးမှန်မှန်မစားမှူပြသနာ၊ လူထုကြားက အယူအဆမှားများ၊ ဆေးရုံပေါ်ပေါက်လာပုံ၊ကုသပုံ ကုသနည်း၊လုပ်ပေးနိုင်သမျှများ၊ကျန်းမာရေးဝန်ထမ်းရှားပါးမှု့ကိစ္စ၊အနာကြီးရောဂါ ကာကွယ်ဆေး ပေါ်ပေါက်လာရန် အလားအလာ ရှိနေပြီဆိုသော သတင်း၊လူ့အဖွဲ့အစည်းက ထားရှိအပ်သော အပြုသဘောဆောင်သည့်  စိတ်ထားများ။
နားထောင်ရင်း နားထောင်ခိုက်မှာ မင်းဇော်၏ စိတ်သန္တာန်ဝယ် တာဝန်ခံဆရာဝန်ကို တကယ့်လက်တွေ့ လောကထဲက ဆရာဝန်တစ်ယောက်မျိုးမဟုတ်ဘဲ ရုပ်ရှင်ထဲက ဇာတ်လိုက်ဆရာဝန် တစ်ယောက်လို ထင်မြင်လာမိတော့သည်။ အနစ်နာခံခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း အစရှိသော လုပ်ရပ်များ၊အဖြစ်သနစ်များသည် သူကျင်လည်နေထိုင်ရာ လူ့ဘောင်လောကထဲမှာ ရှားပါးသော်လည်း ရှိနေသေးသည်ကိုတအံ့တသြ တွေ့ရသောကြောင့် သူ့ရင်မှာပျော်ရွင်ခြင်းများဖြင့် လှိုက်လှဲလှုပ်ခုန်၍ နေတော့သည်။အတ္တဥခွံ ကျဉ်းကျဉ်းလေးကို  အိမ်လုပ်ကာတံခါးပိတ်နေထိုင်ကြရင်း လူ့ဘ၀၏တန်ဖိုးရှိလှသော ရွှေအချိန်ကာလများကို ကုန်ဆုံးပစ်နေကြသည့် သမာရိုးကျ လူသားမြောက်များစွာတို့ကြားမှာ လူလူချင်း လေးစားကြည်ညိုလေးစားလောက်အောင် ပရဟိတစိတ်ဓာတ် ကြီးမားသူကို ရှားရှားပါးပါး ဆုံစည်း ကြုံကြိုက်မိပြန်သောအခါ လူဖြစ်လာရခြင်းအတွက် မင်းဇော်တစ်တစ်ယောက် အကြီးအကျယ် ဂုဏ်ယူနေမိ၏။
တာဝန်ခံဆရာဝန်က အနာကြီးရောဂါ လက္ခဏာသွင်ပြင်များနှင့် ပတ်သက်၍ ဆရာဝန်လောင်းလျာများ ကွဲပြားထင်ရှားစွာ တွေ့မြင်သိမြင် နားလည်ရအောင် လူနာတွေခေါ်ကာ ရှင်းလင်းပြသသော အခါမှာတော့ မင်းဇော်တို့အုပ်စု ဘယ်လိုမှ မတုန်လှုပ်ဘဲ မနေနိုင်တော့။ ဆရာဝန်က လူနာကို ကြည့်ဖို့ ပြနေသော်လည်း သူတို့တစ်တွေ ကမူ လူနာထက် ဆရာကို ပို၍စိတ်ဝင်စားစွာ ကြည့်နေမိတော့သည်။လူနာ၏ပခုံးကို ကြည်နာစွာ ပွေ့ဖက်၍ လက်များ၊ခြေများကို ယုယစွာ ကိုင်တွယ်၍ ဖက်လှဲတကင်း ရင်းနှီးချစ်ကြည်သော အပြုအမူအပြောအဆိုများကို ထမင်းစားရေသောက်သလို လုပ်ပြကိုင်ပြနေသည်မို့ အဘယ်မှာမတုန်လှုပ် မချောက်ချားဘဲ နေနိုင်ပါအံ့နည်း။ လူနာက တစ်ယောက်လည်းမဟုတ်၊နှစ်ယောက်လည်းမဟုတ်၊တစ်ယောက်ပြီးတစ်ယောက် အယောက်များစွာ မဟုတ်လား၊ပြီးတော့ ဆေးရုံတက်ပြီး ကုသမှု ခံယူနေသူများမို့ ရောဂါရင့်နေသူများချည်းသာဖြစ်သည်။ ပုံပျက်ပန်းပျက် နှာခေါင်း၊နီရဲထွတ်ပွနေသော မျက်နှာ၊ကြမ်းတမ်း ခြောက်သယောင်းသော အသားအရေ၊ အတိုအရှည် မညီညာသော ခြေချောင်း လက်ချောင်းများ၊မရေတွက်နိုင်လောက်သည့် အဖြူကွက် ဘုစုခရုများ၊နှာခေါင်းသံပါသည့် စကားပြောသံ၊ပျက်နေသည့် မျက်စိများ၊ရွဲ့စောင်းနေသည့် မျက်နှာခင်း။ ဆေးကျောင်းသားတစ်ယောက်ဖြစ်သော်လည်း ခုလိုမျိုး သက်ရှိအနိဋ္ဌာရုံတွေကို တစ်ပြုံတစ်ခေါင်းကြီး ခပ်ကြာကြာ စုဝေးတွေ့မြင်ရသည်နှင့်အမျှ မင်းဇော်တစ်ယောက်ပင် ပျို့ချင်အန်ချင်သလို၊အဖျားတက်ချင်သလို ဖြစ်လာရတော့၏။ရှေ့နားက ကျောင်းသူမလေးတချို့လည်း လက်ကိုင်ပ၀ါကို မသိမသာထုတ်ကာ၊နှပ်ညှစ်သလိုလို ဘာလိုလို လုပ်နေပါလား။ တစ်ယောက်စ နှစ်ယောက်စကတော့ ပေါင်ပေါ်တင်ထားသော စာအုပ်ကို ငုံ့ဖတ်နေသလိုလိုလုပ်ကာ မျက်နှာကို အောက်သို့လွှဲထားလျက်။နောက်ခုံတန်းများမှ ကျောင်းသားအများစုသည် လူနာများနှင့် ဆရာဝန်ကို ကြာရှည် စိတ်မ၀င်စားနိုင်တော့ဘဲ ရှေ့နားက ကျောင်းသူများ၏ ဖြူဆွတ် ၀င်းမွတ်သော နုဖတ်သည့် လည်ကုပ်သားများဆီင်္သို့ အကြည့်ကို ပြောင်းရွှေ့လိုက်ကြ၏။
မင်းဇော်တို့လူသိုက် ကားပေါ်မှ ဆင်းလာခါစက အားငယ်ညှိးရော်သော မျက်နှာများဖြင့် တိတ်ဆိတ်စိတ်ပျက်နေပုံရသော  လူနာများသည် ယခုတော့လည်း သူတို့ဆရာသမား၏ ပြောဆို ပြုမူ ပြသနေမှုများ အောက်ဝယ် ပျော်မွေ့ကြည်နူးနေကာ သူတို့ကိုယ်သူတို့ ရောဂါသည်များပါလား ဆိုသည်ကို မေ့ပျောက်နေကြသယောင်ပင်။ တာဝန်ခံဆရာဝန်သည် လက်ပတ်နာရီကိုမြှောက်၍ ကြည့်လိုက်၏။ သူ့လူနာများကို အခန်းထဲမှ ဖယ်ရှားခေါ်ဆောင်သွားပြီးနောက်အခန်းထဲသို့ တစ်ခဏအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။
မင်းဇော်သည် ထိုင်ခုံမှ အလိုလို ထရပ်လိုက်မိသည်။
``ဆရာ ကျွန်တော် တစ်ခုမေးပါရစေ၊ စပ်စုရာများ ကျနေမလား မသိဘူး၊ဆရာရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ လုပ်ငန်းပိုင်း ကိစ္စလေးတစ်ခုလောက် သိချင်လို့ပါ´´
``မေးပါ တပည့်ရာ၊ ဆရာ မကွယ်မ၀ှက် ဖြေပါ့မယ်´´
``အ၀ှာပါဆရာ၊ဟို …ဆရာ ..ဆရာ ဒီဆေးရုံမှာ အလုပ်ဝင်လုပ်နေတာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲလို့ သိချင်လို့ပါဆရာ´´
``အင်း…သိပ်မကြာသေးပါဘူးကွာ၊အနှစ်နှစ်ဆယ်လောက်ပဲ ရှိပါသေးတယ် ၊နေပါဦး တပည့်ရ၊ မင်းကိုဆရာ ပြန်မေးရဦးမယ်၊ မင်းက ဘာလို့ အဲဒါကို သိချင်ရတာတုန်း´´
``ဟို ….ဟို….ဒီလိုပါ ဆရာ၊ စိတ်မရှိနဲ့နော် ဆရာ၊ဆရာရဲ့ လက်ချောင်းကလေးတွေ တချို့တလေ တိုနေတာ ကျွန်တော် သတိထား´´
``သြော်…ဒါလား ၊အေးလေ ကွာ ၊ဆရာလည်း အနှစ်နှစ်ဆယ်လောက် ဒီလိုလူတွေနဲ့ လက်ပွန်းတတီး နေလာခဲ့တော့ ဒီရောဂါ ဖြစ်လာတာပေါ့ကွာ၊ အစတုန်းကတော့ ဆေးတွေ ဘာတွေသောက်သေးတာပေါ့ကွာ  ၊နောက်တော့လည်း သောက်တဲ့ဆေးရဲ့ ပမာဏထက် ထိတွေ့ ကိုင်တွယ်နေရတဲ့ လူနာအရေအတွက် နဲ့ ရောဂါပမာဏက သိပ်မမျှမတ ဖြစ်သွားတော့ ဒီလို ဖြစ်လာတော့တာပေါ့၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်မှတော့ နစ်နာဆုံးရှုံးမှုဆိုတာ အထိုက်အလျှောက် တော့ ရှိကောင်းရှိနိုင်တာပေါ့ကွာ၊ အများအကျိုးအတွက် အသက်သွေးတွေတောင် အမှု့မထားဘဲ စွန့်လွှတ်ခဲ့ကြတဲ့သူတွေနဲ့ နှိုင်းစာလိုက်ရင် ဆရာစွန့်လွှတ်မှု့ဟာ အသေးအဖွဲပါ တပည့်ရာ´´
မင်းဇော် သည် သူ့ကိုယ်သူ အရုပ်ကြိုးပြတ် လဲကျ မသွားရလေအောင်  အတော်ကြီး ကြိုးစား၍ ထိန်းသိမ်းလိုက်ရတော့၏။
( ၅ )
အေ လမ်ဘေး ၀ဲယာ တစ်ဖက်တစ်ချက်ဆီမှ သက်ရှိသက်မဲ့ အရာအားလုံးသည် ကားနောက်မှာ ရိပ်ခနဲ ရိပ်ခနဲ အဆက်မပြတ် နောက်ကျကျန်ရစ်ခဲ့ကြသည်။ မင်းဇော်သည် လက်ဝဲဘက်သို့ အမှတ်မထင်  ငေးမောကြည့်လိုက်မိ၏။ သပ်သပ်ရပ်ရပ် ဆောက်လုပ်ထားသော အုတ်ဂူဖြူဖြူ  လှလှများတွင် စနစ်တကျ စိုက်ထူထားသော လက်ဝါးကပ်တိုင်များဖြင့်  ပြည့်နှက်ပြွတ်သိပ်နေသည့် ခရစ်ယာန်သုဿန်သည် လွမ်းမော ဆွတ်ပျံ့ ဖွယ် တည်ရှိ၍ နေလေသည်။သည်သုဿန်မှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြမည့် ခရစ်ယာန်ဘာသာဝင်များသည် တူညီသော သေခြင်းတရားကို ဖက်တွယ်ကာ ထာဝရ အိပ်စက်လဲလျောင်း၍ နေပေတော့မည်။
သည်လူတွေထဲက အချို့သည် သက်ရှိထင်ရှားရှိနေခိုက်မှာ အများအကျိုးကို သယ်ပိုးကောင်း သယ်ပိုးခဲ့ကြပေမည်။ တချို့လည်း ကိုယ်ကျိုးရှေ့တန်း တင်ကောင်း တင်ခဲ့ကြပေမည်။ တချို့ ကလည်းသူကျိုးကိုယ်ကျိုး နှစ်ဖြာစလုံးကို မျှတစွာ လုပ်ဆောင်ခဲကြပေမည်။ တချို့ များစွာ က တော့ သူလိုငါလိုဘာသိဘာသာ နေခဲ့ကြပေမည့်။ အလာတုန်းကလိုမဟုတ်ဘဲ တစ်ကားလုံး ထူခြားစွာ တိတ်ဆိတ် ငြိမ်သက်၍ နေလေသည်။
ကျောင်းသူကျောင်းသား အားလုံးသည် အတွေးကိုယ်စီဖြင့် တုဏှိဘာဝေ လုပ်နေကြ၏။ မင်းဇော်၏အတွေး ကွန်ချာမှာတော့ အနာကြီးရောဂါ ကု ဆေးရုံက ဆရာဝန်က လုံးလုံးလျားလျား နေရာယူထားတော့သည်။ မင်းဇော်သည် သူ၏ စိတ်ထဲမှာပင် စောစောက တွေ့ခဲ့ရသည့်ဆရာဝန်နှင့် သူ၏ဆုရ ကဗျာထဲက  အဲဘတ်ရွိုက်ဇာ ၊ချေဂွေဗားရား၊ဂျိုဆေရီဇော်၊နော်မန်ဗက်သွန်း အစရှိသော ကမ္ဘာကျော်ဆရာဝန် လူစွမ်းကောင်းများ တို့ကို နှိုင်းယှဉ် ကြည့်မြင်နေမိ၏။ လူသားများအတွက် အနစ်နာခံတာချင်း၊ကိုယ်ကျိုးစွန့်လွှတ်တာချင်း၊အများအကျိုး သယ်ပိုးကြတာချင်းအတူတူ ဟိုဆရာဝန်တွေက နာမည်ကျော် လူသိများပြီး လူတကာက အားကျ ဂုဏ်ယူခြင်းခံနေရပါလျက် သူ့ဆရာဝန်က မထင်မရှား အညတရ တစ်ယောက်ဖြစ်နေသည့်အတွက် အထူးပင် အားမလို အားမရ ဖြစ်နေမိတော့သည်။
(၁၉၈၄၊စက်တင်ဘာလ၊ရှု့မ၀မဂ္ဂဇင်း)
          စာရေးသူ ...မေပျို
        
at
4:46 PM
2
comments
 
Sunday, November 25, 2007
မွေးနေ့မှာပျော်ရွှင်ပါစေ
ဒီနေ့ကတော့ ကျမချစ်သူငယ်ချင်းလေး နှင်းနုရဲ့၁၈နှစ်မြောက်မွေးနေ့ပါ။  ဒီတော့ အားလုံးလည်း  ကျမနဲ့အတူ ၀င်္ကပါထဲကကောင်မလေးကို  ဆုတောင်းပေးကြရအောင်နော်။ 
    
Happy Birthday ပါနှင်းနုရေ။ နှင်းနုဘ၀မှာ  ဖြစ်ချင်တာနဲ့  ဖြစ်နေတာ  အမြဲထပ်တူကျပါစေနော်။  (၁၈နှစ်ပြည့်ပြီဆိုတော့   လူကြီးဖြစ်ပြီနော်  နှင်းနု...)
          စာရေးသူ ...မေပျို
        
at
11:20 AM
2
comments
 
Thursday, November 22, 2007
ဖတ်မိသမျှ
ဒီနေ့ ကျမဆီကို forward mail ကနေရောက်လာတဲ့ စာအကြောင်းလေး ပြောပြချင်ပါတယ်။ နာမည်လေးက အချစ်နဲ့ သူ့ရဲ့အကျင့်တဲ့။ စိတ်ဝင်စားဖို့ကောင်းတာကြောင့် အားလုံးကို ဝေမျှချင်တာပါ။ ဖတ်ပြီးတဲ့လူများ ရှိရင်လည်း သည်းခံပါလို့ ကြိုပြီး တောင်းပန်ပါတယ်နော်။ 
တခါတုန်းက မျက်မမြင်ကောင်မလေးတစ်ယောက် ရှိတယ်…။ သူမကမွေးကတည်းက မျက်စိမမြင်တာဆိုတော့ မျက်စိမြင်နိုင်တဲ့ လူအားလုံးကို မကောင်းမြင်တဲ့စိတ်နဲ့ မုန်းတီးနေတာပေါ့…။ သူမကိုယ်တိုင်ကိုလည်း မျက်စိမမြင်ရကောင်းလားဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ မုန်းတီးနေပြန်တယ်…။ အဲ… ဒါပေမယ့် ဟောဒီလောကကြီးတစ်ခုလုံးမှာ သူမလုံးဝမမုန်းနိုင်တဲ့ လူသားတစ်ယောက်ရှိသတဲ့…။ အဲဒီ့လူသားကတော့ သူမရဲ့ချစ်သူကောင်လေးပါပဲ…။ အဲဒီ့ကောင်လေးက သူမကို အရမ်းချစ်ပြီး အမြဲတမ်းသူမနဲ့အတူ မခွဲဘဲနေတတ်ပါတယ်…။ သူမကလည်း အကယ်၍သာ သူမ အမြင်အာရုံသာ ပြန်ရခဲ့ရင် ကောင်လေးကို လက်ထပ်မယ်လို့ ပြောခဲ့ပါတယ်…။
***
ဒါကတော့ ကျမဖတ်ရတဲ့ ပုံပြင်လေးတစ်ပုဒ်ပါပဲ။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျမလည်း လူတွေရဲ့စိတ်ကို နားလည်ချင်မိပါတယ်။ လူတွေရဲ့စိတ်က ဘာလို့တသတ်မတ်တည်း ရှိမနေရတာလဲ ဆိုတာကို သိချင်မိပါတယ်။ လူ့စိတ်ရဲ့ဆန်းကြယ်ပုံပေါ့လေ။ 
          စာရေးသူ ...မေပျို
        
at
10:46 AM
9
comments
 
Tuesday, November 20, 2007
Who am I?
ကျမ ဘယ်သူလဲ  တဲ့။   သူတို့တွေက  မေးနေကြပြီ။   တော်တော်သိချင်ကြတယ်   ထင်တယ်။    ဘယ်လိုတောင်းပန်၊ တောင်းပန်မရဘူး။   tagမယ်ဆိုတာကြီးပဲ။   ကဲ  ဒီလောက်တောင်   သိချင်နေမှတော့  ကျမကလည်း   ပြောပြရတော့မှာပေါ့။
၁။ကျမကတော့   ကိုယ့်ကိုယ်ကို   မပုဘူးထင်ပေမယ့်  သူများတွေကတော့ အရပ်ပုတယ်တဲ့။ (ပြောတဲ့လူ ကိုယ့်ကိုယ်ကို သိတယ်မဟုတ်လား။)
လူတွေကိုကျမလိုပဲ  စိတ်ဝင်စားတဲ့ ကိုပီကေ
ကျမရဲ့မမ 
ပြောပါရစေဆိုတဲ့  မရွှေဂျမ်း  တို့ပဲ ဖြစ်ပါတယ်နော်။
          စာရေးသူ ...မေပျို
        
at
4:19 PM
7
comments
 
Monday, November 19, 2007
အချစ်ဆုံးသို့အိတ်ဖွင့်ပေးစာ
အခုတလော  ကျရောက်နေတဲ့   tagရာသီကလည်း   မကုန်နိုင်တော့ဘူးနော်။  ဟိုတနေ့က   ကျမစီဘောက်စ်မှာ ကိုဝေက လာအော်သွားပါတယ်။    သနားပေမယ့်   ထပ်tagလိုက်ပြန်ပြီတဲ့။   ဒါနဲ့  ကျမလည်း   အပြေးအလွှား   သွားကြည့်လိုက်တော့   ခေါင်းစဉ်က  အချစ်ဆုံးသို့အိတ်ဖွင့်ပေးစာတဲ့။   ကျမ  ခေါင်းစဉ်ကိုကြည့်ပြီး    တော်တော်ဖျားသွားတယ်။   ဘာရေးလို့   ရေးရမှန်းမသိ၊  ဘယ်သူ့ကို   ရေးလို့ရေးရမှန်းမသိဘဲ   စိတ်ကိုရှုပ်သွားတာပဲ။    ကျမစိတ်ရှုပ်နေတော့   အမတွေလည်း   မနေသာဘဲ   ၀ိုင်းဝန်းစဉ်းစားပေးကြတာပေါ့။   နောက်ဆုံးတော့    အချစ်ဆုံးကိုပဲ   ရေးလိုက်တော့မယ်လို့    ဆုံးဖြတ်လိုက်ကြတယ်။ ကဲ… အခုစရေးပြီနော်။
မောင်လေးရေ…
မောင်လေး မမတို့ဘ၀ထဲကို ရောက်လာတာ အခုဆို ၁၄နှစ်တောင် ရှိရောပေါ့နော်…။ မမကနှစ်တွေအများကြီး တစ်ဦးတည်းသောသမီးအဖြစ်နဲ့ နေလာတာဆိုတော့ မောင်လေးရောက်လာခါစမှာ ကောင်းကောင်းမွန်မွန်နဲ့ မကြိုဆိုမိခဲ့ဘူး မောင်လေးရယ်…။ ငယ်ဘ၀တလျှောက်လုံးလည်း အငယ်ဆိုပြီး အလျှော့ပေးဖို့ထက် တယောက်နဲ့တယောက် ရန်ဖြစ်ရင်းနဲ့သာ ကုန်လွန်ခဲ့တယ်နော်…။ တစ်ယောက်ကစလိုက်၊ တစ်ယောက်ကစိတ်တိုလိုက်နဲ့ တခါတလေတော့လည်း ပျော်ဖို့ကောင်းပါတယ်…။ မောင်လေးလည်း တဖြည်းဖြည်းနဲ့ ကြီးလာပြီဆိုတော့ သိထားသင့်တာတွေကို မမပြောပြချင်ပါတယ်…။ ဘ၀ဆိုတာ ရုန်းကန်ရခြင်းတဲ့…။ မောင်လေးဘ၀မှာ တခါတလေ ရုန်းကန်ရတာတွေ ရှိလာတဲ့အခါ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကျော်လွှားပါမောင်လေးရယ်…။ တခါတလေတော့ လူတွေကကိုယ့်ကို ဂရုမစိုက်ဘူးလို့ ထင်လာတတ်တယ်…။ အဲဒီ့အခါကျရင်လည်း စိတ်မညစ်ပါနဲ့နော်…။ ကိုယ့်ဘ၀ကိုသာ အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပါ…။ မောင်လေးအတွက် အားအင်တွေလိုမယ်ဆိုရင် မမဘက်က ပေးအပ်ဖို့အသင့်ပါပဲနော်…။ လူဆိုတာ သေမျိုးချည်းပါတဲ့…။ တချိန်ချိန်မှာ မမသို့မဟုတ် မောင်လေးသိပ်ချစ်ရတဲ့ လူတစ်ယောက် လောကကြီးက ထွက်သွားရတဲ့အခါ တရားနဲ့ဖြေနိုင်အောင် ကြိုးစားပါ…။ ကိုယ့်အလှည့်ကျရင်လည်း နောက်မဆုတ်ဘဲ သွားနိုင်အောင် ရဲရဲဝံ့ဝံ့နဲ့ ပြင်ဆင်ထားပါ မောင်လေးရယ်…။ မောင်လေးဘ၀မှာ ယုံကြည်စရာလူတွေ ရှားပါးလာတဲ့အခါ ကိုယ့်စိတ်ကို ဖြေနိုင်အောင်ကြိုးစားပါ…။ လောကမာယာတွေက အရမ်းများလှပါတယ်…။ ဒီမာယာတွေကြား စိတ်ပျက်မသွားဘဲ မောင်လေးတစ်ယောက် အောင်မြင်မှုသရဖူကို ဆောင်းနိုင်ပါစေနော်။
ချစ်တဲ့
မမ
ကိုဝေက  အချစ်ဟောင်းအကြောင်း    ပြောခိုင်းပေမယ့်   ကျမမှာက   ပြောပြစရာအချစ်ဟောင်းက     မရှိလေတော့    ကျမအချစ်ဆုံး မောင်လေးအကြောင်းပဲ    ရေးပေးလိုက်တယ်နော်။  အပြင်မှာ  ကျမကိုယ်တိုင်   မောင်လေးကို  မပြောဖြစ်တာတွေ၊  ပြောချင်တာတွေကို   ရေးထားတာပါ။ ဒီခေါင်းစဉ်နဲ့  ထပ်tagရင်လည်း  အားလုံးရဲ့ မေတ္တာပို့ခြင်းကို   ခံယူရမှာဆိုတော့   ထပ်ပြီးမtagတော့ဘူးနော်။    အဆင်ပြေကြပါစေ။
: အမှတ်တရ
          စာရေးသူ ...မေပျို
        
at
4:06 PM
3
comments
 
Saturday, November 17, 2007
Meaning of life
အားလုံးပဲမင်္ဂလာပါနော်။  ဒီကဗျာလေးက   ကျမရဲ့အချစ်ဆုံးသူငယ်ချင်း  ရေးထားတာပါ။  ဖတ်ကြည့်ပေးပါဦးနော်။
Man has eye.
Not everyone can see the right.
Man has ear.
Not everyone can really hear.
Man has mouth.
Truth is the one that they can't always shout aloud.
Man has mind.
Sometimes it doesn't have feelings.
Man has smiles.
Sometimes they have cruel meaning.
Man has heart.
Sometimes its really hard.
Man has legs.
But some do the walk on path they don't want.
What's  the meaning of life in such living???
: ကဗျာ
          စာရေးသူ ...မေပျို
        
at
7:55 PM
8
comments
 
Friday, November 16, 2007
အချစ်ဆိုတာ
အချစ်လို့   ပြောလိုက်တာနဲ့   လူ၁၀၀မှာ   ၉၀လောက်က   သမီးရည်းစားအချစ်ကိုပဲ   ပြေးမြင်ကြပါတယ်။  အချစ်ဆိုတာ     အမှန်တော့အမျိုးမျိုးရှိကြပါတယ်။   မိဘနဲ့သားသမီးကြားက အချစ်၊   ချစ်သူနှစ်ယောက်ကြားက အချစ်၊ သူငယ်ချင်းအချစ်၊ ဆရာတပည့်အချစ်၊  ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်    စသည်ဖြင့်   အမျိုးမျိုးပေါ့လေ။   အချစ်မှာ    လိုချင်တပ်မက်မှု     အနည်းအများပေါ်         မူတည်ပြီး  ၁၅၀၀ အချစ်၊   ၅၂၈ အချစ်ဆိုပြီး   ခွဲခြားပြထားတာပေါ့။   ချစ်သူနှစ်ယောက်ကြားက အချစ်ကိုတော့ ၁၅၀၀အချစ်အဖြစ်  သတ်မှတ်ကြပြီး   အခြားအချစ်တွေကိုတော့   အေးမြတဲ့၅၂၈အချစ်အဖြစ်  သတ်မှတ်ကြပါတယ်။
ပထမဆုံးတော့   မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာကို   ပြောပြချင်ပါတယ်။  မိဘနဲ့သားသမီးကြားက  အချစ်မှာတောင်   မိဘကသားသမီးကို  ချစ်တဲ့အချစ်နဲ့   သားသမီးကမိဘကို   ချစ်တဲ့အချစ်က မတူညီကြပါဘူး။  မိဘကသားသမီးကို   ချစ်တဲ့အချစ်ကတော့   လိုချင်တပ်မက်မှုနည်းပါတယ်။   မေတ္တာဘက်ယိမ်းတဲ့  အချစ်မျိုးပေါ့လေ။ သားသမီးကောင်းစားရေးကိုသာ  ရှေးရှုကြပါတယ်။    ဗိုက်ထဲမှာ  သန္ဓေစတည်ကတည်းက  ကိုယ့်ရင်သွေးဆိုတဲ့အသိနဲ့ကို    သားသမီးကို   စတင်ချစ်ခင်ကြပါတယ်။    မွေးဖွားကြီးပြင်းလာတော့လည်း    တိမ်းချော်မှုမရှိအောင်   အရာရာကိုထိန်းမတ်  ပေးကြတာပေါ့။    သားသမီးရဲ့    အကောင်းအဆိုးကို   မကြည့်ဘဲ    အပြစ်မမြင်နိုင်တဲ့  အချစ်မျိုးပါ။   အေးမြတဲ့ချစ်ခြင်းမေတ္တာလို့    ပြောလေ့ရှိကြပေမယ့်  တခါတလေ သားသမီးကြောင့်လည်း   ပူပင်သောကတွေ  ပင်လယ်ဝေအောင်     ခံစားရတယ်ဆိုတာ   ဘယ်သူမှမငြင်းနိုင်ပါဘူး။ 
သူငယ်ချင်းကိုချစ်တဲ့  အချစ်အကြောင်း  ထပ်ပြောရအောင်။  သူလည်း  အေးမြတဲ့   ချစ်ခြင်းတစ်မျိုးပါပဲ။  သူငယ်ချင်းဆိုတာ  ဘ၀တစိတ်တပိုင်းရဲ့  လက်တွဲဖော်လို့  ကျမကတော့  ယူဆပါတယ်။  ကိုယ့်ရဲ့အကောင်းအဆိုး   မှန်သမျှကို   အတူတူခံစားနားလည်နိုင်မယ့်   ချစ်ခြင်းမျိုးပါ။   မိဘ၊ဆွေမျိုးနဲ့ ချစ်သူတို့ကို   မပြောပြနိုင်တဲ့   ခံစားချက်တွေကို  ရင်ဖွင့်နိုင်မယ့်  လူမျိုးပါ။  ဆိုးတူကောင်းဖက်  ဟူသမျှကို  လက်တွဲရင်ဆိုင်နိုင်မယ့်  သူငယ်ချင်းအချစ်မျိုးက   ကျမတို့အားလုံးအတွက်  လိုအပ်ပါတယ်။  အရာအားလုံး  ကျရှုံးနေချိန်မှာ  အားပေးနိုင်မယ့်  နားလည်နိုင်မယ့်   သူငယ်ချင်းမျိုးဟာ  ကျမအတွက်တော့  မရှိမဖြစ်ပါဘဲ။  ဒီလိုဖြူစင်တဲ့   သူငယ်ချင်းအချစ်မျိုးနဲ့   ချစ်ရင်းတခါတလေတော့လည်း  ဒီအချစ်ကနေ   ချစ်သူတွေမှာ  ရှိတဲ့အချစ်မျိုးကို   ပြောင်းလဲတတ်ပါသေးတယ်။   ဖြူစင်သန့်ရှင်းတဲ့အချစ်မျိုးက  ကိုယ့်မှာရှိတဲ့သူငယ်ချင်း  မှန်သမျှမှာ   ရှိရင်အကောင်းဆုံး   ဖြစ်ပေမယ့်  လက်တွေ့မှာတော့  အားလုံးမှာ ရှိဖို့ရာ  ခဲယဉ်းပြီး  တစ်ယောက်၊  နှစ်ယောက်မှာ  ရှိရင်တောင်  ၀မ်းသာရမှာပါ။  ဘ၀အမောတွေကြားမှာ ဖြတ်သန်းရတိုင်း  လိုအပ်တဲ့အချစ်မျိုးပါ။
အချစ်အကြောင်းပြောချင်နေတဲ့ ကိုပီကေ
ကဗျာတွေရေးတဲ့ငယ်ဆူးအိမ် တို့ပဲ ဖြစ်ပါတယ်ရှင်။ ရေးပေးကြပါဦးနော်။
မှတ်ချက်။    ။အထက်ပါပို့စ်သည် ကျမရဲ့ထင်မြင်ချက်မျှသာ  ဖြစ်ပါတယ်။  အမှားအယွင်းပါခဲ့ပါက  ကျမ၏ညံ့ဖျင်းမှုကြောင့်သာ  ဖြစ်ပါတယ်။  ဒီ့အတွက်  အားလုံးကို  တောင်းပန်ပါတယ်နော်။ လာဖတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
          စာရေးသူ ...မေပျို
        
at
1:26 PM
4
comments
 
 

 
 
