၁။ကျမကတော့   ကိုယ့်ကိုယ်ကို   မပုဘူးထင်ပေမယ့်  သူများတွေကတော့ အရပ်ပုတယ်တဲ့။ (ပြောတဲ့လူ ကိုယ့်ကိုယ်ကို သိတယ်မဟုတ်လား။)
    ၂။ခန္ဓာကိုယ်အရွယ်အစားကတော့   အခုပဲတတိယနှစ်   ရောက်တော့မယ်။  မသိတဲ့လူက   ရှစ်တန်းလားလို့   မေးရလောက်အောင်ပါပဲ။ (ကိုယ့်ဘာသာ ကိုယ်သာ  စဉ်းစားကြည့်နော်။ ဘယ်လောက်သေးလဲ ဆိုတာ။ ဒါပေမယ့်  ဒီလိုတော့  လာမမေးနဲ့လေ။ စိတ်ဆိုးမှာ။)
    ၃။ကိုယ်နေဟန်ထားကတော့  သူများတွေလို  နွဲ့နှောင်းဖို့နေနေသာသာ လမ်းလျှောက်ရင်တောင်   စက်ရုပ်များ လျှောက်လာသလား   ထင်ရတယ်။  (တောင့်တောင့်ကြီးဖြစ်နေလို့လေ။ ဟိဟိ)
    ၄။အသားကတော့  မဖြူမညိုလေးတော့ ထင်တာပဲ။ ဒါပေမယ့် တချို့ကပြောတယ်။  ကုလားမကျနေတာပဲတဲ့။  ( သူများကို မညှာမတာ အဲ့လို ဝေဖန်တဲ့လူလည်း ရှိတယ်သိလား။ )
    ၅။မျက်နှာကတော့   သွယ်လည်းမသွယ်၊  ၀ိုင်းလည်းမ၀ိုင်း၊  လေးထောင့်လည်း မကျပဲ   မျက်နှာမြင် တုတ်နဲ့ရိုက်ချင်ပါစေ  ဆိုတဲ့ဆုနဲ့   ပြည့်တယ်။  (တချို့ကပြောသေးတယ်။  အပူသည်ရုပ်တဲ့။ ဟင့် ငိုတောင်ငိုချင်လာပြီ။)
    ၆။မျက်လုံးလေးကလည်း   မွေးတုန်းက ဘာကိုမြင်ပြီး  အံ့သြလာတယ်မသိဘူး အခုထိ  ပြူးနေတော့တာပဲ။  မျက်ခုံးကလည်း  ထူထူနဲ့   အမြဲတမ်းလိုလို   မျက်မှောင်ကြုတ်နေတတ်သေးတယ်။
    ၇။နှာခေါင်းကလည်း ချွန်ချွန်လေး။ (ဒါပေမယ့် လှတယ်လို့ မထင်နဲ့နော်။   လုံးဝ(လုံးဝ) မလှဘူး။ ဟဲဟဲ အထင်မှားမှာစိုးလို့။ ကြိုပြောထားတာ။ )
    ၈။ပါးလေးကလည်း သူများတွေလို  ပန်းသွေးရောင်ထပြီး   ချစ်စရာကောင်းမယ်မထင်နဲ့။  လူကပိန်နေတော့  ပါးခမျာလည်း  မဖောင်းရရှာတော့ဘူးပေါ့။
    ၉။နှုတ်ခမ်းကလည်း   ခပ်ထူထူနဲ့။  စွာမှန်းသိသာတဲ့  မှဲ့ကလည်း  နှုတ်ခမ်းပေါ်မှာ  ပါသေးတယ်။
    ၁၀။ဆံပင်ကတော့   အရှည်ဖြောင့်ဖြောင့်လေးပဲ။ ခါးလည်းကျော်ပြီး  ခြေထောက်လည်းမထိသေးဘူး။ (လူတစ်ကိုယ်လုံးမှာ  ဆံပင်ကလွဲပြီး  ကြည့်လို့ကောင်းတာ  ဘာမှကို မရှိဘူး။) 
    ကဲ…ဒီလောက်ဆို  မေပျိုဆိုတဲ့   ကျမပုံပန်းကို   ခန့်မှန်းလို့  ရလောက်ပြီနဲ့တူပါတယ်။  သရဲကြောက်တတ်တဲ့သူဆို   မြင်တာနဲ့   လန့်ပြီးထွက်ပြေးလောက်တယ်  သိလား။ 
    စိတ်နေစိတ်ထားလေးကို  ဆက်ပြောရအောင်။
    -အဓိကအချက်ကတော့  လုံးဝဟန်မဆောင်တတ်တာပါ။  ကိုယ်မကျေနပ်တဲ့လူကို  ဘယ်လိုမှ  ပြုံးမပြတတ်သလို   စိတ်ဆိုးနေရင်လည်း   ရန်မတွေ့ဘဲကို   မနေတတ်ပါဘူး။  ပွင့်ပွင့်လင်းလင်းပြောရတာကိုပဲ  သဘောကျပါတယ်။
    -မာနကလည်း ဘာကြီးသလဲ မမေးနဲ့။  ကိုယ့်ကိုမခေါ်ချင်တဲ့လူကို   လုံးဝကို  လှည့်မကြည့်တတ်ပါဘူး။  လိုက်ချော့ဖို့ဆိုတာကတော့  ဝေလာဝေးပေါ့။  ကျမကို ခင်တဲ့လူဆိုရင်တော့  ကျမကလည်း  အရမ်းခင်တတ်ပါတယ်။
    -မျက်နှာထားကလည်း   တင်းနေတာများပြီး  အရယ်အပြုံးလည်း  နည်းပါသေးတယ်။ အဲ.. ဒါပေမယ့် ခင်တဲ့လူနဲ့ဆိုရင်တော့  ပြောင်စပ်စပ်ဖြစ်သွားပြန်ရော။
    -စိတ်လည်းအလွန်တိုတတ်ပါတယ်။  တခွန်းက နှစ်ခွန်းပြောရင် စိတ်မရှည်တတ်တာ  ကျမမေပျိုပါ။ နောက်နှစ်ကျရင်  ဆေးရုံဆင်းရမှာဆိုတော့   အခုစိတ်ရှည်အောင်  ကြိုးစားနေပါတယ်။
    -သောကြာသမီးပီသစွာ စကားကလည်း အလွန်များပြီး  ကြက်တူရွေးတောင်  အရှုံးပေးရပါမယ်။  အဲ… မပြောချင်တဲ့  လူနဲ့များကျတော့လည်း   ရေငုံနှုတ်ပိတ်ပြီး  "အ"နေသလားတောင်  ထင်ရလောက်ပါတယ်။
    -ပွဲလမ်းသဘင်   သွားရမှာကို  အလွန်အမင်း  စိတ်ပျက်တတ်ပေမယ့်   အခုကျတော့ အန်တီမွန်းသက်ပန်ကြောင့်   မင်္ဂလာဆောင်တွေပါ   လိုက်စားနေရတဲ့  အခြေအနေ  ရောက်နေပါပြီ။ (သူက မိဘကျေးဇူးဆပ်တတ်အောင်  သင်ပေးနေတာတဲ့လေ။ )
    -အားနာချင်တဲ့ဟာဆို  အသေးအဖွဲကအစ  အားနာတတ်ပေမယ့်  အားမနာတော့ဘူးဆိုရင်လည်း  အပြတ်ကို ပြောတတ်ပါတယ်။
    -အချိန်ကိုတိကျမှ  ကြိုက်သူပါ။  အချိန်မတိကျသူကို  ဘယ်လိုမုန်းမှန်းကို  မသိပါဘူး။
    -အစွဲအလန်းလည်း  ကြီးပါတယ်။  ရှေးရိုးလည်း  ဆန်ပါတယ်။ အယူလည်း သည်းပါတယ်။ အပြောင်းအလဲများခြင်းကို  ရွံမုန်းတတ်ပါသေးတယ်။ တခါတလေလည်း  ခေါင်းမာတတ်ပါတယ်။   အငြင်းလည်း သန်ပါတယ်။  
    -အရေးကြီးတဲ့ ကိစ္စတွေကို  တစ်ယောက်တည်း  မဆုံးဖြတ်တတ်ပါဘူး။  တိုင်ပင်သင့်တယ်လို့  ထင်တဲ့သူနဲ့  တိုင်ပင်ပြီးမှသာ  ဆုံးဖြတ်တတ်တာပါ။ (တွေဝေတယ်လို့  ပြောရင်လည်း  ခံရမှာပဲ)
    -အငိုလည်းသန်ပါတယ်။  စိတ်ကသာ  ၀မ်းနည်းလာပြီဆိုရင်  မျက်ရည်က အလိုလိုကျလာရော။  တခါတလေတော့လည်း  အရမ်းအားငယ်တတ်ပါတယ်။
    -တစ်ယောက်တည်းနေရတာကို  နှစ်သက်ပေမယ့်   မိသားစုသိုက်သိုက်ဝန်းဝန်း   နေတာကိုလည်း  သဘောကျသူပါ။
    -အတွေးအခေါ်တွေကအစ    အူကြောင်ကြောင်နိုင်ပြီး    အပြောအဆိုက  ဘယ်လောက်ညက်လည်းဆိုရင်  မကျေနပ်တာနဲ့   ဘုပြောတော့တာပဲ။
    -မကျေနပ်တာကို   နောက်ကွယ်ကနေ   အတင်းပြောဖို့ထက်   မျက်နှာချင်းဆိုင်ပဲ   ဖြေရှင်းချင်သူပါ။
    -မဟုတ်မခံစိတ်  အပြည့်ရှိပြီး  ရန်လာစရင်လည်း  အရှုံးမပေးတတ်ပါဘူး။  စိန်ခေါ်ရင်  တိမ်ပေါ်ထိတက်မယ်  ဆိုတဲ့  လူစားမျိုးပါ။
    -ယောက်ျားစွဲကြီးတဲ့လူတွေကို  ရွံမုန်းတဲ့အပြင်   မိန်းမသားဆိုပြီး  အနိုင်ကျင့်ချင်တဲ့လူတွေကို  ပက်ပက်စက်စက် နှိပ်ကွပ်ချင်သူပါ။ 
    -လူတိုင်းကို   စိတ်ဝင်စားပြီး  လူတိုင်းရဲ့စိတ်ကို  နားလည်ချင်ပါတယ်။  မျှတတဲ့  အယူအဆကိုသာ  လက်ခံချင်သူပါ။ ချော့တာလည်း  ၀ါသနာမပါသလို   အချော့ခံရမှာကိုလည်း   သေမလောက်  ကြောက်ပါတယ်။  
    -အရှက်တရားလည်း  ကြီးပါတယ်။  ကျမရှေ့မှာ  အရှက်မရှိ  မတော်တရော်များ   တွေ့လို့ကတော့  ခဲနဲ့ကို  ကောက်ထုချင်သူပါ။  
    -သူများတွေလှတာ  မြင်ရင်တော့  သဘောကျတတ်ပေမယ့်  ကိုယ်တိုင်အလှပြင်ဖို့တော့  အရမ်းကို ပျင်းတတ်ပါတယ်။ ( အလှပြင်ရင် ကုန်မယ့်အချိန်ကို  အိပ်ပြီးတော့သာ  ကုန်လွန်ချင်တာပါ။ )
    -မိန်းကလေးတွေ  တတ်ရမယ့်  ကိစ္စအ၀၀ကို  စိတ်မ၀င်စားဘဲ  ယောက်ျားလေးတွေ  လုပ်ရမယ့်ကိစ္စကိုသာ  စိတ်ဝင်စားသူပါ။
    -အီစီကလီလုပ်သူများကို  အရမ်းကိုအမြင်ကတ်ပြီး  ဂျီတော့မှာများ ကျမကို  လာကြူပါက  လက်မနှေးဘဲ  ဘလော့(block) လုပ်ပစ်ပါတယ်။
      ကဲ.. ဒီလောက်ဆို  ကျမစိတ်နေစိတ်ထားကိုလည်း စုံစုံလင်လင်  သိလောက်ရောပေါ့။  ဒီအကြောင်းကိုရေးပြီး  ကျမကိုခင်မယ့်လူ  မရှိတော့မှာကိုတောင်  စိုးရိမ်မိပါတယ်။  ဒီစိတ်နေစိတ်ထားကတော့   ကျမရဲ့စိတ်ထား အမှန်အကန်ပဲ  ဖြစ်ကြောင်း  အာမခံပါတယ်။ မယုံကြမှာ စိုးလို့  ကြိုပြောထားတာ။  မနှင်းဆီရေ… ကျေနပ်တယ်မဟုတ်လား။   ကျမထပ် tagချင်တဲ့လူတွေကတော့
လူတွေကိုကျမလိုပဲ  စိတ်ဝင်စားတဲ့ ကိုပီကေ
  ကျမရဲ့မမ Helena
  ပြောပါရစေဆိုတဲ့  မရွှေဂျမ်း  တို့ပဲ ဖြစ်ပါတယ်နော်။
 
 
7 comments:
သူပြောတဲ့ အတိုင်းဆို ရုပ်က ခပ်ချောချော ပါက ခပ်စုတ်စုတ် နေမှာနော့။ လူက ပိန်တယ်။ အကောင်က သေးတယ်။ ပါးက မဖောင်းဘူး။ နှာခေါင်းချွန်ချွန်၊ မျက်လုံးကပြူးတယ် (မျက်ဆံ ပိန်၍ မရသောကြောင့် ပြူးကျန်နေတာ ဖြစ်နိုင်သည်။) ဆိုတော့ အင်း ပန်းချီဆရာ ခေါ်ပြီး ဆွဲခိုင်းဦးမှပဲ။ ဘယ်လို ပုံထွက်လာ မလဲလို့။ စိတ်က ပုတ်ပေမယ့် ရုပ်ကလေးက ဖျက်နေတာနော်။ အဟီး၊ စတာနော်။ စိတ်ဆိုးရဘူး။ ကိုယ့်ညီမငေးကို ချစ်လို့ စတာပါ။ ဟဲဟဲ။ ရုပ်ချော၊ မနောကောင်းလေးပါဗျာ။ ခေတ်မကောင်းလို့ ရူးနေတာပါ။ အဲ ရူးချင်ယောင်ဆောင်နေတယ် ပြောတာ။
ဟာဟ အစားမစားလို့ ပိန်နေတာလား ပိန်ချင်လို့ ပိန်နေတာလား မေပျိုရဲ့။ အအိပ်တော့ ပုတ်မဲ့ပုံပဲ။ ပါးဖောင်းပြီး နီရဲလာချင်ရင် ကြက်သွေး၊ ဘဲသွေး၊ ခရမ်းချဉ်သီး စတာတွေ သွေးနဲ့ ပါတ်သတ်တာတွေ စားပေးရတယ် လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ စမ်းစားကြည့်ပေါ့။ ဆရာဝန်ကို ဆရာလုပ်တာ မဟုတ်ဘူးနော်။ ပြီးတော့ ဂျူတီကုတ်ကိုလဲ ကိုယ်တိုင်ပဲ သွားချုပ်ပေါ့ ဟုတ်လား :P
စိတ်ကတော့ ချွတ်စွတ်တူတယ်။
ဘာတဲ့ လာကြူရင် block။
မိန်မအလုပ်တွေ စိတ်မ၀င်ဘဲ ယောက်ျားလေး အလုပ်များသာ စိတ်ဝင်စားပါသတဲ့။
သောကြာမဟုတ်ပေမယ့် သောကြာသမီးလား မေးရအောင်
စကား များလို့ လူတွေက ကြည့်မရဘူးတဲ့လေး။
၉၀%တူနေတယ် ဘီလိုလုပ်မလဲ စတော်ဘယ်ရီသောက် ရအောင်လား။
အဲ ကိုယ့်ရုက်ကို အဲလောက်တောင် ပြောစရာလား မေပျိုရဲ့...
မျက်စိထဲမှာတော့ ချစ်စရာ မိန်းကလေး တစ်ယောက်အဖြစ် မြင်လာပါတယ်ရှင်
ဆံပင်အရှည်နဲ့ဆိုရင်တော့ လှမှာပါဗျာ ... ဟတ် ဟတ်ဟတ်
သဲရေ... ဒို့ညီအမ ၂ယောက်ရဲ့ အလှက ဘယ်သူမှ လိုက်မှီမယ် မထင်တော့ပါဘူး ဟီးဟီး
သမီးရေ..
အန်တီလာဖတ်တော့ အန်တီ့ငယ်ငယ်က စိတ်တွေကို တထပ်တည်းတွေ့နေရတယ်...
ခု အန်တီတို့ အသက်အရွယ်ရောက်တော့လဲ ..
တချို့ကို နည်းနည်းလျှော့ပေးနေရပြန်တယ် ...
Post a Comment