tagအကြွေးတွေက  ကျမဘယ်လိုပဲဆပ်ဆပ်   ကုန်ကိုမကုန်နိုင်တော့ဘူး။   တစ်ယောက်ကိုဆပ်လိုက်၊ တစ်ယောက်က ထပ်tagလိုက်နဲ့ ဘယ်တော့များမှ ကြွေးကင်းတဲ့ဘ၀မှာ  နေနိုင်တော့မလဲ   မသိဘူးနော်။   အခုလည်း   လူသိရှင်ကြား   tagခံထားရတဲ့   အကြွေးကနှစ်ခု၊   လူမသိသူမသိဘဲ   tagခံထားရတဲ့    အကြွေးကနှစ်ခုနဲ့    ကျမမေပျိုတစ်ယောက်   ဒုက္ခရောက်ပြီး   အဲဒီ့လေးခုကြား   ဗျာများနေရတာပေါ့။    ဟိုဟာရေးရ   ကောင်းနိုးနိုး၊   ဒီဟာရေးရ    ကောင်းနိုးနိုးနဲ့    ဘယ်ဟာမှကို    အဆုံးထိ   မရောက်တော့ဘူး။  ကဲ…. ဒီနေ့တော့     အနည်းဆုံး    အကြွေးတစ်ခုလောက်    ရအောင်ဆပ်မယ်လို့    ဆုံးဖြတ်ထားပါတယ်။   ဒီတခေါက်    ကျမအကြွေးဆပ်ဖို့    အလှည့်ကျတဲ့    အကြွေးရှင်ကတော့ကိုမာန်လှိုင်းငယ်ပဲ  ဖြစ်ပါတယ်။
      ကိုမာန်လှိုင်းငယ်ဆီက   ယူထားတဲ့အကြွေးကတော့    ကိုယ်နှစ်သက်တဲ့     စာရေးဆရာတွေကို     ပြောပြရမယ့်အကြွေးပဲ    ဖြစ်ပါတယ်။   ဒီအကြွေးက   ပြောတော့သာ   ရေးလိုက်ရင်    လွယ်လွယ်လေးပါ     ဆိုပေမယ့်     တကယ်တမ်း      ရေးရမယ်လည်းဆိုရော    ဦးနှောက်ခြောက်စရာပါ။    ကျမက     စာအုပ်ဖတ်တာ       ၀ါသနာပါတော့       အပျော်တမ်းရော၊     တကယ့်စာပေတွေပါ        ဖတ်လေ့ရှိပါတယ်။       ဒီတော့     ကျမနှစ်သက်ရတဲ့      စာရေးဆရာတွေကလည်း       များလာမယ်လို့      ထင်ကြမှာပေါ့နော်။          တကယ်လည်း     ကျမဖတ်မှတ်တဲ့    နှစ်သက်ရတဲ့     စာရေးဆရာတွေ    အများကြီးပါပဲ။
     ကျမဖတ်တဲ့    စာအုပ်တွေက    အမျိုးအစား   ကွဲပြားလာတာနဲ့အမျှ    ကျမနှစ်သက်တဲ့    စာရေးဆရာတွေကလည်း    နှစ်သက်ပုံနှစ်သက်နည်းခြင်း     မတူတော့ပါဘူး။   တချို့စာရေးဆရာတွေကိုတော့       ဟာသပြောင်မြောက်အောင်  ရေးနိုင်လို့   သဘောကျရသလို၊  တချို့ကျတော့လည်း  အသိပညာ ဗဟုသုတပေးလို့၊    အရေးအသား   ပြောင်မြောက်လို့   နှစ်သက်ရပြန်ပါတယ်။   ရှေးဟောင်းစာဆိုတွေကိုလည်း    နှစ်သက်ရသလို     ခေတ်ပေါ်စာရေးဆရာတွေကိုလည်း     သဘောကျမိပါတယ်။   
     ပထမဆုံး   ကျမနှစ်သက်ရတဲ့    ရှေးဟောင်းစာဆိုတွေကို   ပြောပြချင်ပါတယ်။     ကျမတို့အထက်တန်းပညာ  သင်ယူနေတုန်းက    သင်ကြားဖူးတဲ့    ကဗျာတွေရဲ့စာဆို    ရှင်မဟာရဌသာရကို    စပြောရမှာပေါ့နော်။     ရှင်မဟာရဌသာရရဲ့   ကဗျာတွေက      ဘာဆိုဘာမှ     ရေရေရာရာ     နားမလည်သေးတဲ့     ကျမတို့ကျောင်းသားလူငယ်တွေကို      ဗဟုသုတတွေ    အများကြီးပေးတာပါ။         ဆရာဇော်ဂျီတို့    ဆရာမင်းသုဝဏ်တို့ရဲ့   စာတွေကိုလည်း     နှစ်သက်မိပါတယ်။ ဒါ့အပြင် အချိန်ကို  တန်ဖိုးထားတတ်အောင်   ပညာပေးခဲ့တဲ့   ဆရာပီမိုးနင်းကိုလည်း    သဘောကျမိပါတယ်။   ကျမရဲ့ငယ်ဘ၀  လေးစားရတဲ့စာဆိုတွေလို့   ပြောရမှာပေါ့။   
     ကျမ၀တ္တုတွေ   စပြီးဖတ်တတ်တဲ့   အရွယ်ရောက်တော့     ကျမအကိုတွေ၊အမတွေဖတ်တဲ့    ၀တ္ထုတွေကို     ဖတ်မိပါတယ်။    အဲဒီ့မှာပဲ   ဆရာတာရာမင်းဝေ  ဆရာမင်းခိုက်စိုးစန်    ဆရာနီကိုရဲတို့ရဲ့  စာတွေနဲ့   ရင်းနှီးလာခဲ့တာပေါ့။  စိတ်ညစ်မိတဲ့အခါ   ဆရာတာရာမင်းဝေရဲ့  စာတွေကိုဖတ်ပြီး ရယ်မိသလို    တခါတလေကျတော့လည်း    တွေးစရာလေးတွေ    ရတတ်ပါတယ်။     မှော်ဆရာရဲ့ကျောင်းစာအုပ်တို့   ပင်လယ်အတုထဲကကျွန်းတို့    စတာတွေကိုဖတ်ရတဲ့အခါ   ဆရာတာရာမင်းဝေရဲ့   ဟာသဥာဏ်ကို   တော်တော်လေး   လေးစားမိပါတယ်။    ဆရာမင်းခိုက်စိုးစန်ရဲ့ ကလောင်ကွဲတစ်ခုဖြစ်တဲ့    သတိုးတေဇအမည်နဲ့ရေးတဲ့    ၀ိဥာဉ်လောကအကြောင်း   ၀တ္ထုတွေကိုဖတ်ပြီးတော့လည်း   တစ်ယောက်တည်းတောင်   ဘယ်မှမသွားရဲအောင်   ကြောက်ရွံ့ရပါတယ်။   ဆရာနီကိုရဲရဲ့     မကြည်ပြာအကြောင်း    ရေးထားတဲ့စာအုပ်ကလည်း    တော်တော်ကောင်းတဲ့   စာအုပ်ပါပဲ။
     အကိုတွေဖတ်တဲ့   စာအုပ်တွေကို   လိုက်ဖတ်သလို    ကျမအမေနှစ်သက်တဲ့   ဆရာမရဲ့စာအုပ်တွေကိုလည်း   ဖတ်မိပါတယ်။   သူကတော့    အားလုံးလိုလို   ရင်းနှီးပြီးသား   ဆရာမဂျူးပေါ့လေ။    အခြားအချစ်ဝတ္ထုတွေလို   ချစ်၊ကွဲ၊ညားကိုပဲမရေးဘဲ   အချစ်နဲ့ပတ်သက်ရင်း  အသိပညာ၊ဗဟုသုတတွေကိုပါပေးတဲ့  ဆရာမဂျူးကိုလည်း ကျမအရမ်းအားကျမိပါတယ်။   နောက်တစ်ယောက်ကတော့   ကျမတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းပါပဲ။    ဗိုလ်ချုပ်ရဲ့ဆောင်းပါးတစ်ပုဒ်ကိုလည်း   ကျမတင်ပြပြီးသား  ဖြစ်ပါတယ်။ ဆရာရွှေဥဒေါင်းရဲ့စာတွေကလည်း  ဗဟုသုတတွေအများကြီး  ပေးပါတယ်။ မစန္ဒာရဲ့ ဆဌဂံဝတ္ထုကိုလည်း ဘ၀အသိအမြင်တွေ အများကြီးရလို့ နှစ်သက်မိပါတယ်။  နိုင်ငံခြားစာရေးဆရာတွေမှာတော့ ဂျေကေရိုးလင်းနဲ့  ရှိတ်စပီးယားကို အနှစ်သက်ဆုံးပါပဲ။  ဒီစာရေးဆရာတွေကတော့     ကျမအကြိုက်ဆုံး စာရေးဆရာတွေပါ။   
  ဒီလောက်ဆို   တော်ပြီနော်ကိုမာန်လှိုင်းငယ်ရေ။ ဘလော့ဂ်လောကမှာလည်း  ကျမနှစ်သက်ရတဲ့ စာရေးဆရာတွေ အများကြီးပါပဲ။  ဒါပေမယ့် ဒါတွေပါ ချရေးရရင်  ပြီးတော့မှာ မဟုတ်လို့ မရေးတော့ဘူးနော်။  အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
 
 
1 comment:
hey how about Authur Conindoyle I donot know his name's spelling
but he is my favourite writer
Post a Comment