Thursday, September 20, 2007

ကျမဘ၀၏ အလင်းရောင်(သို့မဟုတ်) မေမေ


မင်္ဂလာပါရှင်။ ဒီပို့စ်က ကျမ ဘလော့ဂ်ရဲ့ ပထမဦးဆုံးပို့စ်ပါ။ ကျမရဲ့ မေမေကို ကျေးဇူး ဆပ်တဲ့အနေနဲ့ ဒီပို့စ်လေးကို ပထမဆုံးစပြီး တင်ဖြစ်တာပါ။ အခုမှစရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ပါနော်...

ကျမရဲ့ဘ၀တလျှောက်လုံးမှာ ကံအကောင်းဆုံးအရာကို ပြပါဆိုရင်မေမေ့ကိုကျမရဲ့မိခင်အဖြစ် ပို့ဆောင်ပေးခဲ့တဲ့ကံကြမ္မာလို့ ပြောရပါမယ်။ မေမေကကျမအတွက် အလိုအပ်ဆုံးပါဘဲ။ ကျမပိုင်ဆိုင်သမျှအရာအားလုံးနဲ့ (ကျမရဲ့အသက်အပါအ၀င်) လဲခိုင်းမယ်ဆိုရင်တောင် ကျမလဲရဲပါတယ်။ မေမေကကျမအတွက်တော့ ဘ၀တစ်ခုလုံးကိုလင်းစေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အလင်းရောင်ပဲဖြစ်ပါတယ်။

ကျမရဲ့မေမေနာမည်က ဒေါ်အေးအေးသွယ်ပါ။ကျမမေမေကို မိုးရာသီအစမေလ၂၄ရက်မှာ မွေးဖွားခဲ့ပါတယ်။ မေမေ့ရဲ့ အဖေကျမရဲ့အဖိုးက အမှုထမ်းဖြစ်တဲ့အတွက် မေမေကမြို့တစ်မြို့တည်းမှာ အကြာကြီး နေရတယ်လို့ကို မရှိပါဘူး။ ငယ်သူငယ်ချင်းဆိုပြီးတော့လည်း တိတိကျကျမရှိဘူးလို့ မေမေက ပြောလေ့ရှိပါတယ်။ အဖိုးနဲ့အဖွားတို့ကလည်း အမှုထမ်းဆိုတော့ မေမေ့ရဲ့ငယ်ဘ၀က အရမ်းချို့တဲ့တယ် မဟုတ်ပေမယ့် အရမ်းပြေလည်တယ်လို့လည်း မဟုတ်ပါဘူး။ မေမေ့မှာမောင်နှမလေးယောက်ရှိပြီး မေမေကအငယ်ဆုံးပါ။ မေမေ၈တန်းလောက်မှာ အဖိုးကအလုပ်ကထွက်ပြီး ရန်ကုန်ကိုပြောင်းလာခဲ့ပါတယ်။ ရန်ကုန်မှာပဲ ဆယ်တန်းအောင်ပြီး ဓါတုဗေဒနဲ့ဘွဲ့ရခဲ့ပါတယ်။ မေမေ့အသက်၂၆မှာ ကျမဖေဖေနဲ့ ဖူးစာဆုံခဲ့ပါတယ်။

မေမေကျမရဲ့ မိခင်အဖြစ် စတင်ခံယူလိုက်ချိန်ကတော့ ပူပြင်းလှတဲ့နွေရာသီရဲ့မတ်လ၃၁ရက်၊၁၉၈၉ခုမှာပါ။ ကျမကို ပင်ပန်းကြီးစွာ မွေးပေးခဲ့တဲ့ကျေးဇူးနဲ့တင် ကျမမေမေ့ကိုကျေးဇူးဆပ်လို့ မကုန်နိုင်ပါဘူး။ မေမေက ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့တော့ ကျမကို မွေးလာကတည်းက ဆရာဝန်ဖြစ်စေချင်ခဲ့ပါတယ်။ နာမည်ပေးတာတောင်မှ ဒေါက်တာလို့တပ်ရင်လှမယ့် သဲနုဝေဆိုတဲ့နာမည်ကို ပေးခဲ့တာပါ။ ကျမနာမည်ကို တယောက်ယောက်က ခေါ်တဲ့အခါတိုင်း မေမေရဲ့ကျမအပေါ်ထားတဲ့ မေတ္တာကိုသတိရမိပါတယ်။

မေမေကကျမအပေါ်မှာ ရည်မှန်းချက်ကြီးကြီးထားပါတယ်။ ကျမကိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်အောင် ငယ်ငယ်ကတည်းက အတတ်နိုင်ဆုံး ပျိုးထောင်ပေးခဲ့တာပါ။ ကျမမူလတန်းမတက်ခင်ကတည်းက ကျမကိုစာရေးတတ် ဖတ်တတ်အောင် သင်ပေးခဲ့တာပါ။ ကျမအတန်းကြီးလာတော့လည်း ကျမပညာရေးကို အထူးဂရုစိုက်ပေးခဲ့တာပါ။ ကျမ၁၀တန်းတုန်းကဆိုရင် ကျမမနက်၃နာရီမှအိပ်ရင် မေမေလည်း၃နာရီမှ လိုက်အိပ်ပါတယ်။ ကျမစာကျက်နေရင်း စားချင်တာရှိရင် အချိန်မရွေးထလုပ်ပေးတတ်သလို ကျမစာကျက်ရင်းစိတ်ညစ်တဲ့အခါတိုင်းမှာလည်း ကျမကိုဘေးကနေအမြဲအားပေးခဲ့တာပါ။ ကျမလပတ်တွေမှာ အမှတ်နည်းလို့စိတ်ဓါတ်ကျရင် မေမေကပဲကျမရဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့တာပါ။ စာမေးပွဲဖြေဖို့ ရက်ပိုင်းအလိုမှာတော့ ကျမစာမေးပွဲမှာချောချောမွေ့မွေ့ ဖြေဆိုနိုင်စေရန် ယတြာအမျိုးမျိုးကို နေ့ညမလပ်ချေပေးခဲ့ပါတယ်။ အောင်စာရင်းထွက်တော့ မေမေမျှော်မှန်းတဲ့အတိုင်း ဖြစ်လာတဲ့အတွက် ကျမ၀မ်းမြောက်မိပေမယ့် အောင်စာရင်း ကကျမနာမည်ဘေးမှာ မေမေ့နာမည်မပါဘဲ ဖေဖေ့ နာမည်ပဲ ပါတဲ့အတွက် ကျမ၀မ်းနည်းရပါတယ်။ ကျမ ဆေးတက္ကသိုလ်တက်ရခြင်းမှာ ကျမရဲ့အရည်အချင်းထက် မေမေ့ရဲ့အုပ်ထိန်းမှု မှန်ကန်ခြင်းကြောင့်လို့ ပြောရင်မမှားပါဘူး။

မေမေကကျမကို အရမ်းချစ်ပါတယ်။ သို့ပေမယ့် အလိုတော့မလိုက်ပါဘူး။ ကျမအမှားလုပ်မိရင် ပထမတော့နားလည်အောင် ရှင်းပြပါတယ်။ ပြောထားရဲ့သားနဲ့နောက်တစ်ခါ ထပ်လုပ်မယ်ဆိုရင်တော့ ကျမကိုခွင့်မလွှတ်ပါဘူး။ အရိုက်လည်းကြမ်းပါတယ်။ ကျမကိုရိုက်နေရင် ဘယ်သူမှ ၀င်ဆွဲလို့မရပါဘူး။ တခါတုန်းကပေါ့။ ဘာဖြစ်လို့ ရိုက်လည်းတော့ မမှတ်မိတော့ပါဘူး။ ကျမကိုရိုက်နေတာကို ဖေဖေရဲ့ညီမ၀မ်းကွဲ မဇင်(မမွန်းသက်ပန်)က ၀င်လည်းဆွဲရော မဇင်ကိုပါ ရိုက်ပါလေရော။ (မယုံရင်မဇင်ကို သွားမေးကြည့်) မေမေ့ရဲ့ ဆိုဆုံးမမှုကြောင့် ကျမဘ၀မှာ ပြင်လို့မရတဲ့အမှားမျိုး မကျူးလွန်ခဲ့တာပါ။ အခုတော့ကျမကို မရိုက်တော့ပါဘူး။ မေမေရဲ့ကိစ္စမှန်သမျှကို ကျမသိပြီး ကျမရဲ့ အခက်အခဲမှန်သမျှကို အကြံပေးဖြေရှင်းသူက မေမေပါ။ မေမေနဲ့ကျမကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ မေမေကကျမရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်လာပါတယ်။အချင်းချင်း အပြန်အလှန်အားပေးပြီး အခုဆိုမေမေက ကျမအတွက် သူငယ်ချင်းကောင်း ပေါ့လေ။

မေမေ စိတ်မ၀င်စားတဲ့ ပညာရပ်ကရှားပါတယ်။ မေမေကသိုးမွှေးလည်း ကျွမ်းကျင်စွာထိုးတတ်သလို ကျန်းမာရေးလည်း လိုက်စားပါတယ်။ ကျမမတတ်တဲ့ပ ညာတော်တော်များများကို မေမေက ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တောင် အနည်းအကျဉ်းတော့ တတ်ပါတယ်။ မေမေကဘောလုံးပွဲကြည့်တာလည်း ၀ါသနာပါပါတယ်။ အင်္ဂလန်အသင်းရဲ့ပွဲတိုင်းကို မလွတ်တမ်းကြည့်ပြီး မိုက်ကယ်အိုဝင်ပါတဲ့အသင်းတိုင်းဟာ မေမေ အားပေးတဲ့အသင်းပါပဲ။ မေမေနဲ့ကျမက အကြိုက်ချင်းလည်းတူပါတယ်။ မေမေချစ်တဲ့သူဆို ကျမလည်း ချစ်ပြီး မေမေကြည့်မရတဲ့သူဆို ကျမလည်းကြည့်မရခဲ့ပါဘူး။ အဲဒီ့လောက်အထိ မေမေကကျမစိတ်ကို လွှမ်းမိုးနိုင်ခဲ့တာပါ။

မေမေက ကျမကို စာအုပ်တွေနဲ့ ရင်းနှီးစေခဲ့သူပါ။ ကျမရဲ့စာဖတ်ဝါသနာကို မေမေက ပျိုးထောင်ပေးခဲ့တာဆိုရင် မမှားပါဘူး။ ကျမဖတ်သင့်တဲ့စာအုပ်တွေကို ငယ်ငယ်ကဆို မေမေကပဲရွေးချယ် ပေးလေ့ရှိပါတယ်။ မေမေကသူမ မဖြစ်ခဲ့တဲ့အရာတွေကို ကျမကိုဖြစ်စေချင်ပုံရပါတယ်။ ကျမကိုစာရေးသူဖြစ်အောင်လည်း မေမေကပဲ တိုက်တွန်းခဲ့တာပါ။ မေမေ့ကြောင့်ပဲ ကျမကဘလော့ဂ်တွေနဲ့ ရင်းနှီးလာခဲ့တာပါ။ ကျမဘလော့ဂ် ရေးချင်တယ် ဆိုတော့လည်း မေမေကပဲ ဒီဇိုင်းတွေကအစ ခေါင်းစဉ်အလယ် ကလောင်နာမည်အဆုံး မဇင်နဲ့ အတူရွေးချယ်ပေးခဲ့တာပါ။ မေမေရဲ့ ကူညီအားပေးမှုကြောင့်ပဲ ဒီဘလော့ဂ်လေးဖြစ်လာတယ်ဆိုရင် မမှားပါဘူး။ မေမေကကျမရဲ့ရှေ့ဆောင်လမ်းပြ၊ ကျမဘ၀ရဲ့မရှိမဖြစ်အလင်းရောင်ပဲ ဖြစ်ပါတယ်။

4 comments:

NayPhoneLatt said...

တကယ်ကိုပဲ ဘာမှန်းမသိတဲ့အလုပ်တွေနဲ့ ကိုယ်ရော၊စိတ်ရော ရှုပ်ယှက်ခတ်နေလို့ ဘာမှလုပ်မပေးနိုင်ခဲ့တာကို ငါ့ညီမကတော့ ခွင့်လွှတ်မယ်ထင်ပါတယ်နော် …။

ကလိုစေးထူး said...

ကိုယ့်ဘလော့ဂ်ရဲ့ အစပိုင်း ပို့စ်ကို မွေးမိခင်ရဲ့ အကြောင်းနဲ့ ဖွင့်ထားတာ မင်္ဂလာတပါးပဲ။ ကျနော်လည်း ငယ်ငယ်က ခဏခဏ အရိုက်ခံရတယ်ဗျာ။ သဲနုရဲ့ ပို့စ်ကို ဖတ်ပြီးတော့ ကျနော်လည်း ကျနော့် မေမေကို ပြန်သတိရမိတယ်။ ဒီနေ့ညနေ ဖတ်မိသမျှ ပို့စ်တွေ ကဗျာတွေကလည်း မိဘကို လွမ်းချင်စရာပို့စ်တွေ များနေတယ်။

thamudayanwe said...

အရမ်းကံကောင်းလိုက်တာနော် အမက..ငယ်ငယ်ထဲကအမေမရှိခဲ့ဘူးတော့..အရမ်းလိုချင်ခဲ့တာ
အမေရဲ့ဆိုဆုံးမမှုနဲ့ကြီးပျင်းခဲ့ရတော့ နူးညံ့မှာအမှန်ပဲနော်
အမကတော့ ရေးတော့သာနုနုလှလှကဗျာ
လူကတော့ယောကျားလေးတွေတောင်အရှုံးပေးရတယ်

nu-san said...

ပထမဆုံး ဒီ blog လေးကို ရောက်ဖူးတာပါ။ မေပျို့အတွက် အခုလိုမေမေမျိုးရထားတာ ကံကောင်းလိုက်တာ...