Wednesday, November 7, 2007

သံယောဇဉ်နှောင်ကြိုး

သူ… ကျမတို့ကို ခွဲခွာသွားတာ အခုဆို ခြောက်နှစ်တောင် ပြည့်ခဲ့ပါပြီ…။ အမြဲတော့ မဟုတ်ပေမယ့် တိုက်ဆိုင်တဲ့အခါတိုင်း သတိရနေဆဲပါ…။ "သေသောသူ ကြာရင်မေ့"၊ "ပျောက်သောသူ ရှာရင်တွေ့ "ဆိုပေမယ့် ခြောက်နှစ်ကြာတာတောင် သူ့ကိုဘာလို့များ မမေ့နိုင်ပါလိမ့်…။ သံယောဇဉ်ဆိုတာကလည်း နားလည်ရခက်သားနော်…။ နီးနီးကပ်ကပ် အကြာကြီးနေပေမယ့် သံယောဇဉ်ရှိချင်မှ ရှိတတ်ပြီး ခဏလေးတွေ့ဆုံရုံနဲ့လည်း သံယောဇဉ်က ခိုင်မြဲနေတတ်ပြန်တယ်…။

သူကျမတို့အိမ်ကို ရောက်လာတဲ့နေ့ကို ဒီနေ့အထိ အမှတ်ရနေပါတယ်…။ အဲဒီ့နေ့က မိုးတွေအုံ့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ညိုမှောင်နေတဲ့ ညနေခင်းတစ်ခုပေါ့…။ သူ့ကို ကျမအကိုက မွေးစားဖို့ ခေါ်လာတာပါ။ ဖေဖေက ပထမတော့ လက်မခံချင်ပေမယ့် သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ ပုံစံလေးကြောင့် သနားကြင်နာပြီး လက်ခံခဲ့ပါတယ်…။ ဒီလိုနဲ့ပဲ သူက ကျမတို့ဘ၀ထဲကို ရောက်လာခဲ့တာပေါ့..။ မိုးတွေညိုနေတဲ့အချိန်မှာ ရောက်လာလို့ မိုးညိုလို့ ချစ်စနိုးခေါ်လိုက်ပါတယ်...။

ကျမတို့အိမ်မှာ နေရတဲ့ သူ့ရဲ့ပထမရက်တွေကတော့ မ၀ံ့မရဲထိတ်လန့်တဲ့စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရမယ်လို့ ထင်ပါတယ်…။ ရောက်ရောက်ချင်း စိမ်းနေသေးတာမို့ ကျမတို့နားလည်း မကပ်ရဲဘဲ တစ်ယောက်တည်း ထိုင်နေတတ်ပါတယ်…။ ကျမတို့ကြားထဲမှာ သူတခုခုများ ၀င်ပြောလိုက်ရင် အဆူများခံရမလားဆိုပြီး ကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့လည်း ကြည့်တတ်ပါသေးတယ်…။ သိပ်မကြာခင်မှာတော့ သူနဲ့ကျမတို့ဟာ တစ်သားတည်း ကျသွားပါတယ်…။

သူက ဘယ်လိုနေနေ အရမ်းပဲ ချစ်ဖို့ကောင်းပါတယ်…။ ညိုဖျော့ဖျော့ဆံပင်လေးတွေက ကောက်ကောက်လေးနဲ့ ချစ်စရာ ကောင်းပါတယ်…။ လမ်းလျှောက်ရင်လည်း သေးသေးလုံးလုံးလေးနဲ့ မြင်သူတိုင်း ချစ်ခင်ကြမှာပါ...။ သူက မနက်ဆိုရင် စောစောနိုးတတ်ပါတယ်။ သူနိုးတာနဲ့ ကျမတို့အိမ်ဘေးမှာ လမ်းလျှောက်လေ့ရှိပါတယ်…။ သူလမ်းလျှောက်ပြီးလို့မှ ကျမတို့မနိုးသေးဘူးဆိုရင် ကျမတို့မောင်နှမကို မရရအောင် နှိုးတော့တာပါပဲ…။

သူက ကျမတို့မောင်နှမကို တော်တော်ချစ်ပါတယ်…။ ကျမတို့ ကျောင်းပိတ်တဲ့နေ့တွေဆိုရင် သူနဲ့ ဆော့လေ့ရှိပါတယ်…။ ဒါကြောင့် သူကကျမတို့နဲ့အတူ ကျောင်းပိတ်ရက်ကို မျှော်နေလေ့ရှိပါတယ်…။ ကျမတို့ ကျောင်းတက်ရတဲ့နေ့တွေ ဆိုရင်လည်း ကျမတို့ကို အိမ်ဝအထိ လိုက်ပို့လေ့ရှိပါတယ်…။ ကျောင်းဆင်းခါနီး အချိန်ဆိုရင် သူကထွက်ကြိုနေတတ်ပါတယ်…။ အဖြူ အစိမ်းနဲ့ ကျောင်းသားကျောင်းသူတွေကြားထဲမှာ ကျမတို့ကို ရှာရတာ သူ့တာဝန်လို ဖြစ်နေပါပြီ…။ ဒါကြောင့် ကျမသူငယ်ချင်းတွေရော မောင်လေးရဲ့ သူငယ်ချင်းတွေပါ သူနဲ့ ရင်းနှီးနေပါပြီ…။

ပုံမှန်အားဖြင့်တော့ သူကအရမ်းလိမ္မာပေမယ့် တခါတလေတော့လည်း နွဲ့ဆိုးဆိုးတတ်ပါသေးတယ်…။ မေမေကလွဲပြီး သူ့ကို ဘယ်သူမှ ရေချိုးပေးလို့ မရပါဘူး…။ တခြားလူတွေ ရေချိုးပေးမယ်ဆိုရင် တစ်အိမ်လုံး ဗြောင်းဆန်နေအောင် ပတ်ပြေးတတ်ပါတယ်…။ မေမေက သူပဲရေချိုးပေးမယ်ဆိုမှ မေမေ့ဆီကို အသားကုန် ပြေးကပ်ပြီး ရေးချိုးပေးတာကို အသာတကြည် ခံယူပါတယ်…။ နောက်တော့အကျင့်လို ဖြစ်သွားပြီး သူ့ကို ရေချိုးပေးတဲ့တာဝန်ကို မေမေကပဲ ယူလိုက်ရပါတယ်…။

သူက ကျမတို့ သားအမိသုံးယောက်ကို အရမ်းချစ်ပေမယ့် ဖေဖေ့ကိုတော့ အရမ်းကြောက်ပါတယ်…။ ဖေဖေကလည်း ခပ်တည်တည်နေတာကိုး…။ ဖေဖေ့ကားသံများ ကြားပြီဆိုတာနဲ့ သူ့မှာနေစရာမရှိတော့ပါဘူး…။ ဟိုအခန်းထဲ ပြေးဝင်ရမလို၊ ဒီအခန်းထဲပဲ ၀င်ပုန်းရမလိုနဲ့ ပြာယာခတ်နေအောင်ပါပဲ…။ ဖေဖေက "ဟိတ်" ဆိုပြီး တစ်ချက် အော်လိုက်တာနဲ့ စားလက်စကိုထားပြီး ပြေးတော့တာပါပဲ…။ အဲဒီ့လောက်အထိ ဖေဖေ့ကို ကြောက်တာပါ…။

ကံကြမ္မာက တခါတလေတော့လည်း သူများတွေပျော်ရွှင်နေရင် မနာလိုဖြစ်တတ်ပါတယ်…။ ဒါကြောင့်ပဲနဲ့ တူပါတယ်…။ သူ့ကို မမျှော်လင့်တဲ့နေ့တစ်နေ့မှာ ကျမတို့ရဲ့ ပျော်ရွှင်နေတဲ့ဘ၀ထဲကနေ ဆွဲထုတ်သွားခဲ့ပါတယ်…။ အဲဒီ့နေ့က ခါတိုင်းလိုပဲ သူမနက်စောစော နိုးနေခဲ့ပါတယ်…။ နိုးနေပြီး အမြဲတမ်းလိုပဲ အိမ်ဘေးမှာ လမ်းထွက်လျှောက်နေတာပေါ့…။ လျှောက်နေကျ ဆိုတော့လည်း ကျမတို့က စိတ်မပူမိပါဘူး…။ ဒါပေမယ့် သူပြန်လာတော့ မျက်နှာသိပ်မကောင်းတော့ပါဘူး…။ အမြဲတမ်းကျမတို့နဲ့ ဆော့ပေမယ့် အဲဒီ့နေ့ကတော့ ချောင်ထဲမှာ ထိုင်နေပါတယ်…။ ကျမက သူ့ငြိမ်နေတာကို သတိထားမိပြီး ချီလည်းချီလိုက်ရော သူ့အသားတွေက တဆတ်ဆတ်တုန်ပါပြီ…။ ကျမလည်း ကြောက်လန့်ပြီး မေမေ့ကို သွားခေါ်တဲ့အချိန်မှာပဲ သူ့ပါးစပ်က အမြှုပ်တွေတစီစီ ထွက်နေပါပြီ…။ ကျမကိုလည်း ကယ်ပါဦးဆိုတဲ့ အသနားခံတဲ့ မျက်လုံးလေးတွေနဲ့ မော့ကြည့်ပါတယ်…။ ကျမတို့လည်း ခပ်မြန်မြန်ပဲ ဆရာဝန်ဆီခေါ်သွားပေမယ့် ကျမတို့နောက်ကျသွားခဲ့ပါတယ်…။ သူက ကျမတို့ကို ထာဝရ နှုတ်ဆက်သွားခဲ့ပါပြီ…။ ဆရာဝန်ကပြောတော့ အဆိပ်မိတာတဲ့…။

ကျမတို့ သားအမိသုံးယောက်မှာ ဖြေမဆည်နိုင်အောင် ၀မ်းနည်းခဲ့ရပါတယ်…။ သူ့ကို ဂရုမစိုက်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိကြပါတယ်…။ သူ့ကို သတိရတိုင်း သူ့အကြောင်းလေးပြောပြီး မျက်ရည်တ၀ဲဝဲနဲ့ပေါ့လေ…။ သူနဲ့တရင်းတနှီး မနေတတ်တဲ့ ဖေဖေကတောင် သူမရှိတော့ ၀မ်းနည်းနေတတ်ပါတယ်…။ သူဆုံးပြီး ရက်လည်တဲ့နေ့မှာ ကျမတို့ ဘုန်းကြီးကျောင်းမှာ သင်္ဃန်းသွားကပ်ပြီး အမျှဝေခဲ့ပါတယ်…။ ဘုန်းဘုန်းတွေကလည်း အမျှပေးကြတာပေါ့…။

"ကွယ်လွန်သူ မောင်မိုးညိုရေ ရောက်ရာအရပ်က သာဓုခေါ်ပါ... အမျှ အမျှ အမျှ... "
***
ကျမလည်း ဆုတောင်းနေပါတယ်…။ ကျမရဲ့ချစ်လှစွာသော ခွေးလေး ရောက်ရာအရပ်က သာဓုခေါ်နိုင်ပါစေလို့လေ…။

1 comment:

သက်လည်ကို ( Agri: ) said...

အရမ်းကြိုက်တယ်။ ကိုယ့်ထက်သက်တမ်းတိုတဲ့ သံယောဇဉ်ကြိုးတွေကို တွယ်မိတော့ ခဏခဏခံစားရတယ်။ လွမ်းလာပြီနော်..