ကော်နက်ရှင်ကလည်း မရတချက်ရတချက်ပါဘဲ။ ရတဲ့အခိုက်အတန့်လေး အပြေးအလွှားနဲ့ ကျမဘလော့လေးကို ကြည့်လိုက်တော့ ကိုမာန်လှိုင်းငယ်က စီဘောက်မှာ အော်သွားပါတယ်။ ဆောင်းနှင်းအေးအေးလေးအကြောင်းကို tag ပါသတဲ့။ ကဲ… ဒီတော့လည်း တတ်သည့်ပညာ မနေသာ ဆိုသလို ရေးရဦးမှာပေါ့နော်။
အမှန်အတိုင်း ပြောရရင်တော့ ဆောင်းတွင်းမှာ အေးစိမ့်နေအောင် ချမ်းတဲ့အရသာကို ကျမသေချာတောင် မသိပါဘူး။ ကျမတို့ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းကိုလည်း အားလုံးလိုလို သိပြီးသားနေမှာပါ။ ချမ်းဖို့နေနေသာသာ အိုက်လို့ယပ်တောင်မခပ်ရရင်တောင် ကံကောင်းနေပါပြီ။ အရမ်းချမ်းတဲ့နှစ်ဆိုလို့ အအေးလှိုင်းဖြတ်တဲ့ 2000 တုန်းကသာ အရမ်းအေးပါတယ်တဲ့။ ဒါပေမယ့် ကျမလည်း သေချာမမှတ်မိတော့ပါဘူး။ အဲဒီ့တုန်းက ကျမက ၅တန်းပဲ ရှိသေးတာကိုး။ ဒီတော့ ကျမမှတ်မိတဲ့ ဆောင်းနှင်းအေးအေးလေးအကြောင်းပဲ ရေးတော့မယ်နော်။
ဆောင်းတွင်းရောက်ပြီဆိုတာ ပထမဆုံးသိတဲ့အချက်ကတော့ မနက်စောစောမှာ မြူနှင်းတွေဝိုးတ၀ါး ကျနေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်ဆောင်းမှာတော့ မြူနှင်းတွေကို အနည်းအကျဉ်းသာ မြင်ရတာပါ။ သစ်ရွက်လေးတွေပေါ်မှာလည်း နှင်းစက်လေးတွေ တွဲလွဲခိုနေတတ်ပါတယ်။ အချို့တွေကတော့ အဲဒီ့နှင်းစက်တွေကို အဖြူရောင်ပုဝါပါးနဲ့ခံပြီး နှင်းဦးရည်ကို စုဆောင်းထားတတ်ကြပါတယ်။ နှင်းဦးရည်က အသားအရေ နုပျိုစေရန် အသုံးဝင်ပါတယ်။ ကျမကတော့ နှင်းဦးရည်ကို စုဆောင်းမယ့်အစား သစ်ရွက်တွေပေါ်မှာပဲ တွဲလွဲခိုနေတာကို ပိုပြီးနှစ်ခြိုက်မိပါတယ်။ သဘာဝကပေးတဲ့အလှက ပြုပြင်ထားတဲ့အလှထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ကျမယူဆမိပါတယ်။
ဆောင်းတွင်းမနက်စောစောမှာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်နေသူတွေကိုလည်း တွေ့မြင်ရလေ့ရှိပါတယ်။ ကျမတို့အိမ်က သုဝဏ္ဏကွင်းနဲ့ သိပ်မဝေးပါဘူး။ ဖေဖေ၊မေမေ၊မောင်လေးနဲ့ ၀မ်းကွဲမောင်နှမတွေကတော့ လမ်းလျှောက်လေ့ရှိပေမယ့် ကျမကတော့ ပျင်းပျင်းနဲ့မလိုက်ဘဲ အိပ်နေတတ်ပါတယ်။ တခါတလေ အဖော်ကောင်းရင်တော့ လိုက်ဖြစ်တာပေါ့။ အားကစားကွင်းထဲ ရောက်တော့လည်း ပြေးနေ၊ ကြက်တောင်ရိုက်နေတဲ့လူတွေကို ကြည့်ပြီး ပျော်ရွှင်မိပါတယ်။ စက်ဘီးစီးနေတဲ့လူတွေကိုလည်း တွေ့ရပါတယ်။ ကျမကတော့ စက်ဘီးလည်း မစီးတတ်၊ ကြက်တောင်လည်း မရိုက်တတ်ဘဲ ပြေးရမှာလည်း မောတာကြောင့် လူကြီးတွေနားကပ်ပြီး လမ်းပဲလျှောက်ဖြစ်ပါတယ်။ (အဲဒီ့လိုပျင်းတာပါ ) လမ်းလျှောက်တာ များသွားရင်လည်း ကျမကခြေထောက်ကိုက်တတ်ပါတယ်။ အဲဒီ့တော့ ကိုယ့်ဘာသာ စောင်ခြုံပြီး အိပ်နေတာ ကောင်းမယ်ထင်တယ်နော်။
ခြေထောက်ကိုက်တယ်ဆိုလို့ တခါက ကျိုက်ထီးရိုးသွားတဲ့ အဖြစ်အပျက်လေးကို အမှတ်ရမိပါတယ်။ ကျမကိုးတန်းနှစ်ကပေါ့။ ကျမတို့ဝမ်းကွဲမောင်နှမတွေရယ်၊ မေမေ၊ဖွားဖွားနဲ့ အန်တီတွေရယ် သွားကြတာပါ။ ကျမတို့အကိုတွေက လမ်းလျှောက်တက်မယ်ပေါ့။ ကျမကလည်း အားကျမခံ သူတို့နဲ့ပဲ တက်မယ်ပေါ့။ ကျမအကြောင်းကို သိတော့ဖွားဖွားတို့ မေမေတို့က တားကြတာပေါ့။ နောက်ဆုံးတော့ ကျမကိုငဲ့ညာနေတာနဲ့ပဲ သူတို့ကို ရသေ့တောင်ကပဲ စတက်ရမယ်လို့ ဖွားဖွားတို့က ဆုံးဖြတ်ပေးလိုက်တယ်။
ဒီလိုနဲ့ပဲ ရသေ့တောင်အထိ ကားနဲ့တက်ပြီး အဲဒီ့ကမှ လမ်းစလျှောက်ဖြစ်တာပါ။ တက်နေတုန်းကတော့ မသိသာဘူးပေါ့။ ရယ်လိုက်၊ မောလိုက်၊ နောက်လိုက်၊ ပြောင်လိုက်နဲ့ပဲ ရောက်မှန်းမသိ ရင်ပြင်တော်ကို ရောက်တာပေါ့။ ရောက်ရောက်ချင်း နားတောင် မနားဘဲ ရင်ပြင်တောင်ပေါ်ကို တက်ကြပါတယ်။ လေကလည်း တိုက်လိုက်တာ အရမ်းပါပဲ။ ပထမတော့ ကိုယ့်ကိုယ်ကို တင်းထားသေးတယ်။ နောက်ကျတော့ ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ ကျမခြေထောက်က ပြုတ်ထွက်မတိုက် ကိုက်နေတော့တာပါပဲ။ ဘယ်လိုမှ မခံနိုင်တဲ့အဆုံး မေမေတို့ကို ပြောရတာပေါ့။ ဒီလိုနဲ့ တည်းခိုခန်းကို မြန်မြန်ပြန်ပြီး ကျမကို ပြုစုကြရတာပေါ့။ ငယ်ငယ်ကတည်းက ခြေထောက်ကိုက်လေ့ရှိပေမယ့် အဲဒီ့တုန်းကလောက် တခါမှမခံစားရဖူးပါဘူး။ နောက်ဆုံး ခြေထောက်ကိုက်လွန်းလို့ ငိုရတဲ့အထိပါပဲ။ အကိုတွေက ကျမကိုသနားပြီး အဲဒီ့နေ့က ဘယ်မှတောင် မသွားဖြစ်ပါဘူး။ ဆောင်းတွင်းရဲ့ အမှတ်တရလေးပေါ့နော်။
ဆောင်းတွင်းမှာ ကျမအနှစ်သက်ဆုံးကတော့ ကျောင်းပိတ်ရက်တွေပါပဲ။ ဒီဇင်ဘာလက ကျောင်းပိတ်ရက် တော်တော်များတဲ့ လပါ။ ခရစ်စမတ်ရော၊ ဒီဇင်ဘာကျောင်းပိတ်ရက်နဲ့ new year ကလည်းရှိတော့ ပိတ်ရက်က တစ်လလုံးလုံးလိုပါပဲ။ တက္ကသိုလ်ရောက်တော့လည်း ဒီဇင်ဘာကပိုတောင် ပျော်ဖို့ကောင်းပါသေးတယ်။ ကျမတို့စာမေးပွဲတွေက နိုဝင်ဘာမှာပြီးတော့ ဒီဇင်ဘာက ကျမတို့အတွက် အားလပ်ရက်ပါပဲ။ ကျမအထက်တန်းကျောင်းသူ ဘ၀တုန်းကဆို ကျောင်းမှာ ဒီဇင်ဘာ လမ်းလျှောက်ပွဲ ပြုလုပ်ကြပါတယ်။ ကျမတို့က အိမ်နီးတော့ မဖြစ်မနေလိုက်ရတာပေါ့။ သူငယ်ချင်းအချင်းချင်း တစ်ယောက်လက်တစ်ယောက်တွဲပြီး အိပ်ငိုက်ငိုက်နဲ့ လမ်းလျှောက်ကြရတာပေါ့။ အခုနေများ အဖြူအစိမ်းနဲ့ ကောင်မလေးတွေကိုမြင်ရင် လွမ်းစရာပေါ့လေ။ ထူးချွန်ဖြေရတဲ့နှစ်တွေ ကျတော့လည်း မနက်စောစော အိပ်ချင်မူးတူးနဲ့ စာထကျက်ရပါတယ်။ မထချင်ထချင်နဲ့ စာထကျက်ရတာ တော်တော်စိတ်လေဖို့ ကောင်းပါတယ်။
ကျမ ဆောင်းတွင်းအေးအေးလေးမှာ အလိုချင်ဆုံးကတော့ ကော်ဖီပူပူလေးတစ်ခွက်ပါပဲ။ အေးစက်နေတဲ့အချိန်မှာ ကော်ဖီပူပူလေး သောက်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး။ ဆေးပညာအယူအဆကတော့ အေးရင်စားချင်စိတ် ပိုဖြစ်ပါသတဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အေးတဲ့အခါ ဘယ်ဟာစားစား စားလို့ကောင်းနေတာပါပဲ။ ဆောင်းတွင်းမှာ စာကျက်လို့လည်း ကောင်းပါတယ်။(အိပ်ငိုက်မနေရင်ပေါ့လေ) ဆောင်းနှင်းအေးအေးလေးမှာ ခေါင်းကြည်ကြည်နဲ့သာ စာကျက်ရင် နဂိုကျက်နှုန်းထက် နှစ်ဆလောက် ပိုမြန်နေတတ်ပါတယ်။ ကျမကိုယ်တွေ့ကို ပြောတာပါ။ ဒါကြောင့်ပဲ အနောက်နိုင်ငံကလူတွေက တီထွင်ဥာဏ်ရှိတာလား မသိဘူးနော်။ သူတို့ဆီမှာက အမြဲတမ်းအေးနေတယ် မဟုတ်လား။
ဆောင်းတွင်းမှာ ကျမ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ မေမေက ကျမအတွက် မောင်လေးကို မွေးပေးလိုက်တာပါပဲ။ မောင်လေးကိုမွေးတော့ ကျမကငါးနှစ်လောက် ရှိပြီပေါ့။ ငယ်ငယ်ကတည်းက ကျမက မေမေနဲ့ ခွဲမအိပ်ဖူးပါဘူး။ မောင်လေးမွေးတဲ့နေ့က ကျမပထမဆုံး မေမေနဲ့ ခွဲအိပ်ရတဲ့နေ့ပေါ့။ အားလုံးကို သေချာမမှတ်မိပေမယ့် ကျမတစ်ယောက်တည်း အထီးကျန်သလို ခံစားခဲ့ရတယ်ဆိုတာတော့ အသေအချာပါပဲ။ ဒါပေမယ့် နောက်နေ့မနက် မောင်လေးကို နီတာရဲလေးအဖြစ် တွေ့လိုက်ရတော့ ညက၀မ်းနည်းခဲ့တာ ကျမ မဟုတ်သလိုပါဘဲ။ ဒါကလည်း ဆောင်းတွင်းအေးအေးလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတစ်ခုပေါ့နော်။
ကျမတို့အတွက် ဆောင်းတွင်းအချိန်က အေးအေးလေးနဲ့ ပျော်စရာကောင်းပေမယ့် မပြည့်စုံတဲ့မိသားစုတွေအတွက်ကတော့ ဆောင်းတွင်းအချိန်က အလွန်တရာကို ဒုက္ခများမယ့်အချိန်ပါပဲ။ ချမ်းရတဲ့အထဲ ခြုံစရာစောင်က မရှိ၊ ၀တ်စရာအ၀တ်အစားက မပြည့်စုံနဲ့ တော်တော်လေးကို အခက်အခဲတွေ့ကြမှာပါ။ ဆောင်းတွင်းအချိန်မှာ စားချင်စိတ်ကလည်း ပိုများတော့ မရှိမယ့်ရှိမယ့်ကို ဘယ်လိုများခြိုးခြံ ခြွေတာပြီး စားမလဲဆိုတာ သောကရောက်မိပါတယ်။ နေစရာအိမ်လေးဖြစ်ဖြစ် ရှိရင်တော့ အအေးဓာတ်ကို ကြိတ်မှိတ်ခံနိုင်ပေမယ့် လမ်းဘေးမှာနေရတဲ့ ကလေးတွေအတွက်တော့ ဆောင်းတွင်းဟာ သူတို့ရဲ့ဝိဥာဉ်တွေကို ခြွေချနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလိုအကြောင်းတွေကို စဉ်းစားမိတဲ့အခါ စိတ်ကူးယဉ်စရာကောင်းတဲ့ ဆောင်းက အကျည်းတန်တဲ့ဆောင်း ဖြစ်မှန်းမသိဖြစ်သွားပါတယ်။
ကဲ ဒီလောက်ဆို ဆောင်းတွင်းအကြောင်းရေးတာလည်း တော်လောက်ပြီလို့ ထင်ပါတယ်နော်။ အားလုံးလိုလိုကလည်း tag တာခံပြီးသားတွေဆိုတော့ ကျမပြန်မtagတော့ဘူးနော်။ သာယာချမ်းမြေ့ကြပါစေရှင်။

1 comment:
အများကြီး ရေးထားတယ် ကောင်းတယ်ဗျ ... ဒီမှာတော့ နွေဦးပေါက်နေပြီ ... :)
Post a Comment