Saturday, November 10, 2007

စားကြမယ်ဟေ့ကောင်းကောင်း

tag game ကလည်း ကစားလို့ကို မဆုံးနိုင်တော့ဘူးနော်။ တစ်ခုပြီးတော့ တစ်ခု။ ဒီတစ်ခေါက်ကတော့ မနှင်းဆီနီနီက ကျမကိုtag တာပါ။ ရန်ကုန်စားစရာလမ်းညွှန်တဲ့။ ကျမက အစားအသောက်နဲ့ ပတ်သက်ပြီး သိပ်မသိပါဘူး။ ဒီလိုပဲ ကြုံတဲ့ဆိုင် ၀င်စားဖြစ်တာပါ။ စားရင်လည်း ဆိုင်ရဲ့ဆိုင်းဘုတ်ကို မကြည့်ဘဲ စားတာများတော့ တခါတလေ ကောင်းမှန်းတော့သိတယ်။ ဆိုင်နာမည် မသိတော့ပြန်ဘူး။ ကျမက အဲ့လို အဲ့လို။ ဒါပေမယ့် ကိုယ့်ကိုtagတာဆိုတော့လည်း ရေးချင်ပြန်ရော။ ဒါနဲ့ပဲ သိသမျှ၊ မှတ်မိသမျှလေး လက်ဆင့်ကမ်းလိုက်ပါတယ်နော်။

***
ပထမဆုံးပြောပြချင်တာကတော့ ဒင်းဆမ်းပါပဲ။ ကျမစားဖူးသမျှဆိုင်ထဲမှာတော့ oriental house က ဒင်းဆမ်းက အကောင်းဆုံးလို့ ထင်ပါတယ်။ အခြားဆိုင်တွေမှာ စားရင်တော့ နည်းနည်းစားတာနဲ့ အီတတ်လို့ သိပ်တောင်မစားနိုင်ပါဘူး။ oriental house ကဆိုရင်တော့ များများစားတာတောင် မအီပါဘူး။ ဒီလောက်ထိ ကောင်းတာပါ။ ဆိုင်ခွဲတွေလည်း အများကြီးရှိတာမို့ နေရာတော်တော်များများမှာ စားသောက်နိုင်ပါတယ်။

နောက်တစ်မျိုးကတော့ ကြေးအိုးပါပဲ။ ကျမက နေမကောင်း ဖြစ်တဲ့အခါ သူများတွေလို ဆန်ပြုတ်တို့၊ ခေါက်ဆွဲပြုတ်တို့ သောက်လေ့မရှိပါဘူး။ ကြေးအိုးမှကြေးအိုးပါပဲ။ ကြေးအိုးကို နေရာမရွေး၊ ဆိုင်မရွေးမှာ စားပေမယ့် ကျမအကြိုက်ဆုံးကတော့ YKKO ကကြေးအိုးပါပဲ။ တခါက ကျူရှင်အပြန် ကြေးအိုးသွားသောက်တာ အိမ်ပြန်နောက်ကျလို့ အဖေက စိတ်ပူပါရော။ အဲဒီ့လောက်အထိ YKKOက ကြေးအိုးကို ကြိုက်တာပါ။ သူလည်း ဆိုင်ခွဲတွေ အများကြီးရှိတယ်နော်။ အခုတောင် ကျမတို့နားမှာ ဆိုင်ခွဲတစ်ခုထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် အရသာက ဆရာစံလမ်းထဲက YKKOဆိုင်က ပိုကောင်းသလိုပဲ။

နောက်တစ်ခုကတော့ ကိုယ့်ကျောင်းကိုယ် ညွှန်းလိုက်ဦးမယ်နော်။ မြောက်ဥက္ကလာ ဆေးကျောင်းမှာရှိတဲ့ ကန်တင်းကဆိုင်တွေကလည်း အစားအသောက်ဆို ကောင်းမှကောင်း။ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ အစားလေးစားလိုက် လေပေါလိုက်နဲ့။ တော်တော်ကို အဆင်ပြေပါတယ်။ ဒီကြားထဲ သီချင်းလေးတွေကလည်း ဖွင့်ထားတော့ ဟန်ကျတာပေါ့။ နောက်များ ကြုံရင်လည်း ကျမတို့ကျောင်းကိုလာပြီး လာစားကြနော်။

အစားအစာထဲမှာ အရမ်းအရမ်းကို ကြိုက်တဲ့အစားအစာကတော့ သူများတွေလိုပဲ ၀က်သားတုတ်ထိုးပါပဲ။ ၀က်သားတုတ်ထိုးမှာမှ လျှာဆိုရင် ပိုကြိုက်ပါတယ်။ အရမ်းစားလို့ကောင်းတာနော်။ ၀က်သားတုတ်ထိုးကိုတော့ ကြုံတဲ့နေရာမှာ စားလေ့ရှိပါတယ်။ ဒါပေမယ့် တရုတ်တန်းက ၀က်သားတုတ်ထိုးကတော့ အကောင်းဆုံးပဲနော်။ သူတို့က ဈေးလည်းကြီးတယ် မဟုတ်လား။ အချဉ်ရည်လေးကိုက ကောင်းတာပါ။ ကျမ၀က်သားတုတ်ထိုးကို သံပုရာသီးညှစ်ပြီးလည်း စားတတ်ပါသေးတယ်။ ချဉ်ချဉ်လေးမို့ တပြိုင်နက်တည်း သံပုရာရည်ရော၊ ၀က်သားတုတ်ထိုးပါ စားနေရသလိုပါပဲ။ နောက်ကြုံရင်လည်း ကျမလို စားကြည့်နော်။ ပြီးရင် ကောင်းမကောင်း ပြန်ပြောပြ။

ကျမတို့ မြန်မာတော်တော်များများက မုန့်ဟင်းခါးကို အရမ်းကြိုက်ကြတယ်နော်။ ကျမကတော့ အကြိုက်ကြီး မဟုတ်ပေမယ့် စားဖြစ်ပါတယ်။ အခြားနာမည်ကြီး မုန့်ဟင်းခါးတွေကို သိပ်မကြိုက်တတ်ပေမယ့် ကျောက်မြောင်းက အောင်မင်္ဂလာမှတ်တိုင်မှာ ရှိတဲ့မုန့်ဟင်းခါးဆိုင်က မုန့်ဟင်းခါးကိုတော့ ဘယ်လိုကြိုက်မှန်းကို မသိပါဘူး။ ဘယ်အချိန်စားစား စားလို့ကောင်းနေတာပဲ။ ကားလမ်းမရဲ့ဘေးမှာရှိတာကြောင့် ဖြတ်သွားတဲ့ကားတွေကို ငေးမောရင်း မုန့်ဟင်းခါးစားရတာလည်း တမျိုးလေးပါပဲ။

မြန်မာထမင်းဆိုင် ကောင်းကောင်းလေးကိုလည်း ပြောပြချင်ပါသေးတယ်။ ဆိုင်နာမည်က အောင်သုခတဲ့။ ရွှေတိဂုံဘုရားနားမှာ ရှိတာပါ။ လမ်းကတော့ ကျမလည်း သေချာမညွှန်တတ်ဘူးနော်။ လိုက်သာ ရှာကြည့်ပေတော့။ မြန်မာထမင်း၊ဟင်းမျိုးစုံကို စားချင်စဖွယ်လေး ချက်ပြုတ်ထားတာပါ။ အရသာက အရမ်းကောင်းပါတယ်။ အောင်သုခက ထမင်း၊ဟင်းနည်းများရမယ်ဆိုရင်တော့ သွားပြီးတော့တောင် သင်ချင်ပါသေးတယ်။ ဆွေမျိုးမေ့သွားမယ်ဆိုသလိုပေါ့။

ကျမက ကိတ်မုန့်တွေ သိပ်ကြိုက်လေ့ ကြိုက်ထမရှိပါဘူး။ ဒါပေမယ့် 77ဆိုတဲ့ ဆိုင်လေးက cheeseကိတ်ကတော့ ရှယ်ပဲလို့ ပြောလို့ရပါတယ်။ သစ္စာလမ်းပေါ်မှာ ရှိတာပါ။ ကိတ်သားကလည်း နူးညံ့ပြီး အပေါ်မှာcheeseနဲ့ ရံထားတော့ စားလို့ ကောင်းမှကောင်းပဲ။ အခြားကိတ်မုန့်တွေလို အရမ်းမချိုတော့ ဆီးချိုဖြစ်မှာလည်း စိတ်မပူရပါဘူး။ ဒါပေမယ့် အဆီအနှစ်များတော့ ၀မှာတော့ စိုးရိမ်ရတယ်နော်။

နောက်ဆုံးတစ်ခုကတော့ ကြက်ဆီထမင်းပါပဲ။ ကျမက ကြက်ဆီထမင်း ခရေဇီပါ။ အစားအစာထဲမှာ ကြက်ဆီထမင်းကို အကြိုက်ဆုံးလို့တောင် ပြောလို့ရပါတယ်။ ကြက်ဆီထမင်းဆိုင်တွေထဲမှာတော့ ကျောက်မြောင်းမှာရှိတဲ့ ကုံးထက်ဆိုင်ကို သဘောကျပါတယ်။ အချဉ်ရည်လေးကို ဘယ်လိုလေး လုပ်ထားတာလည်း မသိဘူး။ တော်တော်စားလို့ကောင်းတာ။ ပြောရင်းနဲ့ စားတောင်စားချင်လာပြီ။

ကဲ….ဒီလောက်ဆိုတော်ပြီနော်။ မနှင်းဆီရတယ် မဟုတ်လား။ ဆက်ပြီး မtagတော့ဘူးနော်။ အားလုံးကို သနားလို့။ ဟဲဟဲ ပျော်ရွှင်ပါစေနော်။


7 comments:

မျှားပြာ said...

စာဖတ်ပြီးကိုယ့်ကိုကိုယ် အားငယ်သွားတယ် ..
တခါမှ သွားစားဖူးဘူးဗျ ..း)

Unknown said...

အစားအသောက်အကြောင်းဖတ်ပြီး မုန့်ဟင်းခါးဆိုင် (1)ဆိုင်အကြောင်း ပြောပြချင်ပါတယ်
ပြည်ထောင်စုရိပ်သာလမ်းက Feel စားသောက်မှာ ရွှေတောင်မုန့်ဟင်းခါး ၊ ဟင်္သာတမုန့်ဟင်းခါး၊
လပွတာ မုန့်ဟင်းခါး ၊ရန်ကုန် မုန့်ဟင်းခါးအစုံရတယ်
စားကောင်းတယ် မုန့်ဟင်းခါးကြိုက်တယ်ဆို ကြုံရင်စားကြည့်ပါ

Red's Rose Dream said...

အောင်မင်္ဂလာနားက မုန့်ဟင်းခါးဆိုင် တို့လည်းစားဖူးတယ်။
အတော်ကောင်းတယ်။ တစ်ခါသွားစားတာ အရေးမလုပ်လို့
နောက်ပိုင်းသွားမစားဖြစ်တော့ဘူး။

Myo Thaw said...

အစားအသောက်အကြောင်းကိုပြောနေဟောနေကြတယ်ပေါ့ .... ဟဲ ဒီလိုဆို ကျွန်တော်လဲ ကြွားရမှာပေါ့ ..... ဘိတ် ကတ်ကြေကိုက်ကို စားဖူးသွားရင် လျှာလည်သွားမယ်နော် ....ရန်ကုန်မှာတော့သိဘူး ....ကတ်ကြေကိုကောင်းက ဘိတ်မှာဘဲရှိတယ် ...... အဲ နောက်တစ်ခုပြောရအုံးမယ် .... ထိုင်းမှာ ကျွန်တော် အကြိုက်ဆုံးကတော့ ကွေတယို လို့ခေါ်တဲ့ ကြားစံ ပင်အကြီးတစ်မျိုးနဲ့ လုပ်တယ် ကြေအိုးနဲ့ခပ်ဆင်ဆင်ပေါ့ ထိုင်းစကားမပိတဲ့ မြန်မာတွေကတော့ ခွေတရုတ်လို့ခေါ်လေ့ရှိတယ် ....နောက်တစ်မျိုးက စွန်းသန် လို့ခေါ်တဲ့ သဘောင်္သီးထောင်းပါ။ ဟဲဟဲ လျှာလည်သွားမယ် ...

JulyDream said...

ပြောတော့ အဲဒါတွေ မသိပါဘူးဆို ....
သိများ သိရင် ဘယ်လောက်များ ချရေးမလဲ မသိဘူး။
အတော်လေးကို ငတ်တဲ့ အငတ်မလေး ကျောက်စရစ်ခဲ။

ဦးဇူလိုင်

မေပျို said...

အမယ်… သူများကိုများ အငတ်မလေးတဲ့။ ရန်လာစပြန်ပြီ။ သဲက သူများtagလို့ သိသမျှ မှတ်သမျှလေး ရေးရတာဗျ။ မရေးရသေးတုန်းကလည်း သူပဲ ဒါလေးတောင် မရေးတတ်ဘူးလို့ ပြောပြီး ရေးတော့လည်း အပြောခံရပြန်ပြီ။ ဘယ်လိုလဲဗျ ဦးဦးဇူလိုင်ရ။

thamudayanwe said...

အောင်သုခ ကအမလဲ crazy ပဲ
မုန့်ဟင်းခါးဆို တော်တော်များများဆိုင်တွေမျာစားတာကြီးပဲ ကြိုက်လို့
ကြက်ဆီထမင်းဆို ရှမ်းတောင်တန်းကိုအကြိုက်ဆုံး
ရေခဲမုန့်ဆိုထူး
ကျန်တဲ့ Restaurant တွေက ကြိုက်ကြီးမဟုတ်ပေမဲ့
မြန်မာစာတွေ..တရုပ်စာတွေ ကိုတော့တမ်းတတယ်
ယုတ်စွအဆုံးတရုပ်တန်းက ဆန်ပြုတ်နဲ့အီကြာကွေးတောင်စားချင်သေး