Sunday, October 7, 2007

မိုးပြာရောင်အိပ်မက်များ

ဒီခေါင်းစဉ်နဲ့ပို့စ်ကိုရေးချင်နေတာ ကြာပါပြီ... ဘလော့ဂ်စလုပ်ကတည်းက ဆိုပါတော့... ဒါပေမယ့် အချိန်မရတာရော၊ အကြံမရှိသေးတာကြောင့်ရော မရေးဖြစ်ခဲ့တာပါ... ဒီနေ့တော့ အကြံပေါ်လာတာနဲ့ရေးလိုက်ပါပြီ...

အိပ်မက်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ မျှော်မှန်းရတဲ့ရည်မှန်းချက်လို့ ပြောရမယ်နဲ့တူတယ်… လူတိုင်းမှာတော့ အိပ်မက်ကိုယ်စီရှိကြမှာပါ… ဒီလိုအိပ်မက်လေးတွေ ရှိနေခြင်းကြောင့်ပဲ ကျမတို့ရဲ့ဘ၀က နေပျော်တာလို့ထင်ပါတယ်… ကျမမှာတော့ မက်ခဲ့ရတဲ့၊ မက်နေဆဲ အိပ်မက်တွေအများကြီးရှိပါတယ်… ပြည့်ခဲ့တာလည်းရှိသလို မပြည့်ခဲ့တာတွေ၊ မပြည့်သေးတာတွေလည်း အများကြီးပါဘဲ..

ဟိုးငယ်ငယ်ကတည်းက ကျမမက်ခဲ့ရတဲ့အိပ်မက်ကတော့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ဖို့ပါဘဲ… … ကျမသိတတ်တဲ့အရွယ်ကတည်းက ဂျူတီကုတ်ဖြူဖြူနဲ့ ဆရာဝန်တွေကို အားကျနေခဲ့တာပါ… ဘယ်အချိန်မေးမေး ဆရာဝန်ပဲလုပ်မယ်လို့ ဖြေခဲ့တာပါ… ကျမအရွယ်ရောက်လာတော့လည်း ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်က ပြောင်းလဲမသွားခဲ့ပါဘူး… ဆရာဝန်တိုင်းကဆရာဝန်ကောင်း မဖြစ်ကြဘူးဆိုတာတော့ သိလာတဲ့အခါကျမဖြစ်ချင်တဲ့ ဆရာဝန်အမျိုးအစားကို သိလာရပါတယ်... အဲဒါကတော့လူနာတိုင်းကို စိတ်ကောင်းစေတနာနဲ့ ကုသပေးတဲ့စေတနာဆရာဝန် ဖြစ်ချင်လာတာပါပဲ… အသပြာဆရာဝန်တွေကို တွေ့ရတဲ့အခါ ကျမဖြစ်ချင်တဲ့အိပ်မက်က မှားများမှားနေလားလို့တောင် သံသယ၀င်မိပါတယ်… ဒါပေမယ့်တကယ့်ကို စေတနာ၊မေတ္တာနဲ့ကုသပေးတဲ့ ဆရာဝန်တွေကို တွေ့တဲ့အခါမှာတော့ ကျမရဲ့အိပ်မက်၊ကျမရဲ့ရည်မှန်းချက်က ပိုပြီးခိုင်မာလာခဲ့ပါတယ်… ဆရာဝန်တွေထဲမှာမှ ကလေးလေးတွေကို လူ့လောကထဲရောက်အောင် မွေးထုတ်ပေးရတဲ့ သားဖွားမီးယပ်ဆရာဝန်ဖြစ်ချင်လာပါတယ်... ကျမဆယ်တန်းအောင်တော့ ဒီအိပ်မက်လေးရဲ့လမ်းစကို ၀ိုးတ၀ါးလေးမြင်တွေ့ရပါပြီ… ထင်ထင်ရှားရှားလေး ဖြစ်လာဖို့ကိုတော့ ကျမကြိုးစားရမှာပဲ ဖြစ်ပါတယ်…

ကျမမှာအခြားအိပ်မက်တွေလည်း ရှိပါသေးတယ်… အဲဒီ့အိပ်မက်တွေထဲက တစ်ခုကတော့ကျမတို့နိုင်ငံ၊ ကျမတို့လူမျိုးကို အခြားနိုင်ငံ၊အခြားလူမျိုးတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့၊ ခေတ်မီဖွံ့ဖြိုးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်တာပါပဲ… နည်းပညာ၊ကျန်းမာရေး၊ပညာရေးအစစအရာရာမှာ ကျမတို့နိုင်ငံက တော်တော်ကြီးခေတ်နောက်ကျနေပါပြီ… ကျန်းမာရေးအရဆိုရင် ကျမတို့ခေတ်မီစက်ကိရိယာတွေနဲ့ မကုသနိုင်လို့ သေရတဲ့လူတွေလည်း မနည်းပါဘူး… ကျန်းမာရေးအသိပညာမရှိလို့ မဆုံးရှုံးသင့်ပဲဆုံးရှုံးရတဲ့ အသက်တွေလည်း ရေတွက်လို့တောင် မရပါဘူး… ဒီလိုပါဘဲ ပညာရေးမှာလည်း အခြားနိုင်ငံနဲ့ယှဉ်ရင် ကျမတို့ရဲ့ပညာရေးက တော်တော်နိမ့်ကျနေပါပြီ… အခြေခံပညာသင်ကြားရတဲ့ စာသင်ပုံစာသင်နည်းတွေကိုလည်း အားလုံးပဲသိကြမှာပါ… ၁၀ပုဒ်ပေး၅ပုဒ်မေးတို့၊ဒါမေးဒါဖြေတို့နဲ့ ကျမတို့ကျောင်းသားတွေရဲ့ ဖြတ်ထိုးဥာဏ်ဆိုတာ မရှိတော့ပါဘူး… စဉ်းစားတွေးခေါ်မှုဆိုတာ ဘာမှမရှိတော့ပါဘူး… စာမေးပွဲမှာလည်း ၏သည်မရွေးရေးမှ အမှတ်ပြည့်ရကြပါတယ်… တက္ကသိုလ်ရဲ့ပညာရေးစနစ်ကလည်း ဒီလိုပါဘဲ.. စဉ်းစားတွေးခေါ်မှုဆိုတာ ဘာမှမပါဘဲနဲ့ အလွတ်ရရင်ပြီးရော တတွတ်တွတ်နဲ့ကျက်ရတာပါဘဲ… ဒီပညာရေးစနစ်ကြီးကို မကြိုက်တဲ့လူတွေက နိုင်ငံခြားကို ပညာသွားသင်ကြပါတယ်… ဒီလိုနဲ့ထက်မြက်ထူးချွန်တဲ့ ကျောင်းသားတွေ အများကြီးဆုံးရှုံးကြရတာပါ… လွတ်လပ်တဲ့အတွေးအခေါ်၊ မျှတတဲ့အယူအဆ၊ လူလူချင်း ညှာတာထောက်ထားမှုများနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံဖြစ်စေချင်တာ ကျမရဲ့ဆန္ဒပါ...

နောက်...ကျမဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကတော့ စန္ဒယားကိုကျွမ်းကျွမ်းကျင်ကျင်တီးနိုင်တဲ့ ပညာရှင်ဖြစ်ချင်တာပါဘဲ… ကျမကသံစဉ်တွေကို ချစ်တတ်သူပါ… သံစဉ်တွေကိုနားထောင်နေရရင် အလိုလိုပျော်ရွှင်နေမိပါတယ်… စိတ်ညစ်ရင်သံစဉ်တွေကို နားထောင်ရတာဟာ စိတ်ပြေစေဖို့နည်းလမ်းပါဘဲ… သံစဉ်တွေက လူတွေရဲ့စိတ်ကို အေးချမ်းစေတယ်လို့ ကျမထင်ပါတယ်… ဆယ်တန်းပြီးတော့ စန္ဒယားသင်တန်းကို သွားတက်ခဲ့ပေမယ့် ကျောင်းနဲ့အချိန်တွေတိုက်နေတာရော၊ ဖေဖေက သိပ်သဘောမကျတာရောကြောင့် ကျမရဲ့ဒီအိပ်မက်ကတော့ ပြည့်ဝမယ်မထင်တော့ပါဘူး… ဒါပေမယ့်အခွင့်အခါသင့်ရင်တော့ ကျမဖြစ်တဲ့နည်းနဲ့ရအောင် ပြန်တက်ချင်ပါသေးတယ်…

ကျမ အရမ်းကိုအာသီသရှိတဲ့ အိပ်မက်တစ်ခုလည်း ရှိပါသေးတယ်… အဲဒါကတော့ လူနာတွေကို အခမဲ့ကုသပေးတဲ့ ဆေးရုံကြီးတည်ထောင်ချင်တာပါဘဲ… ရောဂါနာမည်အတိအကျမခွဲခြားထားပဲ အထွေထွေရောဂါတိုင်းကို ကုသပေးချင်ပါတယ်… ကျမတို့နိုင်ငံမှာ ဆင်းရဲလို့ဆေးမကုနိုင်တဲ့ လူနာတွေအများကြီးပါဘဲ.. ဒီလူနာတွေကိုကျမ အရမ်းဆေးကုပေးချင်ပါတယ်… တန်ဖိုးရှိလှတဲ့ လူ့အသက်ကိုပိုက်ဆံမရှိခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ မဆုံးရှုံးစေချင်ပါဘူး… တနေ့နေ့စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ လူတွေမှာရောဂါသာဖြစ်လာပါက ဒီအတိုင်းအသေခံကြရတာပါ… ကျမဒီအကြောင်းပြချက်ကြီးကို ဘယ်လိုမှလက်မခံနိုင်ပါဘူး… လာတဲ့လူနာတိုင်းကို ကျမတို့ဘယ်လိုမှ မတတ်နိုင်တဲ့ရောဂါ ဖြစ်စေဦးတော့ စိတ်ချမ်းချမ်းသာသာနဲ့ သူ့ရဲ့ဘ၀ကိုကုန်ဆုံးစေချင်ပါတယ်… ဒီအိပ်မက်အတွက်တော့ ကျမအသေအလဲကြိုးစားရမှာပါ…

နောက်အိပ်မက်တစ်ခုကတော့ မိဘမဲ့ကလေးကျောင်းဖွင့်ချင်ပါတယ်… ကလေးတွေဆိုတာ အင်မတန်မှာအပြစ်ကင်းစင်တဲ့၊ ချစ်စရာကောင်းတဲ့လူသားလေးတွေပါဘဲ… သူတို့မှာအမုန်းတွေ၊ အာဃာတတွေ၊ မနာလိုမှုတွေ ဘာမှကိုမရှိပါဘူး… ဒီလိုချစ်စရာကောင်းတဲ့ကလေးတွေမှာ သူတို့ကိုအရမ်းချစ်ပြီးဂရုစိုက်မယ့် မိဘတွေရှိသင့်ပါတယ်… ကံအကြောင်းမလှလို့ မိဘတွေဆုံးရှုံးသွားခဲ့တဲ့ ကလေးတွေကို မြင်ရရင် ကျမတော်တော်သနားမိပါတယ်… ကျမမှာတော့ကျမကို ဂရုစိုက်ပြီးချစ်မယ့် မိဘတွေရှိပြီး သူတို့မှာမရှိတဲ့အခါ ကရုဏာသက်မိပါတယ်… ဒီလိုကလေးတွေကို မိဘတွေနဲ့မခြား ချစ်နိုင်မယ့်၊ ဂရုစိုက်နိုင်မယ့်လူတွေ လိုအပ်ပါတယ်… ဒီလိုလူမျိုးလည်း ဖြစ်ချင်ပါတယ်… သူတို့ကိုစိတ်အားငယ်မှုတွေ မခံစားစေရဘဲ နွေးထွေးတဲ့မေတ္တာနဲ့ စောင့်ရှောက်ချင်ပါတယ်… ဒါကလည်း ကျမတောင့်တရတဲ့အိပ်မက်တစ်ခုပေါ့…

ဒါတွေကတော့ ကျမတောင့်တရတဲ့ မိုးပြာရောင်အိပ်မက်တွေပဲဖြစ်ပါတယ်… ဒီအိပ်မက်တွေသာ အားလုံးပြည့်သွားရင်တော့ ကျမအတိုင်းထက်အလွန် ပျော်ရွှင်မိမှာပါ… ပြည့်နိုင်အောင်လည်း ကျမတတ်နိုင်သမျှ ကြိုးစားသွားမှာပါ… အားလုံးလည်း ကျမအိပ်မက်တွေပြည့်သွားအောင် ဆုတောင်းပေးကြပါဦးနော်…







1 comment:

Villager said...

ညီမရဲ့အိပ်များ တကယ်ဖြစ်လာရင် ကောင်းမှာပဲနော် ညီမလို အိပ်မက်ရှိတဲ့လူခယ်များများ ရှိရင် သိပ်ကောင်းမှာပနြော် ညီမရဲ့အိပ်မက်များ အကောင်အထည်ပေါ်ပါစေလို့ ဆုတောင်းပါတယ်နော်