Saturday, October 20, 2007

ပန်းကလေးတစ်ပွင့်ရဲ့တန်ဖိုး

ကျမဒီအကြောင်းကို ရေးချင်နေတာကြာပါပြီ… အင်တာနက်ကမရ၊ အင်တာနက်ရပြန်တော့ စာမေးပွဲကရှိနေရော ဘယ်လိုမှကို မအားနိုင်အောင်ပါဘဲ… နောက်ပြီးရေးသင့်၊မရေးသင့်လည်း ချိန်ဆနေတာပါ။ ဒါပေမယ့်အခုတော့ စာမေးပွဲနှစ်ရက်နားတုန်း အားလုံးအတွက်လည်း အကျိုးရှိမယ်ထင်တာနဲ့ ရေးဖြစ်တာပါ…

ဒီနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေဖြစ်တဲ့ မြ၀တီနဲ့ မြန်မာ့အသံတို့မှာ ဖျော်ဖြေရေးအနေနဲ့ ဇာတ်လမ်းတွဲတွေ ပြသလာကြပါတယ်။ ပထမတော့ အင်္ဂလိပ်ကားတချို့လည်း ပြပေမယ့် အခုနောက်ပိုင်း မြ၀တီ၊ မြန်မာ့အသံတို့ကို စိုးမိုးလာတာကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ကျမလည်း ဒီဇာတ်လမ်းတွေ တော်တော်များများကို အစအဆုံးမဟုတ်တောင် နည်းနည်းစီတော့ ကြည့်မိပါတယ်။ သူ့ဇာတ်အိမ်နဲ့ သူ့မင်းသား၊မင်းသမီးတွေနဲ့တော့ တမျိုးတဖုံ ကြည့်ကောင်းနေကြတာပဲ။ တော်တော်လည်း ဆွဲဆောင်မှုရှိပါတယ်။

ကျမကြည့်နေရင်းနဲ့ တဖြည်းဖြည်းသတိထားမိလာပါတယ်။ ပထမတော့ ဒီဇာတ်လမ်းတွဲတစ်ခုတည်းပဲလားလို့။ နောက်သတိထားစောင့်ကြည့်ရင်းနဲ့မှ ဇာတ်လမ်းတွဲတော်တော်များများ၊ မဟုတ်သေးဘူး၊ အားလုံးလိုလိုမှာ တွေ့လာရတယ်။ အဲဒါကဘာလဲဆိုတော့ မိန်းကလေးက(တစ်နည်းအားဖြင့် မင်းသမီးက) မင်းသားဖြစ်တဲ့ယောက်ျားလေးကို ချစ်စကားစပြောတာပါပဲ။

ကျမကိုရှေးဆန်တယ်ပဲဆိုဆို၊ ခေတ်နောက်ကျတယ်ပဲပြောပြော ကျမကတော့ဒီကိစ္စကြီးကို ဘယ်လိုမှ ဘ၀င်မကျပါဘူး။

ကျမတို့မိန်းကလေးတွေက မွေးဖွားလာကတည်းကကို ယောက်ျားလေးတွေနဲ့ယှဉ်ရင် သဘာဝတရားရဲ့ဖန်တီးမှုနဲ့ ရှုံးနိမ့်နေပြီးသားပါ။ အခုခေတ်မှာ မိန်းမနဲ့ယောက်ျား တန်းတူညီတူ ရင်ဘောင်တန်းနေပြီလို့ ဘယ်လိုပဲပြောပြော မိန်းကလေးတွေ ယောက်ျားလေးတွေကို မယှဉ်နိုင်တဲ့အချက်တွေ အများကြီးရှိပါသေးတယ်။ ကျမတို့ ဘုရားသွားရင်တောင် ယောက်ျားလေးတွေပဲ ဘုရားဥာဏ်တော်အမြင့်အထိတက်ပြီး ကိုယ်တိုင်ကိုယ်ကျ
ရွှေသင်္ကန်းလှူခွင့်ရှိပါတယ်။ ကျမတို့မိန်းကလေးတွေမှာတော့ ဒီအခွင့်အရေးကလုံးဝမရှိပါဘူး။

ကျမတို့မိန်းကလေးတွေရဲ့ ဘ၀တလျှောက်လုံးမှာ အသာစီးရတာဆိုလို့ စပြီးချစ်ခွင့်ပန်ခြင်းခံရတာပါပဲ။ ကိုယ့်ကိုမြတ်နိုးလို့ လေးလေးစားစား ချစ်ခွင့်ပန်ခြင်းခံရတယ် ဆိုကတည်းက အဲဒီ့မိန်းကလေးရဲ့ ဂုဏ်သိက္ခာက တက်နေပါပြီ။

ဒီလိုရှားပါးလှတဲ့ အခွင့်အရေးလေးကို လွှတ်ပစ်တဲ့မိန်းကလေးတွေ တစတစများပြားလာတာ တွေ့မြင်နေရပါပြီ။ အတုမြင်အတတ်သင်ဆိုတဲ့ စကားကလည်းရှိနေတော့ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ပြီးအတုယူတယ်လို့ပဲ ပြောရမလား။ ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းနေပြီဆိုတဲ့ စကားကို အကာအကွယ်ယူတယ်လို့ပဲ ထင်ရမလားတောင် မသိပါဘူး။

ဒီမှာကျမထင်မြင်ချက်တစ်ခုကို ပြောစရာရှိပါတယ်။ ရင်ဘောင်တန်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ကျမနားလည်ထားတဲ့ ရင်ဘောင်တန်းတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကတော့ ယောက်ျားလေးတွေကိုချည်း အားကိုးမနေဘဲ ကိုယ့်အစွမ်းအစနဲ့သူတို့လိုပဲ ရအောင်ကြိုးပမ်းတယ်။ကိုယ့်ဘ၀ကို ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ရပ်တည်တယ်လို့ပဲ ယူဆမိပါတယ်။ သူတို့လုပ်ရဲတဲ့ကိစ္စတိုင်းကို လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ဝေဖန်ပိုင်းခြားပြီး ကိုယ်လုပ်သင့်တာကိုပဲ လုပ်ရမှာပါ။

လူတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေက မတူညီကြပါဘူး။ ကိုယ့်အတွက် ပိုက်ဆံသာလျှင်အဓိကလို့ ထင်တဲ့လူတွေရှိသလို အချစ်ကအဓိက၊ စိတ်ချမ်းသာမှုကအဓိက၊ ဂုဏ်သိက္ခာကအဓိကလို့ အစရှိပြီး အမျိုးမျိုးထင်မြင်ကြပါတယ်။ တန်ဖိုးထားတဲ့အရာတွေ မတူညီတာနဲ့အမျှ ဘ၀ရပ်တည်ပုံချင်းလည်း မတူညီကြပါဘူး။ ပိုက်ဆံကိုတန်ဖိုးထားတဲ့လူက ပိုက်ဆံနောက်လိုက်သလို၊ခံစားမှုကိုတန်ဖိုးထားတဲ့လူက ခံစားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြတာပေါ့။

ကျမကတော့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာကိုပဲ တန်ဖိုးထားသင့်တယ်လို့ ယူဆမိပါတယ်။ လောကမှာ မိမိကိုယ်ကိုယ်သာ အချစ်ဆုံးလို့ပြောလေ့ ရှိကြပါတယ်။ အချစ်ဆုံးဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကတောင် တန်ဖိုးမထားရင် ဘယ်သူကမှလည်း တန်ဖိုးထားမှာ မဟုတ်ပါဘူး။ ဘယ်သူမှတန်ဖိုးမထားတဲ့ဘ၀ကြီးက နေပျော်မှာလဲ မဟုတ်တော့ပါဘူး။

ကျမကအခုလို ဂုဏ်သိက္ခာကို အတင်းထိန်းခိုင်းပြီး မိန်းကလေးတွေကို ထွက်ပေါက်ပိတ်အောင် လုပ်နေတာတော့ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်နှစ်သက်တဲ့အကြောင်းကို နှုတ်ကနေဖွင့်မပြောဘဲ ရိပ်ဖမ်းသံဖမ်းနည်းနဲ့ ကိုယ့်ကိုပြန်စိတ်ဝင်စားအောင် လုပ်လို့ရပါသတဲ့။ ကျမလည်း မလုပ်ကြည့်ဖူးပါဘူး။ သူများပြောတာ ကြားဖူးတာပါ။ဒီလိုလုပ်လို့ ကိုယ့်ကို ပြန်စိတ်ဝင်စားရင်တော့ ကောင်းတယ်ပြောရမှာပေါ့။ ဒါပေမယ့်သူကစိတ်မ၀င်စားတဲ့အပြင် အထင်ပါသေးသွားမယ်ဆိုရင်တော့ တော်တော်ဆိုးပါတယ်။

တကယ်လို့များ ကံကောင်းထောက်မပြီး သူကလည်းကိုယ်ကိုသဘောကျလို့ လက်ထပ်ဖြစ်ခဲ့ကြရင်တောင် တချိန်ချိန်မှာ စကားနာအထိုးမခံရဘူးလို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကိုယ့်သိက္ခာကိုယ်ထိန်းတာပဲ အကောင်းဆုံးဖြစ်မှာပါ။

တချို့မိန်းကလေးတွေကျတော့လည်း ဒီအဖြစ်အပျက်က ထူးဆန်းတယ်၊ သိက္ခာကျတယ်လို့ မထင်ကြတော့ပါဘူး။ လုပ်နေကျလုပ်ရိုးလုပ်စဉ်တစ်ခုလိုပဲ။ ခေတ်မီတာလို့တောင် ထင်နေကြပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတစ်ခုက ကောင်းသည်ဆိုးသည်ဖြစ်စေ ကိုယ့်နောက်မှာအမြဲတမ်း အရိပ်အဖြစ်နဲ့ လိုက်နေလေ့ရှိပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ကိုယ်ကိုယ်တိုင်ပဲ ခံရတာပါ။ အခုအချိန်မှာ ခံစားမှုတစ်ခုကြောင့် အချို့အရာတွေကို အလေးမထားမိပေမယ့် တချိန်ချိန်မှာ ကိုယ့်ကို ပြင်းထန်တဲ့ ရိုက်ချက်ဖြစ်လာနိုင်ပါတယ်။

ကျမကတော့ တခြားလူတွေ ကိုယ့်ကိုအထင်မကြီး မလေးစားရင်နေပါစေ။ ကျမကချစ်တဲ့၊ ကျမကိုချစ်တဲ့ သူငယ်ချင်းတွေနဲ့မိသားစုရဲ့ လေးစားမှုကိုတော့ လိုချင်ပါတယ်။ ကျမချစ်တဲ့လူတွေကိုလည်း ကျမလေးစားရတဲ့လူတွေပဲ ဖြစ်စေချင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ တစ်ဦးနဲ့တစ်ဦးလေးစားမှုဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံအချက်လေးတစ်ခုပါဘဲ။ မိဘနဲ့သားသမီး၊ ဇနီးသည်နဲ့ခင်ပွန်း ၊မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဆက်ဆံမှုမှာလည်း လေးစားမှုက အရေးကြီးပါတယ်။

အခုတလော ကြားကြားနေကျစကားတစ်ခုကတော့ မိန်းကလေးတွေကပေါနေပြီး ယောက်ျားလေးတွေကမှ ရှားပါးနေတာတဲ့။ အခြားမိန်းကလေးတွေတော့ ဒီစကားကြားရင် ဘယ်လိုနေသလဲ မသိပေမယ့် ကျမကတော့ ကြားကြားချင်း ပထမတော့ စိတ်တိုပါတယ်။ ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်တော့လည်း ကိုယ့်သိက္ခာကိုယ် ကျအောင်လုပ်နေတာ မိန်းကလေးတွေပါပဲ။ ဘယ်သူမပြု မိမိမှုလို့ ပြောရမှာပေါ့။ ပြီးတော့လည်း စကားတစ်ခွန်းကို ယောက်ျားလေးတွေ အပြောများပါတယ်။ မိန်းကလေးတွေက သူတို့ကိုအိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့လူလို့ပြောရင် ပြန်ပြောလေ့ရှိတဲ့ စကားတစ်ခုပါ။

"ရေအိုင်မို့လို့ ခြေဆေးတာပေါ့။ သောက်ရေအိုးဆိုရင် ဘယ်ခြေဆေးမလဲ တဲ့။ နင်ကရေအိုင်လို မိန်းကလေးမျိုးဆိုရင်တော့ ခြေဆေးခံရမှာပဲ။ ဘာဆန်းလဲ။ သောက်ရေအိုးလို မိန်းကလေးမျိုးဆိုရင်တော့ ငါ…. တလေးတစား ခပ်သောက်မှာပေါ့တဲ့။"

သူတို့ပြောတာလည်း မှားတော့မမှားပါဘူး။ မိန်းကလေးတွေကိုယ်တိုင်က ရေအိုင်လို့ကျင့်ကြံနေလို့ ခြေဆေးခံရတာပါ။ ရေအိုင်လိုမကျင့်ကြံရင် ဘယ်သူမှလည်း ခြေဆေးစရာမရှိပါဘူး။ ဒါ့ကြောင့် အိုင်မဖြစ်အောင် နေရမှာက ကျမတို့မိန်းကလေးတွေရဲ့ တာဝန်ပါပဲ။

အခုလောက်ဆို ကျမပြောထားတာလည်း တော်တော်ကို များနေပါပြီ။ ဒါကကျမရဲ့ထင်မြင်ယူဆချက် သက်သက်ပါ။ ဒီပို့စ်ကို ရေးသာရေးရတယ်။ ပြီးရင် ဘယ်လောက်များ အပြောအဆိုခံရမလဲတောင် မသိပါဘူး။ ကျမကတော့ အပြုသဘောနဲ့ ရေးတဲ့စာမို့လို့ ဖတ်ရင်းနားလည်ကြမယ်လို့ ထင်ပါတယ်။

အခုလို ပြီးအောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ မိန်းကလေးတိုင်း တန်ဖိုးရှိတဲ့ ပန်းကောင်းလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

7 comments:

su wai said...

မြန်မာမိန်းကလေးတိုင်း ဖတ်သင့်တဲ့ အဖိုးတန်ပို့စ်လေးတစ်ခုပါပဲ ညီမလေးရေ…ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအတွေးမျိုးရှိတာ လေးစားပါတယ်…ညီမလေးပြောသလိုပဲ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘယ်သူကရော တန်ဖိုးထားတော့မှာလဲနော်…

Helena said...

သဲရေ အတွေးကောင်းလေးပဲ... ဆက်ရေးဦးနော် အားပေးနေတယ်

Chaos said...

ပန်းလေးတစ်ပွင့်တန်ဖိုးကို
ကျွန်မတို့ မိန်းကလေး အားလုံး
နားလည်မယ် ဆိုရင် မိန်းကလေးတိုင်း
အတွက်အလွန် ကောင်းမှာပဲ

thamudayanwe said...

အင်း..ဟုတ်ပါတယ်..အမလဲအတော့်ကိုတယူသန်ပါတယ်..
အဲဒီစိတ်ကူးအဲဒီအတွေးက..မိန်းမတယောက်အတွက်အမှန်ကန်
ဆုံးသောလိုက်နာမှုပဲ..ဒါပေမဲ့..မိန်းမ၁ယောက်က..စပြီးရွေးချယ်ခွင့်မရှိ
တဲ့အခါ..တခါတလေ.လိုက်နာသင့်တဲ့အမှန်တရားဆိုပေမဲ့
မိန်းမတွေကသူတို့ရွေးချယ်တာခံရတာ..ရွေးချယ်ပြီးတော့ရောသူတို့
လက်မထပ်ချင်လို့ထားသွားတဲ့အခါတွေ..တခါတလေကျတော့
အဲဒီလို..မိန်းမ၁ယောက်ရဲ့ဘ၀ကိုမလိုချင်ဘူး..
ဘာပဲဖြစ်ဖြစ် မိန်းမ၁ယောက်ရဲ့ဘ၀မှာလုပ်ချင်တာထက်
ဂုဏ်သိက္ခာတွေဘောင်ခတ်ခံထားရတဲ့အတွက်တော့စိတ်ပျက်မိတာအမှန်ပဲ
မိန်းမ၁ယောက်ရဲ့ဘ၀က..သူတို့ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်နေရလို့..
မိန်းမ၁ယောက်ရဲ့..တန်ဖိုးဆိုတာထိန်းရင်း..
တခါတလေ..လုပ်ချင်တာလုပ်ခွင့်ဆုံးရှုံးသွားတိုင်း..
ဟင်းဆိုတဲ့သက်ပြင်းအခါခါချရင်း..
မိန်းမ၁ယောက်ရဲ့ဂုဏ်သိက္ခာကိုပဲစောင့်ထိန်းလိုက်ပါတယ်..

ခွန်မြလှိုင် said...

ညီမလေးရေ ဒီပို့စ်လေးကို ဖတ်ရတဲ့အတွက် တော်တော် လေးစားသွားသလို ဒီလို ညီမလေး မျိုးတွေလဲ ရှိသေးလို့ တော်သေးရဲ့လို့ သက်ပြင်းချရပါတယ်။ ခံယူချက်ရော၊ အရေးအသားပါ ကောင်းပါတယ်။ ဆက်ရေးပါ။ အားပေးနေပါတယ်။ အမရဲ့ ဘလော့မှာ လင့်လိုက်မယ်နော်

ခင်မင်းဇော် said...

မေပျိုရေ
ယောက်ျားလေးနဲ့မိန်းကလေး ရင်ဘောင်တန်းတယ် ဆိုတဲ့အပေါ်မှာ သမီးရဲ့ ယူဆချက်တွေ ကောင်းလိုက်တာ..
မြန်မာမိန်းကလေးတွေ အဲလိုများများတွေးနိုင်ပါစေ ဆုတောင်းပါတယ်။
အန်တီဘလော့ကိုလည်း လာလည်ပါဦး

သုလွန်းအိမ် said...

ဒီ post လေးကို ဖတ်လိုက်ရတာ တန်ဖိုးရှိလိုက်တာ။ မေပျို့ အတွေးရော အရေးရော ကောင်းတယ်။