ကျမ မနက်မိုးလင်းကတည်းက စိတ်လေးနေမိတယ်။ ဒီဘာသာက ကျမ မကြိုက်တဲ့၊ မရတဲ့ ၊ မကျက်ချင်တဲ့ဘာသာပါ။ မနေ့ကညကလည်း သူငယ်ချင်းတွေပေးသမျှ စပေါ့တွေကို သေချာလိုက်ကျက်တာပဲ။ ဒါပေမယ့်စိတ်က မပါလို့လားတော့ မသိဘူး။ ဘယ်လောက်ကျက်ကျက် မှတ်ကိုမမှတ်မိပါဘူး။ ကျမသေချာကျက်လေ မေ့သွားလေ။ နဂိုကတည်းက မကျက်ချင်တဲ့စိတ်ရော၊ ဥာဏ်မကောင်းတာရောကြောင့် ဖြစ်မယ်ထင်တယ်။ ညကလည်း၂နာရီထိုးနေပြီဆိုတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး အိပ်ရာဝင်ခဲ့ပါတယ်။ စာကလည်းမရတော့ မနက်စောစော နှိုးစက်ပေးထားရတာပေါ့။ ဒီနေ့က ဇီဝဓါတုလို့ခေါ်တဲ့ biochemistry ဘာသာဖြေရမယ့်နေ့ပါ။
မနက်၅နာရီထိုးရင်ပဲ ကျမရဲ့နှိုးစက်ကလေးက ကျမကို စာထကျက်ခိုင်းနေပါပြီ။ ကျမက အိပ်ရေးလည်းမ၀၊ စာကလည်းမရ၊ စိတ်ကလည်းတိုနဲ့ နောက်ဆုံးတော့ မထချင်ထချင်နဲ့ဘဲ ထလိုက်ရပါတယ်။ ခေါင်းထဲမှာလည်း မကြည်ဘဲ လူကယိုင်ချင်နေပြီ။ ဒါပေမယ့် မတတ်နိုင်ပါ။ ကျမစာပြန်နွှေးကို နွှေးရမည်လေ။ ကျမမှစာပြန်မနွှေးရင် စာမေးပွဲခန်းထဲမှာ ဘယ်သူမှ ကျမကိုကယ်နိုင်မှာမဟုတ်။ ကဲမကျက်လို့မှ မဖြစ်တာ ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးရင်း စာကြည့်စားပွဲမှာ ထိုင်လိုက်မိတယ်။
မဖြစ်မနေကျက်ရမယ့် အပုဒ်တွေကို ရေကြည့်လိုက်တော့ အားပါးပါး။ အပုဒ်က၅၀လောက်ရှိမယ်။ အခုမှ ၅နာရီ.. ကျမဖြေရမှာကနေ့လည်၁နာရီ။ စုစုပေါင်းအချိန်က ၈နာရီပဲရတယ်။ ဒါတောင်ကြားထဲမှာ ကျောင်းသွားဖို့က ၁၂နာရီကတည်းက စပြင်ဆင်မှ မီကာကျမှာ။ အဲဒါနဲ့ပဲ စာကိုအသည်းအသန် အော်ကျက်နေလိုက်တာ မောလို့ နာရီလည်းကြည့်လိုက်ရော ၁၁နာရီခွဲနေပြီ။ ကျက်ထားတဲ့စာတွေကလည်း ပါးစပ်ကသာ ကြက်တူရွေးလို တတွတ်တွတ်ရွတ်နေတာ။ ရမရကသေချာမသိ။ ဒီလိုနဲ့ ကျောင်းသွားဖို့ပြင်ဆင်ရတာပေါ့။
ကျောင်းလည်းရောက်ရော။ ကျောင်းမှာက လူတော်တော်စုံနေပါပြီ။ ကျမတို့ဖြေရမယ့် အခန်းနားမှာဆိုရင် လူတွေမှအများကြီးပဲ။ အကုန်လုံးကလည်း စာအုပ်ကိုယ်စီနဲ့။ အရင်တုန်းက ဘယ်လောက်ပဲ မကျက်ခဲ့၊ မကျက်ခဲ့။ စာမေးပွဲဖြေခါနီးကျရင် အောင်ချင်ကြတာတော့ အားလုံးရဲ့ဆန္ဒပဲ မဟုတ်ဘူးလား။ ကျမသူငယ်ချင်းတွေက ကျမကိုတွေ့တာနဲ့ ရပြီလားလို့လှမ်းမေးပါတယ်။ ကျမလည်း ခေါင်းကိုခါရင်း စိတ်ညစ်ညစ်နဲ့ သူတို့နားလျှောက်သွားလိုက်ပါတယ်။ အကုန်လုံးကလည်း တယောက်တပေါက် ဆိုချင်ရာဆိုနေကြတာပေါ့။ ကျမလည်းစာအုပ်ထုတ်ရမှာ ပျင်းတာနဲ့ ဘေးနားကကျမသူငယ်ချင်းကျက်တဲ့ အပုဒ်ကိုပဲ လိုက်ကြည့်နေပါတယ်။
"ကလင်… ကလင်"
ဟာ သွားပါပြီ။တော်တော် နားဝင်မချိုတဲ့အသံဘဲ။ အဲဒါစာမေးပွဲခန်းထဲဝင်ဖို့ ထိုးတဲ့ခေါင်းလောင်းသံပါ။ မ၀င့်ချင်ဝင်ချင်နဲ့ စာမေးပွဲခန်းထဲကို ၀င်လာရတယ်။ ကျမထိုင်ရမယ့်ခုံနံပါတ်ကို ရှာပြီးဝင်ထိုင်လိုက်တာပေါ့။ ထိုင်ထိုင်ချင်း ရသမျှဘုရားစာလေးကို ရွတ်ရင်း ဘုရားရှိခိုးလိုက်သေးတယ်။ ကျမတို့က အပုဒ်ရှည်မဖြေခင် အမှားအမှန်ဖြေရပါတယ်။ အမှားအမှန်ကလည်း ပြောတော့သာ အမှားနဲ့အမှန်နှစ်ခုတည်း။ စဉ်းစားရတာ တော်တော်ခက်တယ်။ နောက်ပြီးသူတို့က အမှားကိုအမှန်ဖြေမိရင် ကိုယ်ရတဲ့အမှတ်ထဲကပါ ပြန်နုတ်သေးတယ်။ minus system တဲ့။ ဘာတွေမှန်းကို မသိဘူး။ ကျမသိသမျှ ဖြေလိုက်တော့ အခု၁၀၀မှာ ၆၅ခုလောက်ပဲရှိသေးတယ်။ ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး နောက် ၁၀လုံးကို ရမ်းဖြေလိုက်တယ်။ မှားရင်တော့ သဲနုဝေတို့နာပြီပဲ။ (၁၀လုံးမှားရင် အမှတ်၂၀လျော့မှာကို)
ကဲအပုဒ်ရှည်မေးတဲ့ မေးခွန်းစာရွက်ဝေပါပြီ။ ကျမမှာကိုယ်ရတဲ့ အပုဒ်ပါပါစေဆိုပြီး ဆုတောင်းနေရတယ်။ မေးခွန်းစာရွက်ကို မ၀ံ့မရဲနဲ့ တစ်ပုဒ်ချင်းကြည့်လိုက်သည်။ ပထမအပုဒ်ကို အကြမ်းဖျင်းကြည့်လိုက်တော့ ကျမရတဲ့အပုဒ်။ ကျမတော်တော်ဝမ်းသာသွားပြီး သေချာပြန်ဖတ်လိုက်တော့မှ စိတ်ဓါတ်ကျသွားတယ်။ ကျမကျက်တဲ့အကြောင်းအရာတော့ ဟုတ်ပါရဲ့။ဒါပေမယ့် ခေါင်းစဉ်ခွဲနှစ်ခုမှာ ကျမ မကျက်တဲ့ခေါင်းစဉ် ဖြစ်နေတယ်။ ကဲရှိစေတော့။ ဒီလိုနဲ့ စာတွေကို ရသော်ရှိ၊ မရသော်ရှိ။ လျှောက်ရွှီးပြီးရေးရတာပေါ့။
ကိုယ့်ဘာသာစာကြောင်းစီ၊ ကိုယ်ဘာသာစကားလုံးတွဲနဲ့ အခုမှကိုယ့်ကိုယ်ကို စာရေးဆရာဖြစ်နေပါလားလို့ သတိပြုမိတယ်။ ခေါင်းထဲမှာရှိတဲ့ အချက်လေး၂ချက်လောက်ကို ၂မျက်နှာလောက်ခွဲရေးရတာ လွယ်တော့မလွယ်ပါ။ ကွေ့ကောက်ပြီး ဟိုဘက်က ပတ်ရေးလိုက်၊ ဒီဘက်ကပတ်ရေးလိုက်နဲ့ အမှတ်ခြစ်မယ့် ဆရာမတော့မသိ။ကျမကတော့ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ရယ်တောင်ရယ်ချင်တယ်။ ရေးနေရင်းနဲ့ လက်ညောင်းလာလို့ ဘေးဘက်ကိုကြည့်လိုက်ရော သူငယ်ချင်းတွေက ကျမကိုမျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြပါတယ်။(သူတို့စိတ်ထဲမှာ ကျမကို ရတယ်များထင်နေသလားမသိ။ ကျမကရွှီးနေတာကို) ကျမလည်း သူတို့ကို ရှုံ့မဲ့ပြရင်း ရတာလေးတွေကို ဆက်ရေးရတာပေါ့။ ရေးရင်းရေးရင်းနဲ့ နာရီကြည့်လိုက်တော့ ၃နာရီထိုးနေပြီ။ ဆရာမကထွက်ချင်တဲ့လူ ထွက်လို့ရပြီတဲ့။ ထွက်လိုက်ကြတဲ့လူတွေမှ အများကြီးပဲ။ ကျမကတော့ ကိုယ်ရသမျှ၊ ခေါင်းထဲကထွက်သမျှကို ရေးနေတာပေါ့။ အခွင့်အရေးရတုန်း ရေးရတာလေ။ နောက်မှရေးချင်လို့ ရေးခွင့်မရှိဘူးလေ။ ရလို့လားဆိုတော့လည်းမဟုတ်ဘူး။ ရွှီးတာပဲ တော်တာနေမှာပါ။
အဲဒီ့အချိန်မှာပဲ…
" ကလင် ကလင်"
အမလေး ပျော်လိုက်တာ။ ကျမဒီအသံကိုကြားချင်နေတာ ကြာလှပြီ။(လူ့စိတ်များထူးဆန်းပါ့။ ခုနကတော့ ဒီအသံကိုနားဝင်မချိုတဲ့အသံတဲ့။ အခုများတော့ ချိုသာတဲ့အသံလေးတဲ့) ပျော်ရွှင်စွာ၊ပေါ့ပါးစွာနဲ့ စာရွက်ကိုဆရာမအားပေးပြီး စာမေးပွဲခန်းထဲက ထွက်ခဲ့တော့တယ်။
Wednesday, October 24, 2007
စာမေးပွဲဖြေတဲ့ဒီနေ့မှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment