Friday, November 30, 2007

ဘယ်သူပိုကောင်းတယ်လို့ ထင်ပါသလဲ...

ဒီသီချင်းလေးကတော့ ကျမအနှစ်သက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ NGIIK မှအဆိုတော် နှစ်ယောက်က ပုံစံနှစ်မျိုးနဲ့ ဆိုထားတာပါ။ မိန်းကလေးအဆိုတော်ကတော့ မေစံပါယ်ညိုပါ။ ယောက်ျားလေးအဆိုတော်ကတော့ ဘယ်သူလဲဆိုတာ မသိလို့ သိတဲ့လူရှိရင် ပြောပြပေးပါဦးနော်။ သီချင်းလေးနာမည်က ဘေးစကားပါ။

ကိုယ်တို့ကြားက လွဲချော်မှုလေးများ အခြေအနေများက တမျိုးစီ ကာစီးထား... စိတ်ချကွာ အတားအဆီးများလည်း မင်းအတွက် ကျော်ဖြတ်မှာ... ကိုယ်နဲ့မင်းအချစ်တွေ ခိုင်မြဲလည်း ဒီဘ၀က ချစ်နေလို့ မပြီးဘဲ နားလည်မှုလေးများနဲ့...

ဘေးစကားတွေကို မယုံနဲ့ကွာ အားလုံးဟာ အနာဂတ်မှာ မင်းတစ်ယောက်ကိုသာ ချစ်လွန်းတော့ကွာ ဝေးလို့မဖြစ်ဘူးလေ မင်းနဲ့တူတူ ဒီဘ၀မှာ ချစ်ခွင့်ကြုံဆုံဖို့ရာ အနားမင်းနေပါ ဒီအဆုံးတသက်တာ စက္ကန့်တိုင်းပေါ့ မင်းအနားနေချင်တာ

အသိုင်းအ၀ိုင်းများက တမျိုးစီကာစီးလည်း ချစ်ခဲ့ကြတဲ့ရက်တွေ မပြိုလဲဘဲ ဘ၀တလျှောက်မှာ မင်းကလွဲပြီး ဘယ်သူမှ မချစ်ဘူးကွာ … ကိုယ်နဲ့မင်းနဲ့ ထားရှိခဲ့တဲ့ ကတိတွေလည်း ကြိုးစားရင်းနဲ့ တို့အတူ လက်တွဲမြဲ ကိုယ့်ကမ္ဘာသစ်လေးနဲ့…

ဘေးစကားတွေကို မယုံနဲ့ကွာ အားလုံးဟာ အနာဂတ်မှာ မင်းတစ်ယောက်ကိုငါ ချစ်လွန်းတော့ကွာ ဝေးလို့မဖြစ်ဘူးလေ မင်းနဲ့တူတူ ဒီဘ၀မှာ ချစ်ခွင့်ကြုံ ဆုံဖို့ရာ အနားမင်းနေပါ ဒီအဆုံးတသက်တာ စက္ကန့်တိုင်းပေါ့ မင်းအနားနေချင်တာ…

ကိုယ်တို့ကြားက လွဲချော်မှုလေးများ အခြေအနေများက တမျိုးစီ ကာစီးထား…စိတ်ချကွာ အတားအဆီးများလည်း မင်းအတွက် ကျော်ဖြတ်မှာ… ကိုယ်နဲ့မင်းနဲ့ အချစ်တွေခိုင်မြဲလည်း ဒီဘ၀က ချစ်နေလို့ မပြီးဘဲ နားလည်မှုလေးများနဲ့…

(ဘေးစကားတွေကို မယုံနဲ့ကွာ အားလုံးဟာ အနာဂတ်မှာ မင်းတစ်ယောက်ကိုငါ ချစ်လွန်းတော့ကွာ ဝေးလို့မဖြစ်ဘူးလေ… မင်းနဲ့တူတူ ဒီဘ၀မှာ ချစ်ခွင့်ကြုံ ဆုံဖို့ရာ အနားမင်းနေပါ ဒီအဆုံးတသက်တာ စက္ကန့်တိုင်းပေါ့ မင်းအနားနေချင်တာ…) ၂

ဒီသီချင်းကတော့ မေစံပါယ်ညိုဆိုထားတာပါ။ download လုပ်ပြီး နားထောင်ကြည့်နော်။
http://www.mediafire.com/?2lk14w0ztbn

ဒီသီချင်းကတော့ ယောက်ျားလေး အဆိုတော်ပါ။ ဘယ်သူလဲဆိုတာ ပြောပြပေးပါဦးနော်။

http://www.mediafire.com/?3quymuyjjxm

ဘယ်သူဆိုတာ ပိုနားထောင်လို့ ကောင်းလဲဆိုတာ ပြောပြသွားကြဦးနော်…


ဆက်ဖတ်ရန်...

Tuesday, November 27, 2007

စာမရေးဖြစ်တဲ့ဒီနေ့မှာ

မိုးလင်းပြီဆိုတဲ့အသိနဲ့ မျက်လုံးနှစ်လုံးက သူ့အလိုလို ပွင့်လာတယ်…။ ပထမဆုံး အတွေးထဲ ၀င်လာတာကတော့ ဒီနေ့စာတစ်ပုဒ်တော့ ရေးရမယ်လို့ပေါ့…။ ကျမစာမရေးဖြစ်တာ ကြာနေပြီ မဟုတ်လား…။ tagရာသီ စကတည်းက ဆိုပါတော့…။ tagတာတွေပဲ ရေးနေခဲ့တာလေ…။ အတွေးတွေကို မေ့ထားခဲ့တာ ကြာပါပြီ…။ အတွေးကို မရေးဘဲ ရေးရမယ့်ခေါင်းစဉ်ကိုပဲ တွေးနေခဲ့တာပါ…။ ဟိုတစ်နေ့ကတော့ နတ်ကလေးက စီဘောက်စ်မှာ လာအော်သွားပါရော…။ ကိုယ်တိုင်ရေးလေးလည်း ရေးပါဦးတဲ့…။ သူပြောမှပဲ tagအိပ်မက်ရှည်က လန့်နိုးတော့တယ်…။ ငါ့အတွေးနဲ့ မရေးတာတောင် ကြာခဲ့ရောပေါ့ ဆိုပြီးလေ…။ ဒါပေမယ့် မတွေးတာ ကြာလို့နဲ့တူတယ်…။ ရှိနေကျ အတွေးတွေက ကျမကို လက်ပြပြီး နှုတ်ဆက်သွားသလား အောက်မေ့ရတယ်…။ ခေါင်းထဲမှာ ဘာအတွေးမှကို ကျန်မနေတော့ပါဘူး…။

နိုးနိုးချင်း စဉ်းစားမရသေးလို့နဲ့ တူပါတယ်ဆိုပြီး စိတ်ကိုခဏလျှော့ထားလိုက်တယ်…။ စိတ်ကို ဘယ်လောက်ပဲ လျှော့ထားလျှော့ထား စာရေးရမယ်ဆိုတဲ့အသိက ၀င်နေပြန်ရော…။ ဒီလိုနဲ့ သွားတိုက်ရင်းနဲ့လည်း စဉ်းစားနေတာပဲ…။ သူများရေးထားတာပဲ တင်လိုက်ရင်ကောင်းမလား…။ သီချင်းလေးတွေပဲ တင်ရင်ကောင်းမလား… နဲ့ စဉ်းစား၊ စဉ်းစား…။ ဘယ်လိုပဲ စဉ်းစား စဉ်းစား အတွေးတွေက ပေကပ်ကပ်နဲ့ ကျမဆီ ရောက်မလာပါဘူး…။ သနပ်ခါးသွေးရင်းနဲ့ တွေးနေပြန်တော့လည်း အတွေးလွန်ပြီး ကိုယ့်လက်ကိုယ်တောင် သနပ်ခါးတုံးနဲ့ ဖိမိပြန်ရော…။ ကိုယ်လက်သန့်စင်ပြီးတော့လည်း ဘုရားရှိခိုးတဲ့အချိန်မို့လို့ စာရေးရမယ့်ကိစ္စကို မေ့ထားလိုက်ပါတယ်…။

မနက်စာစားရမယ့် အချိန်ရောက်လာပါပြီ…။ ကျမအခုအထိ ဘာမှကို မယ်မယ်ရရ မတွေးရသေးပါဘူး…။ ဘာရေးရမှန်းကို မသိဘဲ တ၀ဲလည်လည် ဖြစ်နေပါရော…။ ဒီလိုနဲ့ ဘလော့တွေ လိုက်ဖတ်ရင်များ ကုန်ကြမ်းလေးတွေ ရမလားဆိုတဲ့ စိတ်ကူးလေးနဲ့ အင်တာနက်ကို သုံးမိပြန်ပါတယ်…။ ကွန်ပျူတာရှေ့ရောက်တာနဲ့ ခိုင်းစရာမလိုတဲ့ ကျမရဲ့လက်တွေက ဂျီတော့ကို ၀င်လိုက်ပါပြီ…။ ဂျီတော့ထဲ ရောက်တော့လည်း….

.....ဟိုင်း…. ဟိုင်း….
....မောနင်း…..
.......ဘာညာသာရကာ....
…နေကြာ ကွာစိ......
………ဟိုဟိုဒီဒီ..…….
....မတွေ့တာကြာပေါ့…
………………..

စတာတွေနဲ့ ကျမရဲ့အချိန်တွေက ကျမကို နှုတ်မဆက်ဘဲ ထွက်သွားကြပြန်တယ်…။ ဘလော့ဂ်တွေ လိုက်ဖတ်ပြန်တော့လည်း ကိုယ့်ဘာသာတောင် အားငယ်လာတယ်…။ အသစ်တွေ အများကြီး ရေးတဲ့လူကရေး…။ ပုံလေးတွေ တင်တဲ့လူကတင်နဲ့….။ ကျမဘလော့ဂ်လေးကို တဖြည်းဖြည်း သနားလာတယ်…။ သူ့ခမျာ မျက်နှာငယ်ရှာမှာပဲ…။ သူ့ရဲ့သခင် ကျမက စာလည်းမရေးဘဲနဲ့ သူ့ကိုပစ်ထားမိနေပြန်ရော…။ စာရေးဖို့ ကုန်ကြမ်းလည်း မရဘဲ အားတောင်ငယ်လာသေးတယ်…။ ဒါနဲ့ ဂျီတော့ထဲက အမြန်ပြန်ထွက်…။ ကွန်ပျူတာကို မြန်မြန်ပြန်ပိတ်ပြီး စာရေးစားပွဲမှာ ထိုင်လိုက်တယ်…။ အတွေးတွေကို ဒီအတိုင်း လွှတ်ထားလို့ မရတော့ဘူးလေ…။ အတွေးတွေကို ဆုပ်ကိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးလေးမှိတ်ပြီး အာရုံစုစည်းနေတုန်း ရှိသေးတယ်…။

တောင်ပြာတန်းက မောင့်အချစ်ကိုကွယ်….. ကြင်နာပါရက်နဲ့ လမ်းခွဲမှာ…

အာ…။ ဖုန်းလာနေပြီ…။ ဒါနဲ့ ကျမလည်း မြန်မြန်ပြောပြီး ပြန်ချမယ်ဆိုပြီး လှမ်းကိုင်လိုက်တယ်…။

...ဟယ်လို….
...သဲလား..။
အင်း… ဟုတ်တယ် သီရိပြော…
ငါတို့ရုပ်ရှင်သွားကြည့်မလို့…( ငါ့ကိုခေါ်တော့မယ် ဒုတ်ခပဲ )
သြော်.. ဟုတ်လား…
အဲဒါ နင်လိုက်ရမယ်နော်.. ငါလက်မှတ်ကြိုမှာပြီးသား..(ဟိုက် သေပြီ)
အင်… ငါသွားစရာ…
အမယ် လာလိမ်မနေနဲ့… ငါနင့်အမေကို မေးပြီးပြီ ( မလိုက်ချင်ပါဘူးဆို)
……………..
နင်မလိုက်ရင် ငါတို့ကို မခင်လို့ဘဲ ( မခင်ဘူးဟေ့.. မခင်ဘူး )
အင်း အင်း ဘယ်တော့လဲ….
အခုနေ့လည် ၁၂နာရီခွဲပွဲ… နင်အခုပဲ လာခဲ့တော့ (ဟာ စာလည်းရေးရသေးဘူး.)
...အင်း….

နာရီကြည့်လိုက်တော့ ၁၁နာရီထိုးနေပြီ…။ ကျမ ထမင်းလည်း မစားရသေးဘူး…။ ဒါနဲ့ ခပ်သွက်သွက်ပဲ ထမင်းစားလိုက်တယ်…။ ထမင်းစားနေရင်းလည်း စဉ်းစားတာပဲ…။ တွေးလွန်းအားကြီးလို့ မေ့ပြီးရေကိုတောင် သွားဝါးမိသေးတယ်…။ အဲ့လို.. အဲ့လို…။ လိုက်ပို့မယ့်လူလည်း မရှိတာနဲ့ အမတော်Helenaကို ခေါ်ပြီး တက္ကစီပဲ ငှားရပါတော့တယ်…။ တက္ကစီငှားတော့လည်း ယောက်ျားတွေတန်မယ့် တက္ကစီလုငှားနေလို့ စိတ်တိုရပြန်ရော…။ ဒီကြားထဲ ဈေးကိုမတန်တဆတောင်းတော့ ဒေါသတွေထွက်ပြီး အကုသိုလ်များရပါသေးတယ်…။ ကျမတို့က ခပ်တည်တည်နဲ့ ဒီဈေးမရရင် မလိုက်ဘူးဆိုတော့မှပဲ ဈေးတည့်သွားတော့တယ်…။

ကားပေါ်မှာလည်း စဉ်းစားတယ် တွေးတယ်…။ တွေးတယ် စဉ်းစားတယ်…။ လုံးလည်ချာလည်လိုက်ပြီး သမ္မတရုံသာ ရောက်သွားတယ်…။ ခေါင်းထဲမှာ ဘာမှကို မရှိတော့ဘူး…။ ကားပြတင်းပေါက်ဖွင့်ပြီး လေတိုက်ခံလိုက်တော့ ခေါင်းမူးသွားတာပဲ အဖတ်တင်တယ်…။ ရုံထဲရောက်တော့လည်း သူငယ်ချင်းတွေကို ရှာရတာနဲ့ပဲ ဘာမှတွေးခန်းကို မရောက်တော့ဘူး…။ ရုပ်ရှင်စပြတော့မှပဲ ဇာတ်ကားနာမည်ကို သိတော့တယ်…။ ၀င်္ကပါအခြစ်နှင့်သူ၏ချစ်ကိုကိုချစ် တဲ့…။ အခြစ်က ကျမစာလုံးပေါင်း မှားလို့ဟုတ်ဘူးနော်..။ နဂိုကတည်းက အဲ့လိုကြီး ပေါင်းထားတာ…။ ရုပ်ရှင်ကလည်း ရီနေရတာနဲ့ အတွေးဆိုတာ မရှိလိုက်ရပါဘူး…။

ညီအစ်မနှစ်ယောက် အိမ်ပြန်ရောက်တော့ပဲ ၃နာရီခွဲတောင် ဖြစ်နေရော…။ အိမ်ရောက်တော့ ရေမိုးချိုးပြီး ပင်ပန်းလာသမျှ ခဏအနားယူရတာပေါ့…။ သီချင်းလေးတွေ နားထောင်ရင်းလည်း ဟိုသီချင်းတင်ရ ကောင်းနိုးနိုး…။ ဒီသီချင်းတင်ရ ကောင်းနိုးနိုးနဲ့…။ ပါးစပ်ကလည်း ဒါဒါ… ဒီ ဒီ လိုက်ရွတ်နေတာပေါ့…။ နားကလည်း နားထောင်၊ ပါးစပ်ကလည်း လိုက်ဆိုနဲ့ ဦးနှောက်ကလည်း အနားမပေးဘဲ စဉ်းစားနေရပြန်တယ်..။ သံစဉ်လေးတွေနဲ့ ပျော်မွေ့နေတုန်း ရှိသေးတယ်…။

`လာကြ.. လာကြ.. သဲသဲလည်း ရှိတယ် ´( အင် ဘာပါလိမ့်…)

ဆက်နားထောင်ကြည့်တော့ ကျမတို့အဒေါ်တွေ လာလည်ကြတာ ဖြစ်နေတယ်…။ ပထမတော့ အိပ်ချင်ယောင်ဆောင်မလို့ လုပ်သေးတယ်…။

`သဲသဲက အိပ်နေလားတော့ မသိဘူး။´( ၀မ်းသာလိုက်တာ.. စကားမပြောရတော့ဘူး)

ဒါပေမယ့် ကျမအကြံကိုသိတဲ့ မောင်လေးက ဖော်ကောင်လုပ်လိုက်ရော…။

`မမသဲရှိတယ်သိလား… အပေါ်မှာ အိပ်ချင်ယောင်ဆောင်နေတယ်… ´(ဟိုက်.. ဒီကောင်လေးနဲ့တော့)

ကျမလည်း အပြစ်ကင်းတဲ့ မျက်နှာပေးလေးနဲ့ အောက်ထပ်ဆင်းလာပြီး…

`ဒေါ်လေးတို့ ရောက်နေတာလား…။ သဲက စာဖတ်နေတာ…´ စသည်ဖြင့် ဖောရှောလုပ်ရတာပေါ့…။ မောင်လေးတ၀မ်းကွဲကိုလည်း စာတွေရလား ဘာလားနဲ့ လျှောက်ပြီး ရွှီးရွှမ်း ရတာပေါ့…။ နာရီကိုလည်း မသိမသာ တကြည့်ကြည့်နဲ့…။ အချိန်တွေကလည်း ကုန်တာ မြန်လိုက်တာ…။ တစ်နာရီပြီး တစ်နာရီ…။ သူတို့တွေကလည်း ဘယ်တော့မှ ပြန်မလဲမသိ…။ မောင်လေးနှစ်ယောက်ကလည်း ကျမဖုန်းကို ကလိချင်တိုင်း ကလိနေကြတယ်…။ ကျမဖုန်းလေးခမျာလည်း တစ်ယောက်က သီချင်းတစ်မျိုးဖွင့်လိုက်၊ နောက်တစ်ယောက်က ပြန်ပြောင်းလိုက်နဲ့ တော်တော်လေးကို ပင်ပန်းနေရှာပြီ…။

`ထမင်းစားပါဦးလား… အေးအေးဆေးဆေးပေါ့´ (မေမေကတော့ လောကွတ်ချော်နေပြီ။ ဒီမှာက စာမရေးရသေးပါဘူးဆိုနေ)

ဒေါ်လေးတို့ကလည်း ဘယ်ငြင်းမလဲ…။ ညီအမအရင်းကြီးတွေကို…။ ဒီလိုနဲ့ ထမင်းလေးစားလိုက်၊ လေပေါလိုက်နဲ့ ည၉နာရီ ထိုးနေပြီ…။ အိမ်ကလည်း သိပ်မဝေးတော့ ပြန်မယ့်ပုံလည်း မပေါ်သေးပါဘူး…။ ၁၀နာရီထိုးပြီး ဟိုမျောက်ကလေး(ကျမမောင်တ၀မ်းကွဲ) အိပ်ငိုက်တော့မှ ပြန်တော့မယ်လို့ နှုတ်ဆက်ကြတော့တယ်…။

ကျမလည်း တစ်နေ့လုံး ပင်ပန်းထားသမျှ၊ အာတွေလည်း ညောင်းလှပြီ…။ တွေးချင်စိတ် ၊ ရေးချင်စိတ်လည်း မရှိတော့…။ ဒီလိုနဲ့ပဲ….။

ကျမ ဒီနေ့ စာမရေးဖြစ်ပါ။

ဆက်ဖတ်ရန်...

Monday, November 26, 2007

ကျမအကြိုက်(၂)

ကျမစာမရေးဖြစ်တာလည်း ကြာနေပြီနော်။ စီဘောက်စ်မှာလည်း ကိုယ်တိုင်ရေးလေး ရေးပါလို့ လာအော်တဲ့လူကလည်း အော်နေပြီနော်။ ဒီနေ့တော့ ကျမနှစ်သက်မိတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးပါရစေ။ ကျမကိုယ်တိုင်ရေးကိုတော့ နောက်နေ့မှ တင်ပေးမယ်နော်။ ခွင့်လွှတ်ကြပါရှင်။ ခေါင်းစဉ်လေးက အကြွင်းမဲ့ချစ်ခြင်း မချစ်ခြင်းတဲ့။ ဆရာလူမျိုးနော်ရေးသား ထားတာပါ။ လူတိုင်း ဖတ်သင့်တဲ့ ၀တ္ထုလေးလို့ ထင်ပါတယ်။ ဖတ်ကြည့်ကြပါဦးနော်။

***

အိပဲ့ အိပဲ့ လှုပ်ရှားရွှေ့လျားလာသော အမှတ်(၁)ဘတ်စ်ကားပြာသည် ဘူတာကြီးမှတ်တိုင်သို့ ခြေပစ်လက်ပစ်ထိုးဆိုက်လိုက်သည်။ ကားစက်သံ ရပ်သွားသည်နှင့် မရှေးမနှောင်းမှာပင် ဆင်းသူတက်သူများစွာတို့ဖြင့် တဒင်္ဂရှုပ်ထွေး၍ သွားတော့သည်။ မင်းဇော်သည် အိတ်ကပ်ထဲမှာ နောက်ဆုံးကျန်ရှိနေသော ဒူးယားစီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိကာ စိမ်ပြေနပြေ ဖွာရှိုက်လိုက်၏။ သူဆင်းရမည့် ဆေးကျောင်းမှတ်တိုင်ကို ရောက်ဖို့သိပ်မလိုတော့သော်လည်း ကားက သည်ဘူတာကြီးမှတ်တိုင်မှာ ထုံးစံအတိုင်း တထောင့်လောက် ရပ်နားဦးမှာမို့ နည်းနည်းတော့ ကြာဦးမည်ဖြစ်သည်။

မန္တလေး၏ နွေနေ့လယ်ခင်းမို့ သမားရိုးကျ ခပ်စပ်စပ်အပူသည် ပြတင်းပေါက်မှ ကျော်ဝင်ကာ ကားထဲသို့တိုင် ကျူးကျော်ပူလောင်နေ၏ ။ တစ်ချက် ဝေ့၀ဲတိုက်ခတ်သွားသော နွေလေရူးကြောင့် ကားထဲက လူပေါင်းစုံတို့၏ အနံ့ပေါင်းစုံတို့သည် အချိုးအဆမညီမျှစွာ ပေါင်းစပ်မိကာ တစ်ကားလုံး သင်းပျံ့သွားတော့သည်။ ပူရအိုက်ရ နံ့စော်ရသည့်အထဲမှာ စပယ်ယာ၏ အသံခပ်စာစာ ခပ်စူးစူးဖြင့် ပါစင်ဂျာခေါ်သံကြောင့် မင်းဇော်တစ်ယောက် စိတ်ပါအိုက်စပ်စပ်ဖြစ်စပြုလာ၏။

``အကိုလေးရယ်၊ ထမင်းဖိုးလေးငါးပြား၊ဆယ်ပြားလောက်သနားပါဦး´´

ကားအောက်က ထွက်ပေါ်လာသော အသံခပ်ချွဲချွဲပျစ်ပျစ်ကြောင့် မင်းဇော်သည်ဘာရယ်လို့မဟုတ်ဘဲ အောက်သို့ငုံကြည့်လိုက်သည်။ ပေရေမည်းသည်းနေသော အရွယ်မရောက်သေးသည့် ကလေးငယ်နှစ်ဦး ၊ရက်ပေါင်းများစွာ အစာရေစာ၀၀လင်လင် မစားခဲ့ရခြင်း အဖြစ်သည် ကလေးနှစ်ယောက်၏ ခန္ဒာကိုယ် အစိတ်အပိုင်းတိုင်းလိုလိုမှာ ပေါ်လွင်နေတော့သည်။သနားကရုဏာစိတ်များ ရင်မှာရုတ်ခြည်း ဖြစ်ပေါ်လာသောကြောင့် အိတ်ကပ်ထဲက အကြွေစ အနည်းငယ်ကိုနှိုက်ယူကာ ရေမနေတော့ဘဲ ခွက်တစ်လုံးစီသို့ မျှ၍ ထည့်လိုက်သည်။

``ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေကွယ် ၊ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ပါစေ၊လိုရာဆန္ဒတွေလည်း တစ်လုံးတစ်ဝတည်း

ပြည့်ပါစေ´´

လူကြီးသံဖြင့် ဆုတောင်းလိုက်သံကို ကြားမိတော့မှ မင်းဇော်တစ်ယောက်အခြေအနေကို ကောင်းစွာသဘောပေါက်မိတော့တယ်။ အသံရှင်သည် ခုနက ကလေးငယ်နှစ်ဦး၏မိခင် ဖြစ်ပုံရသည်။ သို့သော်ရိုးရိုးမိခင်တော့မဟုတ်ရှာ။ အနာကြီးရောဂါစွဲကပ်နေသော ဝေဒနာသည်မိခင်တစ်ဦးမျှသာဖြစ်သည်။ အ၀တ်အစားလစ်လပ်နေသော ကိုယ်ခန္ဒာကိုယ်နေရာတိုင်းက အသားအရေသည် ကြမ်းတမ်းခြောက်သွေ့ကာ အမွေးအမျှင် ကျိုးတိုးကျဲတဲတို့ဖြင့် တကယ့်ကိုစိတ်ပျက်စရာ။ တိမ်စွဲနေဟန်တူသော မျက်စိနှစ်လုံးစလုံးကြောင့် တောင်ဝှေးကို အားပြုရင်း စမ်းတ၀ါးဝါးဖြင့် ကလေးနှစ်ဦးနောက်မှ တကောက်ကောက် လိုက်နေရှာသည်။ မြင်းကုန်းနှီးလို ပုံပျက်ပန်းပျက်ဖြစ်နေသော နှာခေါင်း၊ငုံးစိစိ ငုတ်တိုတိုဖြစ်ကာ မလှမပ မညီမညာဖြစ်နေသော ခြေချောင်း၊လက်ချောင်းများ အစရှိသည်တို့ကို ကြည့်ပြီး နှစ်ရှည်လများရောဂါ ထင်ထင်ရှားရှား ဖြစ်နေပါလျှက်က ဆေးဝါးကုသမှု ပြတ်တောင်းပြတ်တောင်း ခံယူခဲ့သူတစ်ဦးဖြစ်ပေလိမ့်မည်ဟု မင်းဇော်၏စိတ်ထဲမှ အလိုလို တွေးတောမိလိုက်သည်။ ယဉ်ယဉ်ကျေးကျေးဖြစ်အောင်၊ စကားလှအောင် ခေါ်ဝေါ်သုံးစွဲရင်တော့ အနာကြီးရောဂါ(သို့မဟုတ်) ကိုယ်ရေပြားရောဂါပေါ့လေ။ ဒိုင်းကနဲသိအောင် ရိုင်းရိုင်းစိုင်းစိုင်း မညှာမတာ ပြောဆိုရလျှင်တော့ လက်ပရိုစီ ဒါမှမဟုတ်ကုဋ္ဌနူနာရောဂါ ။ ရောဂါ တစ်ခုရယ်လို့ရောဂါ လက္ခဏာတွေ မြင်မြင်ထင်ထင်ပေါ်ပေါ်လွင်လွင် ဖြစ်လာဖို့ရာ ခဲယဉ်းကြာညောင်းသလောက် တကယ့်တကယ် ပီပီပြင်ပြင် ဖြစ်လာပြီဆိုရင်လည်း ပြတ်ပြတ်သားသားပျောက်ကင်းဖို့ရာ ၊သက်သာဖို့ရာအတွက် အချိန်အတော်ကြီးယူရသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ဒီရောဂါကို အမှန်တကယ် သက်သာပျောက်ကင်း စေနိုင်သော ဆေးဝါးကောင်းများရှိနေပြီ ဖြစ်သော်လည်းနှစ်ရှည်လများ စွဲစွဲမြဲမြဲ ဂရုစိုက်ကာသောက်သုံးဖို့ လိုအပ်လှသည်မို့ လူနာအများစုမှာ ဆေးလေးသောက်လိုက်၊ မသောက်လိုက်လုပ်ရင်း ရောဂါကကျွမ်းသထက် ကျွမ်းလာရတော့သည်။ ပြီးတော့ ကူးစက်ရောဂါအများစုထဲက ကူးစက်ရောဂါတစ်ခုပင်ဖြစ်သော်ငြားလည်း သည်ရောဂါကသာမာန် ကူးစက်ရောဂါ မဟုတ်ပြန်။ လူ့အဖွဲ့အစည်းကနှာခေါင်းရှုံသော၊ ၀ိုင်းပယ်နှိမ်ချသော စည်းဝိုင်းအပြင်ဘက်ကရောဂါ မဟုတ်လား၊ ကိုယ့်မှာသည်ရောဂါမရှိဘူးပဲထား၊ ကိုယ့်ဆွေမျိုးသားချင်းထဲမှာ သည်လိုမျိုးရောဂါမျိုး ရှိခဲ့ဘူးရုံမျှနှင့် မျိုးရိုးတစ်ခုလုံး အဖတ်ဆည်၍ မရအောင် ဂုဏ်သိက္ခာပိုင်းမှာ အကြီးအကျယ်ကျဆင်းရတော့သည်။

ဒါကြောင့်မို့ထင်ပါရဲ့ ။ကိုယ့်ကိုယ်မှာ မသင်္ကာစရာအကွက် တစ်ခုတစ်လေတွေ့ရင်တောင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် နိုးနိုးကြားကြားလုပ်ကာ အနာကြီးရောဂါတိုက်ဖျက်ရေး အဖွဲ့သို့ ဘယ်သူမှသိက္ခာကျခံပြီး လာမပြတော့။ ကျောင်းတွေမှာ အဲသည့်အဖွဲက တာဝန်ရှိပညာသည်တွေ စစ်ဆေးဖို့ လာရင်တောင် ကိုယ့်ကိုယ်ကို သိပ်စိတ်မချသူတွေက ပုန်းအောင်းရှောင်တိမ်း နေတတ်ကြသည် မဟုတ်ပါလား။ အဆိုးဆုံးမှာက အနာကြီးရောဂါကို ကာလသားရောဂါနှင့် မှားယွင်းမှုကြီးမားစွာ ရောထွေးနားလည်နေကြခြင်းပင်ဖြစ်သည်။ ဟိုးတစ်ခေတ်က အနုပညာအရ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော ``သည်ဆောင်းဟေမာန်´´ဇာတ်ကား။ သည်ဘက်ခေတ်မှာ စံရွှေမြင့်ကာတွန်းဇာတ်လမ်းတွေထဲက ``၀မ်းနည်းရမှာလား။ဝမ်းသာရမှာလားမိသိန်းကြည်´´။

အနာကြီးရောဂါအကြောင်းနှင့် ပတ်သက်၍ တောင်တောင်အီအီများကို အတွေးနယ်ချဲ့ကာ စဉ်းစားမိရင်းရာမှ မင်းဇော်သည် ခပ်စောစောကတွေ့ကြုံလိုက်ရသည့် ကလေးငယ် နှစ်ဦး၏ အနာဂတ်နှင့် ပတ်သက်၍ အကြီးအကျယ်စိတ်မော လူမောဖြစ်သွားရသည်။``အနီးကြာတော့အနာကြီးဖြစ်´´ ဆိုသလို အနာကြီးရောဂါသည် မိခင်နှင့်သာ ခုလို လက်ပွန်းတတီး သွားလာနေထိုင်စားသောက်နေပါက မဝေးလှသောကာလငယ်တစ်ခုမှာ သည်ကလေးငယ်နှစ်ယောက်သည် ရောဂါသည်များအဖြစ်သို့ မလွှဲမသွေရောက်ရှိလာမှာ ဖြစ်တော့သည်။ ခပ်ငယ်ငယ်ကကြားဖူး၊ နားထောင်ခဲ့ဖူးသော ရေဒီယိုဇာတ်လမ်းထဲကလို သည်လိုမျိုးရောဂါသည်တွေရဲ့ ရောဂါမဖြစ်သေးတဲ့ ကလေးလေးတွေကို မွှေးစားစောင့်ရှောက်ပေးမယ့် လူကြီးလူကောင်းတွေ များများစားစား ပေါ်ပေါက်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်ဟု မင်းဇော်တစ်ယောက် ရိုးသားစွာ တောင့်တမိလေသည်။

``ဆေးကျောင်းမှတ်တိုင်ပါလား´´

ဘူတာကြီးမှတ်တိုင်က ကားဘယ်အချိန်ထွက်လာခဲ့လေသည်မသိ။ စပယ်ယာ၏ အသံစာစာကို ကြားလေမှ ``ပါတယ်၊ပါတယ်´´

ဟုကသောကမျောပြောကာ အနာကြီးအိပ်မက်ကမ္ဘာမှ လန့်နိုးလာပြီး ဆေးကျောင်းမှတ်တိုင်ဝယ် မင်းဇော် ကသုတ်ကရက် ဆင်းလိုက်မိတော့သည်။

(၂)

တော်တော်လေးတော့သေချာသလောက်ဖြစ်နေပြီ.။ သို့ပေမယ့် သေချာသတဲ့ပိုသေချာအောင် ပင်အပ်ကလေးဖြင့် ထိုးကာဆွကာ စမ်းသပ်စစ်ဆေးကြည့်လိုက်သည်။ လက်ကစမ်းသပ်ပြုနေခိုက်မှာ မျက်စိကလည်း သူငယ်ချင်း၏မျက်နှာပေါ်က အမူအရာ၊ အရိပ်အခြည်ပြောင်းလဲမှုကို မသိမသာ အကဲခတ်ဂရုစိုက်ကြည့်လိုက်၏။ ဘယ်လိုမှမပြောင်းလဲ၊ နည်းနည်းလေးမှနာကျင်ပုံမရ၊ မင်းဇော်သည် သူ၏ချစ်သူငယ်ချင်းအတွက် အထူးတလည် စိတ်မကောင်းဖြစ်သွားသည်။ သို့သော် ရင်ထဲကခံစားရသမျှတွေကို မျက်နှာမှာ မထင်ဟပ်ရလေအောင် အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိလုပ်ရင်း သူငယ်ချင်းအားရှိစေရန် ချိုမြိန်လှိုက်လှဲစွာ ပြုံးပြလိုက်၏။ စမ်းသပ်တွေ့ရသလောက်ကတော့ သူငယ်ချင်းမှာ အနာကြီးရောဂါဖြစ်စပြုနေပြီ။ ဒါပေမယ့် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဖြစ်နေသည့်အတွက် သူတွေ့ရှိသည့်အမှန်တရားကို အရင်းအတိုင်းသူ့ပါးစပ်မှ ဘယ်လိုလုပ်၍မှ မပြောရက်တော့။ ပြောမထွက်တော့။ မြွေမသေဒုတ်မကျိုး အဓိပ္ပါယ်ရသည့် စကားများကိုသာ ဆုတ်သာတက်သာဖြစ်အောင် စီကာစဉ်ကာ နားဝင်အောင် ပြောပြတော့သည်။

``ခုငါစမ်းကြည့်လို့ တွေ့သလောက်တော့ အနာကြီးရောဂါရယ်လို့ သေချာပေါက် ယတိပြတ်ပြောလို့ မရသေးပါဘူးကွာ၊ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဟုတ်ချင်လည်း ဟုတ်မယ်ပေါ့၊ အကောင်းဆုံးကတော့ အနာကြီးရောဂါ ပြင်ပလူနာဌာနမှာသွားပြပါ၊ မနက်ဖြန်မှမနက်ပိုင်း ကျောင်းဖျက်ပြီး ငါကိုယ်တိုင်လိုက်ပြပေးပါ့မယ်၊ ဒါမှမင်းလည်း သံသယရှင်းသွားတာပေါ့။ ဒါပေမယ့်ကွာ သိပ်လည်းစိတ်ပူမနေပါနဲ့၊ တကယ်လို့ ဟုတ်ခဲ့သည်ရှိတောင်မှ ခုလိုရောဂါဖြစ်ခါစ အခြေအနေမျိုးနဲ့ဆိုရင် သိပ်ကြာအောင် ဆေးမစားရဘဲနဲ့ ကင်းကင်းရှင်းရှင်း ပျောက်သွားနိုင်ပါတယ်``

သူငယ်ချင်း၏ရင်ထဲမှာတော့ ဘယ်နှယ့်ရှိမည်မသိ၊ ဆီးရွက်လောက် မျက်နှာငယ်ငယ်လေးကတော့ ခုနတုန်းကလိုပင် ရှိမြဲရှိနေဆဲဖြစ်သည်။ သဘာဝတော့ ကျပါတယ်လေ။ သည်လိုရောဂါမျိုး ၊သည်လို အနေအထားမျိုးမှာဆိုရင် ဘယ်သူမဆို သူသူကိုယ်ကိုယ် ၀မ်းနည်းအားငယ်မိကြမည်မှာ ဓမ္မတာပင်မဟုတ်ပါလား။ ဘယ်လိုဒုက္ခမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုရောဂါမျိုးပဲဖြစ်ဖြစ် ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ တွေ့ကြုံရတာ မဟုတ်သေးသရွေ့တော့ ဘေးကနေ အားပေးရတာ ဘာမျှအပန်းမကြီး။``ငါ့အမေ သင်္ခါရ``ပုံပြင်ထဲက ဘုန်းကြီးလို အေးအေးလူလူ အားပေးဖျောင်းဖျနိုင်သေးသည်သာဖြစ်သည်။

``ကဲ ..သူငယ်ချင်းရေ၊မင်းလည်း ခရီးဝေးဝေး ကားစီးလာရတော့ ပင်ပန်းနေပြီ၊ ငါခုတင်မှာ ခဏတစ်ဖြုတ် သက်တောင့်သက်သာဖြစ်အောင် နားလိုက်ဦး၊ မင်းနားလို့ဝမှ ရေမိုးချိုး ထမင်းစားပြီး ရုပ်ရှင် ညပွဲသွားကြည့်ကြတာပေါ့။ ၀င်းလိုက်မှာ ခုပြနေတဲ့ အီတလီကား သိပ်ကောင်းတယ်ကွ၊ မင်းကြိုက်တဲ့ စုံထောက်ဇာတ်ကြမ်း ကားမျိုးပဲ´´

မင်းဇော်သည် အခန်းတံခါးကို ညင်ညင်သာသာ စေ့ပိတ်ထားခဲ့သော အခန်းထဲမှ တစ်ယောက်တည်း နှေးကွေးလေးလံစွာ ထွက်လာခဲ့တော့သည်၊ အောင်ဆန်းဆောင်ရှေ့က အုတ်ခုံမှာစက်မသက်မသာနှင့် ထိုင်နေမိရင်းက အခန်းထဲမှာ ကျန်နေခဲ့သော ငယ်သူငယ်ချင်းထံ စိတ်က၀ဲပျံလွင့်ပါးကာ ရောက်ရှိနေမိသည်။

သည်သူငယ်ချင်းသည် မင်းဇော်၏အချစ်ဆုံးသူငယ်ချင်းထဲမှ တစ်ယောက်ဖြစ်သည်။ ဟိုးငယ်စဉ်တောင်ကျေး ခလေးဘ၀ကတည်းက တစ်ယောက်နှင့်တစ်ယောက် လည်ပင်းဖက်ကြီးလာခဲ့ကြသူများလည်းဖြစ်သည်။ ပညာရေးကံဇာတာ ခေလွန်းသောကြောင့် ဆယ်တန်းတွင် လေးခါဝါဆိုပြီးနောက် ကျောင်းပညာကို အပြီးအပိုင် နှုတ်ဆက်လက်ပြကာ ဇာတိချက်ကြွေ ကျောက်ပန်းတောင်းမြေမှာပဲ မိဘလက်ငုတ် စီးပွားရေးလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်နေသူ။

ဟိုတလောဆီမှ သူ့ညာဘက် လက်ဖျံပေါ်မှာ အလိုလိုပေါ်ပေါက်လာသော အဖြူကွက်လေးတစ်ကွက် ကိုစတင်သတိထားမိခဲ့ခြင်းဖြစ်သည်။ အစကတော့ ပွေးလိုလို ၊ ညှင်းလိုလို ယူဆမိပြီး ပေါ့ပေါ့တန်တန်နေခဲ့မိ၏။ နည်းနည်းချင်း မသိမသာ ကြီးကြီးလာလေမှ လက်လှမ်းမှီရာ ပွေးဆေး၊ညှင်းဆေးတွေ လိမ်းကြည့်မိခဲ့သည်ဆိုပဲ။ ဘယ်လိုလုပ်၍မှ မပျောက်သောအခါ နီးစပ်ရာ ဆရာဝန်တစ်ဦးထံ ပြသကြည့်ရပြန်သည်။ ဆရာဝန်ကစမ်းသပ်ကြည့်ပြီးနောက် အနာကြီးရောဂါဟု သင်္ကာမကင်းဖြစ်သောကြောင့် ပိုပြီးတော့လည်း သေချာအောင် ဒါမှမဟုတ် တခြားရောဂါတစ်ခုခု ဖြစ်နေရင်လည်း တစ်လက်စတည်း ကြပ်ကြပ်မတ်မတ် ကုပြီးပျောက်ကင်းသွားအောင် မန္တလေးဆေးရုံသို့ လွှတ်လိုက်ခြင်းဖြစ်သည်။ မင်္ဂလာဆောင်ခါနီး တစ်လလောက်အလိုမှာ အနာကြီးရောဂါလိုလို၊ ဘာလိုလိုဖြစ်ရသည် ဆိုတော့လည်း သူငယ်ချင်းအနေနှင့်လည်း စိတ်ဓာတ်တွေ တမုဟုတ်ချင်း ကျဆင်းရှာမည်ပေါ့လေ။

ခရီးရောက်မစိုက် မင်းဇော်စစ်ဆေးကြည့်လို့ တွေ့ရသလောက်ကလည်း ဟိုဆရာဝန်ထင်သလို ဟုတ်ချင်စရာပင် မဟုတ်လား။ အဖြူကွက်လေးနေရာမှာ ချွေးမထွက်။ မွေးညှင်းနုများမရှိ။ ခြောက်သွေ့လို့နေသည်.။ အနားစများကလည်း တိတိကျကျမရှိ၊ ညီညီညာညာမနေ၊ အသားအရေအရောင်အဆင်းကလည်း ဖြူရော်ရော်။ ပင်အပ်ဖြင့် ထိုးကြည့်၊ ဆွကြည့်သောအခါ တွင်လည်းနာကျင်ပုံမရ။ ထုံနေသည်ယားခြင်းပြုခြင်းလည်းမရှိ။ ရောဂါဆိုတာမျိုးကလည်း ဖြစ်နိုင်ရင် ဘယ်သူ့မှာမှ ဘယ်လိုရောဂါမျိုးမျှမဖြစ်ပွား၊ မကပ်ငြိလေ ကောင်းလေလေဖြစ်သည်။ ခုတော့ကြည့်စမ်းပါဦး။ အိမ်ထောင်ပြုခါနီး သတိုးသားလောင်းကိုမှ ပေါက်ပေါက်ရှာရှာ။ ကြံကြံဖန်ဖန်လုပ်ပြီး အနာကြီးရောဂါ ဆိုတာကြီးလာဖြစ်ရတယ်လို့။ သည်လိုဆိုတော့လည်း ရက်စက်လှချေလား ဘ၀ဇာတ်ဆရာရယ်။

မင်းဇော်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ပင်ပန်းကြီးစွာ မှုတ်ထုပ်ပစ်လိုက်ရင်း အုတ်ခုံမှာစိတ်ပျက်လက်ပျက်ထကာ အခန်းထဲက သူငယ်ချင်းထံသို့ ပြန်လာခဲ့တော့သည်။

(၃)

``ယခုဆက်လက်ပြီး ချီးမြှင့်မယ့် စာပေဆုကတော့ကဗျာဆုဖြစ်ပါတယ်။ ကဗျာပထမဆုကို `၀သုန်ဇော်`က အနာဂတ်အတွက် မွေးဖွားကြစို့ ကဗျာနဲ့ ဆွတ်ခူးသွားပါတယ် ။နောက်ဆုံးနှစ်အပိုင်း(က)အတန်းမှ ကလောင်ရှင် ၀သုန်ဇော် ဆုယူရန် စင်မြင့်ပေါ်သို့ ကြွပါ´´

သိထားနှင့်ပြီးဖြစ်သော်လည်း လူကြားသူကြားထဲမှာ အခမ်းအနားနှင့်ဘာနှင့် ကျကျနန ကြေညာခံလိုက်ရသောအခါမှာ မျက်နှာတွေထူပူရှိန်းဖိန်းကာ အနေရအထိုင်ရ ခက်သွားသည်သာဖြစ်သည်။ မင်းဇော် ရုတ်တရက်တော့ ကြောင်တက်တက်ဖြစ်သွား၏။ နောက်မှ အိပ်မက်မက်ပြီး လမ်းထလျှောက်နေမိသူ တစ်ယောက်လို ခြေလှမ်းတွေ ယိုင်တိယိုင်တိုင် လှမ်းကာစင်မြင့်ပေါ်သို့ ကြိုးစားတက်လိုက်သည်။

ကြက်သွေးရောင် ကတ္တီပါကားလိပ်ပေါ်က ရွှေဖလားရောင်စာလုံးများကလည်း ပြောစမှတ်ပြုရလောက်အောင်တောက်တောက်ပပ ကြွကြွရွရွ။ ဘွဲ့ နှင်းသဘင်ခန်းမကြီးတစ်ခုလုံးထဲရှိ ခပ်သိမ်းကုန်သော လူသားအပေါင်းတို့၏ စိတ်အာရုံသည် မင်းဇော်၏ကိုယ်ပေါ်သို့စုပြုံ၍ကျရောက်သွားတော့သည်။ မင်းဇော်သည် ဆုကို တရိုတသေလှမ်းယူလိုက်ပြီးနောက် ဦးခေါင်းကိုညွှတ်လိုက်ရင်းက ပါမောက္ခချုပ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။ ကင်မရာမင်းများကြောင့် နေ့ခင်းကြောင်တောင် ကြီးထဲမှာ လျှပ်စီးလက်လိုက်သလို အလင်းတန်းတွေ ဖွေးဖွေးလှုပ်သွားတော့သည်။

လေးစားသောအကြည့်၊ အားကျသောအကြည့်၊ ချီးကျူးသောအကြည့်၊ အထင်ကြီးသောအကြည့်၊ မြတ်နိုးသောအကြည့်၊ အားရသောအကြည့် စသည့် မုဒိသာ အကြည့်ပေါင်းများစွာကြောင့် မျက်လွှာကိုချကာ မျက်နှာကိုငုံလျှက် လာရာလမ်းအတိုင်း ကိုယ့်ထိုင်ခုံဆီသို့ မင်းဇော်ပြန်လျှောက်လာခဲ့သည်။

ကြည့်ကျမည်ဆိုလျှင်လည်း ကြည့်ချင်စရာပင်၊ သည်အခမ်းအနားက သာမန်ကျင်းပနေကျ စာပေဆုနှင်းပွဲမှ မဟုတ်ဘဲ မန္တလေးဆေးတက္ကသိုလ်၏ ငွေရတုသဘင် အထိမ်းအမှတ် စာပေဆုနှင်းပွဲ အခမ်းအနားမဟုတ်လား။ ခုလို သမိုင်းဝင် အခမ်းအနားမျိုးမှာ ခုလို ကဗျာဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်သည့်အတွက် မင်းဇော်တစ်ယောက် အပျော်ကြီးပျော်နေမိသည်။ ရင်ထဲက အတိုင်းအဆမရှိ ပျော်နေသလို ဦးနှောက်ကလည်း ငွေရတုသဘင် အထိမ်းအမှတ် နှစ်လည်မဂ္ဂဇင်းထဲမှာ လှလှပပ ဖော်ပြထားသော သူ၏ ဆုရကဗျာလေးကို ပြေးလွှားမြင်ယောင်ကာ သတိရနေမိ၏။

ငွေရတုသက်တမ်း ဆေးမန်းမိခင်

မွေးဖွားသန့်စင်ခဲ့

ဆရာဝန် အရာအထောင်….။

အဲလ်ဘတ်ရွိုက်စာ၊ ချေဂွေဗားရား

ဂျိုဆေရီဇော်၊နော်မန်ဗက်သွန်း

နိုင်ငံတော်အတွက်

အသက်စွန့်သူစွန့်ခဲ့၏………

``အတ္တ´´ဟူသည့်စကား

``သူတို့``ကြားမှ ကြားဖူးပါလေစ…..

ငါ

အခါခါ

ဦးညွတ်မိပါ၏။

သို့ရာတွင်

ငါ့နောင်တော် များစွာ

ဟွန်ဒါ ယဉ်ကျေးမှု့မှာ

ယစ်မူးပျော်မွေ့ခဲ့ကြပြီ။

ငါ့နောင်တော်မ များစွာ

စိန်နားကပ် ရေစီးကြောင်းမှာ

သာယာမိန်းမောခဲ့ကြပြီ။

ငါ….

သိလိုလှပါသည်….။

ငါတို့ကော …

ဘယ်လိုလဲ…..၊

ဘယ်လိုလဲ……….။

မင်းဇော်သည် သူအလွန်အမင်း ကြည်ညိုလေးစားသော ကမ္ဘာကျော်ဆရာဝန် လူတော်လေးဦး၏ အားကျဖွယ်ရာလုပ်ဆောင်ချက်များကို ထုတ်ဖော်ချီူးကျူးရင်း၊ သမားတို့လျှောက်လှမ်းရမည့်လမ်းကို မီးမောင်းထိုးပြရင်း လမ်းမှားပေါ်မှာ ရောက်နေသူများကို လမ်းမှန်ကမ်းမှန်သို့ ရောက်အောင် ကလောင်ဖြင့်တည့်မတ်ကြည့်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ဆရာဝန်ဖြစ်လာသည့်အချိန်မှာ ဘ၀တစ်ခုလုံးကို ပြည်သူတွေ၏ ကျန်းမာရေးစောင့်ရှောက်မှု့ လုပ်ငန်းများတွင် မြှုပ်နှံပြီး ဦးဆွေးဆံမြည့် လုပ်ကိုင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။ အထူးသဖြင့် တော်ရုံတန်ရုံ ဆရာဝန်တစ်ယောက်မလုပ်နိုင်သော လုပ်မျိုး၊ မကျင့်ကြံနိုင်သော ကိုယ်ကျိုးစွန့်မှု့မျိုး၊ မထားနိုင်သောစိတ်ထား မြင့်မြတ်မှု့မျိုးတို့ဖြင့် ထူးထူးခြားခြားလည်းဖြစ်အောင် တီတွင်လုပ်ဆောင်သွားမည်ဖြစ်၏။ မြန်မာသမိုင်းမှာရော၊ ကမ္ဘာသမိုင်းမှာပါ လူသားတို့အတွက် စွမ်းစွမ်းတမံ ကောင်းကျိုးပြုသူတစ်ဦးအဖြစ် နောင်လာနောင်သားများက သူ့အားတသသဖြစ်ကာ သတိတွေရစေချင်သည်။ ကျေးဇူးတွေတင်နေစေချင်သည်။ ဤသည်မှာမင်းဇော်၏ အပြင်းပြဆုံးသောဆန္ဒပင်ဖြစ်သည်။ လူ့ဘ၀မှာ ကံကောင်းထောက်မစွာ ဖြင့် လူတစ်ယောက်ရယ်လို့ ဖြစ်လာခိုက် သူလိုငါလို မွေးဖွားကြီးပြင်းပြီး မထင်မရှား လှုပ်ရှားနေထိုင်ရင်း လူ့လောကကြီးအတွက် ဘာတစ်ခုမှမည်မည်ရရ လုပ်မပေးနိုင်ခဲ့ဘဲ တိမ်းပါးကွယ်လွန်ရမည်ကို မင်းဇော်အကြောက်ဆုံးဖြစ်သည်။ဒါကြောင့်လည်း လူမှန်းသိတတ်စ အရွယ်ကတည်းကသူတကာထက် ထူးချွန်အောင် ၊သူတကာထက်မြင့်မြတ်အောင်။သူတကာထက် တန်ဖိုးရှိအောင် အပတ်တကုတ် ကြိုးစားကျင့်ကြံနေထိုင်ခဲ့သည် မဟုတ်ပါလား။ အထက်တန်းကျောင်းသားဘ၀မှာ လူရည်ချွန်ဆုကို လေးနှစ်ဆက်တိုက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။ ဆယ်တန်းအောင်တော့လည်း ငါးဘာသာဂုဏ်ထူးဖြင့် အမှတ်တွေ ဖောဖောသီသီရကာ ဆေးကျောင်းသို့ မျှော်မှန်းထားခဲ့သည့်အတိုင်း ရောက်ရှိလာခဲ့သည်။ အမှတ်ကောင်းသောကြောင့် နိုင်ငံတော်က ချီးမြှင့်သော စကောလားရှစ် ပညာသင်ဆုကို အလိုအလျောက် ရခဲ့ပြန်သည်မဟုတ်လား။ ပြီးတော့လည်း မင်းဇော်က အခြားအခြားသောပညာရည်ချွန်သူအများစုလို ကျောင်းစာတခုတည်းမှာ ဘ၀တစ်ခုလုံးကို နှစ်မြုပ်ထားသူမျိုးမဟုတ်။ကျောင်းစာလည်း မှန်မှန်ကြိုးစားသည်။ လူမှု့ရေးမှာလည်း တက်တက်ကြွကြွရှိသည်။ အားကစားမှာလည်း ထက်ထက်မြက်မြက်ရှိသည်။ ငယ်ငယ်ကတည်းက ၀ါသနာအရ စာကောင်းပေမွန်များကို ဂရုတစိုက် မျက်ခြည်မပြတ် ဖတ်ရှုလာခဲ့သူတစ်ယောက်မို့ ရှေ့နောက်ဆင်ခြင်တိုင်းထွာတတ်သည်။အမြော်အမြင်ကြီးမားသည်။ ထို့ကြောင့်လည်း ပတ်ဝန်းကျင်နှင့် မင်းဇော်၊ မင်းဇော်နှင့်ပတ်ဝန်းကျင်တို့သည် တကယ့်ကိုသဟဇာတ ဖြစ်နေခြင်းပင်ဖြစ်သည်.။ ရုပ်ရှင်ထဲက စံပြဇာတ်ဆောင်တစ်ယောက်လိုပင် ကောင်းသော၊တော်သော စရိုက်လက္ခကာနှင့်အရည်အချင်းအားလုံးနီးပါးလောက်သည် မင်းဇော်ထံမှာ တိုက်တိုက်ဆိုင်ဆိုင် လာ၍စုစည်နေကြသည်။စာပေဆုနှင်းပွဲ အခမ်းအနားသည် နာရီဝက်အတွင်းမှာပင် ပြီးပြတ်သွားတော့သည်။မင်းဇော်သည် ဆက်လက်ပြုလုပ်သော ဂီတဆည်းဆာကို မရှုစားတော့ဘဲ အောင်ဆန်းဆောင်ဘက်သို့သုတ်ခြေတင်ကာ ပြန်လာခဲ့တော့သည်။ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့မှ အခန်းတံခါးကို ချက်ချကာ စိတ်ချလက်ချ အိပ်ပစ်လိုက်တော့သည်။မနေ့ညက ဆေးရုံတက်သော အရေးပေါ်လူနာ သူငယ်ချင်းတစ်ယောက်ကို တစ်ညလုံး စောင့်ရှောက်ပြုစုရင်း မိုးလင်းခဲ့ရသောကြောင့် မင်းဇော်သည် ခဏကလေးနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
(၄)

ပတ်ဝန်းကျင်သည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်၍နေသည် ။သည်လို ဝေဒနာသည်မျိုးကို သည့်အလျင်ကတည်းက မြင်ဖူးတွေ့ဖူးခဲ့သည် ဖြစ်သော်ငြားလည်း ခုလို တပြုံတခေါင်းကြီး စုဝေးတွေ့မြင်နေရသောအခါတွင်မူ ရင်ထဲမှာ ဘယ်လိုမှမကောင်းနိုင်တော့ ။စောစောက အေလမ်းတလျှောက် ကားစီးလာရင်း ကားပေါ်မှာ အချင်းချင်း ရယ်မော နောက်ပြောင်ရာမှ ကြည်လင်ရွင်ပျလာသော ဦးခေါင်းသည်ပင်လျှင် နည်းနည်းနောက်တောက်တောက် ဖြစ်လာသည်။

ကားပေါ်မှ ဆင်းလာကြသော မင်းဇော်တို့ နောက်ဆုံးနှစ်အပိုင်း(က) ကျောင်းသူကျောင်းသားများသည် ဆေးရုံသို့ ပင်ပန်းလေးလံစွာ စူးစမ်းလျှောက် လျှောက်လာကြသည်။ အနာကြီး ရောဂါကုဆေးရုံထဲက အပယ်ခံလူသားများသည် သားသားနားနား လှလှပပရှိနေကြသော ဆရာဝန်လောင်းလျာများကို ရင်သပ်ရှုမော ငေးကြောင်ကြောင် ကြည့်နေကြ၏။ လူ့အဖွဲ့အစည်းက ဆေးဖော်ကြောဖက်ပင် လုပ်ဖော်မရသည့်သူတို့လို ဝေဒနာသည်များ၊ဒုက္ခိတများထံ ကားဖြူဖြူ လှလှကြီးစီးကာ ခုလို တကူးတကရောက်လာကြခြင်းအတွက်လည်း သူတို့ခမျာ ကျေးဇူးတွေ အကြီးအကျယ်တင်နေမိသည်မှာ အမှန်ပင်။

ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာနက ကြီးကြပ်သူ ဆရာဦးစိုးနောင်သည် မင်းဇော်တို့ လူသိုက်ကို အခန်းတစ်ခုထဲသို့ဦးဆောင်ကာ ခေါ်ဆောင်သွားသည်။ အခန်းထဲတွင် ဟောင်းနွမ်းသော်လည်း စနစ်တကျ စီစီရီရီ ချထားသော ခုံတန်းရှည်အတော်တော်များများ ရှိနေသည်။ အနက်ရောင်သုတ်ဆေးများ လွင့်ပါးပျက်ပြယ်စပြုနေသော ကျောက်သင်ပုန်းတစ်ချပ်သည် အခန်းထိပ် နံရံပေါ်တွင် နောက်ကျောကို မှီထား၏။

ဆရာက မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သောကြောင့် ကျောင်းသူကျောင်းသားများသည် ထိုင်ခုံအသီးသီးမှာ မထိုင်ချင့်ထိုင်ချင် ထိုင်လိုက်ကြသည်.။ မင်းဇော်သည် ထိုအဖြစ်ကို သတိထားမြင်တွေ့လိုက်သောကြောင့် ကိုယ့်အတန်းသူအတန်းသားများ အပေါ်အားမလိုအားမရ ဖြစ်သွားရသည်။ အတန်အသင့် ညစ်ပေစုတ်ချာသော ထိုင်ခုံ၏ သစ်သားမျက်နှာပြင်ဝယ် အကွက်အစက်များစွာတို့ဖြင့်စွန်းထင်းပေကျံနေသော်လည်း မင်းဇော်၏စိတ်ကတော့ ဘယ်လိုမှမနေသာပေ။ ဂျင်းဘောင်းဘီ သစ်သစ်လွင်လွင်ဖြင့် ပိုင်ပိုင်နိုင်နိုင် ထိုင်ချလိုက်ရင်း ရှေ့ဆီသို့သာ အာရုံကို စုစည်းပို့လွှတ်ထားလိုက်သည်။

ဆရာဦးစိုးနောင်သည် ကျောင်းသူကျောင်းသားများကို အနာကြီးရောဂါဆေးရုံမှ တာဝန်ခံဆရာဝန်နှင့် စတင်၍မိတ်ဆက်ပေးလိုက်သည်။ ညိုမောင်းသော အသားအရေ၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တည်ဆောက်မှု၊ပါးလျပိရိသောနှုတ်ခမ်း၊စူးရှထက်မြက်သောမျက်လုံးများ စသည်တို့ဖြင့် သူလိုငါလို မထူးခြားစွာ ဖွဲ့စည်းဖြစ်တည်နေသော တာဝန်ခံဆရာဝန် ဆိုသူကို မင်းဇော်တို့အားလုံးလိုလိုသည် ထူးခြားအံ့သြစွာ ငေးမောကြည့်လိုက်မိကြ၏။ ခံ့ညားကြီးမားသော ဆေးရုံကြီးများမှာ သပ်ရပ်သားနားသော ဆရာဝန်များစွာကိုသာ ရုပ်ရှင်ထဲမှာ အပြင်လောကမှာ တွေ့မြင်ခဲ့ဖူးကြသူများပီပီ ဆရာဝန်လောင်းလျာများ၏ စိတ်ထဲမျက်စိထဲဝယ် အနာကြီးရောဂါကုဆေးရုံက ဆရာဝန်တစ်ယောက်အနေနှင့် ကိုယ်တတ်ထားသည့် ဆေးပညာဖြင့် ကုစရာ လူနာတွေသည်လောက် ပေါများနေပါလျက် သည်လိုလူနာတွေရှိသည့် သည်ဆေးရုံမျိုးကိုမှ တမင်တကာ ရွေးချယ်ဝင်ရောက်ပြီး ဘာလို့များအမှု့ထမ်းရပါလိမ့်။ စတန့်ထွင်တာတော့ မဟုတ်နိုင်။သည်လိုသိပ်မွန်မြတ်တဲ့အလုပ်ဟုလူတွေ တဖွဖွပြောပြောပြီး မသိမသာရော သိသိသာသာပါ လက်ရှောင်နောက်တွန့်တတ်ကြသည့် အလုပ်မျိုးက စတန့်ထွင်သူတွေ မပြောနှင့်တော်ရုံတန်ရုံ ပရဟိတစိတ်ရှိသူတွေပင် စိတ်ကူးရဲသော အလုပ်မှမဟုတ်ဘဲ။ ၀တ္တုထဲက ဇာတ်လိုက်နှင့်ရုပ်ရှင်ထဲကမင်းသားတွေလောက်သာဆရာဝန်သရုပ်ဆောင်အဖြစ်လှုပ်ရှား လုပ်ဆောင်ပြစဉ်မှာ သဏာန်လုပ် သရုပ်ဆောင်နိုင်သည့် အတွက်မျိုးမဟုတ်လား။ တာဝန်ခံ ဆရာဝန်သည် သူလုပ်ကိုင်နေကျ အလုပ်၊ထိတွေ့ ကျင်လည်နေရသော အကြောင်းအရာတို့ကို ရှင်းလင်းပြောဆိုနေရ၍လား မသိ။စကားပြောကောင်းသည် မဟုတ်ပါပဲလျက် စကားကောင်းများကို ခံစားထိရှစွာ စိတ်ပါလက်ပါ ပြောဆိုရှင်းလင်းပြနေသည်မှာ ဇာတ်လမ်းကောင်းတစ်ခုကို နားဆင်နေရသည့်နှယ် ကြည်နူးတိမ်းညွတ်ဖွယ် ကောင်းလှပေသည်။ အနာကြီးရောဂါကို ဖြစ်စေသော ပိုး၊ကူးစက်နိုင်သည့် နည်းလမ်း၊ရောဂါဖြစ်ပွားပုံ ဖြစ်ပွားနည်း၊ လူနာအမျိုးအစား၊ ရောဂါကိုကုသပုံ၊ ဆေးမှန်မှန်မစားမှူပြသနာ၊ လူထုကြားက အယူအဆမှားများ၊ ဆေးရုံပေါ်ပေါက်လာပုံ၊ကုသပုံ ကုသနည်း၊လုပ်ပေးနိုင်သမျှများ၊ကျန်းမာရေးဝန်ထမ်းရှားပါးမှု့ကိစ္စ၊အနာကြီးရောဂါ ကာကွယ်ဆေး ပေါ်ပေါက်လာရန် အလားအလာ ရှိနေပြီဆိုသော သတင်း၊လူ့အဖွဲ့အစည်းက ထားရှိအပ်သော အပြုသဘောဆောင်သည့် စိတ်ထားများ။

နားထောင်ရင်း နားထောင်ခိုက်မှာ မင်းဇော်၏ စိတ်သန္တာန်ဝယ် တာဝန်ခံဆရာဝန်ကို တကယ့်လက်တွေ့ လောကထဲက ဆရာဝန်တစ်ယောက်မျိုးမဟုတ်ဘဲ ရုပ်ရှင်ထဲက ဇာတ်လိုက်ဆရာဝန် တစ်ယောက်လို ထင်မြင်လာမိတော့သည်။ အနစ်နာခံခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း အစရှိသော လုပ်ရပ်များ၊အဖြစ်သနစ်များသည် သူကျင်လည်နေထိုင်ရာ လူ့ဘောင်လောကထဲမှာ ရှားပါးသော်လည်း ရှိနေသေးသည်ကိုတအံ့တသြ တွေ့ရသောကြောင့် သူ့ရင်မှာပျော်ရွင်ခြင်းများဖြင့် လှိုက်လှဲလှုပ်ခုန်၍ နေတော့သည်။အတ္တဥခွံ ကျဉ်းကျဉ်းလေးကို အိမ်လုပ်ကာတံခါးပိတ်နေထိုင်ကြရင်း လူ့ဘ၀၏တန်ဖိုးရှိလှသော ရွှေအချိန်ကာလများကို ကုန်ဆုံးပစ်နေကြသည့် သမာရိုးကျ လူသားမြောက်များစွာတို့ကြားမှာ လူလူချင်း လေးစားကြည်ညိုလေးစားလောက်အောင် ပရဟိတစိတ်ဓာတ် ကြီးမားသူကို ရှားရှားပါးပါး ဆုံစည်း ကြုံကြိုက်မိပြန်သောအခါ လူဖြစ်လာရခြင်းအတွက် မင်းဇော်တစ်တစ်ယောက် အကြီးအကျယ် ဂုဏ်ယူနေမိ၏။

တာဝန်ခံဆရာဝန်က အနာကြီးရောဂါ လက္ခဏာသွင်ပြင်များနှင့် ပတ်သက်၍ ဆရာဝန်လောင်းလျာများ ကွဲပြားထင်ရှားစွာ တွေ့မြင်သိမြင် နားလည်ရအောင် လူနာတွေခေါ်ကာ ရှင်းလင်းပြသသော အခါမှာတော့ မင်းဇော်တို့အုပ်စု ဘယ်လိုမှ မတုန်လှုပ်ဘဲ မနေနိုင်တော့။ ဆရာဝန်က လူနာကို ကြည့်ဖို့ ပြနေသော်လည်း သူတို့တစ်တွေ ကမူ လူနာထက် ဆရာကို ပို၍စိတ်ဝင်စားစွာ ကြည့်နေမိတော့သည်။လူနာ၏ပခုံးကို ကြည်နာစွာ ပွေ့ဖက်၍ လက်များ၊ခြေများကို ယုယစွာ ကိုင်တွယ်၍ ဖက်လှဲတကင်း ရင်းနှီးချစ်ကြည်သော အပြုအမူအပြောအဆိုများကို ထမင်းစားရေသောက်သလို လုပ်ပြကိုင်ပြနေသည်မို့ အဘယ်မှာမတုန်လှုပ် မချောက်ချားဘဲ နေနိုင်ပါအံ့နည်း။ လူနာက တစ်ယောက်လည်းမဟုတ်၊နှစ်ယောက်လည်းမဟုတ်၊တစ်ယောက်ပြီးတစ်ယောက် အယောက်များစွာ မဟုတ်လား၊ပြီးတော့ ဆေးရုံတက်ပြီး ကုသမှု ခံယူနေသူများမို့ ရောဂါရင့်နေသူများချည်းသာဖြစ်သည်။ ပုံပျက်ပန်းပျက် နှာခေါင်း၊နီရဲထွတ်ပွနေသော မျက်နှာ၊ကြမ်းတမ်း ခြောက်သယောင်းသော အသားအရေ၊ အတိုအရှည် မညီညာသော ခြေချောင်း လက်ချောင်းများ၊မရေတွက်နိုင်လောက်သည့် အဖြူကွက် ဘုစုခရုများ၊နှာခေါင်းသံပါသည့် စကားပြောသံ၊ပျက်နေသည့် မျက်စိများ၊ရွဲ့စောင်းနေသည့် မျက်နှာခင်း။ ဆေးကျောင်းသားတစ်ယောက်ဖြစ်သော်လည်း ခုလိုမျိုး သက်ရှိအနိဋ္ဌာရုံတွေကို တစ်ပြုံတစ်ခေါင်းကြီး ခပ်ကြာကြာ စုဝေးတွေ့မြင်ရသည်နှင့်အမျှ မင်းဇော်တစ်ယောက်ပင် ပျို့ချင်အန်ချင်သလို၊အဖျားတက်ချင်သလို ဖြစ်လာရတော့၏။ရှေ့နားက ကျောင်းသူမလေးတချို့လည်း လက်ကိုင်ပ၀ါကို မသိမသာထုတ်ကာ၊နှပ်ညှစ်သလိုလို ဘာလိုလို လုပ်နေပါလား။ တစ်ယောက်စ နှစ်ယောက်စကတော့ ပေါင်ပေါ်တင်ထားသော စာအုပ်ကို ငုံ့ဖတ်နေသလိုလိုလုပ်ကာ မျက်နှာကို အောက်သို့လွှဲထားလျက်။နောက်ခုံတန်းများမှ ကျောင်းသားအများစုသည် လူနာများနှင့် ဆရာဝန်ကို ကြာရှည် စိတ်မ၀င်စားနိုင်တော့ဘဲ ရှေ့နားက ကျောင်းသူများ၏ ဖြူဆွတ် ၀င်းမွတ်သော နုဖတ်သည့် လည်ကုပ်သားများဆီင်္သို့ အကြည့်ကို ပြောင်းရွှေ့လိုက်ကြ၏။

မင်းဇော်တို့လူသိုက် ကားပေါ်မှ ဆင်းလာခါစက အားငယ်ညှိးရော်သော မျက်နှာများဖြင့် တိတ်ဆိတ်စိတ်ပျက်နေပုံရသော လူနာများသည် ယခုတော့လည်း သူတို့ဆရာသမား၏ ပြောဆို ပြုမူ ပြသနေမှုများ အောက်ဝယ် ပျော်မွေ့ကြည်နူးနေကာ သူတို့ကိုယ်သူတို့ ရောဂါသည်များပါလား ဆိုသည်ကို မေ့ပျောက်နေကြသယောင်ပင်။ တာဝန်ခံဆရာဝန်သည် လက်ပတ်နာရီကိုမြှောက်၍ ကြည့်လိုက်၏။ သူ့လူနာများကို အခန်းထဲမှ ဖယ်ရှားခေါ်ဆောင်သွားပြီးနောက်အခန်းထဲသို့ တစ်ခဏအတွင်း ပြန်လည်ရောက်ရှိလာခဲ့သည်။

``ကဲ….အချိန်လည်း တော်တော်လင့်သွားပြီ၊ မင်းတို့လည်း ထမင်းဆာနေကြရော့ပေါ့၊ မပြန်ခင်မှာ မင်းတို့တစ်တွေကို ဆရာအနူးအညွှန့် မေတ္တာရပ်ခံချင်တာကတော့ မင်းတို့ဆရာဝန်ဖြစ်လာတဲ့ တစ်နေ့မှာ မင်းတို့အထဲက အခြေအနေလည်းပေးမယ်၊ ၀ါသနာလည်းပါမယ်ဆိုရင် ဆရာတို့ဆေးရုံမှာ လာပြီး အမှု့ထမ်းလုပ်ကိုင်ကြဖို့ ပါပဲကွာ၊ အလုပ်ကတော်တော် မွန်မြတ်လွန်အားကြီးပေမယ့် တကယ့်တကယ် လက်တွေ့ ၀င်လုပ်ဖို့ကျတော့ စိတ်ပါတဲ့သူမရှိသလောက်ပဲ၊ သူတို့ တွေကိုတော့ ဆရာအပြစ်မတင်လိုပါဘူးလေ၊ ဒါပေမယ့် အဲလိုဝင်လုပ်မဲ့ဆရာဝန်တွေ တနေ့တခြားနည်းလာတာကြောင့် ခုလိုမျိုးဆေးရုံတွေမှာ အလုပ်လုပ်နေကြတဲ့ဆရာဝန်တွေ အဖို့ လူနဲ့အလုပ်နဲ့က အလွန်အမင်းကို မမျှမတဖြစ်လာတယ်။အဲဒါကြောင့်မင်းတို့တွေထဲက ထွက်ပေါ်လာမယ့် သူရဲကောင်းတွေကို ဆရာမျှော်လင့်ပါရစေနော့၊ ကဲ…မင်းတို့အားလုံး ပြန်နိုင်ကြပါပြီ၊မပြန်ခင်မှာ မင်းတို့စိတ်ထဲ မရှင်းတာ၊မသိတာ သိချင်တာတွေ ရှိရင်မေးနိုင်ပါတယ်၊ဘယ်သူမေးချင်သေးလဲ´´
မင်းဇော်သည် ထိုင်ခုံမှ အလိုလို ထရပ်လိုက်မိသည်။

``ဆရာ ကျွန်တော် တစ်ခုမေးပါရစေ၊ စပ်စုရာများ ကျနေမလား မသိဘူး၊ဆရာရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ လုပ်ငန်းပိုင်း ကိစ္စလေးတစ်ခုလောက် သိချင်လို့ပါ´´

``မေးပါ တပည့်ရာ၊ ဆရာ မကွယ်မ၀ှက် ဖြေပါ့မယ်´´

``အ၀ှာပါဆရာ၊ဟို …ဆရာ ..ဆရာ ဒီဆေးရုံမှာ အလုပ်ဝင်လုပ်နေတာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲလို့ သိချင်လို့ပါဆရာ´´

``အင်း…သိပ်မကြာသေးပါဘူးကွာ၊အနှစ်နှစ်ဆယ်လောက်ပဲ ရှိပါသေးတယ် ၊နေပါဦး တပည့်ရ၊ မင်းကိုဆရာ ပြန်မေးရဦးမယ်၊ မင်းက ဘာလို့ အဲဒါကို သိချင်ရတာတုန်း´´

``ဟို ….ဟို….ဒီလိုပါ ဆရာ၊ စိတ်မရှိနဲ့နော် ဆရာ၊ဆရာရဲ့ လက်ချောင်းကလေးတွေ တချို့တလေ တိုနေတာ ကျွန်တော် သတိထား´´

``သြော်…ဒါလား ၊အေးလေ ကွာ ၊ဆရာလည်း အနှစ်နှစ်ဆယ်လောက် ဒီလိုလူတွေနဲ့ လက်ပွန်းတတီး နေလာခဲ့တော့ ဒီရောဂါ ဖြစ်လာတာပေါ့ကွာ၊ အစတုန်းကတော့ ဆေးတွေ ဘာတွေသောက်သေးတာပေါ့ကွာ ၊နောက်တော့လည်း သောက်တဲ့ဆေးရဲ့ ပမာဏထက် ထိတွေ့ ကိုင်တွယ်နေရတဲ့ လူနာအရေအတွက် နဲ့ ရောဂါပမာဏက သိပ်မမျှမတ ဖြစ်သွားတော့ ဒီလို ဖြစ်လာတော့တာပေါ့၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်မှတော့ နစ်နာဆုံးရှုံးမှုဆိုတာ အထိုက်အလျှောက် တော့ ရှိကောင်းရှိနိုင်တာပေါ့ကွာ၊ အများအကျိုးအတွက် အသက်သွေးတွေတောင် အမှု့မထားဘဲ စွန့်လွှတ်ခဲ့ကြတဲ့သူတွေနဲ့ နှိုင်းစာလိုက်ရင် ဆရာစွန့်လွှတ်မှု့ဟာ အသေးအဖွဲပါ တပည့်ရာ´´
မင်းဇော် သည် သူ့ကိုယ်သူ အရုပ်ကြိုးပြတ် လဲကျ မသွားရလေအောင် အတော်ကြီး ကြိုးစား၍ ထိန်းသိမ်းလိုက်ရတော့၏။

( ၅ )

အေ လမ်ဘေး ၀ဲယာ တစ်ဖက်တစ်ချက်ဆီမှ သက်ရှိသက်မဲ့ အရာအားလုံးသည် ကားနောက်မှာ ရိပ်ခနဲ ရိပ်ခနဲ အဆက်မပြတ် နောက်ကျကျန်ရစ်ခဲ့ကြသည်။ မင်းဇော်သည် လက်ဝဲဘက်သို့ အမှတ်မထင် ငေးမောကြည့်လိုက်မိ၏။ သပ်သပ်ရပ်ရပ် ဆောက်လုပ်ထားသော အုတ်ဂူဖြူဖြူ လှလှများတွင် စနစ်တကျ စိုက်ထူထားသော လက်ဝါးကပ်တိုင်များဖြင့် ပြည့်နှက်ပြွတ်သိပ်နေသည့် ခရစ်ယာန်သုဿန်သည် လွမ်းမော ဆွတ်ပျံ့ ဖွယ် တည်ရှိ၍ နေလေသည်။သည်သုဿန်မှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြမည့် ခရစ်ယာန်ဘာသာဝင်များသည် တူညီသော သေခြင်းတရားကို ဖက်တွယ်ကာ ထာဝရ အိပ်စက်လဲလျောင်း၍ နေပေတော့မည်။

သည်လူတွေထဲက အချို့သည် သက်ရှိထင်ရှားရှိနေခိုက်မှာ အများအကျိုးကို သယ်ပိုးကောင်း သယ်ပိုးခဲ့ကြပေမည်။ တချို့လည်း ကိုယ်ကျိုးရှေ့တန်း တင်ကောင်း တင်ခဲ့ကြပေမည်။ တချို့ ကလည်းသူကျိုးကိုယ်ကျိုး နှစ်ဖြာစလုံးကို မျှတစွာ လုပ်ဆောင်ခဲကြပေမည်။ တချို့ များစွာ က တော့ သူလိုငါလိုဘာသိဘာသာ နေခဲ့ကြပေမည့်။ အလာတုန်းကလိုမဟုတ်ဘဲ တစ်ကားလုံး ထူခြားစွာ တိတ်ဆိတ် ငြိမ်သက်၍ နေလေသည်။

ကျောင်းသူကျောင်းသား အားလုံးသည် အတွေးကိုယ်စီဖြင့် တုဏှိဘာဝေ လုပ်နေကြ၏။ မင်းဇော်၏အတွေး ကွန်ချာမှာတော့ အနာကြီးရောဂါ ကု ဆေးရုံက ဆရာဝန်က လုံးလုံးလျားလျား နေရာယူထားတော့သည်။ မင်းဇော်သည် သူ၏ စိတ်ထဲမှာပင် စောစောက တွေ့ခဲ့ရသည့်ဆရာဝန်နှင့် သူ၏ဆုရ ကဗျာထဲက အဲဘတ်ရွိုက်ဇာ ၊ချေဂွေဗားရား၊ဂျိုဆေရီဇော်၊နော်မန်ဗက်သွန်း အစရှိသော ကမ္ဘာကျော်ဆရာဝန် လူစွမ်းကောင်းများ တို့ကို နှိုင်းယှဉ် ကြည့်မြင်နေမိ၏။ လူသားများအတွက် အနစ်နာခံတာချင်း၊ကိုယ်ကျိုးစွန့်လွှတ်တာချင်း၊အများအကျိုး သယ်ပိုးကြတာချင်းအတူတူ ဟိုဆရာဝန်တွေက နာမည်ကျော် လူသိများပြီး လူတကာက အားကျ ဂုဏ်ယူခြင်းခံနေရပါလျက် သူ့ဆရာဝန်က မထင်မရှား အညတရ တစ်ယောက်ဖြစ်နေသည့်အတွက် အထူးပင် အားမလို အားမရ ဖြစ်နေမိတော့သည်။

သတ္တိကြောင်သည်ဟု ဆိုဆို၊အတ္တတွေ လိမ်းကျံနေဆဲရှိသေးသည်ဟု သမုတ်သမုတ်၊မင်းဇော်အနေနှင့်ကတော့ ပရဟိတ စိတ်ဓာတ် တော်တော်တန်တန် ရှိသည်ဖြစ်သော်ငြားလည်း သူ့ဆရာဝန်လို လူမသိသူမသိ ခုလိုမျိုး ကိုယ့်ကျိုးစွန့် နေဖို့ ၊ အနစ်နာခံနေဖို့၊အများအကျိုး သယ်ပိုးနေဖို့ မ၀ံ့စားရဲသေးသည်ကတော့ အမှန်ပင် ဖြစ်သည်။ထိုဆရာဝန်ကို မင်းဇော်စိတ်ထဲက လေးစား ကြည်ညိုစွာ ချီးကျူးဂုဏ်ပြုနေမိသည် ဖြစ် သော်လည်း သူ့လိုမျိုး အကြွင်းမဲ့ ပရဟိတစိတ်ဓာတ်ထားဖို့ကိုမူ မင်းဇော်တစ်ယောက် အကြောက်ကြီး ကြောက်နေမိတော့သည်။သြော်….တကယ်တကယ်ကျတော့လည်း လူဆိုသည်မှာ လူပီသစွာပင် ကိုယ့်ကိုကိုယ် အနည်းနှင့်အများ ကုတ်ကပ်ကြံဖန်ကာ ချစ်နေတတ်ကြသည်သာပင်။

လူမျိုးနော်

(၁၉၈၄၊စက်တင်ဘာလ၊ရှု့မ၀မဂ္ဂဇင်း)

ဆက်ဖတ်ရန်...

Sunday, November 25, 2007

မွေးနေ့မှာပျော်ရွှင်ပါစေ

ဒီနေ့ကတော့ ကျမချစ်သူငယ်ချင်းလေး နှင်းနုရဲ့၁၈နှစ်မြောက်မွေးနေ့ပါ။ ဒီတော့ အားလုံးလည်း ကျမနဲ့အတူ ၀င်္ကပါထဲကကောင်မလေးကို ဆုတောင်းပေးကြရအောင်နော်။

Happy Birthday ပါနှင်းနုရေ။ နှင်းနုဘ၀မှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ အမြဲထပ်တူကျပါစေနော်။ (၁၈နှစ်ပြည့်ပြီဆိုတော့ လူကြီးဖြစ်ပြီနော် နှင်းနု...)

ဆက်ဖတ်ရန်...

Thursday, November 22, 2007

ဖတ်မိသမျှ

ဒီနေ့ ကျမဆီကို forward mail ကနေရောက်လာတဲ့ စာအကြောင်းလေး ပြောပြချင်ပါတယ်။ နာမည်လေးက အချစ်နဲ့ သူ့ရဲ့အကျင့်တဲ့။ စိတ်ဝင်စားဖို့ကောင်းတာကြောင့် အားလုံးကို ဝေမျှချင်တာပါ။ ဖတ်ပြီးတဲ့လူများ ရှိရင်လည်း သည်းခံပါလို့ ကြိုပြီး တောင်းပန်ပါတယ်နော်။


တခါတုန်းက မျက်မမြင်ကောင်မလေးတစ်ယောက် ရှိတယ်…။ သူမကမွေးကတည်းက မျက်စိမမြင်တာဆိုတော့ မျက်စိမြင်နိုင်တဲ့ လူအားလုံးကို မကောင်းမြင်တဲ့စိတ်နဲ့ မုန်းတီးနေတာပေါ့…။ သူမကိုယ်တိုင်ကိုလည်း မျက်စိမမြင်ရကောင်းလားဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ မုန်းတီးနေပြန်တယ်…။ အဲ… ဒါပေမယ့် ဟောဒီလောကကြီးတစ်ခုလုံးမှာ သူမလုံးဝမမုန်းနိုင်တဲ့ လူသားတစ်ယောက်ရှိသတဲ့…။ အဲဒီ့လူသားကတော့ သူမရဲ့ချစ်သူကောင်လေးပါပဲ…။ အဲဒီ့ကောင်လေးက သူမကို အရမ်းချစ်ပြီး အမြဲတမ်းသူမနဲ့အတူ မခွဲဘဲနေတတ်ပါတယ်…။ သူမကလည်း အကယ်၍သာ သူမ အမြင်အာရုံသာ ပြန်ရခဲ့ရင် ကောင်လေးကို လက်ထပ်မယ်လို့ ပြောခဲ့ပါတယ်…။

တနေ့တော့ လူတစ်ယောက်က သူမအတွက် မျက်လုံးတစ်စုံကို လှူခဲ့တယ်လေ…။ ဒီတော့ သူမက အရာအားလုံးကို မြင်နိုင်သွားတာပေါ့…။ ဒီတော့ ကောင်လေးက “အခုမင်းမှာ အမြင်အာရုံလည်း ပြန်ရပြီး အားလုံးကို မြင်နိုင်ပြီ။ ငါ့ကိုလက်ထပ်ပါတော့လား”လို့ မေးလိုက်တယ်…။ ဒါပေမယ့် ကောင်လေးကိုလည်း မြင်ရော ကောင်မလေးက ပြီး ကောင်လေးကို “လက်မထပ်နိုင်ဘူး”လို့ ငြင်းလိုက်တယ်…။ ဘာဖြစ်လို့လဲဆိုတော့ ကောင်လေးကလည်း သူမလိုပဲ မျက်မမြင်တစ်ယောက် ဖြစ်နေလို့ပါပဲ…။

ကောင်လေးလည်း မျက်ရည်တွေကျပြီး သူမအနားက ထွက်သွားတာပေါ့…။ သိပ်မကြာခင်မှာပဲ သူမဆီကို စာတစ်စောင်ရေးလာတယ်…။ အဲဒီ့စာမှာ ဘာရေးထားလဲ ဆိုတော့… “ ကျေးဇူးပြုပြီး ငါ့မျက်လုံးတွေကို ဂရုစိုက်ပေးပါ” တဲ့…။

အခြေအနေပြောင်းလဲတာနဲ့ လူတွေရဲ့စိတ်သဘောထားတွေပါ လိုက်ပြီး ဘယ်လိုပြောင်းတယ်ဆိုတာကို မြင်သာအောင် ဖော်ပြပေးထားတာပါ။ အရင်တုန်းက ကိုယ့်ရဲ့အခြေအနေ ဘယ်လိုရှိတယ်။ ဘယ်သူက ကိုယ့်ဘေးနားမှာ အားပေးခဲ့တဲ့ဆိုတာကို အနည်းငယ်လောက်သာ သတိရနေတတ်ပါတယ်။

***

ဒါကတော့ ကျမဖတ်ရတဲ့ ပုံပြင်လေးတစ်ပုဒ်ပါပဲ။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျမလည်း လူတွေရဲ့စိတ်ကို နားလည်ချင်မိပါတယ်။ လူတွေရဲ့စိတ်က ဘာလို့တသတ်မတ်တည်း ရှိမနေရတာလဲ ဆိုတာကို သိချင်မိပါတယ်။ လူ့စိတ်ရဲ့ဆန်းကြယ်ပုံပေါ့လေ။

လူတွေရဲ့စိတ်ထားက ဆန်းကြယ်လှပါတယ်။ တချိန်တည်းမှာကို အမျိုးမျိုးပြောင်းလဲနိုင်တာလည်း လူ့စိတ်ပါပဲ။ လူတစ်ယောက်ကို တခဏအတွင်း ချစ်နိုင်သလို တခဏအတွင်းလည်း မုန်းနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံးထက်ကို မြန်ပါတယ်။ စိတ်ရဲ့စွမ်းအင်ကလည်း ကြီးမားတတ်ပါသေးတယ်။ ဒါကြောင့် လူနာတွေကို စိတ်ဓါတ်မကျအောင် ထားပေးတတ်ဖို့က အရေးကြီးပါတယ်။ ကုသလို့မရတဲ့ ဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်မှာ စိတ်ကသာ အရေးကြီးဆုံးပါ။ စိတ်ဆောင်နေသရွေ့တော့ လူကလည်း ရောဂါကိုတောင့်ခံနိုင်ပြီး စိတ်လျှော့လိုက်ပြီဆိုတာနဲ့ ရောဂါကသူ့ကို အနိုင်ယူသွားတတ်ပါတယ်။

လူဆိုတာက သတ္တ၀ါအားလုံးထက်ကို ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ပါတယ်။ စဉ်းစားဆင်ခြင်နိုင်မှုလည်း ပိုကောင်းပါတယ်။ ဒါကြောင့် အခြေအနေပြောင်းလဲတာနဲ့ စိတ်ပါပြောင်းလဲတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ စိတ်ဆိုတာက အမျိုးမျိုးပြောင်းလဲတတ်ပါတယ်။ ဖောက်လည်းဖောက်ပြန်တတ်ပါတယ်။ ဒါပေမယ့် စိတ်ကိုထိန်းချုပ်ဖို့ လူတိုင်းမှာအသိဥာဏ်ဆိုတာ ပါလာပြီးသားပါ။ ထိန်းချုပ်သင့်လား မထိန်းချုပ်သင့်ဘူးလား ဆိုတဲ့ကိစ္စကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့နော်။

ဒီမှာ ထိန်းချုပ်ရမယ့်အကြောင်းလေး နည်းနည်းပြောချင်ပါတယ်။ ကျမကတော့ လူတိုင်းမှာ ကိုယ်ကျင့်သိက္ခာက အရေးအကြီးဆုံးလို့ ယူဆမိပါတယ်။ လူမှန်ရင်တော့ ခံစားချက်ဆိုတာ ရှိကြမှာပါ။ ဒါပေမယ့် အရာရာတိုင်းကို ဒီခံစားချက်အတိုင်း လိုက်လုပ်နေဖို့တော့ မလိုပါဘူး။ ဒီလိုအရာတွေ ဆုံးဖြတ်နိုင်ဖို့အတွက် လူတွေမှာ ဦးနှောက်ထည့်ပေးထားတာပါ။ ကျမတို့ ခေါင်းထဲမှာ ဦးနှောက်ကြီး ရှိနေပြီး ဒီဦးနှောက်ကြီးကို အလုပ်မလုပ်ခိုင်းဘူးဆိုရင်တော့ အားနာစရာများ ဖြစ်နေမလားမသိဘူးနော်။ဒီလိုပြောလို့ ကျမတို့နှလုံးသားကိုရောလို့ မေးနိုင်စရာ အကြောင်းရှိပါတယ်။ ကျမက နှလုံးသားကို အသေပိတ်ပြီး သော့ခတ်ထားရမယ်လို့ မဆိုလိုပါဘူး။ ဖွင့်သင့်တဲ့အချိန်ဖွင့်ပြီး သော့ခတ်သင့်တဲ့အချိန် သော့ခတ်ထားရမှာပါ။ ဒီလိုဆိုရင် ကျမတို့နှလုံးသားလေးလည်း ပုံမှန်အလုပ်လုပ်လို့ ရပြီပေါ့နော်။

နောက်တစ်ခုကတော့ သစ္စာတရားနဲ့ကတိပေါ့။ လူအချင်းချင်းဆက်ဆံတဲ့နေရာမှာ သစ္စာတရားနဲ့ကတိက အရမ်းကို အရေးပါပါတယ်။ လူတစ်ယောက်က ကတိတစ်ခုကို ပေးပြီးရင်တော့ အဲဒီ့ကတိကို တည်အောင်ကြိုးစားသင့်ပါတယ်။ အစကတည်းက မတည်နိုင်ဘူးထင်ရင် မပေးနဲ့ပေါ့။ ဒါပေမယ့် ကတိပေးရတဲ့ အခြေအနေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် အသာတကြည်နဲ့ လက်ခံလို့ပေးတဲ့ကတိလား။ အတင်းအကြပ်ခြိမ်းခြောက်လို့ ပေးလိုက်ရတဲ့ကတိလား ဆိုပြီးတော့ပေါ့။ ဒီပုံပြင်ထဲမှာ ဆိုရင်တော့ ကောင်မလေးက အသာတကြည်နဲ့ သူကိုယ်တိုင်ကြည်ဖြူလို့ ကတိပေးလိုက်တာပါ။ ဒီတော့ ပိုပြီးတော့တောင် ကတိကို မဖျက်သင့်ဘူးပေါ့။ အခုတော့ သူက အခြေအနေပြောင်းတာနဲ့ စိတ်သဘောထားပါ ပြောင်းသွားရတဲ့အဖြစ်မျိုးပါ။

ကောင်လေးဘက်က ကြည့်ရမယ်ဆိုရင်တော့ သူ့ရဲ့ချစ်မေတ္တာကြီးမားပုံကို တွေ့မြင်ရနိုင်ပါတယ်။ သူ့ရဲ့မျက်လုံးအစုံကိုတောင် ဆုံးရှုံးခံနိုင်တယ်ဆိုတဲ့ ကြီးမားတဲ့အချစ်ပေါ့လေ။ ဒါပေမယ့်သူပေးသလောက် ပြန်မရနိုင်တာကို တွေ့မြင်ရပါတယ်။ အသွားအပြန်မညီမျှတဲ့ ချစ်မေတ္တာပေါ့လေ။ မေတ္တာက အသွားအပြန်ရှိတယ် ဆိုပေမယ့် တခါတလေတော့လေ ကိုယ်ပေးလိုက်တိုင်း ပြန်မရနိုင်တဲ့အဖြစ်မျိုးတွေ အများကြီးရှိပါတယ်။ ဒီပုံပြင်လေးကို ဖတ်ပြီးတော့ ကိုယ်ပေးသလောက် ပြန်မရနိုင်တဲ့ သဘောတရားလေးတွေကိုလည်း နားလည်လာရပါတယ်။

ကဲ…ဒီလောက်ဆို ကျမပြောတာတွေလည်း တော်တော်များနေပါပြီ။ ပုံပြင်လေးတစ်ပုဒ်ကို အခြေခံပြီး ကျမ တွေးမိတဲ့အကြောင်းအရာလေးတွေပါ။ ဒီပုံပြင်လေးကိုဖတ်မိပြီး ကိုယ့်ကိုယ်ကို အနည်းငယ်မျှ ပြန်သုံးသပ်နိုင်တယ်ဆိုရင်ပဲ ကျမရေးရကြိုးနပ်နေပါပြီ။ အဆုံးအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

ဆက်ဖတ်ရန်...

Tuesday, November 20, 2007

Who am I?

ကျမ ဘယ်သူလဲ တဲ့။ သူတို့တွေက မေးနေကြပြီ။ တော်တော်သိချင်ကြတယ် ထင်တယ်။ ဘယ်လိုတောင်းပန်၊ တောင်းပန်မရဘူး။ tagမယ်ဆိုတာကြီးပဲ။ ကဲ ဒီလောက်တောင် သိချင်နေမှတော့ ကျမကလည်း ပြောပြရတော့မှာပေါ့။

ပထမဆုံး ပုံပန်းသဏ္ဍာန်ကို ပြောပြမယ်နော်။

၁။ကျမကတော့ ကိုယ့်ကိုယ်ကို မပုဘူးထင်ပေမယ့် သူများတွေကတော့ အရပ်ပုတယ်တဲ့။ (ပြောတဲ့လူ ကိုယ့်ကိုယ်ကို သိတယ်မဟုတ်လား။)

၂။ခန္ဓာကိုယ်အရွယ်အစားကတော့ အခုပဲတတိယနှစ် ရောက်တော့မယ်။ မသိတဲ့လူက ရှစ်တန်းလားလို့ မေးရလောက်အောင်ပါပဲ။ (ကိုယ့်ဘာသာ ကိုယ်သာ စဉ်းစားကြည့်နော်။ ဘယ်လောက်သေးလဲ ဆိုတာ။ ဒါပေမယ့် ဒီလိုတော့ လာမမေးနဲ့လေ။ စိတ်ဆိုးမှာ။)

၃။ကိုယ်နေဟန်ထားကတော့ သူများတွေလို နွဲ့နှောင်းဖို့နေနေသာသာ လမ်းလျှောက်ရင်တောင် စက်ရုပ်များ လျှောက်လာသလား ထင်ရတယ်။ (တောင့်တောင့်ကြီးဖြစ်နေလို့လေ။ ဟိဟိ)

၎။အသားကတော့ မဖြူမညိုလေးတော့ ထင်တာပဲ။ ဒါပေမယ့် တချို့ကပြောတယ်။ ကုလားမကျနေတာပဲတဲ့။ ( သူများကို မညှာမတာ အဲ့လို ဝေဖန်တဲ့လူလည်း ရှိတယ်သိလား။ )

၅။မျက်နှာကတော့ သွယ်လည်းမသွယ်၊ ၀ိုင်းလည်းမ၀ိုင်း၊ လေးထောင့်လည်း မကျပဲ မျက်နှာမြင် တုတ်နဲ့ရိုက်ချင်ပါစေ ဆိုတဲ့ဆုနဲ့ ပြည့်တယ်။ (တချို့ကပြောသေးတယ်။ အပူသည်ရုပ်တဲ့။ ဟင့် ငိုတောင်ငိုချင်လာပြီ။)

၆။မျက်လုံးလေးကလည်း မွေးတုန်းက ဘာကိုမြင်ပြီး အံ့သြလာတယ်မသိဘူး အခုထိ ပြူးနေတော့တာပဲ။ မျက်ခုံးကလည်း ထူထူနဲ့ အမြဲတမ်းလိုလို မျက်မှောင်ကြုတ်နေတတ်သေးတယ်။

၇။နှာခေါင်းကလည်း ချွန်ချွန်လေး။ (ဒါပေမယ့် လှတယ်လို့ မထင်နဲ့နော်။ လုံးဝ(လုံးဝ) မလှဘူး။ ဟဲဟဲ အထင်မှားမှာစိုးလို့။ ကြိုပြောထားတာ။ )

၈။ပါးလေးကလည်း သူများတွေလို ပန်းသွေးရောင်ထပြီး ချစ်စရာကောင်းမယ်မထင်နဲ့။ လူကပိန်နေတော့ ပါးခမျာလည်း မဖောင်းရရှာတော့ဘူးပေါ့။

၉။နှုတ်ခမ်းကလည်း ခပ်ထူထူနဲ့။ စွာမှန်းသိသာတဲ့ မှဲ့ကလည်း နှုတ်ခမ်းပေါ်မှာ ပါသေးတယ်။

၁၀။ဆံပင်ကတော့ အရှည်ဖြောင့်ဖြောင့်လေးပဲ။ ခါးလည်းကျော်ပြီး ခြေထောက်လည်းမထိသေးဘူး။ (လူတစ်ကိုယ်လုံးမှာ ဆံပင်ကလွဲပြီး ကြည့်လို့ကောင်းတာ ဘာမှကို မရှိဘူး။)

ကဲ…ဒီလောက်ဆို မေပျိုဆိုတဲ့ ကျမပုံပန်းကို ခန့်မှန်းလို့ ရလောက်ပြီနဲ့တူပါတယ်။ သရဲကြောက်တတ်တဲ့သူဆို မြင်တာနဲ့ လန့်ပြီးထွက်ပြေးလောက်တယ် သိလား။

စိတ်နေစိတ်ထားလေးကို ဆက်ပြောရအောင်။

-အဓိကအချက်ကတော့ လုံးဝဟန်မဆောင်တတ်တာပါ။ ကိုယ်မကျေနပ်တဲ့လူကို ဘယ်လိုမှ ပြုံးမပြတတ်သလို စိတ်ဆိုးနေရင်လည်း ရန်မတွေ့ဘဲကို မနေတတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရတာကိုပဲ သဘောကျပါတယ်။

-မာနကလည်း ဘာကြီးသလဲ မမေးနဲ့။ ကိုယ့်ကိုမခေါ်ချင်တဲ့လူကို လုံးဝကို လှည့်မကြည့်တတ်ပါဘူး။ လိုက်ချော့ဖို့ဆိုတာကတော့ ဝေလာဝေးပေါ့။ ကျမကို ခင်တဲ့လူဆိုရင်တော့ ကျမကလည်း အရမ်းခင်တတ်ပါတယ်။

-မျက်နှာထားကလည်း တင်းနေတာများပြီး အရယ်အပြုံးလည်း နည်းပါသေးတယ်။ အဲ.. ဒါပေမယ့် ခင်တဲ့လူနဲ့ဆိုရင်တော့ ပြောင်စပ်စပ်ဖြစ်သွားပြန်ရော။

-စိတ်လည်းအလွန်တိုတတ်ပါတယ်။ တခွန်းက နှစ်ခွန်းပြောရင် စိတ်မရှည်တတ်တာ ကျမမေပျိုပါ။ နောက်နှစ်ကျရင် ဆေးရုံဆင်းရမှာဆိုတော့ အခုစိတ်ရှည်အောင် ကြိုးစားနေပါတယ်။

-သောကြာသမီးပီသစွာ စကားကလည်း အလွန်များပြီး ကြက်တူရွေးတောင် အရှုံးပေးရပါမယ်။ အဲ… မပြောချင်တဲ့ လူနဲ့များကျတော့လည်း ရေငုံနှုတ်ပိတ်ပြီး "အ"နေသလားတောင် ထင်ရလောက်ပါတယ်။

-ပွဲလမ်းသဘင် သွားရမှာကို အလွန်အမင်း စိတ်ပျက်တတ်ပေမယ့် အခုကျတော့ အန်တီမွန်းသက်ပန်ကြောင့် မင်္ဂလာဆောင်တွေပါ လိုက်စားနေရတဲ့ အခြေအနေ ရောက်နေပါပြီ။ (သူက မိဘကျေးဇူးဆပ်တတ်အောင် သင်ပေးနေတာတဲ့လေ။ )

-အားနာချင်တဲ့ဟာဆို အသေးအဖွဲကအစ အားနာတတ်ပေမယ့် အားမနာတော့ဘူးဆိုရင်လည်း အပြတ်ကို ပြောတတ်ပါတယ်။

-အချိန်ကိုတိကျမှ ကြိုက်သူပါ။ အချိန်မတိကျသူကို ဘယ်လိုမုန်းမှန်းကို မသိပါဘူး။

-အစွဲအလန်းလည်း ကြီးပါတယ်။ ရှေးရိုးလည်း ဆန်ပါတယ်။ အယူလည်း သည်းပါတယ်။ အပြောင်းအလဲများခြင်းကို ရွံမုန်းတတ်ပါသေးတယ်။ တခါတလေလည်း ခေါင်းမာတတ်ပါတယ်။ အငြင်းလည်း သန်ပါတယ်။

-အရေးကြီးတဲ့ ကိစ္စတွေကို တစ်ယောက်တည်း မဆုံးဖြတ်တတ်ပါဘူး။ တိုင်ပင်သင့်တယ်လို့ ထင်တဲ့သူနဲ့ တိုင်ပင်ပြီးမှသာ ဆုံးဖြတ်တတ်တာပါ။ (တွေဝေတယ်လို့ ပြောရင်လည်း ခံရမှာပဲ)

-အငိုလည်းသန်ပါတယ်။ စိတ်ကသာ ၀မ်းနည်းလာပြီဆိုရင် မျက်ရည်က အလိုလိုကျလာရော။ တခါတလေတော့လည်း အရမ်းအားငယ်တတ်ပါတယ်။

-တစ်ယောက်တည်းနေရတာကို နှစ်သက်ပေမယ့် မိသားစုသိုက်သိုက်ဝန်းဝန်း နေတာကိုလည်း သဘောကျသူပါ။

-အတွေးအခေါ်တွေကအစ အူကြောင်ကြောင်နိုင်ပြီး အပြောအဆိုက ဘယ်လောက်ညက်လည်းဆိုရင် မကျေနပ်တာနဲ့ ဘုပြောတော့တာပဲ။

-မကျေနပ်တာကို နောက်ကွယ်ကနေ အတင်းပြောဖို့ထက် မျက်နှာချင်းဆိုင်ပဲ ဖြေရှင်းချင်သူပါ။

-မဟုတ်မခံစိတ် အပြည့်ရှိပြီး ရန်လာစရင်လည်း အရှုံးမပေးတတ်ပါဘူး။ စိန်ခေါ်ရင် တိမ်ပေါ်ထိတက်မယ် ဆိုတဲ့ လူစားမျိုးပါ။

-ယောက်ျားစွဲကြီးတဲ့လူတွေကို ရွံမုန်းတဲ့အပြင် မိန်းမသားဆိုပြီး အနိုင်ကျင့်ချင်တဲ့လူတွေကို ပက်ပက်စက်စက် နှိပ်ကွပ်ချင်သူပါ။

-လူတိုင်းကို စိတ်ဝင်စားပြီး လူတိုင်းရဲ့စိတ်ကို နားလည်ချင်ပါတယ်။ မျှတတဲ့ အယူအဆကိုသာ လက်ခံချင်သူပါ။ ချော့တာလည်း ၀ါသနာမပါသလို အချော့ခံရမှာကိုလည်း သေမလောက် ကြောက်ပါတယ်။

-အရှက်တရားလည်း ကြီးပါတယ်။ ကျမရှေ့မှာ အရှက်မရှိ မတော်တရော်များ တွေ့လို့ကတော့ ခဲနဲ့ကို ကောက်ထုချင်သူပါ။

-သူများတွေလှတာ မြင်ရင်တော့ သဘောကျတတ်ပေမယ့် ကိုယ်တိုင်အလှပြင်ဖို့တော့ အရမ်းကို ပျင်းတတ်ပါတယ်။ ( အလှပြင်ရင် ကုန်မယ့်အချိန်ကို အိပ်ပြီးတော့သာ ကုန်လွန်ချင်တာပါ။ )

-မိန်းကလေးတွေ တတ်ရမယ့် ကိစ္စအ၀၀ကို စိတ်မ၀င်စားဘဲ ယောက်ျားလေးတွေ လုပ်ရမယ့်ကိစ္စကိုသာ စိတ်ဝင်စားသူပါ။

-အီစီကလီလုပ်သူများကို အရမ်းကိုအမြင်ကတ်ပြီး ဂျီတော့မှာများ ကျမကို လာကြူပါက လက်မနှေးဘဲ ဘလော့(block) လုပ်ပစ်ပါတယ်။

ကဲ.. ဒီလောက်ဆို ကျမစိတ်နေစိတ်ထားကိုလည်း စုံစုံလင်လင် သိလောက်ရောပေါ့။ ဒီအကြောင်းကိုရေးပြီး ကျမကိုခင်မယ့်လူ မရှိတော့မှာကိုတောင် စိုးရိမ်မိပါတယ်။ ဒီစိတ်နေစိတ်ထားကတော့ ကျမရဲ့စိတ်ထား အမှန်အကန်ပဲ ဖြစ်ကြောင်း အာမခံပါတယ်။ မယုံကြမှာ စိုးလို့ ကြိုပြောထားတာ။ မနှင်းဆီရေ… ကျေနပ်တယ်မဟုတ်လား။ ကျမထပ် tagချင်တဲ့လူတွေကတော့
လူတွေကိုကျမလိုပဲ စိတ်ဝင်စားတဲ့ ကိုပီကေ

ကျမရဲ့မမ Helena

ပြောပါရစေဆိုတဲ့ မရွှေဂျမ်း တို့ပဲ ဖြစ်ပါတယ်နော်။

ဆက်ဖတ်ရန်...

Monday, November 19, 2007

အချစ်ဆုံးသို့အိတ်ဖွင့်ပေးစာ

အခုတလော ကျရောက်နေတဲ့ tagရာသီကလည်း မကုန်နိုင်တော့ဘူးနော်။ ဟိုတနေ့က ကျမစီဘောက်စ်မှာ ကိုဝေက လာအော်သွားပါတယ်။ သနားပေမယ့် ထပ်tagလိုက်ပြန်ပြီတဲ့။ ဒါနဲ့ ကျမလည်း အပြေးအလွှား သွားကြည့်လိုက်တော့ ခေါင်းစဉ်က အချစ်ဆုံးသို့အိတ်ဖွင့်ပေးစာတဲ့။ ကျမ ခေါင်းစဉ်ကိုကြည့်ပြီး တော်တော်ဖျားသွားတယ်။ ဘာရေးလို့ ရေးရမှန်းမသိ၊ ဘယ်သူ့ကို ရေးလို့ရေးရမှန်းမသိဘဲ စိတ်ကိုရှုပ်သွားတာပဲ။ ကျမစိတ်ရှုပ်နေတော့ အမတွေလည်း မနေသာဘဲ ၀ိုင်းဝန်းစဉ်းစားပေးကြတာပေါ့။ နောက်ဆုံးတော့ အချစ်ဆုံးကိုပဲ ရေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ကဲ… အခုစရေးပြီနော်။

မောင်လေးရေ…

မောင်လေး မမတို့ဘ၀ထဲကို ရောက်လာတာ အခုဆို ၁၄နှစ်တောင် ရှိရောပေါ့နော်…။ မမကနှစ်တွေအများကြီး တစ်ဦးတည်းသောသမီးအဖြစ်နဲ့ နေလာတာဆိုတော့ မောင်လေးရောက်လာခါစမှာ ကောင်းကောင်းမွန်မွန်နဲ့ မကြိုဆိုမိခဲ့ဘူး မောင်လေးရယ်…။ ငယ်ဘ၀တလျှောက်လုံးလည်း အငယ်ဆိုပြီး အလျှော့ပေးဖို့ထက် တယောက်နဲ့တယောက် ရန်ဖြစ်ရင်းနဲ့သာ ကုန်လွန်ခဲ့တယ်နော်…။ တစ်ယောက်ကစလိုက်၊ တစ်ယောက်ကစိတ်တိုလိုက်နဲ့ တခါတလေတော့လည်း ပျော်ဖို့ကောင်းပါတယ်…။ မောင်လေးလည်း တဖြည်းဖြည်းနဲ့ ကြီးလာပြီဆိုတော့ သိထားသင့်တာတွေကို မမပြောပြချင်ပါတယ်…။ ဘ၀ဆိုတာ ရုန်းကန်ရခြင်းတဲ့…။ မောင်လေးဘ၀မှာ တခါတလေ ရုန်းကန်ရတာတွေ ရှိလာတဲ့အခါ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကျော်လွှားပါမောင်လေးရယ်…။ တခါတလေတော့ လူတွေကကိုယ့်ကို ဂရုမစိုက်ဘူးလို့ ထင်လာတတ်တယ်…။ အဲဒီ့အခါကျရင်လည်း စိတ်မညစ်ပါနဲ့နော်…။ ကိုယ့်ဘ၀ကိုသာ အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပါ…။ မောင်လေးအတွက် အားအင်တွေလိုမယ်ဆိုရင် မမဘက်က ပေးအပ်ဖို့အသင့်ပါပဲနော်…။ လူဆိုတာ သေမျိုးချည်းပါတဲ့…။ တချိန်ချိန်မှာ မမသို့မဟုတ် မောင်လေးသိပ်ချစ်ရတဲ့ လူတစ်ယောက် လောကကြီးက ထွက်သွားရတဲ့အခါ တရားနဲ့ဖြေနိုင်အောင် ကြိုးစားပါ…။ ကိုယ့်အလှည့်ကျရင်လည်း နောက်မဆုတ်ဘဲ သွားနိုင်အောင် ရဲရဲဝံ့ဝံ့နဲ့ ပြင်ဆင်ထားပါ မောင်လေးရယ်…။ မောင်လေးဘ၀မှာ ယုံကြည်စရာလူတွေ ရှားပါးလာတဲ့အခါ ကိုယ့်စိတ်ကို ဖြေနိုင်အောင်ကြိုးစားပါ…။ လောကမာယာတွေက အရမ်းများလှပါတယ်…။ ဒီမာယာတွေကြား စိတ်ပျက်မသွားဘဲ မောင်လေးတစ်ယောက် အောင်မြင်မှုသရဖူကို ဆောင်းနိုင်ပါစေနော်။

ချစ်တဲ့

မမ

ကိုဝေက အချစ်ဟောင်းအကြောင်း ပြောခိုင်းပေမယ့် ကျမမှာက ပြောပြစရာအချစ်ဟောင်းက မရှိလေတော့ ကျမအချစ်ဆုံး မောင်လေးအကြောင်းပဲ ရေးပေးလိုက်တယ်နော်။ အပြင်မှာ ကျမကိုယ်တိုင် မောင်လေးကို မပြောဖြစ်တာတွေ၊ ပြောချင်တာတွေကို ရေးထားတာပါ။ ဒီခေါင်းစဉ်နဲ့ ထပ်tagရင်လည်း အားလုံးရဲ့ မေတ္တာပို့ခြင်းကို ခံယူရမှာဆိုတော့ ထပ်ပြီးမtagတော့ဘူးနော်။ အဆင်ပြေကြပါစေ။


ဆက်ဖတ်ရန်...

Saturday, November 17, 2007

Meaning of life

အားလုံးပဲမင်္ဂလာပါနော်။ ဒီကဗျာလေးက ကျမရဲ့အချစ်ဆုံးသူငယ်ချင်း ရေးထားတာပါ။ ဖတ်ကြည့်ပေးပါဦးနော်။

Man has eye.
Not everyone can see the right.

Man has ear.
Not everyone can really hear.

Man has mouth.
Truth is the one that they can't always shout aloud.

Man has mind.
Sometimes it doesn't have feelings.

Man has smiles.
Sometimes they have cruel meaning.

Man has heart.
Sometimes its really hard.

Man has legs.
But some do the walk on path they don't want.

What's the meaning of life in such living???

ဆက်ဖတ်ရန်...

Friday, November 16, 2007

အချစ်ဆိုတာ

အချစ်လို့ ပြောလိုက်တာနဲ့ လူ၁၀၀မှာ ၉၀လောက်က သမီးရည်းစားအချစ်ကိုပဲ ပြေးမြင်ကြပါတယ်။ အချစ်ဆိုတာ အမှန်တော့အမျိုးမျိုးရှိကြပါတယ်။ မိဘနဲ့သားသမီးကြားက အချစ်၊ ချစ်သူနှစ်ယောက်ကြားက အချစ်၊ သူငယ်ချင်းအချစ်၊ ဆရာတပည့်အချစ်၊ ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ် စသည်ဖြင့် အမျိုးမျိုးပေါ့လေ။ အချစ်မှာ လိုချင်တပ်မက်မှု အနည်းအများပေါ် မူတည်ပြီး ၁၅၀၀ အချစ်၊ ၅၂၈ အချစ်ဆိုပြီး ခွဲခြားပြထားတာပေါ့။ ချစ်သူနှစ်ယောက်ကြားက အချစ်ကိုတော့ ၁၅၀၀အချစ်အဖြစ် သတ်မှတ်ကြပြီး အခြားအချစ်တွေကိုတော့ အေးမြတဲ့၅၂၈အချစ်အဖြစ် သတ်မှတ်ကြပါတယ်။

ပထမဆုံးတော့ မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာကို ပြောပြချင်ပါတယ်။ မိဘနဲ့သားသမီးကြားက အချစ်မှာတောင် မိဘကသားသမီးကို ချစ်တဲ့အချစ်နဲ့ သားသမီးကမိဘကို ချစ်တဲ့အချစ်က မတူညီကြပါဘူး။ မိဘကသားသမီးကို ချစ်တဲ့အချစ်ကတော့ လိုချင်တပ်မက်မှုနည်းပါတယ်။ မေတ္တာဘက်ယိမ်းတဲ့ အချစ်မျိုးပေါ့လေ။ သားသမီးကောင်းစားရေးကိုသာ ရှေးရှုကြပါတယ်။ ဗိုက်ထဲမှာ သန္ဓေစတည်ကတည်းက ကိုယ့်ရင်သွေးဆိုတဲ့အသိနဲ့ကို သားသမီးကို စတင်ချစ်ခင်ကြပါတယ်။ မွေးဖွားကြီးပြင်းလာတော့လည်း တိမ်းချော်မှုမရှိအောင် အရာရာကိုထိန်းမတ် ပေးကြတာပေါ့။ သားသမီးရဲ့ အကောင်းအဆိုးကို မကြည့်ဘဲ အပြစ်မမြင်နိုင်တဲ့ အချစ်မျိုးပါ။ အေးမြတဲ့ချစ်ခြင်းမေတ္တာလို့ ပြောလေ့ရှိကြပေမယ့် တခါတလေ သားသမီးကြောင့်လည်း ပူပင်သောကတွေ ပင်လယ်ဝေအောင် ခံစားရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

သားသမီးကမိဘကို ထားတဲ့ချစ်ခြင်းမေတ္တာ ကျတော့လည်း အသက်အရွယ် ကွာခြားတာနဲ့အမျှ မတူညီကြပါဘူး။ မွေးကင်းစအရွယ်ကနေ အတောင်အလက်မစုံသေးတဲ့ အရွယ်အထိတော့ အားကိုစိတ်ကို အခြေခံပြီး ချစ်ကြပါတယ်။ လူလတ်ပိုင်းအရွယ်ရောက်တော့ မိဘကိုနားလည်စိတ်နဲ့ ချစ်ကြပြန်ရော။ ကိုယ်လူကြီးဖြစ်တဲ့ အရွယ်ရောက်တော့ မိဘတွေက အိုချိန်ရောက်ပြီလေ။ ကိုယ့်မှာလည်း သားသမီးတွေရှိလာတဲ့ အရွယ်ဆိုတော့ မိဘတွေကို ကိုယ်ချင်းစာစိတ်နဲ့ ချစ်ကြပါတယ်။ ဒီလိုချစ်တဲ့ သားသမီးတွေရှိသလို မိဘကျေးဇူးကို နားမလည်တဲ့၊ မိဘကိုကျေးဇူးကန်းတဲ့ သားသမီးတွေလည်း အများကြီးပါပဲ။ သားသမီးတွေရဲ့အချစ်က မိဘတွေလောက် မကြီးမားလေတော့ ဆုန်ရေနဲ့ဆန်ရေဆိုပြီး ပြောစမှတ်ပြုလာကြတာပေါ့။ မိဘနဲ့သားသမီးချစ်ခြင်းမှာ နားလည်မှုလွဲနိုင်တဲ့အချိန်ကတော့ ဆယ်ကျော်သက်အရွယ်ပဲ ဖြစ်ပါတယ်။ အဲဒီ့အချိန်မှာသာ နားလည်မှုယူနိုင်မယ်ဆိုရင်တော့ မိဘနဲ့သားသမီးကြားက အချစ်ကခိုင်မြဲနေမှာပါ။

နောက်တစ်မျိုးကတော့ လူသိများကျော်ကြားတဲ့ ၁၅၀၀အချစ်ပေါ့လေ။ ရမ္မက်ကြီးမားတဲ့အချစ်လို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် ဒီအချစ်မှာတောင် ရယူပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်အနစ်နာခံခြင်းဆိုပြီး မတူညီပြန်ပါဘူး။ ရယူပိုင်ဆိုင်လိုတဲ့အချစ်ကတော့ ပိုပြီးရမ္မက်ကြီးမယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့အတ္တပေါ်မှာ အရင်းတည်ပြီး ဖြစ်လာတဲ့အချစ်လို့ ပြောရမှာပေါ့။ စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ အချစ်ကတော့ မေတ္တာဘက်နည်းနည်း ယိမ်းတယ်လို့ ထင်ရပါတယ်။ ဒီလိုအချစ်မျိုးနဲ့ ချစ်တဲ့သူတွေကတော့ သူ့နာမည်အတိုင်း စွန့်လွှတ်လိုက်ရတာ များတာပေါ့။ ချစ်သူအချင်းချင်း ချစ်ကြတဲ့ ချစ်ခြင်းမျိုးက မိဘနဲ့သားသမီးမှာ ရှိတဲ့အချစ်လို တသမတ်တည်း၊ တပြေးညီတည်းထားနိုင်တဲ့ အချစ်မျိုးမဟုတ်ပါဘူး။ အနိမ့်အမြင့် အတက်အကျတွေနဲ့ ဖွဲ့စည်းထားတဲ့ အချစ်မျိုးပေါ့။ အရမ်းချစ်တဲ့အချိန်ရှိသလို၊ အခန့်မသင့်ရင် မုန်းသွားနိုင်တဲ့ အချိန်မျိုးလည်း ရှိပါတယ်။ အရမ်းချစ်နေတဲ့ အချိန်မှာတော့ ပစ္စည်းဥစ္စာ၊ ဘာသာတရား၊ အရည်အချင်းနဲ့ နောက်ဆက်တွဲကြုံရမယ့် အခက်အခဲတွေကို အချစ်က ဖုံးလွှမ်းထားပါတယ်။ ဦးနှောက်ထဲရော နှလုံးသားထဲမှာပါ အချစ်က နေရာယူနေတဲ့အချိန်ပေါ့။ အသိနဲ့ ထိန်းချုပ်ဖို့ရာလည်း အလွန်ပဲခက်ခဲပါတယ်။ ဒီလိုအချိန်မျိုးကို ဖြတ်သန်းဖူးတဲ့သူတွေကတော့ ဘ၀မှာ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်တွေပါလို့ ပြောကြပါတယ်။ နောင်တစ်သက်တာလုံး အမှတ်ရနေမယ့် အချိန်မျိုးပေါ့လေ။ ဒီအချိန်ကို ကျော်လွန်ပြီးတဲ့ ချစ်သူစုံတွဲတွေမှာ အကြောင်းမတိုက်ဆိုင်လို့ ကွဲသွားတာမျိုး ရှိသလို ဖူးစာပါလို့ လက်ထပ်ရတဲ့ စုံတွဲတွေလည်း ရှိပါတယ်။

ဖူးစာပါလို့ လက်ထပ်နိုင်တဲ့ စုံတွဲတွေရဲ့အချစ်အကြောင်း ဆက်ပြောရအောင်နော်။ သူတို့ကျတော့ လင်မယားအချစ် ဖြစ်သွားပြီပေါ့။ အိမ်ထောင်ကျခါစ အချိန်ကတော့ သမီးရည်းစားအချစ်နဲ့ သိပ်မကွာပေမယ့် အိမ်ထောင်သက် ကြာလာတာနဲ့အမျှ မတူတော့ဘူးဆိုတာ သိလာရပါတယ်တဲ့။ ချစ်သူဘ၀တုန်းက ထည့်သွင်းမစဉ်းစားခဲ့တဲ့ အိမ်ထောင်တစ်ခုရဲ့ စားဝတ်နေရေး၊ နှစ်ဖက်မိသားစု ဆက်ဆံရေး စတာတွေ စဉ်းစားလာရပါတယ်။ ချစ်သူဘ၀တုန်းကလို အချစ်တစ်ခုတည်းနဲ့ပဲ မပြည့်စုံတော့ဘဲ အချင်းချင်းနားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှု၊ ပွင့်လင်းရိုးသားမှု၊ ဆွေးနွေးတိုင်ပင်မှု၊ ကိုယ်ချင်းစာမှုစတဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးမြမှုတွေပါ လိုအပ်လာပါပြီ။ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်ရတိုင်း အတူတကွ လက်တွဲပြီး ဖြေရှင်းနိုင်မယ့် ရဲဘော်ရဲဘက်စိတ်ဓါတ်လည်း ရှိရပါမယ်။ ကိုယ့်ရဲ့အတ္တနဲ့မာနကို အတတ်နိုင်ဆုံး လျှော့ချပြီး လင်မယားနှစ်ယောက်က တသားတည်းဖြစ်အောင် နေရမှာပါ။ ဒါ့အပြင် တစ်ဦးအပေါ်တစ်ဦး သစ္စာတရား ထားရှိဖို့လည်း လိုအပ်ပါတယ်။ အပြန်အလှန်နားလည်ပြီး စိတ်တူသဘောတူနဲ့ နေနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်မိသားစုဘ၀လေးကို ရကြမှာပါ။ မိဘတွေအဆင်မပြေလို့ ကလေးတွေ စိတ်ဒဏ်ရာရနိုင်တဲ့အကြောင်းကို ဒီမှာဖတ်နိုင်ပါတယ်။

သူငယ်ချင်းကိုချစ်တဲ့ အချစ်အကြောင်း ထပ်ပြောရအောင်။ သူလည်း အေးမြတဲ့ ချစ်ခြင်းတစ်မျိုးပါပဲ။ သူငယ်ချင်းဆိုတာ ဘ၀တစိတ်တပိုင်းရဲ့ လက်တွဲဖော်လို့ ကျမကတော့ ယူဆပါတယ်။ ကိုယ့်ရဲ့အကောင်းအဆိုး မှန်သမျှကို အတူတူခံစားနားလည်နိုင်မယ့် ချစ်ခြင်းမျိုးပါ။ မိဘ၊ဆွေမျိုးနဲ့ ချစ်သူတို့ကို မပြောပြနိုင်တဲ့ ခံစားချက်တွေကို ရင်ဖွင့်နိုင်မယ့် လူမျိုးပါ။ ဆိုးတူကောင်းဖက် ဟူသမျှကို လက်တွဲရင်ဆိုင်နိုင်မယ့် သူငယ်ချင်းအချစ်မျိုးက ကျမတို့အားလုံးအတွက် လိုအပ်ပါတယ်။ အရာအားလုံး ကျရှုံးနေချိန်မှာ အားပေးနိုင်မယ့် နားလည်နိုင်မယ့် သူငယ်ချင်းမျိုးဟာ ကျမအတွက်တော့ မရှိမဖြစ်ပါဘဲ။ ဒီလိုဖြူစင်တဲ့ သူငယ်ချင်းအချစ်မျိုးနဲ့ ချစ်ရင်းတခါတလေတော့လည်း ဒီအချစ်ကနေ ချစ်သူတွေမှာ ရှိတဲ့အချစ်မျိုးကို ပြောင်းလဲတတ်ပါသေးတယ်။ ဖြူစင်သန့်ရှင်းတဲ့အချစ်မျိုးက ကိုယ့်မှာရှိတဲ့သူငယ်ချင်း မှန်သမျှမှာ ရှိရင်အကောင်းဆုံး ဖြစ်ပေမယ့် လက်တွေ့မှာတော့ အားလုံးမှာ ရှိဖို့ရာ ခဲယဉ်းပြီး တစ်ယောက်၊ နှစ်ယောက်မှာ ရှိရင်တောင် ၀မ်းသာရမှာပါ။ ဘ၀အမောတွေကြားမှာ ဖြတ်သန်းရတိုင်း လိုအပ်တဲ့အချစ်မျိုးပါ။

နောက်ဆုံး ပြောချင်တဲ့ အချစ်မျိုးကတော့ လူတိုင်းချစ်ဖူးတဲ့ အချစ်ပါ။ ဒါကဘာလဲဆိုတော့…. ကိုယ့်ကိုယ်ချစ်တဲ့အချစ်လေ။ ကိုယ်မဟုတ်သော အခြားသူတွေဖြစ်တဲ့ မိဘ၊ဆွေမျိုးနဲ့ သူငယ်ချင်းတွေကို မချစ်ရင်နေမယ်။ ကိုယ့်ကိုယ်ကိုတော့ လူတိုင်းချစ်မြတ်နိုးကြပါတယ်။ လူတင်မဟုတ်ပါဘူး။ သတ္တ၀ါတိုင်းက ကိုယ့်ကိုယ်ကို ချစ်ကြပါတယ်။ ဒါကြောင့်သာ ကိုယ့်ကိုထိပါးလာမယ့် အန္တရာယ်ကို ရှောင်ဖယ်ပြီး မတတ်သာလို့ ရင်ဆိုင်ရမယ်ဆိုရင်လည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ခုခံကြတာပါ။ ကိုယ့်ကိုယ်ကိုချစ်တဲ့ အချစ်ကိုသာ မူတည်ပြီး အခြားသူကိုချစ်တဲ့ အချစ်တွေက ပေါ်ထွက်လာတာပါ။ ချစ်သူကိုချစ်တယ် ဆိုတာကလည်း သူ့ကိုမြင်ရရင် ပျော်ရွှင်ပါတယ်ဆိုတဲ့ ကိုယ့်ရဲ့အတ္တကြောင့်ပါပဲ။ မတွေ့ရရင်လွမ်းတယ်၊ ဆွေးတယ်ဆိုရင်လည်း သူ့ကိုမမြင်ရရင် စိတ်ညစ်တဲ့ကိုယ့်စိတ်ကြောင့်ပါပဲ။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားက သတ္တ၀ါတိုင်းက ကိုယ့်ကိုယ်သာအချစ်ဆုံးလို့ ဟောကြားခဲ့တာပါ။ အခြားသူကိုချစ်တဲ့အချစ်ကိုသာ ပယ်ဖျက်နိုင်မယ်။ ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်ကတော့ ပယ်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်အောင်ပါဘဲ။ အင်မတန်မှကို ခက်ခဲပါတယ်။ ဒီအချစ်ကို ပယ်ဖျက်နိုင်မယ်ဆိုရင်တော့ သံသရာမှ ကျွတ်လွတ်နိုင်မယ့် လမ်းစကို ရှာတွေ့တာပါပဲလို့ ပြောရမှာပါ။ သံသရာမှာ ကျင်လည်နေတဲ့ သတ္တ၀ါအားလုံးက ဒီအနှောင်အဖွဲ့ကနေ မရုန်းထွက်နိုင်သေးပါဘူး။

ဒီလောက်ဆို ကျမပြောနေတာတွေလည်း များနေပါပြီ။ အားလုံးလည်း ပျင်းရိနေကြမလား မသိဘူးနော်။ ပြောစရာတွေ ကျန်သေးပေမယ့် တစ်ထောင့်တစ်ညပုံပြင်လို ဆုံးမှာကို မဟုတ်တော့ပါဘူး။ ဒီထက်ပိုသိချင်ရင်တော့ ကျမကိုဆက်သွယ်ပေါ့နော်။ ကျမကို ကိုမော်စီက tagလို့သာ ပြောရတယ်။ ကျမလည်း ဒီအချစ်တွေအားလုံးကို မချစ်တတ်သေးပါဘူး။ ကြားဖူးသမျှ၊ ဖတ်ဖူးသမျှတွေ တင်ပေးတာပါ။ အခုကျမက အချစ်အကြောင်း ပြောပြီးသွားပြီဆိုတော့ သူများတွေပြောတဲ့ အချစ်အကြောင်းကိုလည်း နားထောင်ချင်ပါသေးတယ်။ သူတို့တွေကတော့

အတွေးရပ်ဝန်းက မမဆုဝေ

အချစ်အကြောင်းပြောချင်နေတဲ့ ကိုပီကေ

ကိုမာန်လှိုင်းငယ်

ကဗျာတွေရေးတဲ့ငယ်ဆူးအိမ် တို့ပဲ ဖြစ်ပါတယ်ရှင်။ ရေးပေးကြပါဦးနော်။

မှတ်ချက်။ ။အထက်ပါပို့စ်သည် ကျမရဲ့ထင်မြင်ချက်မျှသာ ဖြစ်ပါတယ်။ အမှားအယွင်းပါခဲ့ပါက ကျမ၏ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ဒီ့အတွက် အားလုံးကို တောင်းပန်ပါတယ်နော်။ လာဖတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။



ဆက်ဖတ်ရန်...