Friday, November 9, 2007

ကြောက်တဲ့သတ္တ၀ါ

ဟိုတစ်နေ့က ကျမ မနှင်းဆီနီနီဆီကို အလည်သွားတော့ မနှင်းဆီရဲ့အိမ်မှာ သူကြောက်ရတဲ့ သတ္တ၀ါတွေကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတာ တွေ့ရပါတယ်။ အောက်မှာ မဖြစ်မနေရေးရမယ့် လူတွေရဲ့စာရင်းဖတ်လိုက်တော့ တွေ့ပါပြီ။ မီးလေးတို့၊ ကိုမာန်လှိုင်းငယ်တို့။ သူတို့ကို တွေ့တာနဲ့ ကျမသိလိုက်ပါပြီ။ မကြာခင် ကျမဆီကို ရောက်လာတော့မယ်ပေါ့။ အခုတော့ ထင်တဲ့အတိုင်း ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပါပြီ။ ရေးရမယ့်တာဝန်က ကိုယ့်တာဝန်ဆိုတော့လည်း ရေးရဦးမှာပေါ့နော်။
***

ကျမတို့ ကမ္ဘာပေါ်မှာ ရှိကြတဲ့သတ္တ၀ါတွေကတော့ မရေမတွက်နိုင်အောင်ပါဘဲ။ သတ္တ၀ါတွေတိုင်းဟာ သူ့နေရာနဲ့သူ ကြောက်ဖို့ကောင်းတာချည်းပါပဲ။ အင်အားကြီးတာနဲ့ ငယ်တာသာ ကွာမယ်။ သူတို့မျိုးဆက် ရှင်သန်ကြီးထွားအောင်တော့ အားလုံးက သူ့နည်းနဲ့သူ ကြိုးပမ်းကြပါတယ်။ ကျရောက်လာမယ့် အန္တရာယ်တိုင်းကို သူတို့ရဲ့ရှိသမျှ အစွမ်းအစနဲ့ အတတ်နိုင်ဆုံး ခုခံကာကွယ်ကြပါတယ်။ အားလုံးကို သူ့အစွမ်းအစနဲ့သူ နေနိုင်အောင် သဘာဝကြီးက ဖန်တီးပေးထားပါတယ်။ ဒါကြောင့်မို့လို့ လူတစ်ဦးချင်းစီမှာ ကြောက်ရတဲ့သတ္တ၀ါတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီပဲ ကွဲပြားကြတာပေါ့။ ကိုယ့်ရဲ့အတွေ့အကြုံ၊ အတိတ်ကဖြစ်ရပ်များကို မူတည်ပြီးတော့ ကြောက်ရတဲ့သတ္တ၀ါတွေက အမျိုးမျိုးပြောင်းလဲကြပါတယ်။

ကြောက်တဲ့နေရာမှာလည်း ကြောက်ပုံချင်း မတူညီကြပြန်ပါဘူး။ တချို့တွေက သတ္တ၀ါတစ်မျိုးထဲကိုပဲ အသေကြောက်တတ်ပါတယ်။ အဲဒီ့သတ္တ၀ါကို ကိုင်ဖို့မပြောနဲ့။ သူ့နာမည်ကြားရင်တောင် တုန်နေအောင် ကြောက်တတ်ပါတယ်။ ကျမရဲ့အမတစ်ယောက်ဆိုရင် မြွေကိုအရမ်းကြောက်ပါတယ်။ သူ့ရှေ့မှာ မြွေဆိုတဲ့ နာမည်ကြားရင်တောင် ထပြေးတော့တာပဲ။ နားထောင်လို့ကို မရတာပါ။ အဲဒီ့လောက်တောင် ကြောက်တတ်တာပါ။ ကျမလည်း မြွေကို မကြောက်ဘူးတော့ မဟုတ်ပါဘူး။ ကြောက်ပါတယ်။ သူက သေအောင် ကိုက်တတ်တာကို။ ဒါပေမယ့် အသည်းအသန်ကြီးတော့လည်း မကြောက်ပါဘူး။ ကြောက်သင့်သလောက်ပဲ ကြောက်တာပါ။ ကျမကို အန္တရာယ်မပေးဘူးဆိုတာ သေချာရင်တော့ ကိုင်ဆိုလည်း ကိုင်ရဲပါတယ်။

တိရစ္ဆာန်တွေအားလုံးကို ညီတူညီမျှကြောက်ပေမယ့် အခြားတိရစ္ဆာန်တွေထက် နည်းနည်းပိုကြောက်တာကတော့ ပိုးမွှားသေးသေးလေးတွေပါပဲ။ လောက်တို့၊ တီကောင်တို့၊ ဘောက်ဖတ်တို့ အစရှိတာတွေပေါ့။ အဲဒီ့အကောင်သေးသေးလေးတွေကျတော့ ကြောက်တာထက် အသည်းယားတာပါ။ သူတို့က ကျမကို အန္တရာယ်မပေးနိုင်မှန်း သိပေမယ့် လက်ပေါ်မှာ တင်ဆိုရင်တော့ မတင်ရဲပါဘူး။ ဒါပေမယ့် ဘေးနားက သူတို့သွားတာ ထိုင်ကြည့်ဆိုရင်တော့ ကြည့်ရဲပါတယ်။

တိရစ္ဆာန်အားလုံးက ဘယ်လိုပဲကြောက်စရာကောင်းကောင်း ကျမတို့သာ အန္တရာယ်ကိုသိပြီး ကြိုတင်ကာကွယ်နိုင်မယ်ဆိုရင် ကျမတို့ကို ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထက် ဥာဏ်ရည်မြင့်မားတဲ့ ဦးနှောက်ကို ကျမတို့က ပိုင်ဆိုင်ထားတာကိုး။ တကယ်တမ်း လောကကြီးမှာ ကျမအကြောက်ဆုံး သတ္တ၀ါကတော့ ခြေထောက်နှစ်ချောင်း၊ လက်နှစ်ဖက်နဲ့ ခေါင်းတစ်လုံးတည်းရှိတဲ့ လူဆိုတဲ့သတ္တ၀ါပါပဲ။

လူဆိုတဲ့သတ္တ၀ါကလည်း ခန္ဓာကိုယ်ကသာ သေးတယ်။ အင်မတန်မှကို ဥာဏ်များတဲ့ သတ္တ၀ါမျိုးမဟုတ်လား။ တိရစ္ဆာန်တွေရဲ့အဆိပ်ထက် ပိုပြီးကြောက်ဖို့ ကောင်းပါတယ်။ တိရစ္ဆာန်တွေကမှ သူတို့ရဲ့အဆိပ်ကိုသိရင် ဖြေဆေးကို အလွယ်တကူရနိုင်ပါသေးတယ်။ လူတွေကတော့ ဘက်စုံထောင့်စုံကနေ အန္တရာယ်ပေးတတ်လို့ သူတို့ပေးလာတဲ့ အန္တရာယ်ကို ဘယ်လိုခုခံရမယ်ဆိုတာ မသိနိုင်အောင်ပါဘဲ။

နောက်ပြီး ကျမကြောက်တတ်တာကတော့ ပြောင်းလဲတတ်တဲ့စိတ်ပါပဲ။ တိရစ္ဆာန်တွေရဲ့စိတ်ဟာ သိပ်ပြီးအပြောင်းအလဲ မရှိတတ်ပါဘူး။ သူတို့သားကောင်တွေ့ရဲ့ သူတို့စားမယ်ပေါ့။ လူတွေကတော့ ဒီသားကောင်ကို သူတို့စားချင်ရင်တောင် စားချင်တယ်လို့မပြောဘဲနဲ့ သွယ်ဝိုက်သောနည်းနဲ့ ဒုက္ခမျိုးစုံရောက်အောင်လုပ်ပြီး နောက်ဆုံးမှသာ အရသာခံပြီး စားတတ်တာမျိုးပေါ့လေ။ ဒါ့အပြင် ဒုက္ခရောက်နေတာကိုလည်း စိမ်ပြေနပြေနဲ့ ကြည့်နေတတ်ပါသေးတယ်။

ဒီကြားထဲမှာလည်း ရေနစ်သူကို ၀ါးကူလို့ထိုး ဆိုသလို ဒုက္ခရောက်သူကို ပိုပြီးဒုက္ခရောက်အောင်၊ အပူပေါ်အပူဆင့်အောင် လုပ်ချင်တဲ့သူတွေကလည်း တပုံကြီးပါပဲ။ ကူညီချင်ယောင်ဆောင်ပြီး ဒုက္ခပေးတတ်တဲ့လူတွေလည်း အများကြီးရှိပါတယ်။ ဟန်ဆောင်မှုတွေနဲ့ သူတို့ရဲ့အဆိပ်တွေကို သူတပါးမမြင်အောင်လည်း ဖုံးကွယ်တတ်ကြပါသေးတယ်။ မျက်နှာပေါ်က အပြုံးတွေရဲ့အောက်မှာ ဆိုးရွားတဲ့စိတ်ယုတ်မာ ရှိမနေနိုင်ဘူးလို့လည်း ဘယ်သူမှအာမခံလို့ မရပါဘူး။

ဒါ့အပြင် သစ္စာဖောက်တဲ့သူတွေကလည်း ရှိတတ်ပါသေးတယ်။ ကိုယ့်ကိုအရမ်းခင်လှပါချည်ရဲ့ဆိုပြီး နောက်မှသစ္စာဖောက်တဲ့ အဖြစ်အပျက်တွေလည်း ကြုံဖူး၊ ဖတ်ဖူးခဲ့ရပါတယ်။ နောက်ကျောကို ဓါးနဲ့ထိုးတယ်။ လူယုံသတ်တယ်လို့ ခေါ်ရမှာပေါ့နော်။ ရန်သူဖြစ်ပြီးမှ ကိုယ့်ကိုသတ်တာထက် မိတ်ဆွေအဖြစ်နဲ့ သစ္စာဖောက်တာက ပိုပြီး အခံရခက်စေပြီး ပိုပြီးလည်း အထိနာစေပါတယ်။ အဲ့ဒီလို အဖြစ်မျိုးတွေ ရင်ဆိုင်ရမှာကို မြွေတစ်ကောင်အကိုက်ခံရပြီး သေရမှာထက် ကျမပိုကြောက်ပါတယ်။

ကျမကြောက်ရတဲ့ နောက်တစ်ချက်ကတော့ လူတွေရဲ့ အတင်းအဖျင်းပြောတတ်ခြင်းပါပဲ။ ရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်ဖုံ ပြောတတ်တဲ့လူတွေကို ကျမသိပ်ကြောက်ပြီး သိပ်ရွံမုန်းပါတယ်။ လူတစ်ယောက်ရဲ့ ရှေ့မှာတော့ သူ့ကိုချီးမွမ်းကြပြီး အဲဒီ့လူရဲ့ကွယ်ရာမှာတော့ သူ့ရဲ့မကောင်းကြောင်းတွေကို ဇာတ်လမ်းမျိုးစုံထွင်ပြီး ပြောတတ်တဲ့လူတွေလည်း အများကြီးပါပဲ။ အဲ့ဒီ့လိုလူတွေ များလာတာနဲ့အမျှ လူတစ်ယောက်ကို ယုံသင့်မယုံသင့်ဆိုတာကလည်း ခွဲခြားရခက်ပါတယ်။ ကျမမှာလည်း ခွဲခြားနိုင်တဲ့ အာရုံကလည်း မရှိတော့ ဒီလိုဒီလို အကျင့်တွေရှိတဲ့ လူတွေကို ကျမအကြောက်ဆုံး ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆို ကိုမာန်လှိုင်းငယ်ရေ ကျေနပ်တော့နော်။ အရင်တုန်းကတော့ ကျမကို tag ရင် ကျမပြန်tag လေ့မရှိပေမယ့် ဒီတစ်ခါတော့ ပြန်tagမယ်နော်။ ဘယ်သူ့ကို tag ရင်ကောင်းမလဲဟင်။ သြော်… တွေ့ပါပြီ။
ဂွီဂေါ်ကို အသံလွှင်တဲ့မမHelena
မိဘကျေးဇူးကောင်းကောင်းဆပ်တတ်တဲ့ တီတီမွန်းသက်ပန်
ကဗျာဆရာလေး ကိုမိုးလှိုင်ညနဲ့
မစိုးရိမ်တတ်တဲ့ ကိုဇီးကွက် တို့ပဲ ဖြစ်ပါတယ်ရှင်။ ကဲ…ဆက်ပြီး ကြောက်ကြဦးနော်။

4 comments:

ပီကေ said...

ကျမကို အန္တရာယ်မပေးဘူးဆိုတာ သေချာရင်တော့ ကိုင်ဆိုလည်း ကိုင်ရဲပါတယ်။

ဟိုက် ... သူတို့ဆီက အတည်ပြုချက်တော့ ရအောင်ယူနော်။
တော်ကြာ၊ ကတိမတည်ဘဲ ကိုက်နေဦးမယ်။

su wai said...

သဲနဲ့အမ စိတ်ချင်းတူနေပြီ...အမလဲ သဲပြောသလိုပဲ လူတွေကို ကြောက်တယ်...ကြောက်စရာကောင်းတဲ့ လူတွေကိုပေါ့နော်...ဆွေမျိုးထဲမှာကိုပဲ ကိုယ်တွေ့ကြုံဖူးတယ်...အပြောချိုချို သဘောကောင်းသလိုလိုနဲ့ ပြီးမှ...။ မပြောတော့ပါဘူး သဲရယ်..။ အမလဲ ကြောက်တဲ့အကြောင်းကို ရေးထားတယ်။

Winkabar said...

အစ်မကလည်းလူပဲပေါ့။ လူ့စိတ်ကိုကြောက်တာပေါ့နော်။ ကောင်းပါတယ်အစ်မရယ်။ သူများကိုမေတ္တာထား
တတ်တဲ့အစ်မ တစ်ယောက်
စိတ်ထားကောင်းမွန်တဲ့လူတွေနဲ့ပဲ
တွေ့ဆုံနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်နော်။

Anonymous said...

တစ္ဆေထက် ပိုကြောက်သူ ဆိုတဲ့ ပိုစ့်မှာ ရေးပြီးသားမို့ အကြောက်ဆုံး ကိုမရေးပဲ သိပ်မကြောက် တကြောက်ကလေးတွေ ရေးပေးမယ် ။ ဟဲဟဲ …
ချစ်တဲ့
မွန်းသက်ပန် (မဇင် )