Thursday, November 22, 2007

ဖတ်မိသမျှ

ဒီနေ့ ကျမဆီကို forward mail ကနေရောက်လာတဲ့ စာအကြောင်းလေး ပြောပြချင်ပါတယ်။ နာမည်လေးက အချစ်နဲ့ သူ့ရဲ့အကျင့်တဲ့။ စိတ်ဝင်စားဖို့ကောင်းတာကြောင့် အားလုံးကို ဝေမျှချင်တာပါ။ ဖတ်ပြီးတဲ့လူများ ရှိရင်လည်း သည်းခံပါလို့ ကြိုပြီး တောင်းပန်ပါတယ်နော်။


တခါတုန်းက မျက်မမြင်ကောင်မလေးတစ်ယောက် ရှိတယ်…။ သူမကမွေးကတည်းက မျက်စိမမြင်တာဆိုတော့ မျက်စိမြင်နိုင်တဲ့ လူအားလုံးကို မကောင်းမြင်တဲ့စိတ်နဲ့ မုန်းတီးနေတာပေါ့…။ သူမကိုယ်တိုင်ကိုလည်း မျက်စိမမြင်ရကောင်းလားဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ မုန်းတီးနေပြန်တယ်…။ အဲ… ဒါပေမယ့် ဟောဒီလောကကြီးတစ်ခုလုံးမှာ သူမလုံးဝမမုန်းနိုင်တဲ့ လူသားတစ်ယောက်ရှိသတဲ့…။ အဲဒီ့လူသားကတော့ သူမရဲ့ချစ်သူကောင်လေးပါပဲ…။ အဲဒီ့ကောင်လေးက သူမကို အရမ်းချစ်ပြီး အမြဲတမ်းသူမနဲ့အတူ မခွဲဘဲနေတတ်ပါတယ်…။ သူမကလည်း အကယ်၍သာ သူမ အမြင်အာရုံသာ ပြန်ရခဲ့ရင် ကောင်လေးကို လက်ထပ်မယ်လို့ ပြောခဲ့ပါတယ်…။

တနေ့တော့ လူတစ်ယောက်က သူမအတွက် မျက်လုံးတစ်စုံကို လှူခဲ့တယ်လေ…။ ဒီတော့ သူမက အရာအားလုံးကို မြင်နိုင်သွားတာပေါ့…။ ဒီတော့ ကောင်လေးက “အခုမင်းမှာ အမြင်အာရုံလည်း ပြန်ရပြီး အားလုံးကို မြင်နိုင်ပြီ။ ငါ့ကိုလက်ထပ်ပါတော့လား”လို့ မေးလိုက်တယ်…။ ဒါပေမယ့် ကောင်လေးကိုလည်း မြင်ရော ကောင်မလေးက ပြီး ကောင်လေးကို “လက်မထပ်နိုင်ဘူး”လို့ ငြင်းလိုက်တယ်…။ ဘာဖြစ်လို့လဲဆိုတော့ ကောင်လေးကလည်း သူမလိုပဲ မျက်မမြင်တစ်ယောက် ဖြစ်နေလို့ပါပဲ…။

ကောင်လေးလည်း မျက်ရည်တွေကျပြီး သူမအနားက ထွက်သွားတာပေါ့…။ သိပ်မကြာခင်မှာပဲ သူမဆီကို စာတစ်စောင်ရေးလာတယ်…။ အဲဒီ့စာမှာ ဘာရေးထားလဲ ဆိုတော့… “ ကျေးဇူးပြုပြီး ငါ့မျက်လုံးတွေကို ဂရုစိုက်ပေးပါ” တဲ့…။

အခြေအနေပြောင်းလဲတာနဲ့ လူတွေရဲ့စိတ်သဘောထားတွေပါ လိုက်ပြီး ဘယ်လိုပြောင်းတယ်ဆိုတာကို မြင်သာအောင် ဖော်ပြပေးထားတာပါ။ အရင်တုန်းက ကိုယ့်ရဲ့အခြေအနေ ဘယ်လိုရှိတယ်။ ဘယ်သူက ကိုယ့်ဘေးနားမှာ အားပေးခဲ့တဲ့ဆိုတာကို အနည်းငယ်လောက်သာ သတိရနေတတ်ပါတယ်။

***

ဒါကတော့ ကျမဖတ်ရတဲ့ ပုံပြင်လေးတစ်ပုဒ်ပါပဲ။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျမလည်း လူတွေရဲ့စိတ်ကို နားလည်ချင်မိပါတယ်။ လူတွေရဲ့စိတ်က ဘာလို့တသတ်မတ်တည်း ရှိမနေရတာလဲ ဆိုတာကို သိချင်မိပါတယ်။ လူ့စိတ်ရဲ့ဆန်းကြယ်ပုံပေါ့လေ။

လူတွေရဲ့စိတ်ထားက ဆန်းကြယ်လှပါတယ်။ တချိန်တည်းမှာကို အမျိုးမျိုးပြောင်းလဲနိုင်တာလည်း လူ့စိတ်ပါပဲ။ လူတစ်ယောက်ကို တခဏအတွင်း ချစ်နိုင်သလို တခဏအတွင်းလည်း မုန်းနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံးထက်ကို မြန်ပါတယ်။ စိတ်ရဲ့စွမ်းအင်ကလည်း ကြီးမားတတ်ပါသေးတယ်။ ဒါကြောင့် လူနာတွေကို စိတ်ဓါတ်မကျအောင် ထားပေးတတ်ဖို့က အရေးကြီးပါတယ်။ ကုသလို့မရတဲ့ ဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်မှာ စိတ်ကသာ အရေးကြီးဆုံးပါ။ စိတ်ဆောင်နေသရွေ့တော့ လူကလည်း ရောဂါကိုတောင့်ခံနိုင်ပြီး စိတ်လျှော့လိုက်ပြီဆိုတာနဲ့ ရောဂါကသူ့ကို အနိုင်ယူသွားတတ်ပါတယ်။

လူဆိုတာက သတ္တ၀ါအားလုံးထက်ကို ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ပါတယ်။ စဉ်းစားဆင်ခြင်နိုင်မှုလည်း ပိုကောင်းပါတယ်။ ဒါကြောင့် အခြေအနေပြောင်းလဲတာနဲ့ စိတ်ပါပြောင်းလဲတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ စိတ်ဆိုတာက အမျိုးမျိုးပြောင်းလဲတတ်ပါတယ်။ ဖောက်လည်းဖောက်ပြန်တတ်ပါတယ်။ ဒါပေမယ့် စိတ်ကိုထိန်းချုပ်ဖို့ လူတိုင်းမှာအသိဥာဏ်ဆိုတာ ပါလာပြီးသားပါ။ ထိန်းချုပ်သင့်လား မထိန်းချုပ်သင့်ဘူးလား ဆိုတဲ့ကိစ္စကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့နော်။

ဒီမှာ ထိန်းချုပ်ရမယ့်အကြောင်းလေး နည်းနည်းပြောချင်ပါတယ်။ ကျမကတော့ လူတိုင်းမှာ ကိုယ်ကျင့်သိက္ခာက အရေးအကြီးဆုံးလို့ ယူဆမိပါတယ်။ လူမှန်ရင်တော့ ခံစားချက်ဆိုတာ ရှိကြမှာပါ။ ဒါပေမယ့် အရာရာတိုင်းကို ဒီခံစားချက်အတိုင်း လိုက်လုပ်နေဖို့တော့ မလိုပါဘူး။ ဒီလိုအရာတွေ ဆုံးဖြတ်နိုင်ဖို့အတွက် လူတွေမှာ ဦးနှောက်ထည့်ပေးထားတာပါ။ ကျမတို့ ခေါင်းထဲမှာ ဦးနှောက်ကြီး ရှိနေပြီး ဒီဦးနှောက်ကြီးကို အလုပ်မလုပ်ခိုင်းဘူးဆိုရင်တော့ အားနာစရာများ ဖြစ်နေမလားမသိဘူးနော်။ဒီလိုပြောလို့ ကျမတို့နှလုံးသားကိုရောလို့ မေးနိုင်စရာ အကြောင်းရှိပါတယ်။ ကျမက နှလုံးသားကို အသေပိတ်ပြီး သော့ခတ်ထားရမယ်လို့ မဆိုလိုပါဘူး။ ဖွင့်သင့်တဲ့အချိန်ဖွင့်ပြီး သော့ခတ်သင့်တဲ့အချိန် သော့ခတ်ထားရမှာပါ။ ဒီလိုဆိုရင် ကျမတို့နှလုံးသားလေးလည်း ပုံမှန်အလုပ်လုပ်လို့ ရပြီပေါ့နော်။

နောက်တစ်ခုကတော့ သစ္စာတရားနဲ့ကတိပေါ့။ လူအချင်းချင်းဆက်ဆံတဲ့နေရာမှာ သစ္စာတရားနဲ့ကတိက အရမ်းကို အရေးပါပါတယ်။ လူတစ်ယောက်က ကတိတစ်ခုကို ပေးပြီးရင်တော့ အဲဒီ့ကတိကို တည်အောင်ကြိုးစားသင့်ပါတယ်။ အစကတည်းက မတည်နိုင်ဘူးထင်ရင် မပေးနဲ့ပေါ့။ ဒါပေမယ့် ကတိပေးရတဲ့ အခြေအနေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် အသာတကြည်နဲ့ လက်ခံလို့ပေးတဲ့ကတိလား။ အတင်းအကြပ်ခြိမ်းခြောက်လို့ ပေးလိုက်ရတဲ့ကတိလား ဆိုပြီးတော့ပေါ့။ ဒီပုံပြင်ထဲမှာ ဆိုရင်တော့ ကောင်မလေးက အသာတကြည်နဲ့ သူကိုယ်တိုင်ကြည်ဖြူလို့ ကတိပေးလိုက်တာပါ။ ဒီတော့ ပိုပြီးတော့တောင် ကတိကို မဖျက်သင့်ဘူးပေါ့။ အခုတော့ သူက အခြေအနေပြောင်းတာနဲ့ စိတ်သဘောထားပါ ပြောင်းသွားရတဲ့အဖြစ်မျိုးပါ။

ကောင်လေးဘက်က ကြည့်ရမယ်ဆိုရင်တော့ သူ့ရဲ့ချစ်မေတ္တာကြီးမားပုံကို တွေ့မြင်ရနိုင်ပါတယ်။ သူ့ရဲ့မျက်လုံးအစုံကိုတောင် ဆုံးရှုံးခံနိုင်တယ်ဆိုတဲ့ ကြီးမားတဲ့အချစ်ပေါ့လေ။ ဒါပေမယ့်သူပေးသလောက် ပြန်မရနိုင်တာကို တွေ့မြင်ရပါတယ်။ အသွားအပြန်မညီမျှတဲ့ ချစ်မေတ္တာပေါ့လေ။ မေတ္တာက အသွားအပြန်ရှိတယ် ဆိုပေမယ့် တခါတလေတော့လေ ကိုယ်ပေးလိုက်တိုင်း ပြန်မရနိုင်တဲ့အဖြစ်မျိုးတွေ အများကြီးရှိပါတယ်။ ဒီပုံပြင်လေးကို ဖတ်ပြီးတော့ ကိုယ်ပေးသလောက် ပြန်မရနိုင်တဲ့ သဘောတရားလေးတွေကိုလည်း နားလည်လာရပါတယ်။

ကဲ…ဒီလောက်ဆို ကျမပြောတာတွေလည်း တော်တော်များနေပါပြီ။ ပုံပြင်လေးတစ်ပုဒ်ကို အခြေခံပြီး ကျမ တွေးမိတဲ့အကြောင်းအရာလေးတွေပါ။ ဒီပုံပြင်လေးကိုဖတ်မိပြီး ကိုယ့်ကိုယ်ကို အနည်းငယ်မျှ ပြန်သုံးသပ်နိုင်တယ်ဆိုရင်ပဲ ကျမရေးရကြိုးနပ်နေပါပြီ။ အဆုံးအထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

9 comments:

Red's Rose Dream said...

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သွားတယ်ကွ။
တွေဖတ်ပြီးတော့။

သဇင်ဏီ said...

တစ်ကယ့်ကိုအဓိပါယ်အပြည့်ပါတဲ့ post ပါပဲ..
ရင်ထဲမှာတစ်ခုခုကျန်ခဲ့တယ်..အဲဒီpost ကိုဖတ်ပြီးတော့

မာန်လှိုင်းငယ် said...

လူတိုင်းမှာ သစ္ဏာတရားနဲ့ ကတိက ပိုအရေးကြီးတယ်လို့ ဆိုထားတယ်။ ဟုတ်ပါတယ်။ အဓိကတော့ မိမိက ကတိကို ပေးသင့် မပေးသင့်ဆိုတာကို ဦးနှောက်နဲ့ လုပ်ကိုင်ပုံပေါ်မှာ မူတည်သလို တဖတ်သားရဲ့ စိတ်ကိုလည်း ထိုးဖောက်သိမြင်နိုင်ရင် အဲဒီ ကတိဟာလည်း တည်မြဲလာမှာပါ။

သက်လည်ကို ( Agri: ) said...

အရမ်းကောင်းတဲ့ post လေးပါ သဲ ရေ။ ကတိသစ္စာ တည်ဖို့ တဖတ်သားရဲ့ စိတ်ကိုထိုးဖောက်သိမြင် သင့်တာအမှန်ပါပဲ။ မုဒိတာစိတ်နဲ့ ပေါင်းနိုင်ပြီ ဆိုရင်တော့ ကတိပေးတယ်လို့ပြောဖို့မလိုအောင်တည်မြဲလာလိုက်မယ်လို့ တွေးမိတယ်။
ဦးနှောက် နဲ့ နှလုံးသားကိုအချိုးညီညီ ရှိစေဖို့ ငြိမ်းချမ်းတဲ့စိတ်လေး ရှိအောင်မွေးကြတာပေါ့နော်။

Winkabar said...

လောကမှာအမြန်ဆုံးကစိတ်လို့ဆိုကြတာပဲလေ။စိတ်နဲ့
သွားချင်တာသွား၊ လုပ်ချင်တာလုပ်လို့ရသလို စိတ်ရဲက
အပြောင်းအလဲကလည်းဒီလိုပဲလေ။ မြန်တာပေါ့နော်။
စိတ်မညစ်ပါနဲ့သဲရယ်။ အပြင်မှာဆိုအဲဒီကောင်လေးက
သူ့ကိုအဲလိုမျိုးပြန်မေတ္တာပေးနိုင်မယ့်လူတစ်ယောက်နဲ့
တော့ကျိန်းသေတွေ့မှာပါ။ ဒါမှမဟုတ်လည်းအလားတူကိစ္စ
တစ်ခုတော့ ကောင်မလေးကပြန်ဝဋ်လည်မှာပါ။

Mintasay said...

အချစ် ဆိုတဲ့ကောင်က မျက်နှာကိုက ရူးနှမ်းနှမ်းနဲ့။ တခါမှမျက်နှာပိုးသေတယ်ဆိုတာ မရှိဘူး။
ဒီကောင့်မျက်နှာက ဇာတ်ထဲကမင်းသားတွေလို အမျိုးမျိုးကိုပြောင်းနေတာ။

အခုငိုလိုက်၊ အခုရီလိုက်၊ အခုလွမ်းလိုက်၊ အခုဆွေးလိုက်နဲ့။ တည်ငြိမ်တယ်လို့ကို မရှိဘူး။

မင်းကိုငါ ချစ်တယ်။ ငါတို့ချစ်သူတွေ လုပ်တမ်းကစားရအောင်လို့ ပြောတုန်းက ရိုမီယိုရဲ့မျက်နှာနဲ့ ခပ်ဆင်ဆင်။ ကြည့်နေရင်းနဲ့ပဲ မာလီရင်မွန်ရိုးပုံ ပြောင်းသွားပြီး သူ့မျက်နှာပေါ်က မှဲ့က လှလားလို့မေးတယ်။ ကျွန်တော်က ဟင့်အင်း မသိဘူး လို့ ပြောလိုက်တော့ နုတ်ခမ်းလေးဆူပြီး စိတ်ကောက်နေတဲ့ အိန္ဒာကျော်ဇင် ဖြစ်သွားပြန်ရော။ ခဏကြာတော့ စိတ်မရှည်တဲ့ ပုံစံပေါက်နေတဲ့ အိုင်းစတိုင်းဖြစ်နေပြီး “ ဒါလေးတောင် မသိဘူးလားကွ”လို့မေးတယ် ။ ကျွန်တော်က" No" ဆိုတော့ မသိရင်မှတ်ထား။ အဲ့ဒါ ရီလေတီဗတီ လို့ခေါ်တယ်ကွ ငတုံးရတဲ့။
အဲဒါနဲ့ ကျွန်တော်လည်း "ဘုရားသခင်လဲ ရီလေတီဗတီ ဆိုတာကြီးကို မသိခဲ့ပါဘူး။ သူ့ကျမှ ဘာလို့ငတုံးလို့ခေါ်ရတာတုန်း" လို့ပြန်မေးလိုက်တော့ သူ့မျက်နှာကြီးက စပ်ဖြီးဖြီးနဲ့ ချားလ်စ်ဒါဝင် ဖြစ်နေပြန်ရော။ သူက ငါမျောက်သုံးကောင် မွေးထားတယ်တဲ့။
ကျွန်တော်က မျောက်ဆိုတာ မမွေးကောင်းဘူး။ မွေးမဲ့မွေး လိပ်ပြာမွေးပါလား လို့ပြန်ပြောလိုက်တယ်။
ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက် ဆိုတဲ့စကားပုံတောင်ရှိတယ်မဟုတ်လား။
အဲဒီတော့ သူ့မျက်နှာက ရူးရူးရှဲရှဲနဲ့ ဒေါသတွေ ထွက်လာပြီး ခေါင်းဆယ်လုံးရှိတဲ့ ဒဿဂီရိ ပုံဖြစ်သွားပြန်ရော။ အချစ်ဆိုတဲ့ ကောင်က အဲ့သလောက်ကို မျက်နှာများတဲ့ကောင်။

နောက်တာပါ....

လင်းဦး(စိတ်ပညာ) said...

အင်း..ဟုတ်တယ်...လူတွေအတွက် ကတိ သစ္စာဆိုတာ အရမ်းအရေးကြီးပါတယ်...ပြီးတော့ လူတွေဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်အရောင်ပြောင်းတတ်ကြတယ်....

boyz said...

အင်း ..ဇာတ်လမ်းကကောင်းတယ်။ ကတိဆိုတာလည်း တည်နိုင်မှပေးတာကောင်းတယ်။ မေပျိုရော ကတိတည်တတ်လား။ ဒါဆို ကျတော့ကို တည်နိုင်မယ့် ကတိတစ်ခု ပေးကြည့်ပါလား။ သဘောရိုးနဲ့ ပြောတာ။ ဘာကတိပဲဖြစ်ဖြစ်ပါ။

မေပျို said...

boyzရေ ဒီလိုကတိလာတောင်းလည်း အပြုံးမပျက်ဘဲ ဆက်ဆံပါ့မယ်လို့ ကတိပေးပါတယ်။ ဒါဆိုဖြစ်တယ် မဟုတ်လား။ အားလုံးပဲ ကော်မန့်ပေးကြတာ ကျေးဇူးနော်။