ပထမဆုံးတော့ မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာကို ပြောပြချင်ပါတယ်။ မိဘနဲ့သားသမီးကြားက အချစ်မှာတောင် မိဘကသားသမီးကို ချစ်တဲ့အချစ်နဲ့ သားသမီးကမိဘကို ချစ်တဲ့အချစ်က မတူညီကြပါဘူး။ မိဘကသားသမီးကို ချစ်တဲ့အချစ်ကတော့ လိုချင်တပ်မက်မှုနည်းပါတယ်။ မေတ္တာဘက်ယိမ်းတဲ့ အချစ်မျိုးပေါ့လေ။ သားသမီးကောင်းစားရေးကိုသာ ရှေးရှုကြပါတယ်။ ဗိုက်ထဲမှာ သန္ဓေစတည်ကတည်းက ကိုယ့်ရင်သွေးဆိုတဲ့အသိနဲ့ကို သားသမီးကို စတင်ချစ်ခင်ကြပါတယ်။ မွေးဖွားကြီးပြင်းလာတော့လည်း တိမ်းချော်မှုမရှိအောင် အရာရာကိုထိန်းမတ် ပေးကြတာပေါ့။ သားသမီးရဲ့ အကောင်းအဆိုးကို မကြည့်ဘဲ အပြစ်မမြင်နိုင်တဲ့ အချစ်မျိုးပါ။ အေးမြတဲ့ချစ်ခြင်းမေတ္တာလို့ ပြောလေ့ရှိကြပေမယ့် တခါတလေ သားသမီးကြောင့်လည်း ပူပင်သောကတွေ ပင်လယ်ဝေအောင် ခံစားရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။
သားသမီးကမိဘကို ထားတဲ့ချစ်ခြင်းမေတ္တာ ကျတော့လည်း အသက်အရွယ် ကွာခြားတာနဲ့အမျှ မတူညီကြပါဘူး။ မွေးကင်းစအရွယ်ကနေ အတောင်အလက်မစုံသေးတဲ့ အရွယ်အထိတော့ အားကိုစိတ်ကို အခြေခံပြီး ချစ်ကြပါတယ်။ လူလတ်ပိုင်းအရွယ်ရောက်တော့ မိဘကိုနားလည်စိတ်နဲ့ ချစ်ကြပြန်ရော။ ကိုယ်လူကြီးဖြစ်တဲ့ အရွယ်ရောက်တော့ မိဘတွေက အိုချိန်ရောက်ပြီလေ။ ကိုယ့်မှာလည်း သားသမီးတွေရှိလာတဲ့ အရွယ်ဆိုတော့ မိဘတွေကို ကိုယ်ချင်းစာစိတ်နဲ့ ချစ်ကြပါတယ်။ ဒီလိုချစ်တဲ့ သားသမီးတွေရှိသလို မိဘကျေးဇူးကို နားမလည်တဲ့၊ မိဘကိုကျေးဇူးကန်းတဲ့ သားသမီးတွေလည်း အများကြီးပါပဲ။ သားသမီးတွေရဲ့အချစ်က မိဘတွေလောက် မကြီးမားလေတော့ ဆုန်ရေနဲ့ဆန်ရေဆိုပြီး ပြောစမှတ်ပြုလာကြတာပေါ့။ မိဘနဲ့သားသမီးချစ်ခြင်းမှာ နားလည်မှုလွဲနိုင်တဲ့အချိန်ကတော့ ဆယ်ကျော်သက်အရွယ်ပဲ ဖြစ်ပါတယ်။ အဲဒီ့အချိန်မှာသာ နားလည်မှုယူနိုင်မယ်ဆိုရင်တော့ မိဘနဲ့သားသမီးကြားက အချစ်ကခိုင်မြဲနေမှာပါ။
နောက်တစ်မျိုးကတော့ လူသိများကျော်ကြားတဲ့ ၁၅၀၀အချစ်ပေါ့လေ။ ရမ္မက်ကြီးမားတဲ့အချစ်လို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် ဒီအချစ်မှာတောင် ရယူပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်အနစ်နာခံခြင်းဆိုပြီး မတူညီပြန်ပါဘူး။ ရယူပိုင်ဆိုင်လိုတဲ့အချစ်ကတော့ ပိုပြီးရမ္မက်ကြီးမယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့အတ္တပေါ်မှာ အရင်းတည်ပြီး ဖြစ်လာတဲ့အချစ်လို့ ပြောရမှာပေါ့။ စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ အချစ်ကတော့ မေတ္တာဘက်နည်းနည်း ယိမ်းတယ်လို့ ထင်ရပါတယ်။ ဒီလိုအချစ်မျိုးနဲ့ ချစ်တဲ့သူတွေကတော့ သူ့နာမည်အတိုင်း စွန့်လွှတ်လိုက်ရတာ များတာပေါ့။ ချစ်သူအချင်းချင်း ချစ်ကြတဲ့ ချစ်ခြင်းမျိုးက မိဘနဲ့သားသမီးမှာ ရှိတဲ့အချစ်လို တသမတ်တည်း၊ တပြေးညီတည်းထားနိုင်တဲ့ အချစ်မျိုးမဟုတ်ပါဘူး။ အနိမ့်အမြင့် အတက်အကျတွေနဲ့ ဖွဲ့စည်းထားတဲ့ အချစ်မျိုးပေါ့။ အရမ်းချစ်တဲ့အချိန်ရှိသလို၊ အခန့်မသင့်ရင် မုန်းသွားနိုင်တဲ့ အချိန်မျိုးလည်း ရှိပါတယ်။ အရမ်းချစ်နေတဲ့ အချိန်မှာတော့ ပစ္စည်းဥစ္စာ၊ ဘာသာတရား၊ အရည်အချင်းနဲ့ နောက်ဆက်တွဲကြုံရမယ့် အခက်အခဲတွေကို အချစ်က ဖုံးလွှမ်းထားပါတယ်။ ဦးနှောက်ထဲရော နှလုံးသားထဲမှာပါ အချစ်က နေရာယူနေတဲ့အချိန်ပေါ့။ အသိနဲ့ ထိန်းချုပ်ဖို့ရာလည်း အလွန်ပဲခက်ခဲပါတယ်။ ဒီလိုအချိန်မျိုးကို ဖြတ်သန်းဖူးတဲ့သူတွေကတော့ ဘ၀မှာ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်တွေပါလို့ ပြောကြပါတယ်။ နောင်တစ်သက်တာလုံး အမှတ်ရနေမယ့် အချိန်မျိုးပေါ့လေ။ ဒီအချိန်ကို ကျော်လွန်ပြီးတဲ့ ချစ်သူစုံတွဲတွေမှာ အကြောင်းမတိုက်ဆိုင်လို့ ကွဲသွားတာမျိုး ရှိသလို ဖူးစာပါလို့ လက်ထပ်ရတဲ့ စုံတွဲတွေလည်း ရှိပါတယ်။
ဖူးစာပါလို့ လက်ထပ်နိုင်တဲ့ စုံတွဲတွေရဲ့အချစ်အကြောင်း ဆက်ပြောရအောင်နော်။ သူတို့ကျတော့ လင်မယားအချစ် ဖြစ်သွားပြီပေါ့။ အိမ်ထောင်ကျခါစ အချိန်ကတော့ သမီးရည်းစားအချစ်နဲ့ သိပ်မကွာပေမယ့် အိမ်ထောင်သက် ကြာလာတာနဲ့အမျှ မတူတော့ဘူးဆိုတာ သိလာရပါတယ်တဲ့။ ချစ်သူဘ၀တုန်းက ထည့်သွင်းမစဉ်းစားခဲ့တဲ့ အိမ်ထောင်တစ်ခုရဲ့ စားဝတ်နေရေး၊ နှစ်ဖက်မိသားစု ဆက်ဆံရေး စတာတွေ စဉ်းစားလာရပါတယ်။ ချစ်သူဘ၀တုန်းကလို အချစ်တစ်ခုတည်းနဲ့ပဲ မပြည့်စုံတော့ဘဲ အချင်းချင်းနားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှု၊ ပွင့်လင်းရိုးသားမှု၊ ဆွေးနွေးတိုင်ပင်မှု၊ ကိုယ်ချင်းစာမှုစတဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးမြမှုတွေပါ လိုအပ်လာပါပြီ။ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်ရတိုင်း အတူတကွ လက်တွဲပြီး ဖြေရှင်းနိုင်မယ့် ရဲဘော်ရဲဘက်စိတ်ဓါတ်လည်း ရှိရပါမယ်။ ကိုယ့်ရဲ့အတ္တနဲ့မာနကို အတတ်နိုင်ဆုံး လျှော့ချပြီး လင်မယားနှစ်ယောက်က တသားတည်းဖြစ်အောင် နေရမှာပါ။ ဒါ့အပြင် တစ်ဦးအပေါ်တစ်ဦး သစ္စာတရား ထားရှိဖို့လည်း လိုအပ်ပါတယ်။ အပြန်အလှန်နားလည်ပြီး စိတ်တူသဘောတူနဲ့ နေနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်မိသားစုဘ၀လေးကို ရကြမှာပါ။ မိဘတွေအဆင်မပြေလို့ ကလေးတွေ စိတ်ဒဏ်ရာရနိုင်တဲ့အကြောင်းကို ဒီမှာဖတ်နိုင်ပါတယ်။
သူငယ်ချင်းကိုချစ်တဲ့ အချစ်အကြောင်း ထပ်ပြောရအောင်။ သူလည်း အေးမြတဲ့ ချစ်ခြင်းတစ်မျိုးပါပဲ။ သူငယ်ချင်းဆိုတာ ဘ၀တစိတ်တပိုင်းရဲ့ လက်တွဲဖော်လို့ ကျမကတော့ ယူဆပါတယ်။ ကိုယ့်ရဲ့အကောင်းအဆိုး မှန်သမျှကို အတူတူခံစားနားလည်နိုင်မယ့် ချစ်ခြင်းမျိုးပါ။ မိဘ၊ဆွေမျိုးနဲ့ ချစ်သူတို့ကို မပြောပြနိုင်တဲ့ ခံစားချက်တွေကို ရင်ဖွင့်နိုင်မယ့် လူမျိုးပါ။ ဆိုးတူကောင်းဖက် ဟူသမျှကို လက်တွဲရင်ဆိုင်နိုင်မယ့် သူငယ်ချင်းအချစ်မျိုးက ကျမတို့အားလုံးအတွက် လိုအပ်ပါတယ်။ အရာအားလုံး ကျရှုံးနေချိန်မှာ အားပေးနိုင်မယ့် နားလည်နိုင်မယ့် သူငယ်ချင်းမျိုးဟာ ကျမအတွက်တော့ မရှိမဖြစ်ပါဘဲ။ ဒီလိုဖြူစင်တဲ့ သူငယ်ချင်းအချစ်မျိုးနဲ့ ချစ်ရင်းတခါတလေတော့လည်း ဒီအချစ်ကနေ ချစ်သူတွေမှာ ရှိတဲ့အချစ်မျိုးကို ပြောင်းလဲတတ်ပါသေးတယ်။ ဖြူစင်သန့်ရှင်းတဲ့အချစ်မျိုးက ကိုယ့်မှာရှိတဲ့သူငယ်ချင်း မှန်သမျှမှာ ရှိရင်အကောင်းဆုံး ဖြစ်ပေမယ့် လက်တွေ့မှာတော့ အားလုံးမှာ ရှိဖို့ရာ ခဲယဉ်းပြီး တစ်ယောက်၊ နှစ်ယောက်မှာ ရှိရင်တောင် ၀မ်းသာရမှာပါ။ ဘ၀အမောတွေကြားမှာ ဖြတ်သန်းရတိုင်း လိုအပ်တဲ့အချစ်မျိုးပါ။
နောက်ဆုံး ပြောချင်တဲ့ အချစ်မျိုးကတော့ လူတိုင်းချစ်ဖူးတဲ့ အချစ်ပါ။ ဒါကဘာလဲဆိုတော့…. ကိုယ့်ကိုယ်ချစ်တဲ့အချစ်လေ။ ကိုယ်မဟုတ်သော အခြားသူတွေဖြစ်တဲ့ မိဘ၊ဆွေမျိုးနဲ့ သူငယ်ချင်းတွေကို မချစ်ရင်နေမယ်။ ကိုယ့်ကိုယ်ကိုတော့ လူတိုင်းချစ်မြတ်နိုးကြပါတယ်။ လူတင်မဟုတ်ပါဘူး။ သတ္တ၀ါတိုင်းက ကိုယ့်ကိုယ်ကို ချစ်ကြပါတယ်။ ဒါကြောင့်သာ ကိုယ့်ကိုထိပါးလာမယ့် အန္တရာယ်ကို ရှောင်ဖယ်ပြီး မတတ်သာလို့ ရင်ဆိုင်ရမယ်ဆိုရင်လည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ခုခံကြတာပါ။ ကိုယ့်ကိုယ်ကိုချစ်တဲ့ အချစ်ကိုသာ မူတည်ပြီး အခြားသူကိုချစ်တဲ့ အချစ်တွေက ပေါ်ထွက်လာတာပါ။ ချစ်သူကိုချစ်တယ် ဆိုတာကလည်း သူ့ကိုမြင်ရရင် ပျော်ရွှင်ပါတယ်ဆိုတဲ့ ကိုယ့်ရဲ့အတ္တကြောင့်ပါပဲ။ မတွေ့ရရင်လွမ်းတယ်၊ ဆွေးတယ်ဆိုရင်လည်း သူ့ကိုမမြင်ရရင် စိတ်ညစ်တဲ့ကိုယ့်စိတ်ကြောင့်ပါပဲ။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားက သတ္တ၀ါတိုင်းက ကိုယ့်ကိုယ်သာအချစ်ဆုံးလို့ ဟောကြားခဲ့တာပါ။ အခြားသူကိုချစ်တဲ့အချစ်ကိုသာ ပယ်ဖျက်နိုင်မယ်။ ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်ကတော့ ပယ်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်အောင်ပါဘဲ။ အင်မတန်မှကို ခက်ခဲပါတယ်။ ဒီအချစ်ကို ပယ်ဖျက်နိုင်မယ်ဆိုရင်တော့ သံသရာမှ ကျွတ်လွတ်နိုင်မယ့် လမ်းစကို ရှာတွေ့တာပါပဲလို့ ပြောရမှာပါ။ သံသရာမှာ ကျင်လည်နေတဲ့ သတ္တ၀ါအားလုံးက ဒီအနှောင်အဖွဲ့ကနေ မရုန်းထွက်နိုင်သေးပါဘူး။
ဒီလောက်ဆို ကျမပြောနေတာတွေလည်း များနေပါပြီ။ အားလုံးလည်း ပျင်းရိနေကြမလား မသိဘူးနော်။ ပြောစရာတွေ ကျန်သေးပေမယ့် တစ်ထောင့်တစ်ညပုံပြင်လို ဆုံးမှာကို မဟုတ်တော့ပါဘူး။ ဒီထက်ပိုသိချင်ရင်တော့ ကျမကိုဆက်သွယ်ပေါ့နော်။ ကျမကို ကိုမော်စီက tagလို့သာ ပြောရတယ်။ ကျမလည်း ဒီအချစ်တွေအားလုံးကို မချစ်တတ်သေးပါဘူး။ ကြားဖူးသမျှ၊ ဖတ်ဖူးသမျှတွေ တင်ပေးတာပါ။ အခုကျမက အချစ်အကြောင်း ပြောပြီးသွားပြီဆိုတော့ သူများတွေပြောတဲ့ အချစ်အကြောင်းကိုလည်း နားထောင်ချင်ပါသေးတယ်။ သူတို့တွေကတော့
အတွေးရပ်ဝန်းက မမဆုဝေ
အချစ်အကြောင်းပြောချင်နေတဲ့ ကိုပီကေ
ကိုမာန်လှိုင်းငယ်
ကဗျာတွေရေးတဲ့ငယ်ဆူးအိမ် တို့ပဲ ဖြစ်ပါတယ်ရှင်။ ရေးပေးကြပါဦးနော်။
မှတ်ချက်။ ။အထက်ပါပို့စ်သည် ကျမရဲ့ထင်မြင်ချက်မျှသာ ဖြစ်ပါတယ်။ အမှားအယွင်းပါခဲ့ပါက ကျမ၏ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ဒီ့အတွက် အားလုံးကို တောင်းပန်ပါတယ်နော်။ လာဖတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
4 comments:
hay you said so much about love.I think you have much experience about love
ရေးထားတာ အများကြီးပဲ။ ဒါပေမယ့် အုန်းခြစ်တော့ မပါဘူး။ အုန်းခြစ် အကြောင်း ကျောက်စရစ်က ပိုသိတယ် ထင်ထားတာ။ အခုတော့ ခဲလေသမျှ အလကား ဖြစ်ကုန်ပြီ။ အုန်းခြစ်နဲ့ အုန်းသီးခြစ် ပြီးရင် ကောက်ညှင်းပေါင်း အပေါ်မှာ ဖြူးပြီး နှမ်းထောင်းလေးနဲ့ စားရတာကို သတိရ မှတ်မိ ထားတာတွေ သွားပါပြီ။
အချစ်ဆိုတာကို တချို့က ...
ရာဂလို့ ပြောကြတယ်။
၁၅၀၀ ဆိုတဲ့ဟာကိုပြောတာ ထင်ပါတယ်။
အဲလိုဆိုလိုက်တော့ အချစ်ဆိုတာ ပူလောင်တဲ့ ကိလေသာ မီးတစ်မျိုး။
ရှောင်ရန်ဖြစ်သွားတာပေါ့။
တချို့က မေတ္တာလို့ပြောကြတယ်။
၅၂၈ ဆိုတာကိုပြောတာ ဖြစ်မယ်။
အဲဒါဆိုရင်တော့ မေတ္တာတစ်မျိုးတည်း နဲ့မပြည့်စုံနိုင်တော့ဘူး။
မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ဗြဟ္မစိုရ်တရားလေးပါး လုံးကိုပြောမှ ပြည့်စုံမှာပါ။
အဲလိုဆိုတော့ အချစ်ဆိုတာ အေးမြသော မေတ္တာတရား။
ဆောင်ရန် ဖြစ်သွားပြီ။
သိလို့တတ်လို့ ပြောတာမဟုတ်ဘူးနော် ကြားဖူးနားဝ ၀င်ပြောကြည့်တာ။
စာကားတစ်လုံးတည်းနဲ့ ဆန့်ကျင်ဘက် အပူနဲ့ အအေး ၂ မျိုးစလုံးကို ကိုယ်စားပြုနိုင်တယ် ဆိုတော့ နားလည်ဖို့တော့ တော်တော်ခက်မယ်ထင်တယ်။
ဒါပေမယ့် အဲဒီသိပ်နားမလည်တဲ့ စကားကိုပဲ ကျွန်တော်လည်း ပြောတော့ ပြောဖူးတယ်။
ဟုတ်ပါတယ် ကိုရွက်ဝါရေ ..။ ကိုရွက်ဝါပြောတာလည်း မှန်ပါတယ်..။ အချစ်ဆိုတာလည်း နားလည်ရတော့ ခက်သားနော်။ အကိုကမှ ပြောဖူးတဲ့အတွေ့အကြုံရှိလို့ ရေးတာတော်သေးတယ်။ သဲက အတွေ့အကြုံလည်း မရှိသေးဘူးဗျ။ ကြော်ငြာဝင်တာပါ။
Post a Comment