Saturday, December 1, 2007

ရိုးသားမှာလား... ဟန်ဆောင်မှာလား...

ရိုးသားပွင့်လင်းခြင်းနဲ့ ဟန်ဆောင်ကောင်းခြင်းမှာ ဘယ်အရာက ပိုနှစ်သက်သလဲလို့ မေးကြရင် ဘယ်သူမဆို ရိုးသားပွင့်လင်းခြင်းလို့ ဖြေကြမှာပါ။ သင်ရော ဘယ်လိုများ ဖြေပါမလဲ။ ကျမကို မေးခဲ့ရင်တော့ ရိုးသားပွင့်လင်းခြင်းလို့ပဲ ဖြေမိမှာပါ။ ဒါပေမယ့် လက်တွေ့ဘ၀ကြီးမှာ ရှင်သန်ရတဲ့အခါ ရိုးသားပွင့်လင်းရုံနဲ့ အဆင်မပြေဘဲ နူးညံ့စွာ ဟန်ဆောင်ကောင်းခြင်းဟာလည်း အရေးပါတယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။

ရိုးသားပွင့်လင်းခြင်းဆိုတဲ့ အဓိပ္ပာယ်ကို အခြားသူတွေ ဘယ်လိုအဓိပ္ပာယ်ဖွင့်တယ်ဆိုတာ မသိပေမယ့် ကျမထင်မြင်မိတာကတော့ စိတ်ထဲမှာရှိသမျှကို တဖက်လူအား ဖွင့်ပြောတတ်ခြင်းလို့ပဲ ယူဆမိပါတယ်။ မိမိရဲ့ရင်ထဲမှာ ခံစားရသမျှတို့ကို မခြွင်းမချန် ပြောပြပြီး အခြားလူအပေါ် အကောက်ကြံလိုတဲ့ စိတ်ဓါတ်မျိုးမရှိဘူးလို့ ဆိုရမှာပေါ့။ အဲဒီ့လို ပကတိဖြူစင်ရိုးသားတဲ့ စိတ်ဓါတ်လေးကိုတော့ ကျမတို့ကလေးဘ၀မှာသာ တွေ့ရလေ့ရှိပါတယ်။ အားလုံးအတွက်လည်း ပျော်ရွှင်စရာ အကောင်းဆုံးအချိန်လို့ ယူဆမိပါတယ်။ ကိုယ်ဖြစ်ချင်တာ မှန်သမျှကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောနိုင်ဆိုနိုင်တဲ့ အရသာလောက် ကောင်းတဲ့အရသာ မရှိပါဘူး။

ဟန်ဆောင်ကောင်းခြင်းကိုတော့ ကျမငယ်ငယ်က အရမ်းကိုရွံမုန်းခဲ့ပါတယ်။ ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ ဟန်ဆောင်ကောင်းတယ်ဆိုတဲ့ ဇာတ်ရုပ်တွေကလည်း ကောင်းမှမကောင်းဘဲနော်။ ဟန်ဆောင်ကောင်းတဲ့လူတွေက သူများကို ချောက်တွန်းတဲ့ အခန်းတွေမှာသာ ပါကြတာလေ။ သူတပါးကို ချောက်တွန်းဖို့အတွက်သာ ဟန်ဆောင်မှုအတတ်ကို အသုံးပြုကြတယ်လို့ ထင်မြင်မိခဲ့ပါတယ်။

အသိုင်းအ၀ိုင်းထဲမှာ ဆက်ဆံရတဲ့အခါမှာတော့ ရိုးသားပွင့်လင်းစွာ ဆက်ဆံလို့ရတဲ့ လူတွေလည်း ရှိသလို နည်းနည်းလေး ဟန်ဆောင်မှသာ ဆက်ဆံရေး ပြေလည်ရတဲ့ လူတွေလည်း ရှိပါတယ်။ ပင်ကိုယ်စိတ်ရင်းနဲ့ ဆက်ဆံလို့ မရတဲ့လူမျိုးတွေပေါ့လေ။ ဒီလိုလူတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ကျမတို့က ဟန်ဆောင်မှုပုဝါပါးလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောပါရစေ။ လူနှစ်ယောက် ရန်ဖြစ်တယ် ဆိုကြပါစို့။ တစ်ယောက်က သူမကျေနပ်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ နောက်တစ်ယောက်ကတော့ တဖက်လူကို မကျေနပ်တာ မဟုတ်တဲ့အကြောင်း ဟန်ဆောင်မှုလည်းစွက်ကာ ပြောပြမယ်ဆိုရင် များသောအားဖြင့် ပွင့်ပွင့်လင်းလင်းနဲ့ ဒေါသထွက်တဲ့လူကို အပြစ်မြင်မိကြမှာပါ။

ဒါကြောင့် ကိုယ့်ဘက်က မှန်သောငြားလည်း မပြောသင့်တဲ့အချိန်မှာ မျိုသိပ်နိုင်ရမယ်လို့ ဆိုဆုံးမကြတာပါ။ ကိုယ်လိုချင်တာကို ရဖို့အတွက် သူတပါးကို မထိခိုက်စေဘဲ လှည့်ကွက်လေးတွေနဲ့ ဆောင်ရွက်သင့်တဲ့ အခါတွေလည်း ရှိပါတယ်။ ဒါကိုတော့ နူးညံ့စွာ ဟန်ဆောင်ကောင်းခြင်းလို့ နာမည်တပ်ပါရစေ။ ဒီလိုဟန်ဆောင်ကောင်းဖို့ အတွက်တော့ ပွင့်လင်းမှုကို စွန့်လွှတ်ထားရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲက ခံစားမှုကို တဖက်လူမသိစေဘဲ အပြုံးလှလှလေးတွေ တပ်ဆင်ဖို့လည်း လိုပါသေးတယ်။ လူမုန်းလည်း မခံရအောင် မလိုအပ်ရင် ကိုယ်ပြောချင်တာကို မျိုသိပ်ထားရမှာပါ။ ဒီလိုနူးညံ့စွာ ဟန်ဆောင်ကောင်းခြင်းကိုပဲ လူအများစုက သဘောကောင်းခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ ရိုးသားခြင်းအမှတ်နဲ့ နှစ်သက်ကြပါတယ်။ ဒီလိုမှသာ ကိုယ်ပြောသမျှကို အားလုံးက ယုံကြည်နိုင်မှာပါ။ ဒါပေမယ့် ရင်ထဲမှာတော့ ပြောခွင့်မရတဲ့ စကားတွေက အကျိတ်အခဲတွေအဖြစ် တည်ရှိနေမှာပါ။ အလွန်ကို မွန်းကျပ်တဲ့ ခံစားမှုမျိုးပါ။

အခုလို နူးညံ့စွာ ဟန်မဆောင်တတ်လို့ ကျမအမှားလို့ ထင်ခဲ့ရတဲ့ ကိစ္စတွေလည်း အများကြီးကြုံဖူးပါတယ်။ ကျမစိတ်ဓါတ်ကို ပြောပြထားတဲ့အတိုင်း ကျမကပွင့်လင်းမှုကို အရမ်းကို မြတ်နိုးပါတယ်။ ဘယ်သူ့ကိုမဆို ကျမရင်ထဲမှာ ရှိတဲ့အတိုင်း ဆက်ဆံတတ်ပါတယ်။ မကျေနပ်ရင် မကျေနပ်တဲ့အတိုင်း၊ မဟုတ်မခံစိတ်နဲ့ ပြောဆိုဆက်ဆံခဲ့တဲ့အတွက် ကျမကို ဒေါသကြီးတယ်လို့တမျိုး၊ စိတ်မရှည်ဘူးလို့ တဖုံ ၊ နားလည်မှုမရှိဘူးလို့ အမျိုးမျိုး စွပ်စွဲခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျမရဲ့အကျင့်ကို အခုအချိန်အထိ ပြင်မရသေးပါဘူး။ ကြိုးစားဆဲပါပဲ။ အားလုံးလည်း သူတပါးကို မထိခိုက်တဲ့ နူးညံ့စွာဟန်ဆောင်ခြင်းနဲ့ အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်နော်။

(ဒီနေ့ ရေးတဲ့စာကတော့ တိုသွားတယ်ထင်တယ်။ မနည်း ဖျစ်ညှစ်ရေးထားလို့ ဒီလောက်ရတာပဲ ကံကောင်းလို့ ပြောရမလို ဖြစ်နေတယ်..:) သည်းခံကြပါနော်။)

8 comments:

ပီကေ said...

လူတစ်ယောက်ဟာ အမှန်တရားတိုင်းကို သိဖို့ မလိုပါဘူး။ အမှန်တရားတိုင်းကို သိဖို့လည်း မကြိုးစားသင့်ဘူး။ သူများကိုလည်း သိအောင် သွား မကြိုးစားသင့်ဘူး လို့ ထင်မိတယ်။ ဘာလို့လဲ ဆိုတော့ အမှန်တရားတွေက ခါးသီးတတ်လို့ပါ။ နောက်တစ်ခု စိတ်မထားတတ်တဲ့၊ မနေတတ်တဲ့ ကျနော်တို့လို လူတွေ အတွက် မသိသင့်ဘူးလို့ ထင်မိတယ်။ အဲဒီ အမှန်တရားကို သိလိုက်လို့ ပူလောင်နေမယ် ဆိုရင် ဘာဖြစ်ဖို့ သိသင့်တယ်လို့ ထင်ပါသလဲ။ ဒါဆို အဲဒီလို အခြေအနေမျိုးမှာ အမှန်တရားကို မသိချင်ယောင်ဆောင်လိုက်ရင် ဘ၀ကြီးက ပို ပျော်စရာ မကောင်းဘူးလား။ ဒါဆို ဟန်ဆောင်လိုက်ကြမယ်လေ။ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။

Villager said...

ရိုးသားပွင့်လင်းမှုဟာ အန်မတန်မှကောင်းသော လုပ်ရပ်လေးပါညီမ လူတိုင်းက ရိုးသားမှုကိုမြတ်နိုးကြပါတယ် တချို့ကတော့ ရိုးသားပေမယ့် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့တော့ မ၀ံ့မရဲဖြစ်ကြပါတယ် ဘာဖြစ်လို့လဲတော့မသိပါ လူတယောက်ကို မကျေနပ်ရင် ထိုသူကို ဘာကြောင့်မကျေနပ်ဖြစ်ရတယ် ဆိုတာကိုတော့ ပွင့်ပွင့်လင်းလင်းပြောပြသင့်တယ်လို့ ယူဆမိပါတယ် ဒါမှ တဖက်လူကလည်း သူမှားတာကို သိပြီး ပြင်ရမှာ မလို့ပါ။ တခါတလေကျ ကိုယ့်ဘက်က မှားတယ်လို့ယူဆမိတာတွေကလည်း မှားတတ်ကြပါတယ်။ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဖြေရှင်းသင့်တယ်လေ။ ရင်ထဲမှာ ရှိတဲ့အတိုင်းပြောတတ်တဲ့ ညီမလေး ရင်ထဲမှာရှိတာလေး ပြောသွားပါတယ်။

thamudayanwe said...

ညီမလေး..မှန်တယ်..ပွင့်လင်းတော့အပေါက်ဆိုးသတဲ့
နူးညံ့စွာဟန်ဆောင်ရတာလဲ ပင်ပန်းပေမဲ့ တခါတလေ..
ရင်ထဲမှာမျိုချလိုက်ရတာ..ဘယ်လောက်ပင်ပန်းလဲ.
လူလောကအသိုင်းအ၀ိုင်းထဲမှာနေတဲ့အခါ..
ဒါတွေကိုရင်ဆိုင်ဖို့နဲ့ အမှားနည်းအောင်နေဖို့အဓိကကျတယ်..
ဟင်း..စိတ်ရှုပ်ပ..
တချို့ရဲ့ဟန်ဆောင်ခြင်းနောက်ကွယ်က ပရိယာယ်တွေကလဲအများသား
အရမ်းနူးညံ့လာပြီး..ဒေါသတကယ်ထွက်သင့်ရဲ့သားနဲ့
အပြုံးမပျက်စကားပြောလာပြီဆိုရင်
ညီမရေ..သတိသာထားပေတော့
အင်မတန်ကြောက်စရာကောင်းတယ်..

ရန်ကင်း said...

လွတ်လပ်စွာရိုးသားပြီးဘယ်သူ့ ကိုမှမထိခိုက်အောင်နေတာအကောင်းဆုံးပါ။အဲဒါကိုမှတချို့ လူတွေကသူတို့ စိတ်နဲ့ နှိုင်းပြီးအမြင်ကတ်တာတို့ မနာလိုဖြစ်တာတို့ ဖြစ်လာရင်လည်းဂရုမစိုက်ပဲကို့ ရှေ့ကိုရူတာအကောင်းဆုံးဖြစ်မှာပါ။အားလုံးကမြေကြီးထဲကို
တစ်နည်းနည်းနဲ့ေ၇ာက်သွားကျရမှာပါ။အမှန်တရားကိုသိအောင်လုပ်ယူမှတကယ်
ငြိမ်းချမ်းမဲ့နေရာကိုရောက်ဖို့ အထောက်အကူဖြစ်မှာပါ။

Layma said...

ကိုပီကေပြောတာကို အပြည့်အ၀ ထောက်ခံပါတယ်..။
မမသမုဒယ ပြောလို ရင်ထဲမှာ မြိုချလိုက်ရတာတွေကို နူးညံ့စွာ ဟန်ဆောင်ခြင်းလို့ ပြောနိုင်ပါတယ်...။

ရွှေဂျမ်း said...

စိတ်ထဲရှိတဲ့အတိုင်း ပြောမိလို့ သူများက အမြင်မကြည်တာမျိုးတွေ ကျွန်မလည်း ရံဖန်ရံခါ ကြုံဖူးပါတယ်။ ပွင့်ပွင့်လင်းလင်း သမားတွေအတွက် နူးညံ့စွာ ဟန်ဆောင်ခြင်းက လွယ်မယောင်နဲ့ ခက်တာမို့ ကျွန်မလည်း ကြိုးစားနေတုန်းပဲ မေပျိုရေ။

Ulmuka said...

ကျွန်တော်လည်း ဟန်မဆောင်တတ်လို့ ဒုက္ခတော်တော်ရောက်တယ်ဗျ။ အခုဆို အပြင်ထွက်ရင် တောင် ဆိုင်ကယ်ဦးတုပ်ဆောင်းထားရတယ်။ ချောင်းရိုက်မှာ စိုးလို့။ :D

မျှားပြာ said...

နူးညံ့စွာဟန်ဆောင်ခြင်းတဲ့လားဗျာ ..
ကောင်းလိုက်တဲ့ စကားလေး