Friday, December 28, 2007

မျက်ရည်စက်များ...

မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်လေးများ တွဲလွဲခိုလာပြီး တဖြည်းဖြည်းနဲ့ မျက်ရည်အဖြစ် စုစည်းလာကြသည်။ မျက်ရည်များကို ဂရုမပြုမိသည့်အလား သူမမျက်လွှာချနေသည်။ မျက်ရည်များကလည်း သူမရဲ့ပါးပြင်ပေါ်မှာ အတားအဆီးမဲ့စွာ တလိမ့်လိမ့် ကျဆင်းလို့..။ သူမအတွက် မျက်ရည်ကျသည်က အထူးအဆန်း မဟုတ်တော့ပါ။ မျက်ရည်များကသာ သူမရဲ့အဖော်.. သူမရဲ့မိတ်ဆွေ..။ တစိမ့်စိမ့်ကျဆင်းလာသော မျက်ရည်များကို သည်းမခံနိုင်စွာ သူမ လက်ခုံနှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။

မိုးမလင်းသေးတာမို့ ပတ်ဝန်းကျင်မှာလည်း သူမရဲ့ရှိုက်သံကလွဲလို့ တိတ်ဆိတ်နေသည်။ သူမရဲ့အခန်းထဲမှာ မှောင်မိုက်နေတာမို့ မီးဖွင့်ရန် ခလုတ်ကိုရှာလိုက်သည်။

`ဂျောက်´

မီးခလုတ်ကို ရှာတွေ့သော်လည်း ဖွင့်လိုက်တော့ မီးကလင်းမလာ။ သူမရဲ့မီးလုံးများ ကျွမ်းနေသလား။ နောက်မှ အသိတစ်ချက် ၀င်လာသည်။

`သြော်.. မီးပျက်နေတာပဲ။´

မီးဖွင့်လို့မရသော်လည်း အခန်းထဲမှာ မှောင်မဲနေတာကို မနှစ်မြို့သဖြင့် လိုက်ကာကိုဖွင့်လိုက်သည်။ ထွက်ခါစ နေရောင်က သူမရဲ့အခန်းကို အပြည့်အ၀ မလင်းစေဦးတော့ အလင်းရောင်မှိန်မှိန်လေးကိုပဲ သူမ မက်မောလှပါသည်။ သိပ်မကြာလှတဲ့အချိန်မှာ ငှက်ကလေးတွေရဲ့ တေးသံချိုကို သူမကြားလိုက်ရသည်။ သူတို့ကတော့ ကိုယ့်ဘ၀ကိုယ် ပျော်နေကြပါလား…။ သူမကရော…။

သိပ်မကြာခင်အတွင်းမှာပဲ ဆူညံဆူညံအသံ ကြားလိုက်ရသည်။ ဘာများလဲလို့ ကြည့်လိုက်တော့.. အလုပ်သွားရန် ထွက်လာသောမိသားစု..။ အဖေနဲ့သားကတော့ ကာယအလုပ်သမားတွေ ဖြစ်ပုံရပြီး အမေကတော့ ဈေးမှာပန်းရောင်းဖို့ ထွက်လာပုံရသည်။ သူတို့တနေ့တာသည် ပင်ပန်းစွာ ဖြတ်ကျော်ရဦးမည်။ သို့သော် သူတို့မျက်နှာပေါ်မှာတော့ စိတ်ညစ်ခြင်း စိုးစဉ်းမျှမရှိ။ ရှိသမျှနဲ့ ရောင့်ရဲကာ ပြုံးပျော်နေပုံ..။

အလင်းရောင်ကလည်း တစတစပီပြင်လာပြီး အမှောင်ကို ဖယ်ရှားပစ်လိုက်သည်။ ကောင်းကင်ယံမှာ နေမင်းကြီးက မာန်ပါပါနဲ့ သူ့ရဲ့တာဝန်ကို ထမ်းဆောင်တော့မည်။ လမင်းကြီးကတော့ သူ့ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးလို့ တဖန်ပြန်၍ အနားယူတော့မည်။ အခုလိုမျိုး ကြိုသိနေကျ အချိန်ဇယားအတိုင်း တာဝန်ထမ်းဆောင်နေကြသော သူတို့မှာ ငြီးငွေ့စိတ်တွေ မဖြစ်ကြဘူး ထင်ပါရဲ့။ ငြီးငွေ့လွယ်တဲ့ လူသားတစ်ယောက်ဖြစ်သော သူမကတော့..။

သူမသည်လည်း တနေ့တာ တာဝန်ကို ထမ်းဆောင်ရန် အောက်ထပ်ကို ဆင်းလာခဲ့သည်။ သူမကို စီးကြိုမယ့်သူ မရှိ။ နှုတ်ဆက်မယ့်သူ မရှိ။ စကားပြောမယ့်သူ မရှိ။ သူမရဲ့ဘ၀က ကန္တာရနှယ် ခြောက်ကပ် လွန်းလှပါသည်။ နွေးထွေးစွာ ဆက်ဆံမှုမရှိဘဲ ဟန်ဆောင်မှုတွေသာ ဖုံးလွှမ်းနေတဲ့ လောကကြီးကို သူမစိတ်ကုန်သည်။ ရင်ထဲက အနှစ်မပါဘဲ ပြုံးပြတဲ့လူတွေကို သူမမုန်းသည်။ မူမမှန်တော့တဲ့ သဘာဝတရားကြီးကို ဒေါသထွက်သည်။ လူသားချင်းမစာနာသည့် လူ့ဘီလူးများကို ရွံရှာသည်။ တနေ့တနေ့ သံပါတ်ပေးသလို လည်နေရသည့် ဘ၀ကိုလည်း စက်ဆုပ်သည်။

လူတစ်ယောက် မျက်ရည်ကျပါက အမျိုးမျိုး မှတ်ချက်ချနိုင်သည်။ ဘ၀က ဆင်းရဲပင်ပန်းနေလို့လား..။ မဖြေရှင်းနိုင်သည့် အခက်အခဲ တခုခု ရှိနေလို့လား..။ စီးပွားရေး အဆင်မပြေလို့လား..။ ဒါမှမဟုတ်.. သမုဒယနွယ်တွေကြောင့်လား..။

သို့ပေမယ့် မျက်ရည်သည် ထိုထိုသော အရာများကိုကြောင့်သာ ကျတတ်သည် မဟုတ်ပေ။ အခြားသော အကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူမ မျက်ရည်ကျခြင်းကတော့… ဆင်းရဲပင်ပန်းလို့မဟုတ်၊ ဖြေရှင်းမရတဲ့ အခက်အခဲတွေကြောင့်မဟုတ်၊ စီးပွားရေးကြောင့်မဟုတ်၊ သမုဒယနွယ်တွေကြောင့်လည်း မဟုတ်။ သူမရဲ့မျက်ရည်စက်များသည် နွေးထွေးတဲ့ ဆက်ဆံမှုများကို မျှော်လင့်ရင်း ဟန်ဆောင်သူများကို ကွေ့ဝိုက်ရှောင်ရခြင်းဖြင့် ရရှိလာသည့် အထီးကျန်မှုကြောင့်သာ ဖြစ်သည်။

4 comments:

သဇင်ဏီ said...

အထီးကျန်မူကြောင့် ကျလာတဲ့မျက်ရည်တွေပေါ့..
သနားပါတယ်...
သဲကစာရေးတာပိုကောင်းလာတယ်နော်

ပီကေ said...

အထီးကျန် မျက်ရည်ပေါ့၊ ဟုတ်လား။ အထီးကျန်လို့ မျက်ရည်ကျပေမယ့် ကျတဲ့ မျက်ရည်ကတော့ ဘယ်တော့မှ အထီးမကျန်ဘူးလေ။ ဘာလို့လဲ ဆိုတော့ မျက်ရည်တို့မည်သည် တစ်စက်တည်း ဘယ်တော့မှ မကျဘူးလေ။ အဖော်ရှိမှ ကျတာ။ အနည်းဆုံးတော့ သောကကို အဖော်ခေါ်လာတယ်လေ။

Red's Rose Dream said...

အထီးကျန်တာတော့မဖြစ်နိုင်ဘူးနဲ့ တူတယ်နော်။ ဘာလို့လဲ ဆိုတော့ သူမ က အမကြီးဖြစ်နေတာကိုကွယ့် ဟတ်ဟတ် ဟတ်။
ဝတ်ထုတို နောက်တစ်ပုဒ်ပေါ့လေ။ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် ဖတ်ရတာမ၀ဘူးဖြစ်နေတယ်။ ခပ်ရှည်ရှည်လေး။ မျှော်နေမယ်လေ နော်။

Kaung Kin Ko said...

မျက်ရည်တွေဘာတွေတောင်ကျလာပြီပေါ့။ ကောင်းတယ် :D စတာ။ အရေးအသားကောင်းတယ်။