Monday, December 3, 2007

ဆေးပေါင်းခတဲ့ည

ဆေးပေါင်းခတဲ့ညအကြောင်းရေးဖို့ ကျမကို tagထားတာလည်း ကြာလှပါပြီ။ ကျမကလည်း ဒီကြားထဲမှာ ရေးချင်တာလေးတွေ၊ ရေးသင့်တာလေးတွေ ရေးနေတာနဲ့ ဒီဆေးပေါင်းခတဲ့ညကို အလှည့်မပေးနိုင်ဘူး ဖြစ်နေတယ်။ အခုတော့ အချိန်မရှိတဲ့ကြားကပဲ ဒီဆေးပေါင်းခတဲ့ညကို ရေးပါတော့မယ်။

ဆေးပေါင်းခတဲ့ည တော်တော်များများမှာ ကျမကအိပ်နေခဲ့တာနဲ့ပဲ အချိန်ကုန်တာ များလှပါတယ်။ ကံစွပ်ကံညား ဒီနှစ်မှသာ ဆေးပေါင်းခတဲ့ညက အမှတ်တရဖြစ်လာခဲ့တာပါ။ အဲဒီ့ညမတိုင်ခင်ကတည်းက ကျမတို့က မယ်ဇလီဖူးသုပ် သုပ်စားမယ်လို့ ရည်ရွယ်ထားခဲ့တာပါ။ မှန်ရာကို ၀န်ခံရရင် ကျမက မယ်ဇလီဖူးသုပ်ကို မကြိုက်ပါဘူး။ စားလည်း မစားဖူးပါဘူး။ ကျမကအခါးကို ကြောက်ပါတယ်။ ဒါပေမယ့်လည်း ဆေးပေါင်းခတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ စားရချည်သေးရဲ့ဆိုပြီး အားခဲထားရပါတယ်။ ၀မ်းကွဲမောင်နှမတွေလည်း မဆုံဖြစ်တာကြာပြီဆိုတော့ ကျမတို့အိမ်မှာ ချိန်းဆိုထားခဲ့ကြပါတယ်။

ဒီလိုနဲ့ပဲ ဆေးပေါင်းခမယ့်နေ့ကို ရောက်လာခဲ့တာပေါ့။ မနက်ကနေနေ့လည်၊ နေ့လည်ကနေညနေနဲ့ တဖြည်းဖြည်း ညနေစောင်းလာတာပေါ့။ ကျမမှာလည်း အကိုတွေကို မျှော်လိုက်၊ အမတွေကို မျှော်လိုက်နဲ့ တမျှော်မျှော်ပေါ့။ ဂျီတော့လေး ၀င်လိုက်၊ ဘလော့လေးတွေ လိုက်ဖတ်နဲ့ ဆေးပေါင်းခတဲ့ညကို စောင့်မျှော်နေတာပေါ့။ အကိုတွေ အမတွေလည်း တဖွဲဖွဲနဲ့ ရောက်လာကြပါတယ်။ ညကလည်း သိပ်မနက်သေးတော့ ကျမတို့ရဲ့ ဆေးပေါင်းခတဲ့ည အစီအစဉ်လေးကို မစသေးဘူးပေါ့။

ဆေးပေါင်းခတဲ့ညဆိုတာ တန်ဆောင်မုန်းလပြည့်ညကို ခေါ်ကြတာပေါ့နော်။ အရင့်အရင်နှစ်တွေကတော့ ဘုရားပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပေမယ့် ဒီနှစ်မှာတော့ ကျမတို့မြို့နယ်က စေတီလေးခမျာ ခြောက်ကပ်စွာနဲ့ ဖယောင်းတိုင်တောင် ထွန်းညှိခွင့်မရှိတဲ့အဖြစ်လေ။ လပြည့်ညမှာတောင် ခြောက်ခြောက်သွေ့သွေ့နဲ့ ဖြတ်သန်းရတာ ဘယ်လောက်တောင်မှ ရင်နာစရာ ကောင်းသလဲလေ။ ဒီလိုအခြေအနေက အမြန်ဆုံး လွတ်မြောက်ဖို့ပဲ အိမ်ကဘုရားမှာ ဆုတောင်းရတာပေါ့။

အားလုံးလည်းစုံပြီး ကျမတို့ဆိုင်လည်း ပိတ်တော့မှ ကျမတို့ရဲ့ ဆေးပေါင်းခတဲ့ည အစီအစဉ်လေးကို စတင်ဖြစ်ခဲ့ပါတယ်။ ဆန်းဆန်းပြားပြားတော့ မဟုတ်ပါဘူး။ ၀ရံတာမှာ အားလုံးဝိုင်းထိုင်ပြီး ဂစ်တာလေးတီးလို့ သီချင်းတွေကို သံပြိုင်သီဆိုကြတာပါ။ ဘာမှတော့ မဟုတ်ပေမယ့် ရင်ထဲက အစိုင်အခဲအချို့ကို ချေဖျက်နိုင်ပါတယ်။ ရင်ထဲမှာရှိသမျှကို ဖွင့်ဟလိုက်သလို သီချင်းကိုအသားကုန် အော်ဆိုကြတာလေ။ ဘေးနားက အိမ်တွေတော့ ဘယ်လိုနေလည်း မသိဘူး။ ကျမအဖေကတော့ အိပ်ဆေးသောက်ပြီး အိပ်ယူရတဲ့အထိပါပဲ။ ကျမတို့သီချင်းတွေ ဆိုနေချိန်မှာတော့ ကျမတို့အဒေါ်ကတော့ မီးဖိုချောင်ထဲမှာ ကျမတို့အတွက် ချက်ပြုတ်နေလေရဲ့။

သီချင်းတွေ ဆိုလိုက် အော်လိုက်နဲ့ပဲ နာရီကြည့်လိုက်တော့ ၁၂နာရီထိုးခါနီးနေပြီ။ ဆိုရတာများလို့ အသံတွေတောင် နာနေပြီလေ။ သန်းခေါင်ယံဆိုတော့ ခွေးတွေကလည်း အူနေပြီပေါ့။ အဲဒီ့အချိန်မှာပဲ မယ်ဇလီဖူးသုပ် လာချပေးတယ်။ ကျမလည်း အားရပါးရနဲ့ တစ်ဇွန်းခက်ပြီး စားလိုက်တာ။ အားပါးပါး။ ခါးလိုက်တာမှ အရမ်းပဲ။ ထွေးထုတ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ ပါးစပ်ထဲရောက်တာနဲ့ အတင်းမျိုချပြီး ကော်ဖီပူပူကို တန်းသောက်ရတာပဲ။ သူ့ရဲ့ခါးတဲ့ဒဏ်ကို ကျမမှမခံနိုင်ဘဲ။ နောက်တော့လည်း ခါးတဲ့အရသာကိုအသာထားပြီး သီချင်းပြန်ဟဲကြပြန်ရော။ ကျမတို့ဆိုနေတာကို အားကျလို့ထင်တယ်။ ကျမတို့ရဲ့ မျက်နှာချင်းဆိုင် ကားလမ်းမက တစ်ဖွဲ့ကလည်း လိုက်ဆိုကြပါရော။ (ဒါပေမယ့် သူတို့ဆိုတာ ကျမတို့လောက် မကောင်းဘူးသိလား :P)

ညကလည်း တဖြည်းဖြည်းနက်လာပြီ။ ဆောင်းတွင်းကလည်း ၀င်စဆိုတော့ အအေးဓာတ်ကလည်း စိုးမိုးလာတာပေါ့။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မှောင်မဲနေပြီး ကျမတို့အသံကလွဲလို့ ဘာမှမကြားရတော့ဘူး။ ကျမတို့များ သီချင်းသံတိတ်တာနဲ့ ပတ်ဝန်းကျင်ကလည်း အားလုံးတိတ်သွားတာပဲ။ ၁နာရီလည်း ခွဲနေပြီလေ။ ညနေစာလေးပဲ စားထားတော့ ဗိုက်ကလည်း ဆာသလိုလို။ အောက်ထပ်ဆင်းကြည့်တော့ ကျမအဒေါ်က ကြာဇံကြော်လို့ပြီးနေပြီ။ ကျမလည်း ၀မ်းသာအားရနဲ့ ပန်းကန်တွေယူပြီး အကိုတွေအမတွေကို ကျွေးတာပေါ့။ သီချင်းဆိုထားတာ ပင်ပန်းသွားလို့ထင်တယ်။ စားလိုက်ကြတာမှ အလုအယက်၊ ကျမအဒေါ်ရဲ့ ကြာဇံကြော်လက်ရာက ကောင်းမှကောင်းကို။ အချဉ်လေးကလည်း အရသာရှိနဲ့။ ဟင်းချိုပူပူနွေးနွေးလေးက အေးတဲ့ရာသီနဲ့ လိုက်ဖက်လှပါတယ်။ အခုတောင် ပြောရင်းနဲ့ ထပ်စားချင်လာပြီ။

ကြာဇံကြော်လည်း စားပြီးရော ဘယ်လိုကဘယ်လို သရဲအကြောင်းရောက်သွားလည်း မသိဘူး။ အကိုတွေ ၊ အမတွေကလည်း သူတို့ဘယ်လိုခြောက်တာခံရတယ်ဆိုတာကို တစ်ယောက်ပြီးတစ်ယောက် ပြောပြနေကြတယ်လေ။ သူတို့ပြောနေသံကို စိတ်ဝင်တစား နားထောင်ချိန်မှာ ၀ုန်းးး ဆိုတဲ့ အသံကို ကျမတို့ ကြားလိုက်ရတယ်။ အားလုံးကလည်း သရဲအကြောင်းပြောနေကြတာဆိုတော့ ကြောက်ကြတာပေါ့။ အောက်ထပ်ကိုလည်း ဆင်းပြီးမကြည့်ရဲကြဘူးလေ။ နင်သွား ငါသွားနဲ့။ နောက်ဆုံးတော့မှ လှေကားရင်းမှာ ဘွားးးခနဲ ပေါ်လာတယ်။ ဘာများလည်းလို့ ကြည့်လိုက်တော့ ဟိုဘက်အိမ်က ကြောင်ဗျို့။ ဒီလိုနဲ့ပဲ အပုတ်နဲ့ရတဲ့ဆီကို ရောက်သွားကြပြန်ရော..။ ပြောနေတဲ့သူတော့ မသိဘူး။ ကျမတော့ အနံ့တခုခုပဲ ရသလိုလို၊ ကြောက်လန့်တဲ့စိတ်က အထွတ်အထိပ်မှာပေါ့။ ဒါတောင် လူတွေအများကြီးနဲ့နော်။ နာရီကြည့်လိုက်တော့ ၃နာရီခွဲနေပြီ။ မေမေနဲ့အဒေါ်ကလည်း အိပ်ကြတော့လို့ ပြောတာနဲ့။ ကျမတို့ရဲ့ ဆေးပေါင်းခတဲ့ည အစီအစဉ်လေးတွေကို အဆုံးသတ်ပြီး အိပ်ရာဝင်ခဲ့ကြပါတယ်။

4 comments:

Mintasay said...

စာတွေကောင်းတယ်နော်...

သဇင်ဏီ said...

ဟွန့်..၀ုန်းကနဲ..ဘွားကနဲနဲ့ လူကိုလန့်အောင်လုပ်တယ်..
လူဆိုး

dreamlover said...

မေပျိုက စာရေးသိပ်ကောင်းတယ်နော်။ ပိုစ့်တွေအားလုံးက ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။

Unknown said...

သဲရေ......

ဒီနေ့ အိမ်ကို အရမ်းလွမ်းနေတယ်... ဒါနဲ့ ကိုကျော့် Blog၊ သဲ Blog၊ သီရိ Blogတွေကို ၀င်ပြီး ဖတ်ဖြစ်တယ်။ ဒီpostလေးကို ဖတ်ပြီးတော့ အားလုံးကို အရမ်း သတိရမိတယ်။ မခိုင်လေးတို့ မောင်နှမတွေ အားလုံး ဘယ်တော့မှ အဲ့လို ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံကြမှာလဲကွယ်......

အိမ်ကိုလွမ်းနေတဲ့....
မခိုင်လေး