Wednesday, December 12, 2007

သိုင်းရိုက်ဟော်မုန်းများခြင်းနှင့်ဆေးပညာ

ကျန်းမာသုတဆိုတဲ့ ခေါင်းစဉ်နဲ့ ကျမစာမရေးဖြစ်တာ ကြာပါပြီ။ အခုတော့ ရေးချင်စိတ်ပေါက်တာနဲ့ ရေးမယ်နော်။ သိုင်းရိုက်ဟော်မုန်း နည်းခြင်း၊များခြင်းက လည်ပင်းကြီးရောဂါကို ဖြစ်စေပါတယ်။ ဒီနေ့တော့ သိုင်းရိုက်ဟော်မုန်း များခြင်းကြောင့် လည်ပင်းကြီးရောဂါဖြစ်ခြင်းကို ပြောပြချင်ပါတယ်။

သိုင်းရိုက်ဟော်မုန်းများခြင်းဆိုတာ

ကျန်းမာသောလူများတွင် သိုင်းရိုက်ဂလင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသော သက်ရောက်မှုများပေးသည့် T4နှင့်T3 ဟော်မုန်းနှစ်မျိုးကို မှန်ကန်သောပမာဏ ပေးသည်။ ဒီဟော်မုန်းနှစ်မျိုးက ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု ဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါသည်။ နှလုံးအပါအ၀င် အခြားကိုယ်တွင်းကလီစာတွေကိုလည်း ထိန်းချုပ်ပေးပါသေးသည်။ သိုင်းရိုက်ဟော်မုန်းများခြင်း ဆိုသည်မှာ သိုင်းရိုက်ဂလင်းမှ ဟော်မုန်းများ လွန်ကဲစွာ ထုတ်လုပ်ခြင်းဖြစ်ပါသည်။

သိုင်းရိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေအပေါ် သက်ရောက်မှုလွန်ကဲလာသောအခါ သိုင်းရိုက်ဟော်မုန်းများခြင်းဟူသော အခြေအနေဖြစ်ပေါ်လာပါသည်။ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်မှု များပြားလာသည်နဲ့အမျှ လူနာသည် ပတ်ဝန်းကျင်မှာရှိသော လူများထက် ပိုပူသည်ဟု ခံစားနေရတတ်ပြီး များများစားသော်လည်း ကိုယ်အလေးချိန်က တဖြည်းဖြည်းနဲ့ ကျလာတတ်ပါတယ်။ လူနာရဲ့ စားချင်စိတ်များမှုကြောင့် အလေးချိန်ကလည်း တက်တတ်သဖြင့် အလေးချိန် တက်ခြင်း၊ကျခြင်းကိုတော့ ပုံသေပြောလို့ မရနိုင်ပါ။ သိုင်းရိုက်ဟော်မုန်းများနေတဲ့ လူနာတွေက တနေ့တာကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အရမ်းပင်ပန်းတတ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်တတ်ပါဘူး။ လက်တုန်ခြင်း၊ နှလုံးခုန် မူမမှန်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထိုလူနာတွေက စိတ်အလိုမကျဖြစ်တတ်ပြီး အလွယ်တကူလည်း ၀မ်းနည်းတတ်ပါသည်။ ရောဂါပိုမိုပြင်းထန်လာပါက အသက်ရှူနှုန်းမြန်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း နှင့် ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့်အတွက် လူနာသည် ရောဂါပြင်းထန်လာမှသာ သတိပြုမိတတ်ကြပါသည်။ သက်ကြီးရွယ်အိုတွေမှာဆိုလျှင် လက္ခဏာများ ပြလေ့မရှိဘဲ ကိုယ်အလေးချိန်ကျခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကိုသာ ခံစားရတတ်ပါသည်။

သိုင်းရိုက်ဟော်မုန်းများခြင်း၏လက္ခဏာများ

  • ရင်တုန်ခြင်း
  • အပူဒဏ်မခံနိုင်ခြင်း
  • စိုးရိမ်မှုလွန်ကဲခြင်း
  • အိပ်မပျော်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဓမ္မတာနည်းခြင်းနှင့်ထိန်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • မကြာခဏ၀မ်းသွားခြင်း
  • နှလုံးခုန်မြန်ခြင်း
  • လက်တုန်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ကြွက်သားအားနည်းခြင်း
  • အရေပြားပူ၍စွတ်စိုခြင်း
  • ဆံပင်ကျွတ်ခြင်း
  • မျက်လုံးပြူးခြင်း
အဖြစ်များသောကေ့စ်

သိုင်းရိုက်ဟော်မုန်းကို များစေသော အဓိကအချက်ကတော့ ဂရေ့ရောဂါ (Graves disease) ပဲဖြစ်ပါသည်။ ရောဂါကို ပထမဆုံးတွေ့ရှိသော အိုင်းရစ်လူမျိုး ဆရာဝန်ရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဂရေ့ရောဂါကို သိုင်းရိုက်ဂလင်းကြီးခြင်း (လည်ပင်းကြီးခြင်း)ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဂရေ့ရောဂါသည် autoimmune ရောဂါတစ်မျိုးဖြစ်ပါသည်။ လူနာရဲ့immune systemက ၄င်းရဲ့သိုင်းရိုက်ဂလင်းကို ခုခံသောကြောင့် ဖြစ်ပေါ်လာရပါသည်။ ဂရေ့ရောဂါတွင် ထင်ရှားတဲ့အပိုင်း၃ပိုင်း ရှိပါသည်။

1. သိုင်းရိုက်ဂလင်း သာမန်ထက် ပိုမိုအလုပ်လုပ်ခြင်း

2. မျက်လုံးနားတ၀ိုက်ရှိ တစ်သျှူးများ ယောင်ရမ်းခြင်း

3. ခြေထောက်မှာရှိသော အရေပြားများ ထူလာခြင်း တို့ဖြစ်ပါသည်။

ဂရေ့ရောဂါနဲ့ လူနာအများစုမှာတော့ သိသာထင်ရှားတဲ့ မျက်လုံးယောင်ခြင်းတွေ မပါဝင်ပါဘူး။ သူတို့မျက်လုံးတွေက အလိုမကျတဲ့ အသွင်ရှိနေတတ်ခြင်း သို့မဟုတ် တစုံတခုကို စူးစိုက်ကြည့်နေတဲ့ အသွင်ရှိတတ်ပါသည်။ ဂရေ့ရောဂါဖြစ်နေတဲ့ လူ၂၀တွင် တစ်ယောက်နှုန်းသာ ပိုမိုဆိုးဝါးတဲ့ မျက်စိပြဿနာကို ခံစားရပါသည်။ ၄င်းတို့မှာ မျက်လုံးများဖောင်းခြင်း၊ ပြင်းထန်စွာ ယောင်ယမ်းခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့ ဖြစ်ပါသည်။ ဒီပြင်းထန်တဲ့ ပြဿနာတွေကို မသိရှိ၍ မကုသနိုင်ပါက မျက်စိကို ထိခိုက်နိုင်ပြီး မျက်လုံးကွယ်တဲ့အထိ ဖြစ်နိုင်ပါသည်။ သိုင်းရိုက်ဟော်မုန်းများခြင်းကို ထိန်းချုပ်နိုင်သည့်အခါ မျက်စိ၏ပြဿနာလေးတွေလည်း ဖြည်းဖြည်းချင်း အဆင်ပြေသွားပါလိမ့်မည်။

ဂရေ့ရောဂါ၏လက္ခဏာများ

  • ဂရေ့ရောဂါက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပို၍အဖြစ်များပါသည်။ (ရာခိုင်နှုန်းကတော့ 8:1 ပါ။)
  • ဂရေ့ရောဂါတွင် သိုင်းရိုက်ဂလင်းသည် အလွန်အမင်း သို့မဟုတ် အနည်းငယ် ကြီးတတ်သောကြောင့် ၄င်းကို လည်ပင်းကြီးရောဂါလို့လည်း ခေါ်တတ်ကြပါသည်။
  • အသက် ၃၀ နှင့် ၄၀ ၀န်းကျင်တွင် ဂရေ့ရောဂါ ဖြစ်ပွားနှုန်း များတတ်ပြီး အသက်၅၀ကျော်လျှင်တော့ ဖြစ်ပွားနှုန်းနည်းပါသည်။
  • ဂရေ့ရောဂါက မျိုးရိုးလိုက်တတ်ပါသည်။
အဖြစ်နည်းသောကေ့စ်များ

-သိုင်းရိုက်ဂလင်းတွင် သေးငယ်သော အဖုအကြိတ်ထွက်ခြင်း
-သိုင်းရိုက်ဂလင်းယောင်ခြင်းကြောင့် သိုင်းရိုက်ဟော်မုန်း လွန်ကဲစွာထွက်ခြင်း
-ပုံစံမျိုးစုံနဲ့ ရနိုင်သော သိုင်းရိုက်ဟော်မုန်း ပါဝင်သည့်ဆေးများကို သောက်သုံးခြင်း

(ကျမက ဒုတိယနှစ်ကျောင်းသူ အဆင့်ပဲ ရှိသေးသည့်အတွက် တခုခုလွဲမှားခဲ့သော် ခွင့်လွှတ်ကြပါရန်။)

7 comments:

သဇင်ဏီ said...

ဟုတ်ကဲ့.. ဗဟုသုတအနေနဲ့ ဖတ်သွားပါတယ်..

လုလု said...

မေပျိုရေ့  ဆံပင်ကျွတ်ခြင်းလည်း ပါတာမို့ မမ မေးပါရစေနော်။ ဆံပင်ကျွတ်ခြင်းဆိုတာ ဘယ်လောက်အတိုင်းအတာထိ ကျွတ်တာကို ပြောတာလဲဟင်။ ပုံမှန်အားဖြင့် မမဆိုရင် ခေါင်းကို သုံးရက်တစ်ခါလျှော်တယ်။ သုံးရက်ထက်ကျော်သွားရင် ဆံပင်အရမ်းကျွတ်တယ်၊ ခေါင်းဖြီးတဲ့အခါရော၊ ခေါင်းလျှော်တဲ့အခါရောပေါ့။ အဲ့ဒါ သဘာဝလား၊ ဒါမှမဟုတ် သိုင်းရွိုက်ဟော်မုန်းများလို့ ဖြစ်တာလားဆိုတာ သိချင်ပါတယ်နော်။ အဆင်ပြေရင် ဖြေပေးပါနော်။

MCT said...

ဒီလိုပို့စ်လေးတွေ
များများရေးပါ ညီမလေးရေ
အားပေးနေမယ်နော်။

Layma said...

မမလည်း ဘာမှန်းမသိတဲ့ အကျိတ် လည်ပင်းမှာ ရှိခဲ့ဖူးတယ်...။ သိုင်းရိုက် ဟုတ်တယ်ရော...မဟုတ်ဘူးရောပြောပြီး..ဆေးသောက်ခိုင်းတာပဲ...ဆေးသောက်တော့ပိုဆိုး..ပိုကြီးပြီး...ဘေးစောင်းအိပ်ရင် အသက်ရှူကျပ်လာလို့ ခွဲထုတ်လိုက်ရတယ်...။ ရိုးရိုး အသားကျိတ်လို့ပြောတာပဲ...။

tuzzaung said...

ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးလို့ ကျေးဇူးပါညီမလေး။ အစ်မလည်းအရင်က ကိုယ့်လည်ပင်းကိုယ် သံသယဖြစ်ပြီး ဟိုပြဒီပြ လျှောက်ပြဖူးတယ်။ အပေါ်ကလက္ခဏာတွေတော့ မဖြစ်ပါဘူး။ အောက်မျက်ခွံတွေတော့မို့တယ်။ အဲ့ဒါတစ်သျှူးယောင်တာလားမသိ။ ခြေထောက် အရေပြားထူလာတယ်ဆိုဘယ်လိုမျိုးလဲဟင်။

Chit Lay Pyay said...

ကျန်းမာရေး ဗဟုသုတ လာဖတ်သွားပါတယ်၊ မှတ်သားလောက်ပါတယ်၊ အရမ်းကို တန်ဖိုးရှိတဲ့ ပို့စ်လေးပါ၊ ဗဟုသုတတွေ မျှဝေပေးတဲ့ ညီမလေးကို ကျေးဇူးတတင်ပါတယ်၊ ညီမလေးလဲ ကျန်းမာပါစေ၊ အဆင်ပြေပါစေကွယ်

Unknown said...

တန်ဖိုးရှိတဲ့ ပို့စ်တစ်ခုပါဘဲ ။ ကျန်းမာရေးဗဟုသုတလေးတွေ ဆက်ရေးပါအုံးလား ။