Monday, December 17, 2007

ကွဲကြေသွားတဲ့မနက်ဖြန်

ဒီပို့စ်က ကျမရဲ့၅၀မြောက် ပို့စ်လေးပါ။ ရေးနေကျ ပုံစံနဲ့မတူဘဲ ပုံစံတစ်မျိုးနဲ့ ရေးသားထားပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦးနော်။

***

`တီ … တီ… တီ…´

သိစိတ်ရဲ့ ဦးဆောင်မှုမပါဘဲ သူရဲ့လက်က ဖုန်းခလုတ်တွေကို အလိုလို နှိပ်မိရက်သား ဖြစ်နေသည်။ သိစိတ်ဝင်လာတော့ ဂဏန်းတွေက အကုန်နှိပ်ပြီးသား..။ ခေါ်ဖို့ခလုတ်တခုနှိပ်ရန်သာ ကျန်တော့၏။ နံပါတ်တွေကို ကြည့်လိုက်တာနဲ့ စဉ်းစားစရာတောင် မလိုဘဲ အလိုလို သိလိုက်သည်။ ဒါ.. သူသိပ်ချစ်လှတဲ့ သူမလေးရဲ့ဖုန်း..။ သိစိတ်နဲ့ ချုပ်ထိန်းရင်း ဖုန်းကိုပြန်ချလိုက်သည်။ သူနှင့်သူမကြားမှာ စွဲလန်းခြင်းဆိုတဲ့ တံတိုင်းကို ဖြိုချသင့်ခဲ့တာ ကြာပြီပဲ။ သတိရခြင်းဆိုတဲ့ ခံစားမှုမျိုးကို မေ့ထားသင့်နေပြီ..။

`ဟူးးး´

သူ သက်ပြင်းချပြီး အိပ်ရာပေါ်မှာ လှဲနေလိုက်သည်။ မျက်လုံးမှိတ်လိုက်တာနဲ့ သူမရဲ့ရုပ်သွင်က တဖြည်းဖြည်း ပေါ်လာသည်။ သူ ဘယ်လိုပဲ မောင်းထုတ် မောင်းထုတ် သူ့အာရုံထဲမှာရော သူ့နှလုံးသားထဲမှာပါ သူမက အချိန်ပြည့် နေရာယူထားသည်။ ခေါင်းကို ဆတ်ခနဲ တစ်ချက်ခါပြီး သူ့ကိုယ်သူ လက်ရှိဘ၀ထဲကို ဆွဲခေါ်လာခဲ့သည်။

ပြတင်းပေါက်ကို ကြည့်လိုက်တော့ ငှက်ကလေးနှစ်ကောင် တူတူပျံသန်းသွားတာ တွေ့လိုက်သည်။ သူတို့နှစ်ယောက်မှာ ဒီလိုတူတူ ပျံသန်းခွင့် မပြောနဲ့ ဘေးချင်းယှဉ်ပြီး ကြည်နူးစွာ လမ်းလျှောက်ခွင့်တောင် မရခဲ့ပါလား။ ဒီ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ကံကြမ္မာကိုလား။ ဖြစ်ချင်တာ ဖြစ်ခွင့်မရဘဲ မဖြစ်ချင်တာဘဲ ဖြစ်ဖြစ်နေတဲ့ လောကကြီးကိုလား။ ဒါမှမဟုတ်.. သူ့ကိုယ်သူလား။

တစ်အိမ်လုံးမှာလည်း တိတ်ဆိတ်နေသည်။ အေးချမ်းမှုကိုပဲ နှစ်သက်တတ်တဲ့ သူ..။ အခုကျတော့လည်း တိတ်ဆိတ်မှုက သူ့ကို ခြောက်လန့်နေသလိုလို..။ ငြီးငွေ့စရာကောင်းလှတဲ့ နေ့တွေကို ဖြတ်သန်းရတာလည်း များလှပြီ.။ ဒီရက်တွေမှာ သူ့အတွက် အဖော်က သံစဉ်လေးများ.. စာသားလေးများသာ..။ အခုလည်း သူမွန်းကျပ်လာပြီ..။ ဂစ်တာလေးကို ဆွဲယူလိုက်ပြီး မွန်းကျပ်သမျှကို ဖြေထုတ်လိုက်တော့မည်..။

အင်ထရိုတီးရင်းနဲ့ပင် ဆိုချင်တဲ့ သီချင်းစာသားကို စဉ်းစားနေသည်။ ခေါင်းထဲမှာလည်း ဗလာနတ္ထိ..။ လက်ကသာ အဆက်မပြတ် တီးနေသည်။ သီချင်းတွေက တောင်ရောက်မြောက်ရောက်..။ နောက်တော့မှ စိတ်ကဦးဆောင်သွားပုံ ရသည်။ သီချင်းတစ်ပုဒ်ဆီကို ဆွဲခေါ်သွားသည်..။

` မိုက်ကရိုဖုန်းကို ရှေ့ချပြီး သီချင်းဆိုဖို့ ကြိုးစားရင်း အနာဂတ်ကို လှမ်းကြည့်လိုက်တယ်… ခံစားချက်တွေ ရေးထားတဲ့ ငါ့ရဲ့စာသားတွေကြားမှာ ကိုယ်တိုင်ပျောက်ဆုံးသွားပြီလား… ဘေးမှာ အဖော်ရှိသေးရဲ့လား….

အခြံအရံ နတ်သမီးတို့များစွာ… ပူလောင်နေတဲ့ ငါ့ရဲ့ဘေးမှာ အတူတူထိုင်ကာ လေချင်းတိုးသံ ကိုယ့်ရဲ့အကြောင်းတွေလား… ငါဟာ ဘယ်သူလဲ မသိပါ.. တူတူ ပျော်နေတဲ့ ဒီညမှာ အခြံအရံတွေ နံဘေးခြံရံထား ငါဟာပေါ့ပေါ့လေးပါလား.. …. ´

ဆိုရင်းနဲ့ အသံက တိမ်ဝင်လာသည်။ ငါ့ရဲ့ အနာဂတ်ကရော..။ ငါ့ရဲ့မနက်ဖြန်တွေကရော..။ လူတိုင်းက မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာတဲ့..။ ငါ့အတွက်တော့ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းခဲ့တာ ဘယ်လောက်တောင်မှ ကြာနေပြီလဲ…။ အနာဂတ်ဆိုတဲ့ ငနဲကလည်း ငါ့ကိုများ ရှောင်ပြေးနေတာလား..။ စိန်ခေါ်လို့ ရစတမ်းဆိုရင် ဘ၀ဆိုတဲ့ ကြိုးဝိုင်းထဲမှာ မျှော်လင့်ချက်ဆိုတဲ့ ကောင်နဲ့ လက်သီးချင်း ယှဉ်ထိုးချင်စမ်းပါရဲ့..။ လုံးဝပြန်မထနိုင်အောင် အလဲထိုးချင်စမ်းပါရဲ့..။

` ..လွမ်းတယ် ကောင်မလေးရယ် .. ´

ငါ့ရဲ့အလွမ်းကို မင်းသိနိုင်ပါ့မလား..။ ငါမှာ နှလုံးသားမရှိဘူးလို့များ ထင်နေလား..။ ချစ်တယ် ဆိုတာလေးတောင် မပြောရဲတဲ့ သရဲဘောကြောင်တဲ့ကောင်လို့ မင်းယူဆမှာလား..။ ဒါမှမဟုတ်.. အလေးအနက် မထားသူ၊ အပျော်ကြံသူလို့များ ထင်ရက်သလား..။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့လေးနက်မှုကို ငါကိုယ်တိုင်တောင် သြချရပါရဲ့..။ မင်းခြေဖ၀ါးနဲ့ နင်းခဲ့တဲ့ လမ်းလေးတွေကိုတောင် မင်းခြေရာတွေ ပျက်မှာစိုးလို့ မလျှောက်ဝံ့တဲ့ကောင်က ငါပါ..။ မင်းချစ်တဲ့ ခရေပန်းလေးတွေကို တက်နင်းမိမှာစိုးလို့ ခရေပင်အောက်ကိုတောင် ဖြတ်မလျှောက်ရက်တဲ့ကောင်က ငါပါ။ ဒါကို မင်းနားလည်မှာလား နားလည်နိုင်ရဲ့လား..။

ရင်ထဲမှာ စူးခနဲ တချက်အောင့်လာသည်..။ ဒါ သူခံစားရမယ့် ဝေဒနာပဲ..။ လာစမ်းကွာ..။ ခံစားရစမ်းပါစေ။ နာကျင်ခြင်းဆိုတဲ့ မင်းကပဲ ငါ့ကို နိုင်မလား..။ ခေါင်းမာတတ်တဲ့ ငါကပဲ မင်းကိုနိုင်မလား..။ ကြည့်ကြသေးတာပေါ့ကွာ..။

` အဟွတ် .. အဟွတ်´

ရင်ခေါင်းထဲမှလာသော ကျပ်တပ်တပ် ခံစားချက်တချို့ကို ကြိတ်မှိတ် မျိုသိပ်ထားသည့်တိုင် မခံမရပ်နိုင်အောင် ဖြစ်ကာ သူချောင်းတချက်ဟန့်လိုက်သည်။ ခံစားနေကျဖြစ်သော ညှီစို့စို့ အနံ့ အသက် တခုနှင့်အတူ ပါးစပ်နှင့် အပြည့်ဖြစ်လာသော အရည်တချို့ကို ထွေးခံယူပြီး ထွေးထည့်လိုက်သည်။ မကြည့်ပေမယ့် သိနေနှင့်သော ထိုအရာများကို ခါးသီးသော ခံစားချက်တချို့နှင့် သူကြည့်ဖြစ်လိုက်သေးသည်။ သွေးတွေ....။ ဟုတ်သည်။ သူ့ကိုယ်ထဲမှ လောလောလတ်လတ် ထွက်ကျလာသောသွေးတွေ.။

` …ဟားဟား.. ငါ့သွေး ဘယ်လောက်ရဲသလဲ ဆိုတာ မင်းတို့ မြင်ကြပြီ မဟုတ်လား။ ဟားဟား..´

သူတစ်ယောက်တည်း ခြောက်ကပ်စွာ အော်ရီနေမိသည်။ လောကကြီးက သူ့အတွက် တရားရဲ့လား..။ ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့၊ ရှေ့မှာ တက်လမ်းတွေ အများကြီးရှိတဲ့ သူ့ဘ၀ကို မနာလိုစွာ မုန်းတီးစွာ စုတ်ပြတ်သပ်သွားအောင် ဖျက်စီးရက်သည်..။ ချစ်ရတဲ့ သူမကို စတွေ့ပြီး မကြာခင်မှာဘဲ သတင်းဆိုးကြီးတစ်ခုက သူ့ဘ၀ကို ရစရာမရှိအောင် ပြောင်းလဲခဲ့သည်။ အဆုတ် ကင်ဆာတဲ့..။ ဘယ်ကအခြေပြုလို့ ဘယ်လိုပြန့်ပွားမှန်းမသိနိုင်သေးသည့် အဲဒီ ကင်ဆာပိုးဆိုတာတွေက သူ့သွေးထဲကတဆင့် သူ၏အဆုတ်အပါအ၀င် သူ့ခန္ဓာကိုယ် အနှံ့အပြားသို့ ခရီးနှင်နေလေပြီ။ ရင်တွင်းခံစားချက် ပြင်းထန်တတ်သူမို့ အငိုအရယ်တွေနဲ့ပဲ အက်ကြောင်းထပ်လွန်းတတ်တဲ့ ကိုရီးယားကားတွေတောင် မကြည့်ခဲ့တဲ့..သူ..။ အခုတော့လည်း အဲဒီ့ရုပ်ရှင်တွေထဲက ဇာတ်ဆောင်တွေလို အတိအကျမဟုတ်သည့်တိုင် ဇာတ်သိမ်းဆင်ဆင်တူနေသော ရောဂါဆိုကို သူကိုယ်တိုင် ခံစားနေခဲ့ရပြီလေ..။ အေးပေါ့လေ .. ထူးမှ မထူးခြားဘဲ..။ သူတို့က ရုပ်ရှင်မှာ သရုပ်ဆောင်နေသလို ငါကလည်း ဘ၀ဇာတ်ခုံပေါ်က လူသားပေပဲ..။

သွားတော့ ကောင်မလေးရေ .. မင်းသွားလိုက်တော့.. ငါဟာ ချစ်ရတဲ့သူကိုတောင် ချစ်ပါတယ်လို့ ပြောခွင့်မရှိတဲ့ ကျိန်စာသင့်နေတဲ့ ခပ်ကြောင်ကြောင် လူတစ်ယောက်ပါပဲ..။ ငါ့မှာပြောခွင့်များ ရမယ်ဆိုရင်လေ ငါ့မနက်ဖြန်တွေကို ငါသာပိုင်မယ်ဆိုရင်လေ တစ်ကမ္ဘာလုံး ကြားရအောင် ငါအော်ပြောလိုက် ချင်သေးတယ်..။

မင်းကို သိပ်ချစ်တယ်လို့လေ..

(ဒီပို့စ်မှာ ၀တ္ထုတိုတစ်ပုဒ် အနေဖြင့်သာ ရေးသားထားခြင်း ဖြစ်သည့်အတွက် ဆေးပညာရှုထောင့်မှ ကြည့်လျှင် မှားယွင်းခဲ့သော် ခွင့်လွှတ်ပါရန်)

17 comments:

su wai said...

ကိုယ်တွေ့ကြုံတာတွေမှ ရေးတတ်တယ် ဆိုတဲ့ သဲက ဒီလို အငှားခံစားချက်နဲ့ ရေးတော့လဲ ဖတ်လို့ကောင်းသားပဲ…။ ၀တ္ထုတိုပုံစံလေးဆိုတော့ ရေးနေကျနဲ့ မတူဘဲ တမျိုးဆန်းသွားတာပေါ့…။ ပို့စ် ၅၀ မြောက်မှသည် ပို့စ်ပေါင်းများစွာကို ဆက်လက် ရေးသားနိုင်ပါစေ… ဒီထက်ဒီထက်လဲ အတွေး အရေးတွေ ပိုလက်စောင်းထက်လာပါစေ…လို့ ဆုတောင်းပေးတယ်နော်။

ပီကေ said...

ဒါမျိုးရေးတော့လည်း ကိုယ့်ညီမငေးက တယ်ဟုတ်။ 5 STARS !!!!!! ကောင်းတယ်။ ဆက်ရေးနော်။ ဒါပေမယ့် အဲလို ငိုချင်စရာကြီး မရေးနဲ့။ အလွမ်းဓါတ်ခံလေး ရှိတော့ နည်းနည်းဖတ်တာနဲ့ ငိုချင်တယ်။ ဆုဝေ ပြောသလို အငှားခံစားချက်နဲ့ ရေးတော့လည်း ဖတ်လို့ကောင်းတယ်။ ခံစားချက်ကို အင်ထုတတ်မှ အနုပညာ စစ်မယ်လေ။ ဆက်လုပ် ရဲဘော်။ ရေခဲစိမ် ဖီလင် မဟုတ်ဘဲ မီးပူတိုက် ဖီလင်ကြီး ဖြစ်နေတယ်။ ပူပူကြီးနဲ့ ငိုချင်နေတယ်။

Helena said...

သဲရေ ပို့စ် ၅၀မြောက်ကနေစလို့ နောင် ပို့စ်ထောင်သောင်းမက အောင်မြင်စွာ ဆက်လက် ရေးသားနိုင်ပါစေ ဆုတောင်းပေးတယ်နော်။ ကိုယ့်ညီမမို့လို့ပြောတာ ဟုတ်ဘူး။ ရေးထားတာ ဖတ်လို့ကောင်းပါ့။ တကယ်ခံစားချက်တွေ ချရေးထားသလိုပဲ။ အငှားပဲ ဖြစ်ဖြစ်၊ ခံစားချက် အစစ်တွေပဲဖြစ်ဖြစ် ဖတ်လို့ကောင်းအောင် ရေးနိုင်တာ ပညာပဲ သဲရေ။ ကြိုးစားနော်။

Kaung Kin Ko said...

"မင်းခြေဖ၀ါးနဲ့ နင်းခဲ့တဲ့ လမ်းလေးတွေကိုတောင် မင်းခြေရာတွေ ပျက်မှာစိုးလို့ မလျှောက်ဝံ့တဲ့ကောင်က ငါပါ..။ မင်းချစ်တဲ့ ခရေပန်းလေးတွေကို တက်နင်းမိမှာစိုးလို့ ခရေပင်အောက်ကိုတောင် ဖြတ်မလျှောက်ရက်တဲ့ကောင်က ငါပါ။"

ကဗျာဆန်လှချည်လား။ အလွမ်းလည်းနိုင်တယ်။ ရသနိုင်တယ်။ အစ်ကို့ ညီမ ပီသတယ်။ :D

Moesat said...

ရေးထားတာ ဖတ်လို့ကောင်းပါတယ်။ အမြဲတမ်းအား ပေးနေပါတယ်။ ကြိုးစားပါ။

နှင်းသဇင် said...

မမဒီလိုရေးတော့လည်းကောင်းတာပဲ ငိုချင်စရာကောင်းလိုက်တာ အရေးအသားတေါ ပြောင်မြှောက်တယ်လို့ ခံစားမိတယ် နောက်လည်း အခုလို ရေးနိုင်ပါစေ

နှင်းပွင့်ဖြူ said...

ဝါး.. ကောင်းလိုက်တာ မမေပျိုလေး ရေးထားတာ..
ဖတ်ရင်းနဲ့ သနားလာတယ် ..
၅၀ ကနေပီး ၅၀၀ မှာလည်း ကွန့်မန့်ပေးမယ်.. နော်
း)
ပျော်ရွင်ပါစေ.

နှင်းပွင့်ဖြူလေး

RED said...

မေပျိုရေ စကားလုံးတွေ ကျစ်ကျစ်စလစ်နဲ့ ရေးထားတာ အတော်အားကျဖို့ကောင်းပါတယ်။
အမနဲနဲပြောချင်တယ်။ စဖတ်လိုက်ကတည်းက စွဲဆောင်မှု ရှိတယ်။ ဒါပေမယ့် အဟွတ်ဟွတ်ပြီးသွားတဲ့အချိန်မှာ ပေါ့သွားသလိုဘဲ။ အမှန်ဆို ဒီထက်ပိုလွမ်းစရာဖြစ်သွားသင့် တယ်ထင်တယ်။ ညီမလေးကို အမထမြင်သလို အကြံ ပေးတာပါ။ ဒါဆိုရင် ရင်ထဲ စို့ပြီး ကျန်ခဲ့မလားလို့။ ခုတော့ ပြီးခါနီး နဲနဲ ပေါ့သွားသလိုဘဲ။ ခရေးပင်အောက် ဖြတ်မလျှောက်ရဲလောက်အောင် ဆိုတာဖတ်လိုက်ရတဲ့ အချိန်မှာ အတော်ခံစားသွားရတယ်။ အမှန်ပြောရရင် ဒီထက်ပြီးပြီး အဆုံးသတ်ကို ပိုမြင့်မြင့်မှန်းလိုက်မိတယ်။
ဟဲဟဲ။ ဝေဖန်ရေးတော့ဖြစ်တယ်နော်။ ကိုယ်တိုင်ရေးဆို ညီမလောက်တောင် မထွက်လောက်ဘူး။ ဟဟ။ ကြိုးစားနော်။ အားပေးနေမယ်။ နောက်ထပ်တစ်ပုဒ် ကိုလည်း မျှော်နေမယ်။

မြရွက်ဝေ said...

Bravo!! ရေးထားတာ အရမ်းကောင်းတာဘဲ။ နောင်လည်း စာကောင်းပေမွန်တွေ ဆက်ရေးနိုင်ပါစေ ညီမရေ။

သဇင်ဏီ said...

ချစ်တောင်ချစ်ရသေးဘူး..ကင်ဆာတဲ့..ဟွန့်.. စာရေးဆရာမလေး တော်တော်ဆိုး... :P
ပြောင်းလဲသွားတဲ့အရေးအသားတွေက အရောင်ပိုတောက်လာတယ်သဲရေ...

http://pyaesonelay.blogspot.com said...

သဲရဲ့ ပို့စ် ၅၀မြောက်ခံစားချက်လေးက ထိတယ်နော်...
အငှားခံစားချက်ဆိုပေမယ့် ကိုယ်တိုင်ခံစားသလိုပါပဲ... ရသမြောက်ပါပေတယ်... နောင်လည်း အများကြီးရေးနိုင်ပါစေ...

Winkabar said...

ရေးထားတာ အရမ်းကောင်းတယ်သဲရေ။ အားပေးနေမယ်နော်။ နောက်လည်းဒီလိုမျိုးအများကြီးရေးနိုင်ပါစေ။ ပျော်ရွှင်ပါစေနော်။

JulyDream said...

ကျောက်စရစ်... ညည်း ပေါက်ကရ လုပ်ပြန်ပြီ ထင်တယ်နော်... အစပိုင်း ကောင်းတယ်။ နောက်ပိုင်း အဟွက် ပြီးမှာ အဖျားရှုးတော့ တာပါပဲ။ ကိုရီးယားကား ရောဂါကလည်း အဟွက်နဲ့ ဘာမှ မဆိုင်ဘူးနော်။ ကဲ... တတိယနှစ်မှာ စာ ကြေအောင် ဖတ်ပေတော့။ တော်ကြာ လူသတ်မှုတွေ ဖြစ်ကုန်မယ်။ ဆေးမှား ကုမိလို့... အဟား...

Anonymous said...

ပိုစ့် ၅၀မြောက်အတွက် ဆုတောင်းပေးရင်း အားပေးနေပါတယ် သဲရေ…။
အမကတော့ သဲရဲ့ ဇာတ်သိမ်းကို သဘောကျတယ်။ အမမှာသာ အားနည်းချက် တခုရှိခဲ့မယ်ဆိုရင် ကိုယ်ဘယ်လောက်ပဲ ချစ်နေပါစေ မပြောပြခဲ့ချင်ပါဘူး။
ပြောပြဖြစ်ခဲ့ရင် ကိုယ့်စိတ်ထဲက ခံစားချက်လျော့သွားပြီး နေသာထိုင်သာရှိပေမယ့်၊ ကိုယ်ချစ်တဲ့ သူက သူ့ကိုဖြူဖြူစင်စင်ရှိကြောင်း သိပြီး သူခဏတာ ကျေနပ်နေပေမယ့် ကိုယ့်အတွက်နဲ့ သူ့မှာနောက်ဆက်တွဲ ခံစားရမဲ့ ခံစားချက်တစုံတရာကို သူ့ကိုမဖြစ်စေချင်တော့လို့ပါ။
သူ့ဘ၀ထဲမှာ ကိုယ်မပါလဲ အဆင်ပြေနိုင်ပြီး ၊ သူ့ဘ၀ကိုနွေးထွေးစွာ ငြိမ်းချမ်းစေနိုင်တဲ့ ကိုယ်မဟုတ်တဲ့ တခြားသူတယောက်နဲ့ ပျော်နေတာကိုပဲ မြင်ချင်ပါတယ်။

ဒါဟာလည်း သေခါနီး သွေးရူးသွေးတမ်း လူတယောက်ရဲ့ အားလုံးကို အရှုံးပေးတဲ့ အတ္တမဲ့ခြင်း မဟုတ်ပါဘူး။ ချစ်သူကို အပြစ်ကင်းကင်းနဲ့ ပျော်စေချင်တဲ့ ချစ်တတ်တဲ့သူတယောက်ရဲ့ အတ္တလေး တခုပါ။

ချစ်တဲ့
မွန်းသက်ပန် (ဆေး-၁)

JulyDream said...

Comment ရေးတာလား ကြော်ငြာဝင် သွားတာလား ဟင်...

Anonymous said...

ကိုဇူလိုင်တို့ များ တယ်… တုံးသကိုး ။ ပိုစ့်ကိုလည်း သေချာ ပြန်ဖတ်ဦးနော်…။ ကော်မန့်က ဘာတွေ ရေးထားမှန်းမသိဘူး။ ဟိဟိ

မေပျို said...

မဆုဝေရေ အဲဒါက လုံးဝအငှားသက်သက်ကြီး မဟုတ်ပါဘူးဗျ။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးနော်။ လက်စောင်းကတော့ ထက်မထက် မသိဘူး။ ကွန်ပျူတာ ရိုက်လွန်းအားကြီးလို့ လက်ထိပ်တွေတော့ နာနာလာတယ်။ ကိုပီကေကလည်း ဘယ်ကမီးပူတိုက် ဖီလင်ရမှာတုန်း။ တမြေ့မြေ့နဲ့ ခံစားရမယ့် ဖီလင်မျိုးဗျ။ သီသီရေ ဆုတောင်းတာကျေးဇူး။ ကိုကောင်းကင်ရေ အလွမ်းကို နိုင်ပါဝူး။ လေးလို့။ ဟဲဟဲ အဲဒါအကိုနဲ့ တူလို့နေမှာ။ ကိုမိုးစက်၊ နှင်းပွင့်ဖြူလေး၊ ညီမလေးနှင်းသဇင် အားပေးကြတာ ကျေးဇူးနော်။ မနှင်းဆီရေ အကြံပေးတာ ကျေးဇူးပဲနော်။ မမြရွက်ဝေ၊ မသဇင်၊ ကိုပြည့်စုံ၊ နှင်းနု အခုလို သေချာဖတ်ပေးတာ ကျေးဇူးပါ။ ဦးဇူလိုင်ရေ စာကိုနောက်တစ်ခေါက် သေချာပြန်ဖတ်လိုက်ပါဦး။ နောက်ပီး အောက်ဆုံးက အမည်းနဲ့ ရေးထားတဲ့ စာလေးကိုလည်း သေချာကြည့်သွားနော်။ မဇင်ရေ သဲနဲ့ အမနဲ့က စိတ်ကူးချင်းတူတယ်။ တူအရီးတော်လို့ ဖြစ်မယ်နော်။ ဘာပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်တယ်ဗျို့။ ဦးဇူလိုင်လည်း အခုလို အားရပါးရ ဝေဖန်သွားတာ ကျေးဇူးပါ။ နောက်လည်း ဝေဖန်နိုင်ပါစေနော်။