Sunday, December 9, 2007

ဘတ်စ်ကားစီးခြင်း

ကျမတို့ရဲ့ ဒုတိယနှစ်စာမေးပွဲကြီးက နိုဝင်ဘာလအလယ်မှာပဲ ပြီးဆုံးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နားရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းရင်းနဲ့ပဲ နိုဝင်ဘာလကုန်ဆုံးပြီး ဒီဇင်ဘာကို ရောက်ခဲ့ပြန်ပါပြီ။ ဒီဇင်ဘာရောက်တယ်ဆိုရင်ပဲ နောက်တစ်နှစ်အတွက် ကျူရှင်တွေက ဖွင့်လာပြန်ပါရော။ ကျူရှင်တက်ဖို့လည်း သူငယ်ချင်းတွေကို ဘယ်လိုမှ အဖော်ညှိလို့မရတဲ့အဆုံး ကျမတစ်ယောက်တည်းပဲ သွားတက်ရပါတော့တယ်။ မနက်စောစောစီးစီးပေမယ့် ဖေဖေကလိုက်ပို့လေ့ရှိတော့ ကျူရှင်အသွားက ကျမအတွက် မခက်ခဲပါဘူး။ ကျမအတွက် ဒုက္ခရောက်တာကတော့ အပြန်လမ်းပါပဲ။

စာသင်နေရင်းလည်း တစ်ယောက်တည်း ဘယ်လိုပြန်ရမလဲဆိုတာကို တွေးနေမိပါတယ်။ ကျမက တစ်ယောက်တည်း ဘတ်စ်စီးလေ့ မရှိပါဘူး။ သူငယ်ချင်း တစ်ယောက်ယောက် ဒါမှမဟုတ် အိမ်ကလူ တစ်ယောက်ယောက် ပါမှသာ စီးလေ့ရှိတာပါ။ ဖေဖေကလည်း အပြန်ကို လာမကြိုပေးနိုင်တော့ တစ်ယောက်တည်း ဘတ်စ်ကားစီးရမယ့် အခြေအနေကို ရောက်သွားပါတယ်။ ကျမလည်း ဘာပဲဖြစ်ဖြစ် ဘတ်စ်ကား တစ်ယောက်တည်းစီးတဲ့ အလေ့အကျင့် ရှိအောင်ဆိုပြီး ကားဂိတ်မှာ စောင့်နေလိုက်ပါတယ်။

ကားမှတ်တိုင်ရောက်တော့ ငြိမ်ငြိမ်သက်သက် ကားစောင့်နေတဲ့လူကစောင့်၊ အချင်းချင်းစကားပြောပြီး စောင့်တဲ့လူကစောင့်နဲ့ စည်ကားနေပါတယ်။ ကျမလည်း ကိုယ်နဲ့လုံးဝမသိတဲ့ လူတွေကြားမှာ တစ်ယောက်တည်း မတ်တပ်ရပ်လို့။ စီးရမယ့်ကားကိုပဲ မျှော်နေမိတယ်။ မျက်စိရှေ့မှာတင် ကားရလို့ ထွက်သွားသူကသွား၊ ကားစောင့်ဖို့ ရောက်လာတဲ့သူကလာနဲ့ ကားဂိတ်လေးက စကားသံတွေ၊ စပယ်ယာတွေရဲ့ ခရီးသည်ခေါ်နေတဲ့အသံတွေနဲ့ စည်ကားနေပါတယ်။

` ကျောင်းရှေ့၊ အသင်းတိုက် ၊ ကပ်ချီးယား၊ ဇ၀န ၊ ဘုရားလမ်း ၊ စံပြဈေး ၊ တောင်ဒဂုံ တောင်ဒဂုံနော် တစ်ယောက်၅၀ ၊ တစ်ယောက် ၅၀၊ လိုက်ရင် မြန်မြန်လာ´

ဟော..။ ကျမစီးရမယ့် ကားလာပြီ။ စပယ်ယာရဲ့အော်သံကို ကြားတာနဲ့ သွက်သွက်လက်လက် ပြေးသူကပြေးနဲ့ ကားပေါ်ကို အလုအယက် တက်ကြပါတယ်။ ကျမကတော့ ဒေါက်မြင့်ဖိနပ်ကြီးနဲ့ နဂိုကတည်းကသတိနဲ့ လျှောက်နေရတာဆိုတော့ ဘတ်စ်ကားပေါ်လုတက်ရတယ်ဆိုတော့ တွေးသာကြည့်ကြပေတော့။ ဒီလိုနဲ့ အားလုံးလိုပဲ အလုအယက်တက်ရင်း ဘတ်စ်ကားပေါ်သို့ ရောက်တယ်ဆိုရင်ပဲ…

`အမလေး … ဗုဒ္ဓေါ´

ကျမတက်ပြီး သေချာတောင် မကိုင်ရသေးခင် ကားက၀ူးခနဲ မောင်းထွက်ပါရော။ ကျမလည်း ယိုင်သွားပြီး အပေါ်ကတန်းကို လှမ်းဆွဲထားရပါတယ်။ မျက်နှာကတော့ တင်းထားပေမယ့် ရင်ထဲမှာတော့ တလှပ်လှပ်နဲ့။ မနက်ပိုင်း ကားကလည်း ချောင်နေတော့ နေရာမရတဲ့သူဆိုလို့ အခုမှတက်လာတဲ့ ကျမတို့ပဲ ရှိတယ်လေ။ စပယ်ယာကလည်း ပိုက်ဆံလာတောင်းနေတော့ ကျောပိုးအိတ်ထဲက ပိုက်ဆံကိုလည်း မနည်းထုတ်နေရသေးတယ်။ ဒီကြားထဲမှာမှ ချော်လဲလို့ကတော့ အားလုံးကြားထဲမှာ ကွက်ကွက် ကွင်းကွင်းကြီးကို အရှက်ကွဲလိုက်မယ့်ဖြစ်ခြင်း။ ကားကလည်း သွားနေတုန်းဆိုတော့ ပြန်ထဖို့ကလည်း ဘယ်လွယ်လိမ့်မလဲ။

`မှတ်တိုင်ပါလား.. တာမွေးဈေးမှတ်တိုင်ပါရင် ပြင်ထားနော်´

သြော်.. နောက်တစ်မှတ်တိုင်တောင် ရောက်တော့မှာပဲ။ ကျမလည်း ဘယ်သူများထမလဲဆိုပြီး ကားထဲကို မသိမသာ ကြည့်လိုက်ပါတယ်။ ကျမလို ရပ်နေတဲ့လူက ငါးယောက်လောက်ပဲရှိပြီး ကျန်တဲ့သူတွေကတော့ ထိုင်နေကြပါတယ်။ ရပ်နေတဲ့လူတွေကလည်း ကျမလို ကိုးယိုးကားယား ဖြစ်မနေဘဲ အေးအေးဆေးဆေးနဲ့။ သူတို့က ဘယ်လိုများ ရပ်နေလဲလို့ လေ့လာပြီး ကျမလည်း သူတို့လိုပဲ လိုက်ရပ်ကြည့်တာပေါ့။ မှတ်တိုင်မှာ ဆင်းမယ့်လူတွေက ထလည်းထရော မြန်လိုက်တဲ့အရှိန်နဲ့ ၀င်ထိုင်လိုက်ကြတာ ကျမထိုင်ရမယ့်နေရာတောင် မရှိတော့ဘူး။

`အမလေး … နာလိုက်တာ´

မှတ်တိုင်မှာ တက်လာတဲ့လူတစ်ယောက်က ကျမခြေထောက်ကို တက်နင်းလိုက်တာပါ။ ဒေါက်ဖိနပ်စီးထားတာတောင် ဒီလူကရအောင် တက်နင်းသွားသေးတယ်။ တက်နင်းတဲ့အပြင် အားမရဘဲ ကျမကို တိုက်သွားသေးတယ်။ ကျမမှာ ကိုယ့်ကိုယ်ကို မနည်းငြိမ်အောင် ရပ်နေရပါတယ်ဆိုမှ..။ ဘတ်စ်ကားက တစ်ချက်ဘရိတ်အုပ်လိုက် ကျမက ရှေ့ကိုယိုင်သွားလိုက်နဲ့ ကားပေါ်ကလူတချို့ကလည်း ပြုံးစိစိနဲ့ကြည့်လို့။

ဒီလိုနဲ့ပဲ အပြင်ကိုငေးလိုက်၊ ကားအရှိန်နဲ့အညီ ဟန်ချက်ကိုထိန်းလိုက်၊ ခါးပိုက်နှိုက်မှာစိုးလို့ ကျောပိုးအိတ်ကို လှည့်ကြည့်လိုက်နဲ့ ကျမတော်တော် စိတ်ဆင်းရဲနေပါပြီ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ..။ မှတ်တိုင်ရောက်ဖို့သာ စိတ်စောနေတယ်။ နောက်ဆုံးတော့လည်း ကျမဆင်းရမယ့် မှတ်တိုင်ကို ရောက်ပါပြီ။ အတက်တုန်းကလိုပဲ တိုးဆင်းပြီး ငြိမ်သက်တဲ့မြေပြင်ကို ရောက်ရင်ပဲ သက်ပြင်းချမိပါတယ်။ အခုမှပဲ ကိုယ့်ကိုယ်ကို လုံခြုံသွားသလိုလို..။ ကျမကိုယ့်ကိုယ်ကို သတိထားလိုက်မိတယ်။ ကျမ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်သေးပါလားလို့..။

***
ကျမ ဘယ်တုန်းကစပြီး မတ်တပ်ရပ်သလဲတော့ မမှတ်မိတော့ပါဘူး။ တစ်နှစ်ပတ်ဝန်းကျင်လောက်တော့ ဖြစ်မယ်ထင်တယ်။ အဲဒီ့ကစပြီး ကျမမတ်တပ်ရပ်နိုင်တယ် ဆိုတာကို မေ့လျော့ထားခဲ့တာပါပဲ။ ကျမအလွယ်တကူ လုပ်နိုင်တဲ့အလုပ်တွေထဲက တစ်ခုလို့ပဲ သဘောထားခဲ့တာပါ။ အမှန်တော့ ကျမက မတ်တပ်တောင် ဖြောင့်အောင်မရပ်နိုင်သေးပါဘူး။ ဘေးနားက သူငယ်ချင်းတွေ၊ မိဘ၊ ဆွေမျိုးတွေကြောင့်သာ ကိုယ့်ကိုယ်ကို မတ်တပ်ရပ်နိုင်ပြီလို့ အောက်မေ့ခဲ့တာပါ။ သူတို့တွေသာ မရှိရင် အခုလိုပဲ ကျမကောင်းကောင်း မတ်တပ်ရပ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။

ဒါပေမယ့်.. ဘယ်လိုပဲဖြစ်ဖြစ် ကျမကြိုးစားမှာပါ။ ဘတ်စ်ကားစီးနေရသလို သံသရာခရီးမှာ တ၀ဲလည်လည် ဖြစ်နေတဲ့ကျမက ဒီလိုယိုင်လဲမှုတွေ၊ တိုက်မိမှုတွေ၊ တက်နင်းခံရမှုတွေ ကြားမှာ ဘယ်လောက်ပဲ ယိမ်းယိုင်နေပါစေ… ဘယ်လောက်ပဲ ဒဏ်ရာရနေပါစေ... မလျှော့သောဇွဲနဲ့ တည့်တည့်မတ်မတ် ရပ်တည်နိုင်အောင် အားမာန်အပြည့်နဲ့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

10 comments:

မျှားပြာ said...

မလျှော့သောဇွဲနဲ့ တည့်တည့်မတ်မတ် ရပ်တည်နိုင်အောင် အားမာန်အပြည့်နဲ့ ကြိုးပမ်းနိုင်ပါစေဗျာ.။

သဇင်ဏီ said...

ဟုတ်ကဲ့... တည့်မတ်စွာရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...

JulyDream said...

ရွှေမင်းသမီး ဘက်စ်ကားနဲ့ လှလှပပ တွေ့နေပြီပေါ့။ ခြေထောက် အနင်းမခံရအောင် ခြေထောက်ကို လည်ပင်းမှာ ချိတ်ထားလိုက်လေ။ ဒါမှမဟုတ် ကင်းမြီးကောက် ထောင်နေပေါ့။ လက်နင်းခံ ရရင်တော့ မသိဘူးနော်။ အဟား...

ပီကေ said...

ကိုယ့်ဦးတည်ရာကို ကိုယ် အရှိန်နဲ့ လိမ့်နေကြတဲ့ ဒီလောကကြီးမှာ ဒေါသ၊ လောဘ နဲ့ မောဘတွေက မြန်ချင်တဲ့ ခရီးကို သူတို့ နှေးအောင် လုပ်ကြလိမ့်မယ်။ နှေးနှေး သွားရမယ့် နေရာရောက်ရင် အဆင်း ဘီးတပ်ပေးကြလိမ့်မယ်။ သတိတော့ထားပေါ့။ အဲဒီအချိန်ကျရင် ခြေထောက်ကို မတော်တဆ နင်းမိမှာ မဟုတ်တော့ဘူး။ လည်မျိုကို တက်နင်းဖို့ ချောင်းနေကြတော့မှာ။

မြရွက်ဝေ said...

ကြိုးစားရပ်တည်နိုင်ပါစေ ညီမရေ။

tayzar said...

မေပျိုရေ တားလေ ဒီနေ CNG ကား က မီးတောက်ကြီးထွက်နေတာ တွေ့ခဲ့တယ် လန့်သွားပြီလား သတိထားစီးပါ သဗေသတ္တာ ကံမသကာပေါ့ =)

gentain said...

မေပျိုရေ ဒီလို ကိုယ်တိုင်ကိုယ်ကျ
တရားရှာနိုင်တာ ကောင်းတယ်နော်။
ပါရမီလို့ ခေါ်ရမယ်။ ဆက်ကြိုးစားနော်။

Layma said...

ညီမလေးရေ..လဲမကျအောင် ..ဆက်လျှောက်နိုင်အောင်ကြိုးစားရသလို တစ်ခါတစ်လေကျတော့ ငါ့ခြေထောက်ကို တက်မနင်းနဲ့  လို့ အကျယ်ကြီး အော်ပစ်ရတယ်ကွဲ့ ...။

su wai said...

ဘတ်စ်ကားစီးတဲ့အကြာင်းလေးကို သဲရေးပြထားတာ ကောင်းလိုက်တာ...အမဆိုလဲ သဲထက်အသက်ကြီးတယ်ဆိုပေမယ့် မိသားစုရဲ့အမှီအခိုမပါဘဲ မတ်မတ်မရပ်နိုင်သေးပါဘူး...ကြိုးစားနေတုန်းလို့ ပြောရမှာပေါ့...ဘ၀ဆိုတာကတော့ လိုင်းကားစီးရတာနဲ့ တကယ်တူပါတယ်။ အတွန်းအတိုက် အတိုးအဝှေ့ခံပြီး နေရာတစ်နေရာလောက် ရရင်လဲ ပျော်လို့...ကိုယ်ဆင်းရမယ့် မှတ်တိုင်ရောက်တော့လဲ တခြားတစ်ယောက်ကို နေရာဖယ်ပေးလိုက်ရတာပါပဲ...။

မေဓာဝီ said...

ညီမလေးရဲ့ ဘတ်စ်ကားစီးခြင်း ဖတ်ပြီး မမေလည်း ရေးဖို့ စိတ်ကူးတခု ရသွားပြီ .. ဟဲဟဲ ... ရန်ကုန်ရောက်ရင် တူတူ ဘတ်စ်ကား စီးကြရအောင်လေ ...