Tuesday, December 18, 2007

အိပ်မပျော်တဲ့ည

အိပ်မပျော်တဲ့ညမှာ
ကောင်းကင်ကို မော့ကြည့်လိုက်တော့
ကြယ်တွေကမစုံ
လမင်းကိုတိမ်ဖုံးပြီး
မှောင်မိုက်နေတယ်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
တိတ်ဆိတ်ငြိမ်သက်
ဆီမီးတစ်တိုင်တောင် ထွန်းညှိမထားဘဲ
ခွေးတွေရဲ့ဆွဲဆွဲငင်ငင်
အူသံနဲ့ ခြောက်ကပ်လို့။

လေပြေတစ်ချက်က
ညမွှေးပန်းရနံ့ကို သယ်ဆောင်ပေးပြီး
ပန်းပင်လေးတွေက
စည်းချက်ညီစွာ
ကခုန်လို့ပေါ့။

ဒီအချိန်ဆို
ငှက်ကလေးတွေ အိပ်တန်းတက်ပြီး
တနေ့တာရဲ့ပင်ပန်းခြင်းကို
ဖြေလျှော့နေရှာမယ်။

ကမ္ဘာရဲ့တစ်ဘက်ခြမ်းမှာ
သွက်လက်ဖျတ်လတ်နေကြပြီး
အခြားတစ်ဘက်ကတော့
အိပ်မောကျနေတယ်။

အိပ်မောကျနေရမယ့်
တစ်ဘက်ခြမ်းမှာ ရှိနေလျက်နဲ့
ငါ.. ဘာလို့များ
အိပ်မပျော်နိုင်ပါလိမ့်..။

အချစ်…အမုန်း
သံယောဇဉ်တွေကြားမှာ
ရုန်းမထွက်နိုင်အောင်များ
ပိတ်မိနေလို့လား..။

ဒါမှမဟုတ်..
ဆိတ်ငြိမ်တဲ့ညကိုပဲ
မသိစိတ်က
စွဲလန်းနေလို့လား..။

(ရတနာလေးက ကဗျာရေးပါ ကဗျာရေးပါနဲ့ အော်လွန်းလို့ ရေးပေးလိုက်တယ်နော်။ နဂိုကတည်းက သိပ်မရေးတတ်တာဆိုတော့ သည်းခံကြပါနော်)

6 comments:

Sophie said...

ခုလို ရေးပေးနတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်.....

အိပ်မောကျရမယ့် တစ်ဖက်ခြမ်းမှာ ရတနာ အိပ်မပျော်နိုင်တာကတော့ မမကဗျာလေးကို စောင့်နေလို့ပေါ့။ခုတော့ ဆင်အော်တောင် မနိုးအောင် အိပ်တော့မယ်။

Moesat said...

မေပျိုရေ... အိပ်မပျော်တဲ့ အချိန်မှာ ဘလောဒ့်ကိုဖွင့်ပြီး မေပျိုရဲ့ ကဗျာလေးကို ဖတ်မိတယ်။ တိုက်ဆိုင်လို့လား မသိဘူး။ ရင်ထဲထိ တိုက်ရိုက်ရောက်သွားတယ်။

သဇင်ဏီ said...

ဟွန့်....မရေးတတ်လို့ပဲ..
ရေးများရေးတတ်ရင်တော့... :)
တော်တယ်..သဲက...ကဗျာလေးကိုခံစားလို့ရတယ်

ကလိုစေးထူး said...

ဒီဆရာဝန် ပေါက်စကတော့ ကဗျာရေးတော့လည်း ဟုတ်နေတာပဲကိုး။ ဒါနဲ့ အိပ်မပျော်တော့ သရဲကားလေး ဘာလေး ဖွင့်မကြည့်ဘူးလား။ အဟဲ။

ပီကေ said...

မော့ကြည့်တာ ကြယ်တွေလတွေ မြင်ရတယ်ဆိုတော့ နွားတင်းကုတ်မှာ သွားအိပ်လို့လားဟင်။ ခြင်ကိုက်မယ်နော် သတိထား။ အိမ်ခေါင်မိုးလည်း ဖာပါဦးကွယ်။ မိုးတအား ယိုတော့ ဘယ်အိပ်ပျော်ပါ့မလဲ။ စတာနော်။
ကဗျာလေး ကောင်းတယ်။ `ဆိတ်ငြိမ်တဲ့ညကိုပဲ မသိစိတ်က စွဲလန်းနေလို့လား.. ´ ဆိုတဲ့ စာသားလေး မိုက်တယ်။ သေချာတာ တစ်ခုကတော့ သရဲကြောက်လို့ အိပ်မပျော်တာ နေမှာ။ :P

Nyein Chan Aung said...

မေပျို..
ကဗျာ အရမ်းကောင်းပါလား...။ မေပျိုကတော့ ဘက်စုံကို တော်တာပဲ..။