Monday, December 31, 2007

ကျမနှင့်၂၀၀၇အတွေး

မနက်ဖြန်ဆိုရင် နှစ်သစ်ကို ရောက်ပါပြီ။ ပထမဆုံးအနေနဲ့တော့ အားလုံးနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့ ဆုတောင်းပါတယ်နော်။ ကျမတို့ ၂၀၀၇ ကို ပျော်ရွှင်စွာနဲ့ ကျောခိုင်းရပါတော့မယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို ပြောင်းတယ်ဆိုပေမယ့် ကျမတို့အတွက်တော့ နေ့ရယ်ညရယ်နဲ့ အရင်ကအတိုင်း ဖြတ်သန်းနေရဦးမှာပါ။ နှစ်ဟောင်းကုန်ပြီ ဆိုတော့လည်း ပြီးခဲ့တဲ့နှစ်မှာ အကောင်းအဆိုး ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျမအနေနဲ့ သုံးသပ်မိပြန်ပါတယ်။

၂၀၀၇ခုနှစ်က ကျမအတွက် ခံစားချက်အဖုံဖုံကို သယ်ဆောင်ပေးတဲ့ နှစ်တစ်နှစ်လို့ ပြောရပါမယ်။

ဝမ်းနည်းတာလည်း ရှိသလို ၀မ်းသာတာလည်း ရှိတယ်..

အားငယ်ခဲ့သလို အားလည်းတက်ဖူးတယ်…

ငိုခဲ့ဖူးသလို ပြုံးလည်းပြုံးခဲ့ဖူးတယ်…

ဆိုးခဲ့တာလည်း ရှိသလို လိမ္မာခဲ့တာလည်း ရှိတယ်..

အကုသိုလ်လည်း လုပ်ခဲ့သလို ကုသိုလ်ရတာတွေလည်း လုပ်ခဲ့တယ်…

စိတ်ဆင်းရဲတာတွေ ရှိသလို စိတ်ချမ်းသာတာတွေလည်း အပုံအပင်ပါပဲ…

အနားယူတဲ့နေ့တွေ ရှိသလို အပြင်းအထန် ကြိုးစားရတဲ့ နေ့တွေလည်း ရှိတာပါပဲ..

ဒီတစ်နှစ်အတွင်းမှာ ပြောင်းလဲခဲ့တဲ့ အရာတွေ ရှိသလို မပြောင်းလဲဘဲနဲ့ မူလအတိုင်း တည်ရှိနေတဲ့ အရာတွေလည်း အများကြီးပါပဲ။

ဒီလို .. ဒီလိုနဲ့ပဲ ၂၀၀၇လည်း ကုန်တော့မယ်နော်.. ၂၀၀၇ ရဲ့ နယူးရီးယားကို ရောက်တော့ ၂၀၀၆တုန်းက လုပ်ခဲ့တဲ့ နယူးရီးယားလေးကို အမှတ်ရမိပါတယ်။

အဲဒီ့တုန်းက ကျမတို့ အိမ်အသစ် ဆောက်နေတုန်းပေါ့..။ ညဦးပိုင်းကတော့ ဆောက်ပြီးခါစ အိမ်အောက်ထပ်မှာပဲ ရုပ်ရှင်တွေကြည့်ကြ၊ မဲတွေနှိုက်ကြ၊ မုန့်တွေစားကြနဲ့ပေါ့..။ တဖြည်းဖြည်းနဲ့ ၁၂နာရီထိုးခါနီးလည်း ရောက်ရော.. ဘယ်သူက အကြံပေးလိုက်သလဲ မသိဘူး။ ဆောက်လို့မပြီးသေးတဲ့ အပေါ်ထပ်ကို တက်ကြမယ်တဲ့..။ အပေါ်ထပ်ကလေ ၀ရံတာနဲ့ နောက်ဘက်လေးတွေပဲ အင်္ဂတေ ကိုင်ရသေးတာ..။ အဲဒီ့နှစ်ခုကြားမှာတော့ တန်းလေးသုံးတန်းနဲ့ပဲ ဆက်ထားတာလေ..။ လှေကားကတော့ နောက်ဖက်မှာပေါ့..။ ဒါကိုမှ ၀ရံတာပေါ်တက်ပြီး မီးရှူးမီးပန်း ဖောက်ကြမယ်တဲ့..။ မောင်နှမအားလုံးရဲ့ ဆန္ဒလည်းဖြစ်၊ ကျမကိုယ်တိုင်ကလည်း သိပ်မကြောက်တတ်တော့ ဒီအတိုင်းပဲ ကူးရတာပေါ့..။ လူကြီးတွေကတော့ ကြောက်လို့ထင်ပါရဲ့..။ နောက်မှာ နေခဲ့ကြတယ်လေ..။ ၀ရံတာကို တစ်ယောက်ချင်း ကူးတော့လည်း ကျမတို့ မိန်းကလေးတွေက အလယ်ကပဲ တန်းကိုမကိုင်ဘဲ အေးအေးဆေးဆေး ကူးနိုင်ပေမယ့် ကျမအကိုတစ်ယောက်ကတော့ ကြောက်ဒူးတုန်ပြီး ဘေးတန်းနဲ့မှ ကူးသတဲ့ဗျ။ ( ကိုနေဘုန်းလတ်တော့ မဟုတ်ပါ။ အထင်မှားမှာစိုးလို့။ :P)

ကြားထဲမှာ ဖြတ်ပြောရဦးမယ်..။ ကျမတို့က အရင်က စတိုးဆိုင်ဖွင့်တာလေ..။ ဒီတော့ သီတင်းကျွတ်မှာ ရောင်းတဲ့မီးရှူးမီးပန်းတွေလည်း ရှိတာပေါ့..။ အဲဒီ့မီးရှူးမီးပန်းတွေကို အားကိုးပြီး ကျမတို့က ၁၂နာရီတိတိမှာ ၀မ်းကွဲမောင်နှမတွေအားလုံး တစ်ယောက်တစ်ခုစီနဲ့ ဖောက်ကြမယ်ပေါ့..။ ဟန်ရေးတပြင်ပြင်နဲ့…။ မီးခြစ်ကို ကိုင်ထားသူကထား..။ မီးပွားစင်မှာစိုးလို့ ရှောင်တဲ့သူကရှောင်နဲ့ ဟန်အပြည့်ပေါ့..။ ၁၂နာရီထိုးပြီလည်းဆိုရော အပြိုင်မီးတို့ပြီးဖောက်တာ တစ်ချောင်းကမှ မီးရှူးမီးပန်းထွက်မလာဘူးဗျ..။ လမ်းပေါ်က သွားတဲ့လူတွေကလည်း ဆူညံနေတော့ အပေါ်ကို မော့ကြည့်ကြ..။ ကျမတို့ကလည်း လက်ထဲမှာသာ ကိုင်ထားပြီး မီးရှူးမီးပန်းကလည်း ထွက်မလာ..။ ကောင်းမကောင်း ကြည့်ရအောင်လည်း ကိုယ်ကြည့်လိုက်မှ ထွက်လာပြီး မျက်နှာကို မှန်မှာစိုးတာနဲ့ ကြည့်ရတာ တော်တော်ရီစရာကောင်းပါတယ်။ ပြီးတော့မှ မီးရှူးမီးပန်းကို စိတ်လျှော့ပြီး အပေါ်မှာ ဂစ်တာတီးရင်းနဲ့ပဲ နယူးရီးယားကို ကြိုဆိုကြပါတယ်..။ ဘေးနားကလူတွေ ကြားအောင် )))Happy New Year((( လို့ အော်ရင်းပေါ့..။

ဒီနေ့ညလည်း ကျမတို့အဒေါ်အိမ်မှာ နယူးရီးယားကို ပျော်ပျော်ပါးပါး ကြိုဆိုဖို့ ပြင်ဆင်ထားပါတယ်..။ အော်.. ဘာလိုလိုနဲ့ တစ်နှစ်တောင် ရှိခဲ့ပါပြီ..။ ဒီတစ်နှစ်အတွင်းမှာ ပြောင်းလဲသွားတာတွေက အများကြီးမှ အများကြီး..။ မပြောင်းလဲဘူးလို့ အသေအချာ ထင်ထားတာတွေ ပြောင်းလဲခဲ့တာ ရှိသလို ပြောင်းလဲမှာပဲလို့ ထင်တဲ့ဟာတွေလည်း မပြောင်းလဲတာ ရှိပါတယ်..။ ဖြစ်လာတာတွေကတော့ မမျှော်လင့်ထားတာတွေရော.. မျှော်လင့်ထားတာတွေရော.. ဒီတစ်နှစ်အတွင်း ပျော်ခဲ့တာပဲ ဖြစ်ဖြစ်၊ ၀မ်းနည်းခဲ့တာပဲ ဖြစ်ဖြစ် …။ သေချာတာကတော့ ကျမတို့ အသက်တစ်နှစ် ပိုကြီးသွားပြီ ဆိုတာပါပဲ..။

2 comments:

Layma said...

ဝမ်းကွဲတွေများတော့ ပျော်စရာကြီးပဲ...။
နှစ်သစ်ကိုပျော်ရွှင်စွာ ကူးပြောင်းနိုင်ပါစေ..။

NayPhoneLatt said...

ပထမဆုံးကွန့်မန့် ၀င်ရေးမလို့ဟာကို နောက်ကျသွားတယ် ...။
လွမ်းတယ် ... မောင်နှမတွေစုံစုံလင်လင်နဲ့ နှစ်သစ်ကို ကြိုခဲ့တဲ့ညတွေကိုလွမ်းတယ် ...
လွမ်းတယ် ... မောင်နှမတွေအချင်းချင်းလဲကြတဲ့ တန်ဖိုးမကြီးတဲ့ အမှတ်တရပစ္စည်းလေးတွေကိုလွမ်းတယ်
လွမ်းတယ် ... မောင်နှမတွေ စုံကြတဲ့ ဒီဇင်ဘာရဲ့ နောက်ဆုံးညကို လွမ်းတယ် ...

အခု ဇန်န၀ါရီ (၁)ရက်နေ့ရဲ့ နံနက် ၆ နာရီကိုရောက်နေပြီ
အခုထိမအိပ်ရသေးဘူး ... ပို့စ်အသစ်တင်နေလို့ ...