ဒီပို့စ်က  ကျမရဲ့၅၀မြောက်  ပို့စ်လေးပါ။  ရေးနေကျ  ပုံစံနဲ့မတူဘဲ  ပုံစံတစ်မျိုးနဲ့  ရေးသားထားပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦးနော်။
   `ဟူးးး´
    သူ သက်ပြင်းချပြီး  အိပ်ရာပေါ်မှာ  လှဲနေလိုက်သည်။  မျက်လုံးမှိတ်လိုက်တာနဲ့   သူမရဲ့ရုပ်သွင်က  တဖြည်းဖြည်း  ပေါ်လာသည်။ သူ  ဘယ်လိုပဲ  မောင်းထုတ် မောင်းထုတ်  သူ့အာရုံထဲမှာရော   သူ့နှလုံးသားထဲမှာပါ  သူမက  အချိန်ပြည့်  နေရာယူထားသည်။  ခေါင်းကို  ဆတ်ခနဲ  တစ်ချက်ခါပြီး  သူ့ကိုယ်သူ   လက်ရှိဘ၀ထဲကို   ဆွဲခေါ်လာခဲ့သည်။  
    ပြတင်းပေါက်ကို  ကြည့်လိုက်တော့   ငှက်ကလေးနှစ်ကောင်  တူတူပျံသန်းသွားတာ  တွေ့လိုက်သည်။   သူတို့နှစ်ယောက်မှာ   ဒီလိုတူတူ  ပျံသန်းခွင့်   မပြောနဲ့   ဘေးချင်းယှဉ်ပြီး  ကြည်နူးစွာ   လမ်းလျှောက်ခွင့်တောင်   မရခဲ့ပါလား။  ဒီ့အတွက်  ဘယ်သူ့ကို  အပြစ်တင်ရမှာလဲ။  ကံကြမ္မာကိုလား။  ဖြစ်ချင်တာ  ဖြစ်ခွင့်မရဘဲ  မဖြစ်ချင်တာဘဲ  ဖြစ်ဖြစ်နေတဲ့  လောကကြီးကိုလား။  ဒါမှမဟုတ်..  သူ့ကိုယ်သူလား။ 
    တစ်အိမ်လုံးမှာလည်း  တိတ်ဆိတ်နေသည်။ အေးချမ်းမှုကိုပဲ  နှစ်သက်တတ်တဲ့   သူ..။   အခုကျတော့လည်း     တိတ်ဆိတ်မှုက သူ့ကို ခြောက်လန့်နေသလိုလို..။     ငြီးငွေ့စရာကောင်းလှတဲ့   နေ့တွေကို  ဖြတ်သန်းရတာလည်း  များလှပြီ.။  ဒီရက်တွေမှာ  သူ့အတွက်   အဖော်က  သံစဉ်လေးများ.. စာသားလေးများသာ..။   အခုလည်း  သူမွန်းကျပ်လာပြီ..။   ဂစ်တာလေးကို  ဆွဲယူလိုက်ပြီး   မွန်းကျပ်သမျှကို   ဖြေထုတ်လိုက်တော့မည်..။  
    အင်ထရိုတီးရင်းနဲ့ပင်   ဆိုချင်တဲ့   သီချင်းစာသားကို   စဉ်းစားနေသည်။   ခေါင်းထဲမှာလည်း  ဗလာနတ္ထိ..။  လက်ကသာ   အဆက်မပြတ်  တီးနေသည်။  သီချင်းတွေက  တောင်ရောက်မြောက်ရောက်..။   နောက်တော့မှ  စိတ်ကဦးဆောင်သွားပုံ   ရသည်။  သီချင်းတစ်ပုဒ်ဆီကို   ဆွဲခေါ်သွားသည်..။ 
    ` မိုက်ကရိုဖုန်းကို   ရှေ့ချပြီး  သီချင်းဆိုဖို့  ကြိုးစားရင်း  အနာဂတ်ကို  လှမ်းကြည့်လိုက်တယ်… ခံစားချက်တွေ  ရေးထားတဲ့   ငါ့ရဲ့စာသားတွေကြားမှာ   ကိုယ်တိုင်ပျောက်ဆုံးသွားပြီလား… ဘေးမှာ  အဖော်ရှိသေးရဲ့လား….
    အခြံအရံ   နတ်သမီးတို့များစွာ…  ပူလောင်နေတဲ့   ငါ့ရဲ့ဘေးမှာ  အတူတူထိုင်ကာ  လေချင်းတိုးသံ  ကိုယ့်ရဲ့အကြောင်းတွေလား…   ငါဟာ  ဘယ်သူလဲ  မသိပါ..  တူတူ  ပျော်နေတဲ့   ဒီညမှာ   အခြံအရံတွေ   နံဘေးခြံရံထား   ငါဟာပေါ့ပေါ့လေးပါလား..   ….  ´
    ဆိုရင်းနဲ့   အသံက  တိမ်ဝင်လာသည်။   ငါ့ရဲ့  အနာဂတ်ကရော..။ ငါ့ရဲ့မနက်ဖြန်တွေကရော..။    လူတိုင်းက  မျှော်လင့်ချက်နဲ့   အသက်ရှင်ရတာတဲ့..။   ငါ့အတွက်တော့   မျှော်လင့်ချက်တွေ  ဆိတ်သုဉ်းခဲ့တာ   ဘယ်လောက်တောင်မှ   ကြာနေပြီလဲ…။    အနာဂတ်ဆိုတဲ့   ငနဲကလည်း   ငါ့ကိုများ  ရှောင်ပြေးနေတာလား..။  စိန်ခေါ်လို့ ရစတမ်းဆိုရင်     ဘ၀ဆိုတဲ့   ကြိုးဝိုင်းထဲမှာ   မျှော်လင့်ချက်ဆိုတဲ့   ကောင်နဲ့   လက်သီးချင်း  ယှဉ်ထိုးချင်စမ်းပါရဲ့..။   လုံးဝပြန်မထနိုင်အောင်   အလဲထိုးချင်စမ်းပါရဲ့..။  
    `  ..လွမ်းတယ်  ကောင်မလေးရယ် ..  ´ 
    ငါ့ရဲ့အလွမ်းကို   မင်းသိနိုင်ပါ့မလား..။  ငါမှာ နှလုံးသားမရှိဘူးလို့များ  ထင်နေလား..။ ချစ်တယ်  ဆိုတာလေးတောင်   မပြောရဲတဲ့   သရဲဘောကြောင်တဲ့ကောင်လို့   မင်းယူဆမှာလား..။   ဒါမှမဟုတ်..  အလေးအနက်  မထားသူ၊  အပျော်ကြံသူလို့များ  ထင်ရက်သလား..။   မင်းအပေါ်ထားတဲ့   ငါ့ရဲ့လေးနက်မှုကို   ငါကိုယ်တိုင်တောင်   သြချရပါရဲ့..။  မင်းခြေဖ၀ါးနဲ့   နင်းခဲ့တဲ့  လမ်းလေးတွေကိုတောင်  မင်းခြေရာတွေ  ပျက်မှာစိုးလို့   မလျှောက်ဝံ့တဲ့ကောင်က   ငါပါ..။  မင်းချစ်တဲ့  ခရေပန်းလေးတွေကို  တက်နင်းမိမှာစိုးလို့  ခရေပင်အောက်ကိုတောင်  ဖြတ်မလျှောက်ရက်တဲ့ကောင်က  ငါပါ။ ဒါကို  မင်းနားလည်မှာလား  နားလည်နိုင်ရဲ့လား..။  
    ရင်ထဲမှာ  စူးခနဲ  တချက်အောင့်လာသည်..။  ဒါ  သူခံစားရမယ့်  ဝေဒနာပဲ..။  လာစမ်းကွာ..။    ခံစားရစမ်းပါစေ။ နာကျင်ခြင်းဆိုတဲ့  မင်းကပဲ  ငါ့ကို  နိုင်မလား..။   ခေါင်းမာတတ်တဲ့  ငါကပဲ   မင်းကိုနိုင်မလား..။  ကြည့်ကြသေးတာပေါ့ကွာ..။  
    ` အဟွတ် ..  အဟွတ်´
    ရင်ခေါင်းထဲမှလာသော ကျပ်တပ်တပ် ခံစားချက်တချို့ကို ကြိတ်မှိတ် မျိုသိပ်ထားသည့်တိုင် မခံမရပ်နိုင်အောင် ဖြစ်ကာ သူချောင်းတချက်ဟန့်လိုက်သည်။ ခံစားနေကျဖြစ်သော ညှီစို့စို့ အနံ့ အသက် တခုနှင့်အတူ ပါးစပ်နှင့် အပြည့်ဖြစ်လာသော အရည်တချို့ကို ထွေးခံယူပြီး ထွေးထည့်လိုက်သည်။ မကြည့်ပေမယ့် သိနေနှင့်သော ထိုအရာများကို ခါးသီးသော ခံစားချက်တချို့နှင့် သူကြည့်ဖြစ်လိုက်သေးသည်။   သွေးတွေ....။ ဟုတ်သည်။ သူ့ကိုယ်ထဲမှ လောလောလတ်လတ် ထွက်ကျလာသောသွေးတွေ.။ 
    ` …ဟားဟား..  ငါ့သွေး  ဘယ်လောက်ရဲသလဲ  ဆိုတာ   မင်းတို့   မြင်ကြပြီ  မဟုတ်လား။  ဟားဟား..´
    သူတစ်ယောက်တည်း   ခြောက်ကပ်စွာ အော်ရီနေမိသည်။  လောကကြီးက  သူ့အတွက်  တရားရဲ့လား..။    ပျော်ရွှင်မှုတွေနဲ့    ပြည့်ဝနေတဲ့၊  ရှေ့မှာ  တက်လမ်းတွေ  အများကြီးရှိတဲ့  သူ့ဘ၀ကို    မနာလိုစွာ  မုန်းတီးစွာ  စုတ်ပြတ်သပ်သွားအောင်   ဖျက်စီးရက်သည်..။  ချစ်ရတဲ့ သူမကို   စတွေ့ပြီး   မကြာခင်မှာဘဲ  သတင်းဆိုးကြီးတစ်ခုက   သူ့ဘ၀ကို   ရစရာမရှိအောင်   ပြောင်းလဲခဲ့သည်။   အဆုတ် ကင်ဆာတဲ့..။  ဘယ်ကအခြေပြုလို့ ဘယ်လိုပြန့်ပွားမှန်းမသိနိုင်သေးသည့်  အဲဒီ ကင်ဆာပိုးဆိုတာတွေက သူ့သွေးထဲကတဆင့် သူ၏အဆုတ်အပါအ၀င် သူ့ခန္ဓာကိုယ် အနှံ့အပြားသို့ ခရီးနှင်နေလေပြီ။ ရင်တွင်းခံစားချက် ပြင်းထန်တတ်သူမို့ အငိုအရယ်တွေနဲ့ပဲ   အက်ကြောင်းထပ်လွန်းတတ်တဲ့   ကိုရီးယားကားတွေတောင်   မကြည့်ခဲ့တဲ့..သူ..။  အခုတော့လည်း  အဲဒီ့ရုပ်ရှင်တွေထဲက  ဇာတ်ဆောင်တွေလို  အတိအကျမဟုတ်သည့်တိုင် ဇာတ်သိမ်းဆင်ဆင်တူနေသော ရောဂါဆိုကို သူကိုယ်တိုင် ခံစားနေခဲ့ရပြီလေ..။  အေးပေါ့လေ ..  ထူးမှ မထူးခြားဘဲ..။  သူတို့က  ရုပ်ရှင်မှာ   သရုပ်ဆောင်နေသလို   ငါကလည်း  ဘ၀ဇာတ်ခုံပေါ်က  လူသားပေပဲ..။ 
    သွားတော့  ကောင်မလေးရေ ..  မင်းသွားလိုက်တော့..  ငါဟာ  ချစ်ရတဲ့သူကိုတောင်   ချစ်ပါတယ်လို့   ပြောခွင့်မရှိတဲ့    ကျိန်စာသင့်နေတဲ့   ခပ်ကြောင်ကြောင်  လူတစ်ယောက်ပါပဲ..။  ငါ့မှာပြောခွင့်များ  ရမယ်ဆိုရင်လေ ငါ့မနက်ဖြန်တွေကို  ငါသာပိုင်မယ်ဆိုရင်လေ  တစ်ကမ္ဘာလုံး   ကြားရအောင်  ငါအော်ပြောလိုက်  ချင်သေးတယ်..။ 
    မင်းကို  သိပ်ချစ်တယ်လို့လေ..
(ဒီပို့စ်မှာ ၀တ္ထုတိုတစ်ပုဒ် အနေဖြင့်သာ ရေးသားထားခြင်း ဖြစ်သည့်အတွက် ဆေးပညာရှုထောင့်မှ ကြည့်လျှင် မှားယွင်းခဲ့သော် ခွင့်လွှတ်ပါရန်)